ဒီတပတ် သတင်းစုံကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမလား၊ နှစ်သစ်ကူးနေ့မှာ မြန်မာတွေ မပျော်ခဲ့ကြပါ၊ မင်းအောင်လှိုင် သမ္မတ အိပ်မက် အကောင်အထည်ဖော်ဖို့ ပါတီတွေ စုဆုံကြတဲ့ သတင်းတွေကို ဖော်ပြလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမလား
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့် လူ ၇ ထောင်ကို အကျဉ်းထောင်တွေက လွှတ်ပေးတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေပြည်တော် အကျဉ်းထောင်ကနေ ရန်ကုန်နေအိမ်ကို ပို့လိုက်တယ်ဆိုတဲ့ ကောလဟလတွေပါ ရောနှောပါလာခဲ့ပါတယ်။ ဒီကောလဟလကို စစ်ကောင်စီနဲ့ အလွန်နီးစပ်မှုရှိတဲ့ ရန်ကုန်အခြေစိုက် ပေါ်ပြူလာသတင်းဂျာနယ်ကလည်း ကိုးကားပြီး သတင်းလုပ်ပါတယ်။
ဒီသတင်းတွေဟာ ကောလဟလသာ ဖြစ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာပဲ ရှိနေသေးကြောင်း စစ်ကောင်စီနဲ့ အလွန်နီးစပ်သူတဦးကို ကိုးကားပြီး ပေါ်ပြူလာသတင်းက ဆက်လက်ဖော်ပြထားပါတယ်။
ဒါဟာ ပြည်သူလူထုကို သွေးတိုးစမ်းတဲ့သဘော စစ်ကောင်စီဘက်က လေသံလွှင့်လာတာ ဖြစ်ပြီး လူထုက ဘယ်လို တုန့်ပြန်မလဲဆိုတာ သိချင်တာမျိုးပါ။ စစ်အာဏာသိမ်းပြီးခါစကတည်းက ဒီလိုဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီဆိုပြီး လူထုကြား ထင်ယောင်ထင်မှားဖြစ်အောင် စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေး မကြာခဏလုပ်လေ့ရှိပါတယ်။
ဒီတခါက ဒီနှစ်အတွင်း စစ်ကောင်စီက လုပ်ဖို့ရှိတဲ့ ရွေးကောက်ပွဲဆိုတာနဲ့ ပတ်သက်ပါလိမ့်မယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လွတ်လပ်ရေးနေ့ မိန့်ခွန်းကို ကြည့်ရင် ရွေးကောက်ပွဲဆိုတာကို စစ်ကောင်စီက လုပ်တော့မယ်ဆိုတာ ခိုင်မာသွားစေပါတယ်။ ဒီရွေးကောက်ပွဲကတဆင့် မင်းအောင်လှိုင် သမ္မတဖြစ်ရေးနဲ့ စစ်တပ် ဆက်အုပ်ချုပ်ရေးတို့က တရားဝင်မှု ပေးလိမ့်မယ်လို့ ယုံကြည်နေပုံလည်း ပေါက်ပါတယ်။
ဒီရွေးကောက်ပွဲကို အိမ်နီးချင်းတွေနဲ့ အာဆီယံက ထောက်ခံချက် အပြည့်အဝ မရရင်တောင် ဖိအား ပိုတိုးမလာစေရအောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်အိမ် ပြန်ပို့ပြီး အကျယ်ချုပ်ထားနိုင်တယ်ဆိုတဲ့ ယူဆချက်လည်း ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အမှုတွေ အားလုံး ပြီးရင် ပြန်စဉ်းစားပေးမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ပြောဆိုထားတာမိုလို့ လက်ရှိ ထောင်ဒဏ် ၃၃ နှစ် ကျခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀ ၂၃ ရွေးကောက်ပွဲ မတိုင်မီ ပြန်လွှတ်ပေးဖို့ သို့မဟုတ် ရန်ကုန်မှာ နေအိမ်အကျယ်ချုပ် ပြန်ထားဖို့ နေပြည်တော်က အစီအစဉ် တခု ရေးဆွဲနေတယ်လို့ ကြားရပါတယ်။
အာဆီယံကလည်း ဘုံသဘောတူညီချက် ၅ ခုကို အကောင်အထည် ဖော်ဖို့ ကာလသတ်မှတ်ချက်တွေနဲ့ ထပ်မံ တိုက်တွန်းထားတာ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံး လွှတ်ပေးဖို့ ဖိအားပေးတဲ့ ဆုံးဖြတ်ချက်ကို သဘောတူညီထားတာကြောင့် စစ်ကောင်စီဟာ ဒေါ် အောင်ဆန်းစုကြည်ကို အပြင်ထုတ်ပေးဖို့ ဆုံးဖြတ်လာနိုင်တယ်လို့ ယူဆသူလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက ပြန်လွတ်လာတဲ့ မစ္စတာရှောင်တာနယ်လ်ရဲ့ ထုတ်ဖော်ပြောဆိုမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကို လက်နက်ကိုင်ပြီး တော်လှန်နေတဲ့ PDF တွေကို ထောက်ခံကြောင်းလည်း ပါဝင်တဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်တွေကြားမှာ သိချင်နေကြပါတယ်။
တချိန်တည်းမှာလည်း ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ က နေအိမ်ကို သန့်ရှင်းရေး လုပ်တာတွေ ရှိနေ တယ်ဆိုတဲ့ သတင်းတွေလည်း ထပ်ထွက်လာနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာပဲ ရှိနေသေးပြီး သူ့ဆီကို NLD ပါတီဝင်တချို့ လာရောက် တွေ့ဆုံပြီးတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီဘက်ကို ဘယ်လို တောင်းဆိုမှုမှ မလုပ်တော့ဘူးလို့ သိရပါတယ်။
ဒေါ်စန္ဒာမင်းနဲ့ တခြား NLD ပါတီဝင်တဦးတို့ ဒေါ်အောင်ဆန်းစုကြည်ဆီကို ဝင်ထွက်ခဲ့တဲ့ ကိစ္စကလည်း အမှန်ဖြစ်ပြီး ပါတီရုံးတွေ ပြန်ဖွင့်ထားဖို့နဲ့ ရွေးကောက်ပွဲမှာ NLD က ဘယ်လို ရပ်တည်မလဲဆိုတာ သွားရောက် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်မှုဆောင် အစည်းအဝေး မခေါ်နိုင်ဘဲ သူ့အနေနဲ့ ဘာမှ မဆုံးဖြတ်နိုင်ကြောင်းနဲ့ နောက်တခါ ဒီလိုမျိုး လာမဆွေးနွေးဖို့ ပြောဆိုခဲ့ပါတယ်။ ဒါတွေကို စစ်ကောင်စီဘက်က သေသေချာချာ စီစဉ်ပေးခဲ့တာ ဖြစ်ပြီး မအောင်မြင်ခဲ့တဲ့အတွက် သတင်းကို ဖုံးထားခဲ့တာပါ။
နှစ်သစ်ကူးနေ့မှာ မြန်မာတွေ မပျော်ခဲ့ကြပါ
မြန်မာလူမျိုးတွေဟာ ပျော်ရွှင်စရာ ပွဲလမ်းသဘင်တွေကို နှစ်သက်ကြသူတွေ ဖြစ်ပြီး စိတ်အခံအားဖြင့်လည်း ပျော်တတ်ကြသူတွေ ဖြစ်ပါတယ်။ မြန်မာ့ ၁၂ လ ရာသီစလုံးမှာ ပျော်ပွဲရွှင်ပွဲပါတဲ့ လတွေချည်းပဲမို့ ရှေးမြန်မာတွေကအစ ပွဲလမ်းသဘင် ကြိုက်ကြသူတွေလို့ သုံးသပ်နိုင်ပါတယ်။
အခု စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဆိုးဝါးလှတဲ့ အထွေထွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပြည်သူတွေဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပြီး ၂၀၂၃ ခုနှစ်ကို ကူးပြောင်းခဲ့တဲ့ Happy New Year လုပ်လေ့ရှိတဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာလည်း အမှန်တကယ် ပျော်ရွှင်ခဲ့ကြတာမျိုး မဟုတ်ဘဲ စိတ်ထွက်ပေါက်အနေနဲ့ ခဏ ဖြေသိမ့်ကြတာမျိုးပဲ ရှိခဲ့ကြပါတယ်။
ပြည်တွင်းက မြို့နယ်တိုင်းက အကင်ဆိုင်တွေ စားသောက်ဆိုင်တွေ ဘီယာဆိုင်နဲ့ အရက်ဆိုင်တွေကတော့ အရင်နေ့တွေကထက် ပိုပြီး ရောင်းကောင်းခဲ့ပေမယ့် နှစ်သစ်ကူးနေ့မှာ လူအုပ်တွေကြားထဲ ဗုံးကွဲနိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကြောင့် ပြည်သူလူထုမှာ စိုးရိမ်ထိတ်လန့်မှုတွေလည်း ရှိခဲ့ကြပါတယ်။
ရန်ကုန်မြို့မှာဆိုရင်တော့ ဟိုတယ်တွေ ဘားတွေ ကလပ်တွေဟာ လူပြည့်နေတယ်လို့ ပြောလို့ရနိုင် ပြီး သုန်းဖြုန်းနိုင်တဲ့သူတွေကတော့ Happy New Year ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခဲ့ကြပါတယ်။
စစ်ကောင်စီကလည်း နှစ်သစ်ကူးနေ့ကို “အလွန်စည်ကားတယ်၊ တိုင်းပြည် အခြေအနေက ပုံမှန်အတိုင်း လည်ပတ်နေပြီ” ဆိုတာကို ပုံဖော်ချင်တာကြောင့် အရေးပေါ် ကာလမှာ ပြဌာန်းထားတဲ့ ညမထွက်ရ အမိန့်တွေကိုတောင် ရန်ကုန်၊ မန္တ လေးနဲ့ နေပြည်တော်တို့မှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ညကို ဖျက်သိမ်းပေးခဲ့ပါတယ်။
ပြီးတော့ ရန်ကုန်မှာဆိုရင် ပြည်သူ့ ရင်ပြင်၊ နေပြည်တော်မှာဆိုရင် ရေပန်းဥယျာဉ်လို နေရာတွေမှာ လူစည်ကားအောင် ရှိုးပွဲတွေ ဈေးရောင်းပွဲတော်တွေ အကအလှတွေနဲ့ သေသေချာချာ ကြိုတင်ပြင်ဆင် စီမံခဲ့တာမျိုးတွေလည်း တွေ့ရပါတယ်။ ည ၁၂ နာရီထိုးတဲ့အချိန်မှာ Happy New Year လို့ အော်ခိုင်းပြီး လူတွေဟာ ပုံမှန်ပြန်ဖြစ်နေပြီဆိုတာကို ပြသချင်ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီ အခမ်းအနားတွေနဲ့ ပျော်ရွှင်ပွဲတွေမှာ မြန်မာပြည်သူ အများစု မပါဝင်ခဲ့ဘဲ ကိုယ့်နေရာလေး ကိုယ်မှာပဲ ကိုယ့်မိသားစု အသိုင်းအဝိုင်း အတွင်းမှာပဲ သောက်ကြစားကြရင်းနဲ့ ဖြတ်သန်းခဲ့ကြသူတွေ ပိုများပါတယ်။
စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းတွေမှာ လူတွေဟာ အိုးအိမ်မဲ့ ဖြစ်ပြီး နေစရာတောင် မရှိတော့တဲ့ အခြေအနေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း သေဆုံးခဲ့ရသူတွေရဲ့မိသားစုဝင်တွေရဲ့အခြေအနေနဲ့ အကျဉ်းထောင်ထဲမှာ မိသားစုဝင်တွေ ရောက်နေရင်း ပြန်ထွက်လာမယ့် အချိန်ကို မျှော်နေရတဲ့ မိသားစုဝင်တွေရဲ့အခြေအနေတွေကို ကိုယ်ချင်းစာတဲ့ ပြည်သူ တွေကတော့ စိတ်လက်ကိုယ်လွတ် ပျော်နိုင်ကြမှာ မဟုတ်ဘူး။
အဲဒီလိုဆိုရင် စစ်ခေါင်းဆောင်တွေရော ပျော်နိုင်လိမ့်မယ် ထင်ပါသလား။ သူတို့လည်း တကယ် ပျော်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ တနိုင်ငံလုံးရဲ့ ဆန့်ကျင်တော်လှန်မှုတွေ ကုလသမဂ္ဂနဲ့ အာဆီယံတို့က ပေးထားတဲ့ ဖိအားတွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့စခန်းသိမ်း တိုက်ခိုက်မှုတွေကြောင့် စိတ်ချလက်ချ ပျော်နိုင်မှာ မဟုတ်ပါဘူး။
ဒီအဖွဲ့တွေ ဘယ်တော့ နေပြည်တော်ရောက်လာမလဲဆိုတဲ့ မသိစိတ်က စိုးရိမ်မှုတွေ စစ်ခေါင်းဆောင်တွေဆီမှာ ရှိနေပါတယ်။ အဲဒါကြောင့် သူတို့လည်း မပျော်နိုင်ပါဘူး။
တကယ်တော့ မြန်မာပြည်ဟာ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းကစလို အဓိကရုဏ်းတွေ ပစ်ခတ်သတ်ဖြတ်မှုတွေ ပိုဖြစ်လာခဲ့ပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေကတဆင့် စီးပွားရေး၊ လူမှုရေးနဲ့ အခြားကဏ္ဍ တွေမှာပါ ဆိုးကျိုးများစွာ ဖြစ်ပေါ်နေခဲ့ပြီး မြန်မာပြည်သူတွေ မပျော်နိုင်ခဲ့တာ ကြာပါပြီ။
မင်းအောင်လှိုင် သမ္မတ အိပ်မက် အကောင်အထည်ဖော်ဖို့ ပါတီတွေ စုဆုံကြ
စစ်တပ် ကိုယ်စားပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဟာ နေပြည်တော်မှာ စစ်ကောင်စီက ကျင်းပတဲ့ လွတ်လပ်ရေးနေ့ ချီတက်ပွဲ တက်ရောက်လာတဲ့ အခြား နိုင်ငံရေးပါတီ ၃၇ ပါတီနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီအလွတ်သဘောတွေ့ဆုံပွဲဟာ ယခုနှစ်နှောင်းပိုင်း ရွေးကောက်ပွဲကျင်းပဖို့ ဆုံးဖြတ်ထားကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ကြေညာချက်အပြီး ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။
စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အုပ်ချုပ်ရေး ခိုင်မြဲစေဖို့ အလိမ်အညာတွေနဲ့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဆိုတာကို ပယ်ချထားပါတယ်။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက တွေ့ဆုံပွဲမှာ ပါတီများ စုပေါင်းအင်အားနဲ့ တိုင်းပြည်ကို ကူညီဖို့ သဘောတူခဲ့ကြောင်း လူမှုကွန်ရက်မှာ ရေးပါတယ်။
စစ်တပ်လိုလားတဲ့ ပါတီတွေ စုဆုံမှုဟာ ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ခင် ဩဂုတ်လအတွင်း ပြည်ခိုင်ဖြိုးပါတီရဲ့ ဦးဆောင်မှုနဲ့ ပါတီ ၃၄ ပါတီအနေနဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံအပြီး နောက်ပိုင်း ပထမဆုံးလည်း ဖြစ်ပါတယ်။
အဲဒီတုန်းက ပါတီတွေက နိုဝင်ဘာအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိုးရိမ်တာတွေကို ထုတ်ဖော်ခဲ့ကြပြီး မဲမမျှတပါက စစ်ခေါင်းဆောင်ရဲ့အကူအညီကို ယုံကြည်စိတ်ချနိုင်စေဖို့ အာမခံချက်တောင်းခံခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ခန့်အပ်ထားတဲ့အတွက် အယုံအကြည် မရှိဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကို အစားထိုးဖို့လည်း တောင်းဆိုပါတယ်။
NLD က အပြတ်အသတ် အနိုင်ရပြီး သုံးလအကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မင်းအောင်လှိုင် အာဏာသိမ်းခဲ့ပါတော့တယ်။
ဦးခင်ရီ ဗုဒ္ဓဟူးနေ့က တွေ့ခဲ့တဲ့ ပါတီတွေဆိုတာ အဲဒီပါတီတွေပါပဲ။ သူတို့ဟာ မင်းအောင်လှိုင် သမ္မတဖြစ်ရေး အိပ်မက်ကို ဝိုင်းကူဖြည့်ဆည်းပေးကြမယ့်သူတွေပါ။ အရင်က ရွေးကောက်ပွဲတွေမှာ ရှုံးပေမယ့် အခုလာမယ့် ရွေးကောက်ပွဲမှာတော့ ပြိုင်ဖက်မရှိ နိုင်မှာ ကြိမ်းသေနေပါပြီ။
You may also like these stories:
နွေဦးတော်လှန်ရေးအတွက် ၂၀၂၃ ခုနှစ်ရဲ့ စိန်ခေါ်မှုများ
နေပြည်တော်က လွတ်လပ်ရေးနေ့ ဇာတ်ပွဲ
ASEAN ဥက္ကဋ္ဌ အပြောင်းအလဲနဲ့ မြန်မာ့မျှော်လင့်ခြင်း ၂၀၂၃
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ
စစ်ခေါင်းဆောင် အာဏာမြဲဖို့ ဆွေစဉ်မျိုးဆက် နိုင်ငံရေး အသုံးချ