တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရပ်ဝန်းနှင့်လမ်းမ စီမံကိန်းကို “အဆင့်အတန်းမြင့်မြင့် ပူးပေါင်း အကောင်အထည် ဖော်မည်” ဟူသော ကတိစကားနှင့် တရုတ်နိုင်ငံ၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသည် လက်ပံတောင်းဒေသရှိ အငြင်းပွားဖွယ် ကြေးနီစီမံကိန်း အပါအဝင် မြန်မာနိုင်ငံရှိ တရုတ် စီမံကိန်းများကြောင့် အခက်ကြုံတွေ့ရနေသည်။
အပေါ်ယံကြည့်လျှင် တရုတ်သည် စီမံကိန်းများကို နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ လုပ်ဆောင်နေကြောင်း အများကို မြင်စေလိုသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တရုတ်စီမံကိန်းများနှင့် ပတ်သက်သည့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်သက်ရောက်မှုများကြောင့် တရုတ်၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအား သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတကာ၏ စည်းမျဉ်းများနှင့် အကောင်းဆုံး အလေ့အထများကို လိုက်နာရေး လိုအပ်သည့်မူဝါဒနှင့် လမ်းညွှန်များကို ချမှတ်ရန် တရုတ်အစိုးရအား တပ်လှန့်ပေးလိုက်သည်။
တရုတ်အစိုးရသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အထူးအားဖြင့် ရပ်ဝန်းနှင့်လမ်းမ စီမံကိန်းနှင့် ဆက်နွှယ်၍ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ၎င်း၏ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် ရည်ရွယ်ပြီး “ခေတ်သစ်၌ တရုတ်၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု” အမည်ရှိ စက္ကူဖြူ မူဝါဒစာတမ်းတစောင်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ စာတမ်းတွင် တရုတ်သည် “အပြန်အလှန် လေးစားမှုရှိသော၊ ညီညွတ်မျှတမှုရှိသော၊ တရားမျှတမှုရှိသော၊ နှစ်ဖက်စလုံးအတွက် အနိုင်ရရှိမည့် ပူးပေါင်းဆောင်ရွက်မှုရှိသော နိုင်ငံတကာဆက်ဆံရေး ပုံစံအသစ်တခု ထူထောင်မည် ဖြစ်ပြီး ထာဝရ ငြိမ်းချမ်းမှု၊ ကမ္ဘာနှင့်အဝှမ်း လုံခြုံမှုနှင့် သာယာဝပြောမှုများ ခံစားရရှိမည့် ပွင်းလင်းသော၊ အားလုံးပါဝင်သည့် လှပ၊ သန့်ရှင်းသော ကမ္ဘာကြီးကို တည်ဆောက်မည်” ဟုဆိုပါသည်။
တရုတ်ပြည်မှ ဆက်စပ်ပတ်သက်သူများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရပ်ဝန်းနှင့်လမ်းမ မူဘောင်အောက်ရှိ စီမံကိန်းများမှတဆင့် ထာဝရ ငြိမ်းချမ်းရေးနှင့် လူများ၏ ဘဝများစွာကို မြှင့်တင်ရန်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုကို ကတိပြုထားသော်လည်း လက်ပံတောင်း ကြေးနီစီမံကိန်းတွင် ဖြစ်ပျက်ခဲ့သည်များက စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ကျင်းပသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ဒုတိယအကြိမ် ရပ်ဝန်းနှင့်လမ်းမ ဖိုရမ်၌ သမ္မတ ရှီက မိန့်ခွန်းပြောကြားရာတွင် “ကျွန်ုပ်တို့သည် လူများ၏ ဘဝများစွာကို မြှင့်တင်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး အဆင့်မြင့်မြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် အဆင်မြင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေးကို အတူတကွ မြှင့်တင်နိုင်မည်ဖြစ်သည်။”
အဆိုပါ ကြီးကျယ် မြင့်မြတ်သော စကားလုံးများကို အမှန်တကယ် အကောင်အထည်ဖော်နိုင်မည်လား။ တရုတ်ပြည်မှ ဆက်စပ်ပတ်သက်သူများ အနေဖြင့် အဆိုပါ ကတိစကားများ တည်စေရန် ကြိုးစားအားထုတ်မှုများ ပြုလုပ်နေကြပါသလား။ ဤကဲ့သို့ မူဝါဒ အပြောင်းအလဲသည် ကြိုဆိုရမည့် အရာဖြစ်ပြီး ၎င်းကို ဖြည်းဖြည်းချင်း စတင် အကောင်အထည်ဖော်ရမည် ဆိုသည်မှာ ကျိုးကြောင်းဆီလျော်သော်လည်း ၎င်းတို့၏ မြန်မာနိုင်ငံတွင် လုပ်ကိုင်သည့် ပုံစံများကြောင့် အဆိုပါ ကတိစကားများနှင့် ပတ်သက်၍ မေးခွန်းထုတ်ဖွယ် ဖြစ်ခဲ့သည်။
တရုတ်ပြည်မှ ဆက်စပ်ပတ်သက်သူများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရပ်ဝန်းနှင့်လမ်းမ မူဘောင်အောက်ရှိ စီမံကိန်းများမှတဆင့် ထာဝရ ငြိမ်းချမ်းရေးနှင့် လူများ၏ ဘဝများစွာကို မြှင့်တင်ရန်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုကို ကတိပြုထားသော်လည်း လက်ပံတောင်း ကြေးနီစီမံကိန်းတွင် ဖြစ်ပျက်ခဲ့သည်များက စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် တရုတ်က စစ်တပ်ကို အထောက်အပံ့ ပေးခြင်းအားဖြင့် ပဋိပက္ခတွင် မီးထိုးပေးနေခြင်းမှာ ၎င်းတို့၏ “ထာဝရ ငြိမ်းချမ်းရေး” ဆိုသော ကတိစကားနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။
ဒေသခံများအဆိုအရ စီမံကိန်း ဝန်ထမ်းများက အာဏာရှင် အုပ်ချုပ်မှုကို ဆန့်ကျင်သည့် လှုပ်ရှားမှု CDM တွင် ပါဝင်မှုကြောင့် အာဏာသိမ်းခါစတွင် ယာယီပိတ်ထားခဲ့သော်လည်း လုပ်ငန်းအချို့ လုံးဝ ရပ်နားထားခြင်း မဟုတ်ဘဲ လည်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ ကောင်းမွန်သော အလေ့အထများကို လိုက်နာရန် တရုတ်စီးပွားရေး လုပ်ငန်းများစွာ၏ ပျက်ကွက်မှုသည် ၎င်းတို့၏ “အဆင်မြင့် ပူးပေါင်းဆောင်ရွက်ရေး” ဆိုသော ကတိစကားနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။
ပဋိပက္ခကို မီးထိုးပေးနေသလား
လက်ပံတောင်း ကြေးနီစီမံကိန်းသည် ရပ်ဝန်းနှင့်လမ်းမ၏ မူဘောင်အောက်ရှိ စီမံကိန်းတခု ဖြစ်သည်ဟု တရုတ်ပြည်သူ့နေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့သည်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှု အများဆုံးဒေသဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကြေးနီစီမံကိန်းနေရာတွင် မကြာမီက ဖြစ်ခဲ့သော အကြမ်းဖက် ရက်စက်မှုများက စီပွားရေးလုပ်ငန်းများသည် လက်နက်ကိုင် ပဋိပက္ခနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ရည်ရွယ်ချက်ရှိရှိ သော်လည်းကောင်း၊ မရည်ရွယ်ဘဲနှင့် သော်လည်းကောင်း မည်သို့ ပါဝင်ပတ်သက်နေသည်၊ ဖြစ်ပေါ်စေသည်ကို ထင်ဟပ်စေသည်။ တရုတ်၏ လက်နက်ထုတ်လုပ်သည့် NOEINCO ၏ အခွဲဖြစ်သော ဝမ်ပေါင်သတ္တုကုမ္ပဏီသည် စစ်ကိုင်းတိုင်းအတွင်းရှိ အငြင်းပွားဖွယ် လက်ပံတောင်း ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် ပူးပေါင်း၍ ၂၀၁၀ ခုနှစ်မှစတင်၍ လုပ်ကိုင်ခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် စစ်တပ်နှင့် ဦးပိုင်ကုမ္ပဏီကို လက်ပံတောင်း ကြေးနီစီမံကိန်းမှ အမေရိကန် ဒေါ်လာ ၄၁၇ သန်း ဝင်ငွေရှာပေးခဲ့သည်ဟု ခန့်မှန်းရသည်။ ၎င်းသည် အခြား တရုတ် သတ္တုစီမံကိန်းများ ဖြစ်သော စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်းနှင့် တကောင်းတောင် သတ္တုတွင်းတို့မှ ရရှိသော ဝင်ငွေများပါ ပေါင်းပါက စုစုပေါင်း အမေရိကန် ဒေါ်လာ ၇၂၅ သန်း ပမာဏရှိသည်။ စစ်တပ်သည် လက်နက်များဝယ်ယူ၍ ၎င်းတို့၏ အာဏာကို ဆုပ်ကိုင်ထားနိုင်ရန် မြန်မာပြည်သူများကို စစ်ထိုးလျက်ရှိရာတွင် အဆိုပါ ဝင်ငွေသည် များစွာအထောက်အပံ့ ဖြစ်သည်။
ထို့အတွက်ကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည့် ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက စစ်တပ်၏ ဝင်ငွေရလမ်းကို ဖြတ်တောက်ကြရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၁၆ ဖွဲ့က ဝမ်ပေါင်ကုမ္ပဏီ၊ စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်းကို လုပ်ဆောင်နေသည့် ယန်စီကုမ္ပဏီ တို့ကို ၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ လုပ်ငန်းများရုတ်သိမ်းရန် တောင်းဆိုခဲ့သည်။
အဆိုပါ သတိပေးချက်ကို တုံ့ပြန်သည့် ဝမ်ပေါင်ကုမ္ပဏီနှင့် ယန်စီကုမ္ပဏီတို့၏ ၂၀၂၂ ခုနှစ်၊ မေလ ၄ ရက်နေ့ ပူးတွဲထုတ်ပြန်ချက်တွင် “ကျွန်ုပ်တို့၏ စီမံကိန်းများနှင့် ပတ်သက်၍ မကြာသေးမီက ကောလာဟလများ၊ အထင်အမြင်လွဲမှားမှုများနှင့် အခြေအမြစ်မရှိသော စွပ်စွဲချက်များ ထွက်ပေါ်လျက်ရှိသည်” ဟု ဖော်ပြပါရှိသည်။ ဖေဖော်ဝါရီလ ၂၀၁၂ ခုနှစ်မှစ၍ သတ္တုတွင်းကိုလည်း ပိတ်ထားသည်ဟု ဆိုသည်။
အမှန်မှာ ဝမ်ပေါင်သည် နိုင်ငံတကာ ကောင်းမွန်သည့် အလေ့အထများကို လိုက်နာမည်ဆိုလျှင် ကော်ပိုရေးရှင်းကြီးများ၏ လူမှုရေးတာဝန်ယူမှု အစီအစဉ်များ (CSR) သည် ဒေသခံ ရပ်ရွာလူထုနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်မှု မရှိစေရေး ၎င်းတို့၏ တာဝန်ကို ကျေပွန်ပြီးမှသာလျှင် ထပ်ဆောင်း လုပ်ဆောင်သည့် အရာတခုဖြစ်သင့်သည်။
သို့ရာတွင် ဒေသခံများအဆိုအရ စီမံကိန်း ဝန်ထမ်းများက အာဏာရှင် အုပ်ချုပ်မှုကို ဆန့်ကျင်သည့် လှုပ်ရှားမှု CDM တွင် ပါဝင်မှုကြောင့် အာဏာသိမ်းခါစတွင် ယာယီပိတ်ထားခဲ့သော်လည်း လုပ်ငန်းအချို့ လုံးဝ ရပ်နားထားခြင်း မဟုတ်ဘဲ လည်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။ “အပြည့်အဝ မလည်နိုင်ဘူး။ အကြွင်းအကျန်လေးတွေနဲ့ လည်နေတာပေါ့။ စက်ရုံကလည်း ရပ်လို့ မရဘူး။ ရပ်ရင် ပျက်မှာလေ။ အဲဒါကြောင့် တချို့အပိုင်းလေးတွေ လည်ပတ်နေတာတော့ရှိတယ်” ဟု ကြေးနီစီမံကိန်းမှ CDM ဝန်ထမ်းကို ကိုကား၍ Myanmar Now တွင် ဖော်ပြခဲ့သည်။
ဝေဖန်သူများက ဝမ်ပေါင်၏ တုံ့ပြန်ချက်သည် ကိုးရိုးကားရားနိုင်လှပြီး ရိုးသားမှုမရှိဘဲ ခုခံပြောဆိုနေခြင်း ဖြစ်သည်ဟု ထောက်ပြကြသည်။ ၎င်းတို့အနေဖြင့် စစ်တပ်ကို ထောက်ပံ့ပေးနေမှု၊ စစ်တပ်နှင့် စီးပွားရေး ဆက်နွှယ်မှုတို့အပေါ် ဒေသခံများ၏ စိုးရိမ်မှုကို တုံ့ပြန်ရန် ကြိုးစားအားထုတ်ရမည့်အစား အဆိုပါ စိုးရိမ်မှုများကို အရေးမပါသကဲ့သို့ လျစ်လျူရှုပယ်ချခဲ့သည်။
လွတ်လပ်သော အာရှအသံ (RFA) မှ ဒေသခံများနှင့် မေးမြန်းချက်အရ အာဏာသိမ်းပြီးချိန်မှစ၍ ဝမ်ပေါင်သည် စစ်တပ်၏ တပ်ဖွဲ့တချို့ကို ၎င်းတို့ ကုမ္ပဏီဝင်းထဲတွင် တပ်စွဲထားစေပြီး ရိက္ခာထောက်ပံ့မှုများ ရှိသည်။ စစ်တပ်မှ ဖွဲ့စည်းပေးထားသော လက်နက်ကိုင် ပြည်သူ့စစ် ပျူစောထီးအဖွဲ့ကို အဆိုပါဝင်းထဲ၌ပင် သင်တန်းပေးသည်ဟု ဆိုသည်။ ၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့အတွင်း လက်ပံတောင်း စီမံကိန်းဒေသတဝိုက်ရှိ ရွာပေါင်း ၄၀ ကို ဝင်ရောက်စီနင်းခဲ့သောကြောင့် ရွာသား ၂၀,၀၀၀ ခန့် ထွက်ပြေးနေခဲ့ရသည်။ အိမ်များစွာလည်း မီးရှို့ခံခဲ့ရသည်။
ရွာသား ကိုးယောက် ရက်ရက်စက်စက် အသတ်ခံခဲ့ရပြီး အချို့မှာ ပျောက်ဆုံးနေသည်။ အဆိုပါ အကြမ်းဖက် နှိပ်စက်မှုများကြောင့် ဒေသခံ ကာကွယ်ရေးအဖွဲ့များက ဇွန်လ ၂၂ ရက်တွင် ကြေးနီဝင်းထဲ၌ စခန်းချထားသည့် စစ်တပ်ကို တိုက်ခိုက်ခဲ့သည်။ ဇွန်လ ၂၄ ရက်တွင် ဝမ်ပေါင်ကို အဓိက မီးပေးနေသည့် ဓာတ်အားလိုင်းကို ဖောက်ခွဲခဲ့သည်။ ဇွန်လ ၂၇ ရက်နေ့တွင် ဝမ်ပေါင်က တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်းနှင့် ပဋိပက္ခတွင် သူတို့ပါဝင်လိုခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ၎င်းတို့ဝင်းထဲတွင် နေရာပေး၊ အထောက်အပံ့ ပေးထားသော စစ်တပ်သည် ဒေသခံများကို တိုက်ခိုက်လျက်ရှိသောကြောင့် ၎င်းတို့သည် စစ်တပ်၏ အကြမ်းဖက် ရက်စက်မှုများတွင် ပါဝင်ပတ်သက်နေသည်။ ထောက်ပံ့နေခြင်း ဖြစ်သည်။
ပဋိပက္ခတွင် တရုတ်တို့သည် ဒေသတွင်းသာမက နိုင်ငံအဆင့်တွင်ပါ ပါဝင်သည်။ တရုတ်သည် မြန်မာနိုင်ငံကို စစ်လက်နက်တင်ပို့သည့် အဓိကနိုင်ငံတခုဖြစ်သည်။ ဝမ်ပေါင်ကုမ္ပဏီ၏ မိခင်ကုမ္ပဏီဖြစ်သော တရုတ်အစိုးရပိုင် NOEINCO သည် မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ အကြီးအကျယ် ထောက်ပံ့နေကြသူများတွင် အပါအဝင်ဖြစ်သည်။ ၎င်းစစ်လက်နက်များဖြင့် စစ်တပ်သည် တကျော့ပြန် အာဏာမသိမ်းမီကပင် တိုင်းရင်းသားဒေသများတွင် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် မှုခင်းများကို ကျူးလွန်နေခဲ့ပြီး အာဏာသိမ်းပြီးနောက်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် လက်နက်မဲ့ပြည်သူများကို သတ်ဖြတ်မှုများ ပြုလုပ်နေသည်။
ထို့အပြင် တိုင်းရင်းသားဒေသများတွင် တရုတ်၏ တရားမဝင် စီးပွားရေးလုပ်ငန်းများက စစ်တပ် ကျောထောက်နောက်ခံ ပြုထားသော ပြည်သူ့စစ်များနှင့် ပူးပေါင်း၍ သဘာဝ သယံဇာတ တူးဖော် အမြတ်ထုတ်မှုများကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝများအပေါ် ဆိုးကျိုး သက်ရောက်စေသည်သာမက စစ်တပ်နှင့် ပြည်သူ့စစ်ကို ဝင်ငွေရှာပေးနေခြင်း ဖြစ်သောကြောင့် ပဋိပက္ခကို မီးထိုးပေးရာရောက်သည်။
စစ်တပ်နှင့် ပူးပေါင်းကြံစည်ခြင်းလား
လူ့အခွင့်အရေး ထိခိုက်နစ်နာမှု မရှိစေရေး အထူးအလေးထား ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် HRDD ကဲ့သို့သော နိုင်ငံတကာ၏ အကောင်းဆုံး အလေ့အထများကို လိုက်နာရန် ပျက်ကွက်သည့်အပြင် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုတွင် ပါဝင်ပတ်သက်နေခြင်းသည် တရုတ်၏ “အဆင့်မြင့် ပူးပေါင်းဆောင်ရွက်ခြင်း” ဟူသော ကတိစကားနှင့် မူဝါဒတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လက်ပံတောင်း စီမံကိန်းသည် နိုင်ငံတကာစံနှုန်းများကို လိုက်နာမည်ဆိုလျှင် သူတို့အနေဖြင့် ထိခိုက်ခံစားရသည့် ဒေသခံများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ ကျွမ်းကျင်သူများနှင့် အဓိပ္ပာယ်ရှိစွာ ဆွေးနွေးခြင်းဖြင့် HRDD ကို ပြုလုပ်သင့်သည်။
မိမိတို့၏ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး ပါတနာများကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း လူ့အခွင့်အရေးအပေါ် ဆိုးရွားစွာ သက်ရောက်နိုင်မှုများကို ရှာဖွေဖော်ထုတ်ရန်၊ ဟန့်တားလျှော့ချနိုင်ရန် HRDD ပြုလုပ်ဖို့ လိုအပ်ပါသည်။ ၎င်းတို့အနေဖြင့် ဖြစ်နိုင်ခြေရှိသည့် ဆိုးရွားသော လူ့အခွင့်အရေး သက်ရောက်နိုင်ခြေရှိသည်များကို ရှောင်ရှားရန်နှင့် လျှော့ချရန် မည်ကဲ့သို့ စီမံခန့်ခွဲနေသည်၊ ချိုးဖောက်မှုများရှိလျှင် မည်ကဲ့သို့သော ကုစားမှုများ လုပ်ဆောင်နေသည်ကို ဒေသခံပြည်သူများနှင့် အခြား ဆက်စပ်ပတ်သက်သူများကို ချပြရန်လိုအပ်ပါသည်။
HRDD စံနှုန်းများကို ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေး လမ်းညွှန်မူဘောင်များ UNGPs တွင် ချမှတ်ထားပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) ၏ ပဋိပက္ခ သက်ရောက်သော အန္တရာယ်ရှိသည့် ဒေသများရှိ သတ္တုများကို တာဝန်ယူမှုရှိစွာ ရောင်းဝယ်ရေးဆိုင်ရာ၊ အလေးထား လုပ်ဆောင်ရမည့် လမ်းညွှန်တွင်လည်း ဖော်ပြထားပါသည်။ တရုတ်၏ သတ္တုများကို တာဝန်ယူမှုရှိစွာ ရောင်းဝယ်ရေးဆိုင်ရာ အလေးထားလုပ်ဆောင်ရမည့် Due Diligence လမ်းညွှန်များသည် UNGP နှင့် OECD ၏ အလေးထား လုပ်ဆောင်ရမည့် လမ်းညွှန်များကို အခြေခံထားပါသည်။ မြန်မာနိုင်ငံကဲ့သို့သော လူ့အခွင့်အရေးအပေါ် ဆိုးရွားစွာ သက်ရောက်နိုင်သော အခြေအနေများတွင် HRDD ကို အရှိန်မြှင့် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းကြသော်လည်း ဝမ်ပေါင်နှင့် အခြား တရုတ်ကုမ္ပဏီများ အနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်နေကြောင်း အရိပ်အယောင် မတွေ့ရပေ။
HRDD လုပ်ရမည့်အစား ဝမ်ပေါင်၏ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ ၎င်းတို့သည် အလုပ်သမားများနှင့် ရပ်ရွာ ကောင်းကျိုးအတွက် မည်သို့အထောက်အပံ့များ ပေးနေသည်ကို ဖော်ပြထားသည်။ ၎င်းတို့၏ ရပ်ရွာလူထု လူမှုတိုးတက်ရေး စီမံကိန်း CSD သည် ကျန်းမာရေး၊ ပညာရေးနှင့် သက်သာချောင်ချိရေး အစီအစဉ်များမှတဆင့် ရပ်ရွာလူထုအနေဖြင့် မည်သို့အကျိုးခံစားရသည်ကို အသေးစိတ် ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာတွင် ရဲက မီးခိုးဗုံးများဖြင့် ပစ်ခတ်မှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ ဒဏ်ရာ ရရှိခဲ့ကြပြီးနောက်၂၀၁၂ ဒီဇင်ဘာတွင် ဖွဲ့စည်းခဲ့သော လက်ပံတောင်းစုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်ဖြင့် ဝမ်ပေါင်သည် CSD စီမံကိန်းများကို လုပ်ဆောင်နေခဲ့ကြခြင်း ဖြစ်သည်။
စီမံကိန်းစတင်စဉ်ကပင် မြေယာပြဿနာများ၊ လျော်ကြေးပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိသည့် ပြဿနာများနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးထိခိုက်ရခြင်း အစရှိသည်တို့ကြောင့် ဒေသခံများ စဉ်ဆက်မပြတ် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၄ ဒီဇင်ဘာတွင် ဆန္ဒပြမှု ဖြိုခွင်းခံရသောကြောင့် ရွာသူတယောက် သေနတ်မှန် သေဆုံးခဲ့ရပြီး အခြားသူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ မကြာသေးမီ အချိန်အထိ မကျေလည်မှုများ အားလုံး မဖြေရှင်းနိုင်သေးဘဲ မြေယာပြဿနာနှင့် လျော်ကြေးကိစ္စများ ကျန်ရှိနေသေးသည်။ စီမံကိန်း စတင်စဉ်က သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို လိုက်နာမှုမရှိခဲ့ခြင်းသည် လူမှုဘဝ အခက်အခဲ မကျေလည်မှုများနှင့် ကြုံတွေ့ရသည့် အကြောင်းခံဖြစ်သည်။
အမှန်မှာ ဝမ်ပေါင်သည် နိုင်ငံတကာ ကောင်းမွန်သည့် အလေ့အထများကို လိုက်နာမည်ဆိုလျှင် ကော်ပိုရေးရှင်းကြီးများ၏ လူမှုရေးတာဝန်ယူမှု အစီအစဉ်များ (CSR) သည် ဒေသခံ ရပ်ရွာလူထုနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်မှု မရှိစေရေး ၎င်းတို့၏ တာဝန်ကို ကျေပွန်ပြီးမှသာလျှင် ထပ်ဆောင်း လုပ်ဆောင်သည့် အရာတခုဖြစ်သင့်သည်။
စီမံကိန်းစတင်စဉ်က သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA, SIA) နှင့် လူ့အခွင့်အရေး သက်ရောက်မှုအပေါ် ဆန်းစစ်ခြင်း (HRIA) အစရှိသော လိုအပ်သည့် ဆန်းစစ်မှုများ ပြုလုပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေး၊ နေရာချထားရေး စီမံကိန်းများ၊ အသက်မွေးဝမ်းကြောင်း ပြန်လည် ထူထောင်ရေးဆိုင်ရာ စီမံကိန်းများ၊ မကျေလည်မှု တိုင်တန်းသည့် ယန္တယားများ အစရှိသော စီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းများ ချမှတ်မည်ဆိုပါက မကျေလည်မှုများ၊ ပြဿနာများ မဖြစ်ပေါ်လာအောင် တားဆီးနိုင်မည် ဖြစ်သည်။ ဖြစ်ပေါ်လာပါကလည်း ထိထိရောက်ရောက် ဖြေရှင်းနိုင်မည်ဖြစ်သည်။ လက်ပံတောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်ဖြင့် ဝမ်ပေါင်သည် နောက်ပိုင်း၌ EIA ကို ပြုလုပ်ခဲ့သော်လည်း အစပိုင်းက မပြုလုပ်ခဲ့ခြင်းကြောင့် မကျေလည်မှုများ ကြီးထွားလာခဲ့ရသည်။
ဝေဖန်သူများက တရုတ်၏ စီးပွားရေး လုပ်ပုံကိုင်ပုံသည် “ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော အကျင့်ပျက်ခြစားသည့်၊ အာဏာရှင် အစိုးရများနှင့် စပ်ဆက်နေသည့် ဒေသခံကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်ခြင်း ဖြစ်သည်” ဟု ထောက်ပြကြသည်။
လက်ပံတောင်းစီမံကိန်းမှ ဝမ်ပေါင် ရရှိခဲ့သည့် သင်ခန်းစာသည် ရေရှည်တည်တံ့မှုမရှိဘဲ စစ်တပ်၏ အာဏာသိမ်းမှုနှင့်အတူ တရုတ်သည် ၁၉၉၀ ပြည့်နှစ်များဆီက စစ်တပ်အုပ်ချုပ်သည့် ခေတ်ကာလများ၏ လုပ်ပုံကိုင်ပုံအတိုင်း ပြန်သွားရန် ဦးတည်နေဟန်ရှိသည်။ သို့ရာတွင် ယနေ့ခေတ်သည် ၁၉၉၀ ပြည့်နှစ်များနှင့် မတူဘဲ လက်နက်ကိုင် တော်လှန်ရေး အားကောင်းနေသည့် အချိန်ဖြစ်သည်။
ဝမ်ပေါင်၏ ထုတ်ပြန်ချက်တွင် များစွာသော ရပ်ရွာလူထုသည် ၎င်းတို့၏ CSR အစီအစဉ်မှ အကျိုးအမြတ် ရရှိနေသည်ဟု ဆိုသော်လည်း ဤသည်မှာ စစ်တပ်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပူးပေါင်းပါဝင်ခြင်းအတွက် ဆင်ခြေပေးရန် မဟုတ်ပါ။ နောက်ဆုံးရ RFA သတင်းများအရ လက်ပံတောင်းဒေသရှိ ဖောင်းခါး၊ ရွှေလှဲနှင့် ကျောက်ဖြူဒိုင် အပါအဝင် ကျေးရွာ ၂၃ ရွာကို လျှပ်စစ်မီးပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၆ သိန်းနီးပါး အကုန်အကျခံ စီစဉ်ဆောင်ရွက်ထားကြောင်း မြန်မာ-ဝမ်ပေါင် ကြေးနီစီမံကိန်းကုမ္ပဏီက ထုတ်ပြန်ထားသည်ဟု ဆိုသည်။
သို့ရာတွင် ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးယူပေးထားသည့် စစ်ကောင်စီတပ်များက စီမံကိန်းအနီးအနားရှိ ရွာများအတွင်း ဒီဇင်ဘာ ၂၁ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ရွာပေါင်း ကိုးရွာမှ ဒေသခံ ၆,၀၀၀ ကျော် ထွက်ပြေးနေရသည်။ ဤသည်မှာ ဝမ်ပေါင်သည် CSR ဖြင့် စစ်တပ်၏ အကြမ်းဖက် နှိပ်စက်မှုများတွင် ပါဝင်နေမှုကို ဖုံးကွယ်ရန် ကြိုးစားနေသည့် လုပ်ရပ်တခုဖြစ်သည်ကို တွေ့ရှိရသည်။
လက်ပံတောင်းစီမံကိန်းမှ ဝမ်ပေါင် ရရှိခဲ့သည့် သင်ခန်းစာသည် ရေရှည်တည်တံ့မှုမရှိဘဲ စစ်တပ်၏ အာဏာသိမ်းမှုနှင့်အတူ တရုတ်သည် ၁၉၉၀ ပြည့်နှစ်များဆီက စစ်တပ်အုပ်ချုပ်သည့် ခေတ်ကာလများ၏ လုပ်ပုံကိုင်ပုံအတိုင်း ပြန်သွားရန် ဦးတည်နေဟန်ရှိသည်။ သို့ရာတွင် ယနေ့ခေတ်သည် ၁၉၉၀ ပြည့်နှစ်များနှင့် မတူဘဲ လက်နက်ကိုင် တော်လှန်ရေး အားကောင်းနေသည့် အချိန်ဖြစ်သည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်ရာတွင် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်ဦးဆောင်၍ ကျင်းပသည့် မဲခေါင်ဒေသနိုင်ငံများ ပါဝင်သည့် လန်ချန်-မဲခေါင် အစည်းအဝေးကို မြန်မာနိုင်ငံတွင် ကျင်းပခြင်း၊ စစ်ကောင်စီက ၂၀၂၃ တွင် ကျင်းပမည် ဆိုသော ၎င်းတို့ အာဏာရရန် ရည်ရွယ်ထားသည့် အလိမ်အညာ ရွေးကောက်ပွဲကို ထောက်ခံခြင်း အပါအဝင် စစ်ကောင်စီကို တရားဝင်စေမည့် လုပ်ဆောင်မှုများကို တရုတ်က ထောက်ခံအားပေးကြောင်း ပြသခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများ ရပ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန် တိုက်တွန်းကြောင်းအဆိုကို မဲခွဲဆုံးဖြတ်ခဲ့သည်။ ယင်းသည် ၇၄ နှစ်အတွင်း လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး ဆောင်ရွက်ချက် ဖြစ်သည်။ လုံခြုံရေးကောင်စီ တိုက်တွန်းချက် ပေါ်ထွက်လာရန် ဗြိတိန်နိုင်ငံက ဦးဆောင်ခဲ့ပြီး ယခုတခေါက်တွင် တရုတ်က ခါတိုင်းကဲ့သို့ ကန့်ကွက်မဲ မပေးခဲ့သော်လည်း အခြား စစ်ကောင်စီနှင့် မဟာမိတ်ဖြစ်သော ရုရှား၊ အိန္ဒိယတို့နှင့်အတူ မဲမပေးဘဲ ကြားနေခဲ့သည်။ အဆိုပါ တိုက်တွန်းချက်နှင့် ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်က ဘဝင်မကျကြောင်း Global Times သတင်းစာကို ပြောဆိုခဲ့သည်။
တရုတ်တို့အနေဖြင့် လုံခြုံရေးကောင်စီ၌ ခေတ်အဆက်ဆက် မြန်မာပြည်အရေး ဖိအားပေးမည့် တောင်းဆိုချက်များကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ရာမှ ယခုတခေါက် မကန့်ကွက်ဘဲ ကြားနေခဲ့သည်မှာ တိုးတက်မှုဟု ဆိုနိုင်သော်လည်း ၎င်းအနေဖြင့် ပြောင်းလဲလာသော ပြည်တွင်းပြည်ပ အခြေအနေများနှင့် ၎င်းတို့ မြန်မာပြည်သူများကို ဆန့်ကျင်၍ စစ်တပ်အပေါ် ထောက်ခံမှုများ လုပ်နေသည်ကို ဝေဖန်မှုများ မြင့်တက်နေခြင်းတို့ကြောင့် ယခုတကြိမ်တွင် ဆိတ်ဆိတ်နေခဲ့ခြင်းဟု သုံးသပ်ရသည်။ သို့ရာတွင် မတတ်သာ၍ ဤကဲ့သို့ နေရကြောင်း လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး တရုတ်၏ မကျေနပ်ကြောင်း ထုတ်ဖော် ပြောကြားချက်အရ သိသာပါသည်။
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်သူများနှင့် အဓိပ္ပာယ် ပြည့်ဝစွာ ဆွေးနွေးတိုင်ပင်မှုများ မရှိဘဲ တရုတ်၏ ရပ်ဝန်းနှင့်လမ်းမစီမံကိန်းနှင့် ဆက်နွှယ်သည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအောက်ရှိ စီးပွားရေးစီမံကိန်းများ အရှိန်မြှင့်လာခြင်း၊ တိုင်းရင်းသားဒေသများတွင် တရုတ်စီးပွားရေး လုပ်ငန်းများ ပါဝင်သည့် တရားမဝင် သယံဇာတ တူးဖော်ခြင်းများ အရှိန်မြှင့်လာခြင်းနှင့် လက်ပံတောင်းစီမံကိန်းဒေသရှိ လက်ရှိ အဖြစ်အပျက်များက တရုတ်အာဏာပိုင်များ၏ ကတိစကားဖြစ်သော “ပွင့်လင်းသော၊ အားလုံးပါဝင်သော၊ သန့်ရှင်း လှပသည့် ကမ္ဘာတခု” သည် အလှအပစကား သက်သက်သာဖြစ်နေသည်လားဟု မေးခွန်းထုတ်ရမည် ဖြစ်သည်။
(ကော်ပိုရေးရှင်းကြီးများ တာဝန်ယူမှုရှိရေး မြန်မာ (Corporate Accountability Myanmar – CAM) သည် မြန်မာနိုင်ငံရှိ ကော်ပိုရေးရှင်းကြီးများ၏ တာဝန်ယူမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သုတေသနများ ပြုလုပ်ရန် ၂၀၂၀ မှ စတင်ဖွဲ့စည်းခဲ့သည့် သုတေသီ အဖွဲ့တဖွဲ့ ဖြစ်သည်။)
You may also like these stories:
နွေဦးတော်လှန်ရေးကြားက တရုတ်ကြေးနီစီမံကိန်း
တရုတ်ကြေးနီ စီမံကိန်းဝန်ထမ်း အချို့အား စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်လာ
ယင်းမာပင်ခရိုင်မှ လူ ၁ သောင်းကျော် ထွက်ပြေးနေရ
မြန်မာပြည်အရေး တရုတ်ချဉ်းကပ်မှု ဘာလဲ ဘယ်လဲ
ခြိမ်းခြောက်မှုများအပေါ် စိုးရိမ်ကြောင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီဆို
စစ်တပ်နှင့် ဆက်ပေါင်းပါက တရုတ်စီမံကိန်းများ တိုက်ခိုက်ခံရနိုင်ဟု သမ္မတ ရှီကျင့်ဖျင်ထံ စာပို့