ဆောင်းပါး

မြန်မာစစ်ကောင်စီနဲ့ တရုတ် ခွာပြဲကြပြီလား

မြန်မာနိုင်ငံတွင် ဒေသဆိုင်ရာ အစည်းအဝေးတခု တက်ရောက်ရန် ဖိတ်ကြားသည်ကို တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် မတက်ရောက်ဘဲနေခြင်းသည် နေပြည်တော်မှ စစ်ကောင်စီကို ၎င်းတို့၏ အင်အားအကြီးမားဆုံး မိတ်ဆွေများအနက် တနိုင်ငံဖြစ်သောတရုတ်က သိမ်သိမ်မွေ့မွေ့ ပညာပေးလိုက်ခြင်းဖြစ်နိုင်သည်။

စီစဉ်ထားသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) ထိပ်သီးဆွေးနွေးပွဲသို့ ဖိတ်ကြားမှုကို တရုတ်က မတုံ့ပြန်ဘဲနေခြင်းသည် မြန်မာစစ်ကောင်စီကို နိုင်ငံတကာဝိုင်းပယ်မှု မြင့်မားနေပြီး ၎င်းတို့၏ ပြည်တွင်း အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် လက်နက်ကိုင် ပုန်ကန်မှုအား လျှော့ချနိုင်ခြင်း မရှိဘဲ နိုင်ငံတကာတရားဝင်မှု ရရှိအောင် မစွမ်းဆောင်နိုင်ချိန်တွင် ဖြစ်ပေါ်ခြင်းဖြစ်သည်။

ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာမှု မြှင့်တင်ရန် တရုတ်တည်ထောင် ဦးဆောင်သည့် LMC သည် မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းနေသော အရှေ့တောင်အာရှ ငါးနိုင်ငံ ဖြစ်သည့် လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းထားသည်။ မဲခေါင်မြစ် တိဘက်ကုန်းမြေမြင့်တွင် စတင်မြစ်ဖျားခံသည့် တရုတ်နိုင်ငံဘက်အခြမ်း၌ ထိုမြစ်ကို လန်ချန်းဟုခေါ်သည်။

၂၀၂၂ ခုနှစ်တွင် LMC အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူပြီးနောက် မြန်မာနိုင်ငံသည် လွန်ခဲ့သော နှစ်ကုန်က ထိုအဖွဲ့၏ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပမည်ဟု မျှော်လင့်ခဲ့ကြကြောင်း ထိုအစည်းအဝေးကို စီစဉ်သူများနှင့် နီးစပ်သည့် သတင်းရင်းမြစ် နှစ်ခုက Aljazeera သတင်းဌာနသို့ ပြောသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၊ တရုတ်မှ ဝန်ကြီးချုပ် လီနှင့် အရှေ့တောင်အာရှ ငါးနိုင်ငံမှခေါင်းဆောင်များ ထိုထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု မျှော်လင့်ခဲ့ကြသည်။

သို့သော် ထိုသို့ဖိတ်ခေါ်သည်ကို တရုတ်ဘက်က တုံ့ပြန်ခြင်း မရှိသောကြောင့် ထိပ်သီးဆွေးနွေးပွဲ မကျင်းပဖြစ်ခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီက ဖိတ်ကြားတာကို ဘေဂျင်းက မတုံ့ပြန်တော့ ထိပ်သီးဆွေးနွေးပွဲနေ့စွဲနဲ့ တက်ရောက်မှုကို မချမှတ်နိုင်ခဲ့ဘူး” ဟု အရှေ့တောင်အာရှတွင် နီးစပ်သော သံတမန် အဆက်အသွယ်ရှိသူ ဟောင်ကောင်အစိုးရ အရာရှိဟောင်း မိုက်ကယ် အန်းက ပြောသည်။

ဘန်ကောက်ရှိ ဟောင်ကောင် စီးပွားရေးနှင့် ကုန်သွယ်ရေးရုံးတွင် ဒုတိယ အကြီးအကဲအဖြစ် မကြာသေးမီကအထိ တာဝန်ထမ်းဆောင်ခဲ့သော မစ္စတာ အန်းက မြန်မာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း မည်သည့် တရုတ်ထိပ်တန်းအရာရှိမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် လူချင်းတွေ့ဆုံခြင်း မရှိသေးကြောင်းပြောသည်။

ဘန်ကောက်ရှိ ဟောင်ကောင် စီးပွားရေးနှင့် ကုန်သွယ်ရေးရုံးတွင် ဒုတိယ အကြီးအကဲအဖြစ် မကြာသေးမီကအထိ တာဝန်ထမ်းဆောင်ခဲ့သော မစ္စတာ အန်းက မြန်မာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း မည်သည့် တရုတ်ထိပ်တန်းအရာရှိမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် လူချင်းတွေ့ဆုံခြင်း မရှိသေးကြောင်းပြောသည်။

LMC ထိပ်သီးဆွေးနွေးပွဲသို့ ဖိတ်ခေါ်ခြင်းကို မတုံ့ပြန်ဘဲနေခြင်းသည် သာမန်မဟုတ်ကြောင်း ၎င်းကပြောသည်။

“တရုတ်ဘက်က အေးစက်စက်နေတာဟာ ဝန်ကြီးချုပ်လီက မင်းအောင်လှိုင်နဲ့ တွေ့ဆုံလိုက်ရင် စစ်ကောင်စီကို တရားဝင် အပြည့်အဝ အသိအမှတ်ပြုတဲ့သဘော သက်ရောက်သွားစေနိုင်လို့ ဖြစ်တယ်” ဟု မစ္စတာ အန်းက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် LMC ဝန်ကြီးများ အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ပုဂံတွင် တက်ရောက်စဉ် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် LMC ဝန်ကြီးများ အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ပုဂံတွင် တက်ရောက်စဉ် စစ်ကောင်စီခန့် ခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံခဲ့သည် / Xinhua

ဘေဂျင်းရှိ LMC အတွင်းရေးမှူးချုပ်ရုံးနှင့် ရန်ကုန်ရှိ တရုတ်သံရုံးတို့ကို Aljazeera က အီးမေးလ်ဖြင့် ဆက်သွယ်ပြီး မည်သည့်အတွက် ထိပ်သီးဆွေးနွေးပွဲ မကျင်းပဖြစ်သည်ကို မေးမြန်းသော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။

အဆိုပြုထားသည့် ထိပ်သီးဆွေးနွေးပွဲတွင် ဘေဂျင်းက တက်ရောက်မှု မရှိခြင်းသည် အဖွဲ့ဝင် ၁၀ နိုင်ငံပါ ASEAN က မြန်မာစစ်ကောင်စီ ဝန်ကြီးများကို အစည်းအဝေးမှ ပိတ်ပင်ထားချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်။ ထိုသို့ပိတ်ပင်ရခြင်းမှာ စစ်ကောင်စီသည် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် အကြမ်းဖက်မှုများ အဆုံးသတ်ရန် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ASEAN က ချမှတ်သည့် အချက် ၅ ချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စစ်ကောင်စီက အကောင်အထည်ဖော်ရာတွင် တိုးတက်မှု မရှိသောကြောင့် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆင် တာဝါကလည်း ဘေဂျင်းသည် စစ်ကောင်စီ၏ ဖိတ်ခေါ်မှုကို မတုံ့ပြန်ခဲ့ကြောင်း ပြောသည်။

“၂၀၂၂ ခုနှစ်ကုန် မတိုင်မီ မြန်မာမှာ ခေါင်းဆောင်တွေ အစည်းအဝေးကျင်းပဖို့ အဆိုပြုချက်ကို တရုတ်က လက်မခံဘူး” ဟု မစ္စတာ တာဝါက Aljazeera သို့ ပြောသည်။

ခပ်ရှောင်ရှောင်နေခြင်းဖြင့် တရုတ်သည် စစ်ကောင်စီနှင့် ဆက်ဆံရေးထက် ASEAN နှင့် ဆက်ဆံရေးကို ဦးစားပေးကြောင်း အချက်ပြလိုက်ခြင်းဖြစ်သည်ဟု မစ္စတာ တာဝါက ပြောသည်။

“ဒေသတွင်းမှာ တရားဝင်မှုရဖို့ LMC ကို အသုံးချမယ့် မင်းအောင်လှိုင်ရဲ့ အားထုတ်မှုက မအောင်မြင်ဘဲ LMC ခေါင်းဆောင်တွေ အစည်းအဝေးကျင်းပဖို့ သူ့ရဲ့တောင်းဆိုမှုကို အပြုသဘော တုံ့ပြန်လိုက်ရင် ASEAN ရဲ့ အချက်အခြာကျမှုကို ထိပါးစေမယ်၊ ASEAN ခေါင်းဆောင် အများအပြားဆီက ပြင်းထန်တဲ့ ဝေဖန်မှုတွေ ဖြစ်လာမယ် ဆိုတာကို တရုတ်က သိတယ်” ဟု Aljazeera သတင်းဌာနသို့ ၎င်းကပြောသည်။

“ဘေဂျင်းရဲ့ စိုးရိမ်ပူပန်မှုတွေမှာ ASEAN နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုဖြစ်အောင် လုပ်မိမှာ စိုးရိမ်တာ သေချာတယ်။ အဲဒီ ASEAN နိုင်ငံတွေက တရားမဝင် စစ်ကောင်စီပါဝင်တဲ့ အဆင့်မြင့် အစည်းအဝေးတွေဟာ အဲဒီလို အစည်းအဝေးတွေမှာ စစ်ကောင်စီကို မဖိတ်ဖို့ ASEAN ဘုံသဘောတူညီချက်ကို ထိခိုက်စေတယ်လို့ မြင်ကြတယ်” ဟုလည်း သူကပြောသည်။

“ဘေဂျင်းရဲ့ စိုးရိမ်ပူပန်မှုတွေမှာ ASEAN နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုဖြစ်အောင် လုပ်မိမှာ စိုးရိမ်တာ သေချာတယ်။ အဲဒီ ASEAN နိုင်ငံတွေက တရားမဝင် စစ်ကောင်စီပါဝင်တဲ့ အဆင့်မြင့် အစည်းအဝေးတွေဟာ အဲဒီလို အစည်းအဝေးတွေမှာ စစ်ကောင်စီကို မဖိတ်ဖို့ ASEAN ဘုံသဘောတူညီချက်ကို ထိခိုက်စေတယ်လို့ မြင်ကြတယ်”

တရုတ်နိုင်ငံ၏ သေနင်္ဂဗျူဟာ စီးပွားရေးစီမံကိန်းများနှင့် ပတ်သက်ပြီး ဖြည့်ဆည်းနိုင်စွမ်း မရှိကြောင်း ပြသနေသည့် စစ်ကောင်စီကို ထောက်ခံခြင်းအတွက် ASEAN နှင့်ဆက်ဆံရေး ထိခိုက်မည်ကို တရုတ်က လိုလားခြင်းမရှိဟုလည်း သူကဆက်ပြောသည်။

အာဏာသိမ်းပြီးနောက် မြန်မာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု

မြန်မာနိုင်ငံတွင် ကြီးထွားနေသော ပဋိပက္ခများသည် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို ထိခိုက်စေသောကြောင့် ဘေဂျင်း၏ စိုးရိမ်ပူပန်မှုသည် မြန်မာနှင့် သံတမန်ဆက်ဆံရေး သက်သက်မျှသာ မဟုတ်ပေ။

မြန်မာမှ သုတေသန လုပ်ငန်းတခုဖြစ်သော မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ သရုပ်ခွဲ လေ့လာမှုတခုအရ တနိုင်ငံလုံးတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ပဋိပက္ခများ အရှိန်မြင့်မားလာသောကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် ကြီးထွားနေသည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း တနိုင်ငံလုံးတွင် တိုက်ပွဲပေါင်း ၇,၈၀၀ ကျော်ဖြစ်ပွားပြီး အနည်းဆုံး ၃၀၀ ခန့်သည် အဓိကကျသည့် တရုတ်စီမံကိန်းများ တည်ရှိရာနေရာများနှင့် တရုတ် ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာရှိသည့် စီမံကိန်းများနေရာတွင် ဖြစ်ပွားကြောင်း ISP-Myanmar ၏ အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းများ တည်ရှိရာ မြို့နယ်ပေါင်း ၁၉ မြို့နယ်တွင် တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားပြီး နိုင်ငံမြောက်ပိုင်းမှ တရုတ်နိုင်ငံက လုပ်ကိုင်နေသည့် လက်ပံတောင်း ကြေးနီသတ္တုတွင်းအနီး တိုက်ပွဲအနည်းဆုံး တဒါဇင်ဖြစ်ပွားသည်။

၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များအတွင်း ရှမ်းပြည်မြောက်ပိုင်းတွင်လည်း ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားသည်။ ရှမ်းပြည်နယ်သည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းဟုခေါ်သည့် အဓိကကျသည့် စီမံကိန်းများ တည်ရှိသောနေရာလည်း ဖြစ်သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းသည် ရထားလမ်းများ၊ အမြန်လမ်းများနှင့် ရေနက်ဆိပ်ကမ်းတခု အပါအဝင် စက်မှုနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများ ပါဝင်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် အိန္ဒိယ သမုဒ္ဒရာကို မြန်မာမှတဆင့် ချိတ်ဆက်မည့် အစီအစဉ်ဖြစ်သည်။

၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များအတွင်း ရှမ်းပြည်မြောက်ပိုင်းတွင်လည်း ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားသည်။ ရှမ်းပြည်နယ်သည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းဟုခေါ်သည့် အဓိကကျသည့် စီမံကိန်းများ တည်ရှိသောနေရာလည်း ဖြစ်သည်။

နိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကို စစ်တပ်က ထိုးစစ်ဆင်ခြင်းသည်လည်း ၂၀၁၅ ခုနှစ်နောက်ပိုင်း တရုတ်-မြန်မာနယ်စပ်တွင် မကြုံဖူးသည့် မတည်ငြိမ်မှုများကို ဖြစ်စေသည်ဟု USIP မှ မစ္စတာ တာဝါက ပြောသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနယ်စပ်တွင် အခြေချသည့် တရုတ်စကားပြော ကိုးကန့်လူမျိုးစု သူပုန်များဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကို မကြာသေးမီ စစ်ကောင်စီက တိုက်ခိုက်သည့် မအောင်မြင်သော တိုက်ပွဲတခုအကြောင်းကိုလည်း မစ္စတာ တာဝါက ရည်ညွှန်းပြောဆိုသည်။

MNDAA သည် မင်းအောင်လှိုင်က ထိုးစစ်ဆင်သိမ်းယူသည့် ၂၀၀၉ ခုနှစ်အထိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် မြို့တော်လောက်ကိုင်ကို ထိန်းချုပ်ထားခဲ့သည်။ ထိုတိုက်ပွဲကြောင့် အရပ်သား ၃၀,၀၀၀ ကျော် တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ စစ်ကောင်စီ၏ လက်ရှိ လုံခြုံရေးပြဿနာများကို အခွင့်ကောင်းယူပြီး MNDAA သည် လောက်ကိုင်ကို ပြန်လည်သိမ်းပိုက်ရန် ရည်ရွယ်ထားပုံရသည်။

မြန်မာနိုင်ငံအခြေအနေသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အတွက်သာမက သာမန်ပြည်သူများအတွက်ပါ မကောင်းကြောင်း မကြာသေးမီကအထိ မြန်မာတွင်အခြေစိုက်ခဲ့သော သုတေသီတဦးက Aljazeera သို့ ပြောသည်။

မြင့်မားနေသည့် လုံခြုံရေး အန္တရာယ်များကြောင့် တရုတ်နိုင်ငံသည် ၎င်းတို့ စီစဉ်ထားသည့် ရင်းနှီးမြှုပ်နှံမှုများကို အကောင်အထည်ဖော်ရန် စိန်ခေါ်မှုများကြောင်း တွေ့ရမည်ဖြစ်သည်ဟု လက်တုံ့ပြန်မည်ကို စိုးရိမ်သောကြောင့် အမည်မဖော်လိုသည့် ထိုသုတေသီက ပြောသည်။

စစ်ကောင်စီအောက်တွင် တရုတ်စီမံကိန်းများကို တာဝန်သိသော နည်းလမ်းဖြင့် အကောင်အထည် မဖော်ဘဲ သဘာဝ ပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူများအတွက် အန္တရာယ်ဖြစ်မည်ကို ဒေသခံ လူမှုအသိုက်အဝန်းများနှင့် လူထုအခြေပြု အဖွဲ့အစည်းများကလည်း စိုးရိမ်ကြသည်။ တရုတ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ရပ်ဆိုင်းထားသင့်ပြီး “တရားဝင်အစိုးရ ပြန်တက်သောအခါမှသာ အကောင်းအထည် ဖော်သင့်ကြောင်း” အဆိုပါ သုတေသီက ပြောသည်။

စစ်ကောင်စီကို ရှုတ်ချရန် ငြင်းဆန်

တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာတွင် လွန်ခဲ့သော နှစ်နှစ်နီးပါးက အာဏာသိမ်းပြီးနောက် တရားဝင်ဆက်ဆံရေး ဆက်လက် ထိန်းသိမ်းထားသည့် နိုင်ငံအနည်းငယ်တွင် ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး အရပ်သားများကို သွေးချောင်းစီးစေသည့် အာဏာသိမ်းမှုနောက်ပိုင်းတွင် ၎င်းတို့သည် မြန်မာဗိုလ်ချုပ်များကို ရှုတ်ချရန် သို့မဟုတ် အရေးယူပိတ်ဆို့ရန် ငြင်းဆန်ကြသည်။ မြန်မာနိုင်ငံအခြေအနေကို စောင့်ကြည့်နေသည့် လူထုအခြေပြု အဖွဲ့အစည်းတခုဖြစ်သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ စစ်ကောင်စီသည် လူပေါင်း ၂,၆၀၀ ကျော်ကိုသတ်ဖြတ်ထားပြီး နိုင်ငံရေး စွပ်စွဲချက်များဖြင့် လူပေါင်း ၁၆၅၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း သိရသည်။

ဘေဂျင်းနှင့်မော်စကိုတို့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာကို ပြင်းထန်သော အရေးယူမှု မပြုလုပ်ရန်လည်း တားဆီးထားကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် မြင်တွေ့ရသည့် ဆန္ဒပြမှု (ဓာတ်ပုံ – ဧရာဝတီ)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ၇၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို လွန်ခဲ့သောလက ချမှတ်သောအခါ တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့က မဲမပေးဘဲနေသည်။ ထိုဆုံးဖြတ်ချက်က အကြမ်းဖက်မှု ရပ်ဆိုင်းရန်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်းဆိုသည်။ ကျန်အဖွဲ့ဝင် ၁၂ နိုင်ငံက ဆုံးဖြတ်ချက်ချမှတ်ရေး မဲပေးခဲ့ကြသည်။

နိုဝင်ဘာလက ထုတ်ပြန်သည့် အစီရင်ခံစာတခုတွင် နိုင်ငံတကာ ဥပဒေပြုအမတ်များအဖွဲ့တခုက “ခိုင်မာပြီး ဝေဖန်မှုမရှိသော” ထောက်ခံမှု၊ အထူးသဖြင့် ဘေဂျင်းနှင့် မော်စကိုမှ ထောက်ခံမှုသည် မြန်မာစစ်ကောင်စီကို ဆက်လက် ရပ်တည်စေနိုင်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ဆောင်ရွက်နိုင်စေသည်ဟု ဖော်ပြထားသည်။

ဘေဂျင်းက ဗိုလ်ချုပ်များအပေါ် စိတ်အားထက်သန်မှု မရှိသော သဘောထားကြောင့် မြန်မာမှ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုများသည် တရုတ်ကို ရန်သူအဖြစ် သဘောမထားသည့် အခြေအနေ ဖြစ်လာသည်။

ရွေးကောက်ပွဲ အနိုင်ရသော်လည်း စစ်အာဏာသိမ်းပြီးနောက် ဖြုတ်ချခံရသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရုတ်ရင်းနှီးမြှုပ်နှံမှုများကို တိုက်ခိုက်ခြင်းအား ဆန့်ကျင်သည်။ NUG က ခုခံတော်လှန်ရေး အင်အားစုများဖြစ်သည့် ပြည်သူ့ကာကွယ်ရေး တပ်များအနေဖြင့် တရုတ်စီမံကိန်းများမှ ကင်းကင်းနေရန် တောင်းဆိုထားသည်။

ရွေးကောက်ပွဲ အနိုင်ရသော်လည်း စစ်အာဏာသိမ်းပြီးနောက် ဖြုတ်ချခံရသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရုတ်ရင်းနှီးမြှုပ်နှံမှုများကို တိုက်ခိုက်ခြင်းအား ဆန့်ကျင်သည်။ NUG က ခုခံတော်လှန်ရေး အင်အားစုများဖြစ်သည့် ပြည်သူ့ကာကွယ်ရေး တပ်များအနေဖြင့် တရုတ်စီမံကိန်းများမှ ကင်းကင်းနေရန် တောင်းဆိုထားသည်။

မြန်မာနိုင်ငံမှ ဒီမိုကရေစီလိုလားသည့် နိုင်ငံရေးသမား၏ တရုတ်လိုလားသော သဘောထားသည် အံ့သြစရာမဟုတ်ပေ။

ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသည် တရုတ်တနိုင်ငံတည်းမူကို ထောက်ခံပြီး ဟောင်ကောင်မှ ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများကို တရုတ်ကဖြိုခွဲခြင်းအား ရှုတ်ချခြင်း မပြုပေ။

လွန်ခဲ့သောနှစ်က ဘေဂျင်းတွင် ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ကွန်ဂရက်တွင် သမ္မတ ရှီကျင့်ဖျင်ထံသို့ ဂုဏ်ပြုသောစာများကို NLD နှင့် NUG တို့ သီးခြားစီ ရေးသားပေးပို့ကြသည်ဟု သတင်းရင်းမြစ် နှစ်ခုက Al Jazeera သတင်းဌာနသို့ ပြောသည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဌာန (CPCID) က NLD စာကို လက်ခံရရှိကြောင်းသာ လူသိရှင်ကြားဝန်ခံသည်။ ထိုသို့ ဖြစ်ရခြင်းမှာ NLD သည် မြန်မာနိုင်ငံတွင် တရားဝင် နိုင်ငံရေးပါတီ ဖြစ်သော်လည်း NUG ၏ ဥပဒေကြောင်းနှင့် နိုင်ငံရေးအဆင့်အတန်းကို ထိခိုက်စေသည်ဟု ဝါရှင်တန် ဒီစီအခြေစိုက် သုတေသန လုပ်ငန်းဖြစ်သော စတမ်ဆွန် စင်တာမှ တရုတ်အစီအစဉ် ဒါရိုက်တာ ယွန်ဆန်းက Aljazeera သတင်းဌာနသို့ပြောသည်။

မြန်မာစစ်ဗိုလ်ချုပ်များသည်လည်း တရုတ်နှင့် အတူရပ်တည်ကြောင်း လူသိရှင်ကြားပြရန် ကြိုးစားသည်။

ဗိုလ်ချုပ်များ၏ လက်ဝေခံပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် လွန်ခဲ့သောနှစ်က ဝါရှင်တန်နှင့်ဘေဂျင်းအကြား သံတမန်ရေး မုန်တိုင်းထန်စေသည့် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကို ကျယ်ကျယ်လောင်လောင် ဝေဖန်သည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးသည် ချုံကင်းတွင် မြန်မာကောင်စစ်ဝန်ရုံးဖွင့်ရန်နှင့် ထိုစဉ်ကနိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် တွေ့ရန်အတွက် တရုတ်နိုင်ငံသို့ မတ်လနှင့် ဧပြီလများတွင် တရားဝင်သွားရောက်ခဲ့သည်။

သံတမန်ရေးဝေဖန်မှုအရ လျော့နည်းသော်လည်း တရုတ်က LMC ထိပ်သီးစည်းဝေးပွဲကို မတုံ့ပြန်ခြင်းကြောင့် မြန်မာဗိုလ်ချုပ်များကို ဂနာမငြိမ် ဖြစ်စေပြီး အင်အားကြီး မိတ်ဆွေထံမှ နောက်ထပ် မည်သို့သော တုံ့ပြန်မှု လာမည်၊ မလာမည်ကို သိချင်စေမည်ဖြစ်သည်။

မြန်မာစစ်ကောင်စီကို ဝေဖန်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို မကန့်ကွက်ဘဲ မဲမပေးဘဲနေရန် ဘေဂျင်းနှင့်မော်စကိုတို့ ရွေးချယ်ခဲ့ပြီးနောက် လွန်ခဲ့သောလက လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) မှ လူဝစ် ချာဘုန်နု ပြောသည်အတိုင်းဆိုရပါက “စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ကာကွယ်ပေးရန်အတွက် စွန့်စားရန် စစ်ကောင်စီ၏ မိတ်ဆွေအနည်းငယ်သည်ပင် စိတ်အားထက်သန်ခြင်း မရှိတော့ကြောင်း ရုရှားနှင့်တရုတ်တို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မဲမပေးဘဲနေခြင်းက ပြသနေသည်” ဟုသာ ဆိုရမည်ဖြစ်သည်။

(Al Jazeera မှ Thompson Chau နှင့် Dominic Oo တို့၏ Did Beijing deliver a snub to Myanmar’s military regime? ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

တရုတ်အထူးသံတမန်သစ် NUG နှင့် တွေ့ပါ

တရုတ်၏ ကတိကဝတ်ကို စိန်ခေါ်နေသည့် အငြင်းပွားဖွယ် ကြေးနီစီမံကိန်း

မြန်မာပြည်အရေး တရုတ်ချဉ်းကပ်မှု ဘာလဲ ဘယ်လဲ

ကိုဗစ်နှင့် လုံခြုံရေးကြောင့် နယ်စပ်ဂိတ်များ ဖွင့်ရန် မြန်မာစောင့်ကြည့်နေဆဲ

Loading