စစ်အာဏာရှင်စနစ်ကို အဆုံးသတ်မည့် စစ်ဆင်ရေးများ အရှိန်မြှင့်တင်ရန် အရပ်သား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) တို့က ပြောကြားပြီးနောက် စစ်ကောင်စီတပ်များကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်မှုများသည် ယခုလအတွင်း အရှိန်မြင့်လာသည်။
စစ်ကောင်စီက အမြောက်များဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့ကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ဟု မျှော်လင့်ရသည်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့က နှစ်သစ်ကူးမိန့်ခွန်းများတွင် တိုက်ခိုက်မှုများ ပိုမိုပြုလုပ်ရန်နှင့် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတုကို ဆန့်ကျင်ရန် ကတိပြုကြသည်။
စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများအား မြောက်ပိုင်း ကချင်ပြည်နယ်၊ အနောက်ပိုင်း ချင်းပြည်နယ်၊ အရှေ့ပိုင်း ကယားပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်တောင်ပိုင်း၊ မွန်နှင့် ကရင်ပြည်နယ်များနှင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ပဲခူးနှင့် တောင်ပိုင်း တနင်္သာရီ တိုင်းတို့တွင် တွေ့ရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ခုခံတော်လှန်ရေးအင်အားစု အများအပြားတို့သည် နှစ်သစ်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်းနယ်စပ်အနီးမှ စစ်ကောင်စီ၏ မဟာမိတ် နယ်ခြားစောင့်တပ် (BGF) စခန်းများကို တိုက်ခိုက်ကြသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ခုခံတော်လှန်ရေးအင်အားစု အများအပြားတို့သည် နှစ်သစ်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်းနယ်စပ်အနီးမှ စစ်ကောင်စီ၏ မဟာမိတ် နယ်ခြားစောင့်တပ် (BGF) စခန်းများကို တိုက်ခိုက်ကြသည်။
စစ်ကောင်စီက ၎င်းတို့အခြေစိုက်စခန်းများမှ အမြောက်များဖြင့် ပစ်ခတ်ပေးခြင်း၊ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပေးခြင်းတို့ ရှိစေကာမူ BGF စခန်းနှစ်ခု ဆုံးရှုံးသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၉၀ ကျော် သေဆုံးပြီး ခုခံတော်လှန်ရေး အင်အားစုများ ဘက်မှ ရှစ်ဦး ကျဆုံးကြောင်း ကရင်အဖွဲ့အစည်းများ၏ အဆိုအရ သိရသည်။
ဇန်နဝါရီလ ၄ ရက်နေ့တွင် KNLA နှင့် ခုခံတော်လှန်ရေး အင်အားစုများသည် ကြာအင်းဆိပ်ကြီး အနီးရှိ စစ်ကောင်စီ တပ်ရင်းသုံးခု၏ ဌာနချုပ်များကို တိုက်ခိုက်ကြသည်။ စစ်ကောင်စီက အမြောက်များဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြန်လည်မဆုတ်ခွာမီ တော်လှန်ရေး အင်အားစုများသည် စစ်တပ် စစ်တန်းလျားများ၊ အရာရှိရိပ်သာများနှင့် မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
သေဆုံး ဒဏ်ရာရသူ ၄၅ ဦးတွင် စစ်ကောင်စီတပ်ရင်းမှူးတဦးနှင့် စစ်ဗိုလ်အများအပြား ပါဝင်ပြီး ခုခံတော်လှန်ရေးအင်အားစုမှ ၇ ဦး ကျဆုံးသည်ဟု ထိုအဖွဲ့များက ပြောသည်။
ထိုတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီက ကရင်၊ ချင်းနှင့် ကချင်ပြည်နယ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သည်။
စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် လေးစီးသည် ဇန်နဝါရီလ ၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှ ရွှေတွင်းများနှင့် ကျေးရွာများသို့ ဗုံးအလုံး ၅၀ ကြဲချပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ထောင်ချီပြုလုပ်ကြောင်း KNU တပ်မဟာ ၅ က ပြောသည်။
ဇန်နဝါရီလ ၉ ရက်နေ့တွင် စစ်ကောင်စီ တိုက်လေယာဉ်များသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ KIA တပ်မဟာ ၂ ဌာနချုပ်နှင့် အနီးရှိ စစ်ကိုင်းတိုင်းမှ KIA တပ်ရင်းတရင်းကို တိုက်ခိုက်သည်ဟု ကချင် မီဒီယာများက ဖော်ပြသည်။ KIA တပ်ဖွဲ့ဝင်အချို့ သေဆုံးသည်ဟု ဆိုသည်။
စစ်ကောင်စီသည် ပြည်သူအားလုံး၏ ရန်သူဖြစ်သောကြောင့် စစ်ကောင်စီကို ပြတ်ပြတ်သားသား တိုက်ရန် နိုင်ငံသားအားလုံးနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်တွန်းသည့် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ နှစ်သစ်ကူး မိန့်ခွန်းအပြီးတွင် ထိုတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ပြည်သူအားလုံး၏ ရန်သူဖြစ်သောကြောင့် စစ်ကောင်စီကို ပြတ်ပြတ်သားသား တိုက်ရန် နိုင်ငံသားအားလုံးနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်တွန်းသည့် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ နှစ်သစ်ကူး မိန့်ခွန်းအပြီးတွင် ထိုတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်။
စစ်ကောင်စီ တိုက်လေယာဉ်များသည် ချင်းမျိုးသားတပ်မတော် (CNA) ၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သည့် CNF ၏ အိန္ဒိယနယ်စပ်အနီး ချင်းပြည်နယ်မှ ဝိတိုရိယ ဌာနချုပ်ကို ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ဗုံးကြဲသည်။
ခုခံတော်လှန်ရေးသမား ငါးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသလို ဆေးခန်းတခုအပါအဝင် အဆောက်အအုံများလည်း ပျက်စီးသည်။
CNF ဥက္ကဋ္ဌ ပူးဇင်ကျုံး၏ နှစ်သစ်ကူးမိန့်ခွန်းတွင် စစ်ကောင်စီကို ဖြုတ်ချရန် ချင်းပြည်သူများကို တိုက်တွန်းပြီးနောက် ထိုတိုက်ခိုက်မှု ဖြစ်ပွားသည်။
၂၀၂၃ ခုနှစ်အတွင်း ညှိနှိုင်းချိန်ကိုက် တိုက်ခိုက်မှုများဖြင့် စစ်ကောင်စီကို ဖြိုခွဲမည်ဖြစ်ကြောင်းနှင့် ခုခံတော်လှန်ရေး အင်အားစုများသို့ လက်နက်များ ပိုမိုပေးပို့မည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မကြာသေးမီတွင် ပြောကြားခဲ့သည်။
“NUG နဲ့ မဟာမိတ်တပ်များဟာ ဒီနှစ်အတွင်း တော်လှန်ရေးအတွက် အဆုံးအဖြတ်ကျတဲ့ရလဒ်တွေ ရရှိဖို့ ဆုံးဖြတ်ထားပြီး ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ တနှစ်စီမံကိန်းကိုလည်း ရေးဆွဲထားတယ်” ဟု အရပ်သားကာကွယ်ရေးဝန်ကြီးက ပြောသည်။
NUG ခေတ္တသမ္မတ ဒူဝါလရှီးလကလည်း ပြည်သူများ၊ ခုခံတော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပြင်းအထန် ကြိုးစားကြရန်၊ တော်လှန်ရေး အရှိန်အဟုန် မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။ ၂၀၂၃ ခုနှစ်သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် စစ်ပွဲတွင် အဆုံးအဖြတ်ကျသော နှစ်ဖြစ်ကြောင်း သူကပြောသည်။
NUG ခေတ္တသမ္မတ ဒူဝါလရှီးလကလည်း ပြည်သူများ၊ ခုခံတော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပြင်းအထန် ကြိုးစားကြရန်၊ တော်လှန်ရေး အရှိန်အဟုန် မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။
စစ်ကောင်စီကို ချေမှုန်းရေးအတွက် ၂၀၂၃ ခုနှစ်တွင် တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ခုခံတော်လှန်ရေး ခေါင်းဆောင်များက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“ပြည်သူတွေ ပင်ပန်းနေပြီဖြစ်လို့ တော်လှန်ရေးကို ၂၀၂၃ ခုနှစ်မှာ အောင်မြင်အောင် လုပ်ရမယ်။ ခုခံတော်လှန်ရေး တိုက်ခိုက်ရေးသမားတွေကလည်း မိသားစုတွေကို ပြန်တွေ့ချင်နေကြပြီ” ဟု စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှ မိုးညိုတော်လှန်ရေး တပ်ဖွဲ့မှ ကိုတေဇာက ပြောသည်။
“ဒီနှစ်အတွင်း တနိုင်ငံလုံး လွတ်မြောက်ရမယ်” ဟု သူကပြောသည်။
ခုခံတော်လှန်ရေး အင်အားစုများသည် လုပ်သေနတ်များဖြင့် တော်လှန်ရေး စတင်ခဲ့ပြီး ယခုအခါ အော်တိုမက်တစ် သေနတ်များကို ပိုမိုအသုံးပြုလာကြသည်။
စစ်ကောင်စီသည် ပြည်သူများကို ဆက်လက်ပြီး အရှင်လတ်လတ် မီးရှို့သတ်သည်၊ လူသားတံတိုင်းအဖြစ် အသုံးပြုသည်၊ နေအိမ်များကို မီးရှို့သည်၊ လူနေရပ်ကွက်များကို ဗုံးကြဲသည်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်နေသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လွန်ခဲ့သော ဒီဇင်ဘာလအထိ ပြည်သူ ၁ ဒသမ ၁ သန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။ လူပေါင်း ၂,၇၃၀ ဦးကို စစ်ကောင်စီက သတ်ဖြတ်ထားပြီး အစိုးရခေါင်းဆောင်များ အပါအဝင် လူပေါင်း ၁၇,၂၁၇ ဦးကို ဖမ်းဆီးထားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Nayt Thit ၏ Myanmar Resistance Steps Up Attacks in 2023 ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
စစ်ကောင်စီ၏ အရှုံး နိဒါန်းပျိုးပြီလား
အပြုတ်တိုက်ရေးကို စစ်ဗိုလ်ချုပ်များ ရွေးချယ်
စစ်ကောင်စီ၏ ဖြတ်လေးဖြတ် မီးရှို့စနစ် ဘာကြောင့် ကျရှုံးနေသနည်း
ရက်စက်ကြမ်းကြုတ်မှုနှင့် လက်စားချေလိုခြင်းဖြင့် စစ်ကောင်စီခေါင်းဆောင် စိတ်ထင်ရာလုပ်နေ