Global Witness အဖွဲ့နှင့် AP သတင်းတို့၏ ယမန်နှစ် ဩဂုတ်လ အစောပိုင်းတွင် ထွက်ရှိခဲ့သော အစီရင်ခံစာ တင်ပြမှုများတွင် မြန်မာနိုင်ငံ အရှေ့မြောက် တရုတ်နယ်စပ်၌ အထိန်းအကွပ်မဲ့ တရားမဝင် မြေရှားတူးဖော်မှုများ (rare earths extraction – REE) ကြောင့် ဆိုးရွားစွာ သဘာဝပတ်ဝန်းကျင် ပျက်စီးရသည်ကို အသားပေး ဖော်ပြထားသည်။ “မြန်မာပြည်တွင် ဖြစ်နေတာအတွက် နာမည်တခုရှိသည်။ ‘စတေးခံဇုန်’ သို့မဟုတ် ကမ္ဘာကြီး၏ ကောင်းကျိုးအတွက် သူ့ကိုသူဖျက်စီးသည့်နေရာ။ စွန့်လွတ်အနစ်နာခံမှုမှာ မြင်သာသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကမှ တောတောင်များနှင့် လွှမ်းမိုးထားခဲ့သော ရှုခင်းသည် ယခုအခါ စိမ်းပြာရောင် အဆိပ်ရေကန်များဖြင့် ဖြန့်ကြက်ထားသည့် နေရာတခုအဖြစ် ကောင်းကင်မှ မြင်ကြရသည်။”
Global Witness သည် စင်ကာပူ၏ အရွယ်အစား ပမာဏာရှိသော ဧရိယာတခုလုံးကို ဖြန့်ကြက်တည်ရှိနေသည့် သီးခြားနေရာ ၃၀၀ နီးပါး၌ မြေရှားသတ္တုကန်ပေါင်း ၂,၇၀၀ ကျော်ကို တွေ့ရှိခဲ့သည်။ REE မိုင်းသည် လွန်စွာ အဆိပ်ပြင်း၍ ၎င်း၏ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးရွားစွာ သက်ရောက်မှုများကြောင့် ၂၀၁၆ တွင် တရုတ်၌ သတ္တုတွင်းများစွာ ပိတ်သိမ်းခဲ့ရသည်။ ထိုအချိန်မှစ၍ REE လုပ်ငန်းသည် မြန်မာပြည်ဘက်သို့ ရွေ့လျားလာပြီး တရုတ်၏ “မြေရှား နိုင်ငံတော်” ဟုလူသိများသော ကျန်စီပြည်နယ်၊ ကန့်ကျိုးမှ တရုတ်လူမျိုးများ သောင်းချီ၍ မြန်မာနိုင်ငံထဲသို့ ဝင်ရောက်ခဲ့ကြသည်။
မြန်မာပြည်တွင်း တရားမဝင် တူးဖော်သည့် မြေရှားသတ္တုကို တရုတ်ပြည်သို့ တင်ပို့ပြီး ၂၀၁၄ တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း မှ ၂၀၂၁ တွင် ၇၈၉ သန်းအထိ နှစ်အနည်းငယ်အတွင်း တရှိန်ထိုး များပြားလာခဲ့သည်။ တရုတ် နိုင်ငံပိုင်ကုမ္ပဏီ ၅ ခုသည် မြေရှားသတ္တုတူးဖော်ခြင်းနှင့် သန့်စင်ခြင်းအဆင့်ဆင့်ကို လက်ဝါးကြီးအုပ်ထားသည်။ စမတ်ဖုန်းများ၊ လျှပ်စစ်ကားများနှင့် စွမ်းအင်စား သက်သာသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် မြေရှားက အဓိကကျသည်။ အဆိုပါ မြေရှားသည် ဂျင်နရယ် မော်တာ (General Motors)၊ ဘော့စ်ဝမ်ဂွန် (Volkswagen)၊ မာစီဒီး (Mercedes)၊ Tesla နှင့် Apple တို့ကဲ့သို့သော ထင်ရှားသည့် ကုမ္ပဏီများအပါအဝင် နိုင်ငံတကာ ကုမ္ပဏီများ၏ ကုန်ပစ္စည်းရောင်းဝယ်သည့် ကွင်းဆက်အဆင့်ဆင့်တွင် နောက်ပိတ်ဆုံး အဆုံးသတ်သွားသည်။
မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသတခုဖြစ်သော အထူးဒေသ ၁ ဟု လူသိများသည့် ကချင်ပြည်နယ်၏ တောင်ထူထပ်သည့် ဒေသသည် ကမ္ဘာကြီးအတွက် မြေရှားထုတ်လုပ်ပေးသည့် အကြီးမားဆုံးရင်းမြစ် ဖြစ်လာသည်။ အထူးဒေသ ၁ ကို သက်ရွယ်ကြီးပြီဖြစ်သော စစ်ဘုရင် စခုန်တိန့်ယိန်းနှင့် မြန်မာစစ်တပ်မှ ကျောထောက်နောက်ခံ ပေးထားသည့် သူ၏ ပြည်သူ့စစ်အဖွဲ့များက ထိန်းချုပ်ထားသည်။ ကမောက်ကမ နိုင်လှသည်မှာ သန့်ရှင်းသော စွမ်းအင်အတွက် မြေရှားကို ကမ္ဘာနှင့်အဝှမ်း တောင်းဆိုမှုများ မြင့်တက်လာခြင်းကြောင့် ၎င်းပြည်သူ့စစ်နှင့် စစ်တပ်အာဏာပိုင်များသည် စိတ်မှန်း၍ မရနိုင်လောက်အောင်ပင် ကြွယ်ဝချမ်းသာလာကြပြီး ဒေသ၏ ဇီဝမျိုးစုံ မျိုးကွဲစနစ်များ၊ အသက်မွေးဝမ်းကြောင်းများ၊ မြေယာ၊ သစ်တောနှင့် သန့်ရှင်းသော သောက်သုံးရေတို့ ဆုံးရှုံးကြရသည်။
ကမောက်ကမ နိုင်လှသည်မှာ သန့်ရှင်းသော စွမ်းအင်အတွက် မြေရှားကို ကမ္ဘာနှင့်အဝှမ်း တောင်းဆိုမှုများ မြင့်တက်လာခြင်းကြောင့် ၎င်းပြည်သူ့စစ်နှင့် စစ်တပ်အာဏာပိုင်များသည် စိတ်မှန်း၍ မရနိုင်လောက်အောင်ပင် ကြွယ်ဝချမ်းသာလာကြပြီး ဒေသ၏ ဇီဝမျိုးစုံ မျိုးကွဲစနစ်များ၊ အသက်မွေးဝမ်းကြောင်းများ၊ မြေယာ၊ သစ်တောနှင့် သန့်ရှင်းသော သောက်သုံးရေတို့ ဆုံးရှုံးကြရသည်။
အထူးဒေသ ၁ ရှိ ဒေသခံများကြုံတွေ့နေရသည့် အဆိုပါ ဆိုးရွားသော အခြေအနေများကြောင့် ဒေသ၏ တစိတ်တဒေသဖြစ်သော၊ အထူးသဖြင့် ပန်ဝါနှင့် ချီဖွေကြားတွင် တည်ရှိသည့် ချီဖွေမြို့နယ်တွင်းရှိ ရွာအချို့ နှင့် ပတ်ဝန်းကျင်ရွာများကို ၂၀၂၂ ခုနှစ် အစောပိုင်းတွင် လေ့လာခဲ့သည်။ REE သက်ရောက်ခံရသည့် ချီဖွေချောင်းတလျှောက်နှင့် ပတ်ဝန်းကျင်ရှိ ရွာများမှ ဒေသခံလူထု အနေဖြင့် မည်ကဲ့သို့ ရင်ဆိုင်ဖြတ်သန်းနေကြသည်ကို ဆန်းစစ်ရန် ရည်ရွယ်သည်။
ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြသကဲ့သို့ပင် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများနှင့် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်း၊ သန့်ရှင်းသော သောက်သုံးရေ ရင်းမြစ်တို့အပေါ် ဆိုးရွားသော သက်ရောက်မှုများကို တွေ့ရှိရသည်။ ၎င်းတို့၏ နေ့စဉ်ဘဝအပေါ် ကျွန်ုပ်တို့၏ သုံးသပ်မှုအရ အဆိုပါဒေသရှိ ရပ်ရွာလူထု၏ လူမှုဘဝများသည် လွန်စွာ ထိခိုက်လွယ်သည့် အနေအထားဖြစ်ပြီး အက်ကြောင်းများဖြင့် အကွဲကွဲအပြဲပြဲ အခြေအနေကို ကြုံတွေ့နေရကာ နောက်မျိုးဆက်အတွက် အနာဂတ်ပျောက်နေရသည့် အခြေအနေဖြစ်သည်။ တရားဥပဒေ ကင်းမဲ့လျက်ရှိသော၊ အလွယ်တကူ ဝင်ထွက်သွားလာနေသော နယ်စပ်တလျှောက် မှိုလိုပေါက်လာသော တရားမဝင် မြေရှားသတ္တုတွင်းများသည် ထိုဒေသတွင် အချုပ်အခြာပိုင်စိုးမှု လျော့လျဲနေသည်ကို ထင်ဟပ်စေသည်။ ဤအခြေအနေသည် နှစ်နိုင်ငံနယ်စပ်နှစ်ခုလုံး၏ ငြိမ်းချမ်းရေး၊ ပဋိပက္ခနှင့် လုံခြုံရေးအပေါ် သက်ရောက်မှုရှိသည်။
စတေးခံဇုန်တွင် လူမှုဘဝ မညီမျှမှု၊ အကွဲအပြဲများနှင့် အက်ကြောင်းများ
လေ့လာခဲ့သည့်ရွာများမှာ ပန်ဝါမြို့နှင့် ချီဖွေမြို့အကြားရှိ ချီဖွေချောင်းတလျှောက်နှင့် ပတ်ဝန်းကျင်ဒေသများတွင် ဖြန့်ကြက်တည်ရှိကြပြီး လူဦးရေ အရေအတွက် အသီးသီးရှိကြသည်။ ရွာအများစုမှာ အိမ်ထောင်စု ၂၀ မှ ၅၀ အထိ ရှိကြပြီး၊ အိမ်ထောင်စု ၈၀ မှ ၃၀၀ ကြားရှိသည့် ရွာကြီးအနည်းငယ်လည်း ရှိကြသည်။ ချီဖွေတမြို့နယ်လုံး၏ လူဦးရေမှာ ၂၀,၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။ ချီဖွေမြို့နယ်ကို ပန်ဝါမြို့နှင့် ချီဖွေမြို့ နှစ်မြို့၊ ရွာပေါင်း ၁၁၈ ရွာဖြင့် ဖွဲ့စည်းထားသည်။ ပန်ဝါမြို့၊ ချီဖွေချောင်းတလျှောက်နှင့် ပတ်ဝန်းကျင်ရှိ ရွာတချို့၌ လေ့လာမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ဒေသများတွင် ကချင်လူမျိုးစုများဖြစ်သော လာချိဒ် (လရှီ)၊ လော်ဝေါ်၊ လီဆူနှင့် ဂျိန်းဖော အနည်းငယ် နေထိုင်ကြသည်။ အများစုက ခရစ်ယာန်ဘာသာဝင်များဖြစ်ပြီး ၁ ရာခိုင်နှုန်းခန့်က နတ်ကိုးကွယ်ကြသည်။ ရွာတိုင်းတွင် ဘုရားရှိခိုးကျောင်း တကျောင်းရှိသည်။ အချို့ရွာများတွင် ဘုရားကျောင်း တကျောင်းထက် ပိုရှိကြပြီး၊ REE မှရရှိသော အမြတ်ကို ခွဲဝေရာတွင် အငြင်းပွားမှုရှိ၍ ဘုရားကျောင်းများ အကြား သဘောထားကွဲလွဲမှုရှိသည်ကို တွေ့ရသည်။

၁၉၉၀ ပြည့်နှစ်များ နောက်ပိုင်းအထိ အဆိုပါရွာများ၏ လူနေမှုပုံစံသည် အများအားဖြင့် စိုက်ပျိုးရေးပေါ်တွင် မှီခီုကြသော်လည်း တိုးပွားလာသည့် မြေရှားတူးဖော်မှုနှင့်အတူ ၎င်းသည် သိသိသာသာကြီး ပြောင်းလဲသွားပြီ ဖြစ်သည်။ တကယ်တွင် စခုန်တိန့်ယိန်းနှင့် သူ၏အုပ်စုများသည် ၁၉၉၀ ပြည့်နှစ် စစ်တပ်နှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးကတည်းက အထူးဒေသတွင် သစ်၊ ဝါး ထုတ်ခြင်း၊ နွားကုန်သွယ်ခြင်း ကဲ့သို့သော အကျိုးအမြတ်များစွာရရှိသည့် စီပွားရေးလုပ်ငန်းများနှင့် သံ၊ သံဖြူ၊ အဖြိုက်နက်၊ စကျင်ကျောက်၊ ခဲ၊ သွပ် အစရှိသည့် အမျိုးမျိုးသော သတ္တုများ တူးဖော်ခြင်းတို့ကို လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ၂၀၀၉ တွင် သူတို့၏ ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသည့် အဖွဲ့များကို စစ်တပ်၏ ကွပ်ကဲမှုအောက်ရှိ နယ်ခြားစောင့်တပ် BGF အဖွဲ့အဖြစ် ပြောင်းလဲခဲ့သည်။ ၂၀၁၀ ပြည့်နှစ် မတိုင်ခင်ကပင် စစ်တပ်၏ ထောက်ခံမှုဖြင့် ၎င်းတို့သည် မြေရှားတူးဖော်ခြင်းကို စတင်ခဲ့သည်။
စစ်တပ်လက်အောက်ခံ BGF နှင့် ပြည်သူ့စစ်များ ထိန်းချုပ်သော ဤနေရာတွင် တရားမဝင် သတ္တုတူးဖော်သည့် ဆိုးကျိုးများနှင့် မညီမျှသော စည်းစိမ်ခွဲဝေမှုတို့ကြောင့် စီးပွားရေးနှင့် လူမှုရေး အဆင့်အတန်း ကွာဟမှုများကို တွေ့ရသည်။ လူဦးရေ၏ လေးပုံတပုံခန့်သည် အလွန်အမင်း ချမ်းသာကြွယ်ဝလျက်ရှိပြီး ကျန်သူများမှာ ယိုယွင်းနေသော စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် ရင်ဆိုင်နေရသည်။ လူ့အဖွဲ့အစည်းတွင်း လူမှုရေး အက်ကြောင်းနှင့် မကျေလည်မှုများသည် တရားဥပဒေစိုးမိုးမှု မရှိခြင်း၊ ချိနဲ့နေသော တရားရေးစနစ်တို့နှင့် အတူ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသည်။
စီးပွားရေးနှင့် လူမှုအဆင့်အတန်း ကွာဟချက်
BGF နှင့် ပြည်သူ့စစ်များ အပါအဝင် တိန့်ယိန်း၏ မိသားစု၊ ဆွေမျိုးများ၊ အပေါင်းအပါများသည် လူမှုအဆင့် ထိပ်ဆုံးတွင်ရှိသည်။ ပြည်သူ့စစ်မိသားစုများနှင့် ၎င်းတို့၏ အပေါင်းအပါများသည် မြေယာများကို လက်ဝါးကြီးအုပ်ထားကြပြီး အာဏာကိုသုံး၍ ၎င်းတို့နာမည်များဖြင့် မှတ်ပုံတင်ထားကြသည် ဖြစ်ရာ မြေယာများကို REE မိုင်းသို့ ငှားရမ်းခြင်းဖြင့် အမြတ်အစွန်းများစွာ ရရှိကြသည်။ အချို့ဖြစ်ရပ်များတွင် သူတို့သည် ဆိုးကျိုးသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ရွာနှင့်နီးကပ်သော မြေများကိုလည်း ငှားရမ်းကြသည်။
ထို့အပြင် ပြည်သူ့စစ်များသည် တရုတ်စီးပွားရေး လုပ်ငန်းများကို အလွတ်သဘော REE ပါမစ်များ ထုတ်ပေးခြင်း၊ နယ်စပ်ဂိတ်များကို ဖြတ်သွားသောခရီးသည်နှင့် REE ကုန်စည်တင်သည့် ထရပ်ကားများ အပါအဝင် REE စီးပွားရေးနှင့်ဆိုင်သော အကောက်အခွန်အမျိုးမျိုးကို ကောက်ခံကြသည်။ ၎င်းတို့သည် REE မိုင်းများတွင်လည်း ပြန်လည် ရင်းနှီးမြှုပ်နှံကြသည်။ မိုင်းဆိုက်တခုခုတွင် ခန့်မှန်းခြေ ရင်းနှီးမြှုပ်နှံမှု ပမာဏ အနည်းဆုံး ယွမ် သန်း ၄၀ (အမေရိကန် ဒေါ်လာ ၆ သန်း) ခန့်ရှိသည်။
လူမှုအဆင့်အတန်း ဒုတိယနေရာတွင် ရှိနေသူများမှာ ပြည်သူ့စစ် အာဏာပိုင်များ၊ တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် အဆက်အသွယ်ရှိသည့် သာမန်ရွာသားများ၊ အောက်ခြေအဆင့် ပြည်သူ့စစ်များနှင့် ၎င်းတို့၏ ဆွေမျိုးများ ဖြစ်သည်။ ၎င်းတို့သည် REE မိုင်းများကို ကြီးကြပ်သူများအဖြစ် လည်းကောင်း၊ REE မိုင်းများတွင် အလုပ်လုပ်မည့် အလုပ်သမားများ ရှာဖွေပေးခြင်းဖြင့် လည်းကောင်း၊ ရွာမြေများ ငှားရန် အခြားရွာသားများနှင့် တရုတ်စီးပွားရေးသမားများကို ချိတ်ဆက်ပေးသည့် ပွဲစားများအဖြစ် လည်းကောင်း အသက်မွေးကြခြင်းဖြင့် အမြတ်အစွန်းရကြသည်။ ရင်းနှီးမြှုပ်နှံထားသည့် သူဌေး၏ကိုယ်စား ပွဲစားများ သို့မဟုတ် ကိုယ်စားလှယ်များက စီမံခန့်ခွဲကြသည်။ မည်သူက မိုင်းတမိုင်း၏ ပိုင်ရှင် ဖြစ်သည်ကို သိရန် ခက်ခဲသည်။ တရုတ်လုပ်ငန်းရှင်များ သို့မဟုတ် ပြည်သူ့စစ်များ ကိုယ်တိုင်လည်း ပိုင်ရှင်ဖြစ်နိုင်သည်။ အချို့ရွာသားများက ၎င်းတို့၏ အမြတ်အစွန်းကို REE သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် ပြန်လည် ရင်းနှီးမြှုပ်နှံကြသည်။ တချို့က ရွှေ့ပြောင်း တရုတ်လူမျိုးများနှင့် အခြားဒေသမှ ပြည်တွင်းရွှေ့ပြောင်းများကို ဦးတည်၍ ကုန်စုံဆိုင်၊ စားသောက်ဆိုင်များ ဖွင့်ကြသည်။
လူမှုအဆင့်အတန်း၏ အောက်ဆုံးအဆင့်တွင် ရှိနေကြသူများမှာ အာဏာပိုင်များနှင့် အဆက်အသွယ် မရှိကြသူများ ဖြစ်သည်။ တချို့က REE မိုင်းတွင် အလုပ်သမားများအဖြစ် အလုပ် လုပ်ကြသည်။ သူတို့သည် REE မိုင်းတွင် အလုပ်လုပ်ကြခြင်းဖြင့် တလလျှင် ကျပ် ၁၅ သိန်း သို့မဟုတ် ကျပ် သိန်း ၂၀ (ဒေါ်လာ ၇၀၀ မှ ၉၀၀) အထိ ရရှိကြသည်။ သူတို့၏ လုပ်အားခမှာ သာမန် အလုပ်သမားတယောက် အနေဖြင့် တိုင်းပြည်၏ အခြားဒေသများတွင် မရရှိနိုင်သည့် ဝင်ငွေမျိုးဖြစ်သည်။ သို့ရာတွင် လုပ်ငန်း၏ သဘာဝ ဓာတုပစ္စည်းများနှင့် အလုပ်လုပ်ရသောကြောင့် အလုပ်သမားများနှင့် ဒေသခံများ၏ ကျန်းမာရေးကို ထိခိုက်စေသည်။
အချို့သည် ဖာလာ၊ သစ်ကြားသီး၊ အာလူး၊ ပြောင်း၊ မုန်ညင်း၊ အနက်ရောင်ငရုတ်ကောင်း၊ ချဉ်စော်ကားသီးနှင့် ပန်းသီး အစရှိသော အသီးအနှံများနှင့် ကျွဲ နွား အစရှိသော မွေးမြူရေးပေါ်တွင် မှီခိုကြဆဲ ဖြစ်သည်။ သူတို့၏ ကျွဲ နွားများအတွက် လတ်ဆတ်ချိုမြိန်သော စားကျက်မြေ၊ ရိုးရာ ဆေးဖက်ဝင် အပင်များနှင့် သစ်ခွများ၊ သန့်ရှင်းကြည်လင်နေသည့် သဘာဝ စမ်းချောင်းများမှ အဟာရပြည့်ဝသော ငါးများနှင့် သဘာဝဈေးကြီးသည် ယခုအခါ REE မိုင်းများကြောင့် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထို့အပြင် REE မိုင်းနှင့် ကီလိုမီတာ ၈၀ ဝန်းကျင်တွင်ရှိသည့် ၎င်းတို့၏ အသီးအနှံများကို တရုတ်ဘက်မှ ဝယ်ယူခြင်းမရှိတော့ သို့မဟုတ် ဈေးကောင်းပေးခြင်း မပြုတော့ပေ။

ဒေသတွင်းရှိ ပြည်တွင်း ရွှေ့ပြောင်းရသူများ (IDPs) လည်း REE ကြောင့် ဒုက္ခကြုံရသည်။ ဥပမာအနေဖြင့် ချီဖွေမှ ၆ ကီလိုမီတာ အကွာခန့်ရှိ ချီဖွေချောင်းကမ်းပါးတွင်ရှိသော ရွာလေးတရွာမှ ရွာသားများသည် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် စစ်တပ်ကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ၎င်းတို့ရွာနှင့် အလှမ်းဝေးသည့် ပန်ဝါမြို့မှ ၃၀ ကီလိုမီတာခန့် အကွာတွင်ရှိသည့် အခြားရွာ တရွာသို့ ပြောင်းရွှေ့ခဲ့ရသည်။ အဆိုပါ IDP များသည် ၎င်းတို့၏ မူလရွာသို့ ပြန်လာသည့် ယခုအခါတွင် ချီဖွေချောင်းမှ အနံ့ဆိုးများကြောင့် ၎င်းတို့၏ ဇာတိရွာမှ ထပ်မံရွှေ့ပြောင်းရပြန်သည်။ ချီဖွေချောင်းနှင့် ဝေးကွာသော နေရာသစ်တခု၌ ၎င်းတို့ ရွာသစ်ပြန်လည် တည်ဆောက်ရသည်။ သူတို့၏ သဘာဝဈေးကြီးမှ ရရှိခဲ့သော သန့်ရှင်းသောရေ၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ မရရှိနိုင်တော့သောကြောင့် သူတို့အနေဖြင့် စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့ရသည်။
REE မိုင်းမှ အကျိုးအမြတ်များစွာ ရရှိသော ပြည်သူ့စစ် အာဏာပိုင်များနှင့် ရွာသားများသည် မြစ်ကြီးနား၊ မန္တလေး သို့မဟုတ် ရန်ကုန်ကဲ့သို့သော မြို့ကြီးများတွင် တန်ဖိုးကြီးသည့် အိမ်ခြံမြေ၊ ကားများ ဝယ်ယူကြသည်။ ၎င်းတို့သည် နယ်စပ်တွင် စီးပွားရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေကြသော်လည်း မြို့ကြီးများသို့ ပြောင်းရွှေ့ နေထိုင်နေကြသည်။ ကိုဗစ်နှင့် နောက်ဆက်တွဲ တရုတ်နယ်စပ် ပိတ်ဆို့မှုများမတိုင်မီက ချမ်းသာသူများသည် ၎င်းတို့၏ သားသမီးများကို တရုတ်ဘက်တွင် ကျောင်းထားကြပြီး ဥစ္စာပစ္စည်းများလည်း တရုတ်ဘက်တွင် ဝယ်ယူထားကြသည်။ တခြားတဘက်တွင်မူ သာမန်ရွာသားများသည် ၎င်းတို့၏ မွေးရပ်မြေတွင်ပင် အဆိပ်သင့်သော မြေ၊ ရေနှင့် မှောင်မိုက်သော အနာဂတ်တွင် ကျန်နေရစ်ခဲ့ရသည်။
REE မိုင်းမှ အကျိုးအမြတ်များစွာ ရရှိသော ပြည်သူ့စစ် အာဏာပိုင်များနှင့် ရွာသားများသည် မြစ်ကြီးနား၊ မန္တလေး သို့မဟုတ် ရန်ကုန်ကဲ့သို့သော မြို့ကြီးများတွင် တန်ဖိုးကြီးသည့် အိမ်ခြံမြေ၊ ကားများ ဝယ်ယူကြသည်။ ၎င်းတို့သည် နယ်စပ်တွင် စီးပွားရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေကြသော်လည်း မြို့ကြီးများသို့ ပြောင်းရွှေ့ နေထိုင်နေကြသည်။
လေ့လာသည့်ဒေသရှိ ရပ်ရွာလူထု၏ နေ့စဉ်ဘဝများကို သုံးသပ်ချက်အရ စည်းစိမ် ခွဲဝေမှု မညီမျှမှုတို့ကြောင့် ချမ်းသာနှင့် ဆင်းရဲ၊ အာဏာရှိသူနှင့် အာဏာမဲ့သူ လူမှုဘဝကွာဟချက် ကြီးမားသည်ကို တွေ့ရှိရသည်။ ၎င်းသည် လူမှု့ဘဝ အကွဲအပြဲများနှင့် မကျေလည်မှုများဆီသို့ ဦးတည်လျက်ရှိသည်။
ကြီးထွားလာသည့် လူမှုဘဝ အကွဲအပြဲများနှင့် မကျေလည်မှုများ
REE မိုင်းကို ဆန့်ကျင်ရန် ကြောက်ရွံ့မှုများကြောင့် ဒေသခံများသည် ၎င်းတို့၏ စိုးရိမ်မှုများကို ထုတ်ပြောရန် ဝန်လေးကြသည်။ အာဏာသိမ်းမှုအပြီး လူမှုအဖွဲ့စည်းများ၏ အခန်းကဏ္ဍ ပျောက်ဆုံးလုနီးပါး ဖြစ်နေရသည့် ယခုအချိန်တွင် အခြေအနေပို၍ ဆိုးပါသည်။ ဤအမြတ်အစွန်း အဆမတန်ရနေသည့် စီးပွားရေးဖြင့် ချမ်းသာနေကြသည့် အာဏာရှိ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိတ်ဖက်များသည့် အဆိုပါ စိုးရိမ်နေသည့် အသံများတိတ်သွားရန်၊ ထွက်ပေါ်မလာရန် ခြိမ်းခြောက်ခြင်း၊ သွေးထိုးခြင်းနှင့် ဆွဲဆောင်ခြင်းများ ပြုလုပ်ကြသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က REE ကို ဆန့်ကျင်ခဲ့သည့် ရွာသားအချို့ အဖမ်းခံခဲ့ရသည်။ ကချင်သတင်းများ အရ ၂၀၂၂ ခုနှစ်၊ ဧပြီလထဲတွင် REE ကို ဆန့်ကျင်ခဲ့သည့် ဒေသခံရွာသားတဦးကို ပြည်သူ့စစ်များက ဖမ်းဆီးခဲ့သည်။ Global Witness ၏ အစီရင်ခံစာတွင်လည်း ပြည်သူ့စစ်ခေါင်းဆောင်များက REE ကို ဆန့်ကျင်သူများအား ခြိမ်းခြောက်သည့်အကြောင်း ပါဝင်သည်။
မကျေလည်မှုများကို အသံတိတ်သွားစေသည့် နောက်ထပ် နည်းလမ်းတခုမှာ တရုတ်လုပ်ငန်းရှင်များက အသက်ဆုံးရှုံးသွားသူ သို့မဟုတ် မြေယာဆုံးရှုံးသွားသူများကို လျော်ကြေးငွေများ ပုံအောပေးလိုက်ခြင်း ဖြစ်သည်။ REE မိုင်းဆိုက်တွင် မြေပြိုမှုကြောင့် သေဆုံးခဲ့ရသည့် အလုပ်သမားနှင့် REE အပြည့်တင်ထားသည့် ထရပ်ကားပိ၍ သေဆုံးခဲ့သော အလုပ်သမားတယောက်၏ မိသားစုများသည် လျော်ကြေး ယွမ်ငွေ သောင်းချီ၍ ရခဲ့ကြသည်။ REE မိုင်းမြေပြိုမှုကြောင့် ပျက်ဆီးခဲ့ရသော ယာမြေအချို့ လျော်ကြေး ယွမ်သောင်းချီ၍ ရခဲ့ကြသည်။ လျော်ကြေးရခြင်းမှာ မရခြင်းထက်ကောင်းသောအရာ ဖြစ်သော်လည်း ပြည်သူ့စစ်နှင့် တရုတ် စီးပွားရေးသမားများ ကြီးစိုးသည့် ယင်းဒေသတွင် ငွေသည် နတ်ဘုရားနှင့် တရားဥပဒေ ဖြစ်လာနေပြီး ငွေနှင့် အရာရာကို ဖြေရှင်းနေကြသည်။ ရွာသားများ အနေဖြင့် ဘဝတလျှောက်လုံး မမြင်ဖူးသည့် ဤမျှ များပြားလှသော ငွေများကြောင့် တရားမျှတမှုနှင့် ဘာသာရေး အဆုံးအမ၊ စံနှုန်းများကို မေ့လျော့သွားစေသည်အထိ ဖြစ်ကြရသည်။
ရွာသားများအနေဖြင့် ပျက်စီးလာသော သဘာဝ ပတ်ဝန်းကျင်ကြောင့် လက်ရှိအခြေအနေတွင် ရွေးချယ်စရာ သိပ်မရှိလှဘဲ ၎င်းတို့၏ရွာမြေများကို REE မိုင်းကိုပင် အငှားချထားကြရသည်။ ရွာတရွာတွင် REE ထုတ်ရန် ရွာနားမှ တောင်ကုန်း တကုန်းကို ငှားရန်သဘောတူခဲ့ကြပြီး အိမ်ထောင် တအိမ်ထောင်လျှင် ယွမ် ၅,၀၀၀ ရကြသည်ဟု ကြားသိရသည်။ ရွာအချို့တွင် ရွာမြေကို REE မိုင်းသို့ အငှားချထားရာတွင် ရရှိသော အမြတ်ငွေခွဲဝေမှုနှင့် ပတ်သက်၍ ၎င်းတို့ကြားနှင့် ၎င်းတို့ကိုးကွယ်သည့် ဘုရားကျောင်းများအကြား၊ အငြင်းပွားမှုတချို့ရှိကြောင်း သိခဲ့ရသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် တိုးပွားလာသည့် REE လုပ်ငန်းနှင့် ငွေကို အလေးပေးသည့် အတွေးအခေါ်တို့ကြောင့် ဒေသရှိ ဘာသာရေးကျောင်းများနှင့် ရပ်ရွာလူထုများကြား အကွဲအပြဲများနှင့် မကျေလည်မှုများ ရှိလာပြီး လူမှုပေါင်းစည်းမှု လျော့လျဲလာနေသည်ကို တွေ့ရှိရသည်။
နောက်ကျကျန်နေခဲ့သော ဖွံ့ဖြိုးမှု၊ ပျက်စီးမှုနှင့် နောက်မျိုးဆက်အတွက် ပျောက်ဆုံးနေသော အနာဂတ်
စခုန်တိန့်ယိန်း၏ ပြည်သူ့စစ်ဌာနချုပ်ရှိရာ ပန်ဝါမြို့တွင် အခကြေးငွေ မပေးရသည့် အင်္ဂလိပ်စာနှင့် တရုတ်စာကဲ့သို့သော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုများနှင့် ပြည်သူ့ဝန်ဆောင်မှုအချို့ ရှိသော်လည်း အခြားရွာများတွင် လုံလောက်သော အခြေခံအဆောက်အအုံ၊ ပြည်သူ့ဝန်ဆောင်မှုနှင့် ဖွံ့ဖြိုးရေး လုပ်ဆောင်မှုများ မရှိပေ။ တရုတ်ရင်းနှီးမြှုပ်နှံသူတဦးနှင့် ပြည်သူ့စစ်အာဏာပိုင် တဦး၏ ကမကထဖြင့် ရွာနှစ်ရွာတွင် မီးလင်းသော်လည်း ရွာအများစုမှာ ယခုအချန်ထိ မီးမရပေ။ ပန်ဝါမြို့သည် တရုတ်မှ လျှပ်စစ်ကို မှီခိုနေရပြီး ချီဖွေသည် ချီဖွေငယ် ရေအားလျှပ်စစ်ဆည်မှ လျှပ်စစ်ရသည်။

ချီဖွေတမြို့နယ်လုံးတွင် အထက်တန်းကျောင်း လေးကျောင်းသာရှိပြီး ၁၀ တန်း အောင်ချက်မှာ ၁၀ ရာခိုင်နှုန်းပင် မပြည့်မီပေ။ NLD အစိုးရလက်ထက်တွင် တရွာလျှင် မူလတန်းကျောင်းတကျောင်း ဖွင့်ခဲ့သည်။ ဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တပိုင်း ရရှိသည့်အတွက် အစိုးရနှင့် ပြည့်သူ့စစ် နှစ်ဖက်စလုံးက ဒေသကို ထိန်းချုပ်ထားခဲ့သည်။ သို့ရာတွင် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသသည် စစ်တပ်မှ ကျောထောက်နောက်ခံ ပေးထားသည့် ပြည်သူ့စစ်၏ ထိန်းချုပ်မှုအောက်တွင် လုံးဝရောက်ရှိနေသည်။
ကိုဗစ်မတိုင်မီက ဒေသရှိလူများသည် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အများအားဖြင့် တရုတ်အပေါ်တွင် မှီခိုနေရသည်။ သို့ရွာတွင် ကိုဗစ်ကြောင့် တရုတ်၌ ဆေးကုသမှုခံယူရေး နယ်စပ်ဖြတ်ကျော်ရန် ခက်ခဲသွားခဲ့သည်။ ယခုအခါတွင် ပိုက်ဆံတတ်နိုင်သူများက မြစ်ကြီးနား၊ မန္တလေး သို့မဟုတ် ရန်ကုန်တွင် ဆေးကုသမှုခံယူကြသည်။ ပန်ဝါမြို့နှင့် ချီဖွေမြို့တို့တွင် ပြည်သူ့ဆေးရုံ နှစ်ရုံသာရှိသည်။ NLD အစိုးရလက်ထက်တွင် ငါးရွာလျှင် ဆေးခန်းတခန်း ဖွင့်ပေးခဲ့သည်။ အစိုးရသူနာပြုများက ရွာတိုင်းသို့ လာရောက်၍ မျိုးဆက်ပွား ကျန်းမာရေး အသိပညာနှင့် စောင့်ရှောက်မှုများပေးခဲ့သည်။ ယခုအခါတွင် အဆိုပါ လုပ်ဆောင်မှုများ မရှိတော့ပေ။
ဒေသကို အုပ်စိုးထားသော ပြည်သူ့စစ်များသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရန် စိတ်ဝင်စားမှုမရှိပေ။ တတ်နိုင်သမျှ REE မိုင်းများ ချဲ့ထွင်ရန်နှင့် ထုတ်ယူရေးကိုသာ စိတ်ဝင်စားကြသည်ကို မှိုလိုပွားများလာသည့် မိုင်းဆိုက်များက ဖော်ပြနေသည်။ ပြည်သူ့စစ် အာဏာပိုင်များသည် ၎င်းတို့၏ အလွန်တရာ များလှစွာသော ဥစ္စာဓနဖြင့် တရုတ် သို့မဟုတ် မြန်မာပြည်ရှိ မြို့တော်ကြီးများတွင် စည်းစိမ်ခံစားနိုင်ကြသည်ဖြစ်ရာ ဒေသဖွံ့ဖြိုးရေးကို အာရုံမရကြသည်မှာ အံ့ဩစရာကောင်းလှသည်တော့ မဟုတ်ပါ။
ပျက်စီးခြင်း
တိုးပွားလာသော REE သတ္တုတွင်းများနှင့်အတူ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ကြီးမားလာခဲ့ရသည်။ REE မိုင်းများကြောင့် ဒေသ၏ သစ်ပင်ပန်းမန်များ၊ တိရစ္ဆာန်များနှင့် များစွာသော သန့်ရှင်းလတ်ဆတ်သည့် ရေရင်းမြစ်များ ပျက်စီးခဲ့ရသည်။ ဆယ်စုနှစ် တစုအတွင်း မြေယာအားလုံး ပျက်စီးသွားခဲ့ရပြီး သတ္တုပြားချပ် အပေါက်များနှင့် လွှမ်းခြုံထားသော တောင်ကတုံးများသာ ကျန်ရစ်ခဲ့သည်။ အထူးသဖြင့် မိုးရာသီတွင် ချီဖွေနှင့် ပန်ဝါကြား လမ်းတလျှောက် ၆ ကီလိုမီတာမှ ၉ ကီလိုမီတာ အကွာအဝေးခန့် ရောက်တိုင်း မြေပြိုမှုများရှိသဖြင့် ခရီးသွားရသည်မှာ စိန်ခေါ်မှုတရပ် ဖြစ်လာသည်။ အချို့ရွာများတွင် ရွာလမ်းများ ပျက်စီးသွားပြီ ဖြစ်သည်။ ဥပမာ ပန်ဝါနှင့် ချီဖွေကြား ရွာတရွာတွင် REE သာမက အခြားသတ္တုများလည်း ထုတ်လျက်ရှိရာ ရွာလမ်းများတွင် အပေါက်ကြီးများနှင့် ရွှံ့ဗွက်အိုင်များ ပြည့်နှက်လျက်ရှိသည်။ အချို့ရွာများတွင် ယခင်က ဘေးဘက်ဝဲယာ ထင်းရှူးပင်တန်းနှင့် လှပသည့် ကတ္တရားလမ်းများလည်း REE ထရပ်ကားများကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်သည်။
မရေရာသည့် အနာဂတ်
ဒေသခံ လူငယ်များသည် လောင်းကစားဒိုင်များနှင့် ရွာအနီး မိုင်းဆိုက်များတွင် အလုပ်လုပ်ခြင်း စသည်ဖြင့် ကြုံရာကျပန်းအလုပ်များ လုပ်ကြသည်။ တချို့က တရုတ်သို့သွား၍ အလုပ် လုပ်ကြသည်။ ၎င်းတို့ ဘိုးဘွားများ မှီခိုခဲ့ကြသည့် သစ်တောများ၊ ရေနှင့် ယာမြေများ ယခုအခါ မှီခို၍ မရနိုင်တော့ပေ။ ၎င်းတို့အနေဖြင့် ယခုအခါ တရုတ်ယွမ်ကို ရရှိကြသော်ငြား တူးဖော်စရာ သတ္တုများကုန်သွားပါက ၎င်းတို့ ဝင်ငွေကင်းမဲ့သွားရတော့မည့် အရေးကို ပူပန်နေကြသည်။ ယခင်က ဘိုးဘွားများက သဘာဝဈေးမှ လက်ဆောင်ရရှိသည့် လတ်ဆတ်သော ငါး၊ ဟင်းသီးဟင်းရွက်များဖြင့် စားဝတ်နေရေး ဖူလုံခဲ့သော်လည်း ယခုအခါ အဆိုပါဈေးကြီး ပျောက်ဆုံးသွားပြီဖြစ်၍ ၎င်းတို့၏ အနာဂတ်မျိုးဆက်များအတွက် ပူပင်သောက ရောက်ကြရသည်။
ဒေသခံတချို့က နောင်အနာဂတ်တွင် ဤဒေသသည် နယ်စပ်ကုန်သွယ်ဂိတ်အဖြစ်သို့ ပြောင်းလဲရောက်ရှိမည်ဟု ထင်မြင်ကြသည်။ သို့မဟုတ်ပါက မှီခိုစရာ သဘာဝရင်းမြစ်များ မရှိတော့သည့်အတွက် နောက်မျိုးဆက်သည် ဤနေရာကို စွန့်ခွာပြီး အခြားဒေသများသို့ ရွှေ့ပြောင်းကြရမည်ဖြစ်ရာ ဤဒေသသည် စွန့်ပစ်မြေအဖြစ်သာ ကျန်ခဲ့မည်ဟု မှန်းဆ ပူပန်နေကြသည်။
ဒေသခံတချို့က နောင်အနာဂတ်တွင် ဤဒေသသည် နယ်စပ်ကုန်သွယ်ဂိတ်အဖြစ်သို့ ပြောင်းလဲရောက်ရှိမည်ဟု ထင်မြင်ကြသည်။ သို့မဟုတ်ပါက မှီခိုစရာ သဘာဝရင်းမြစ်များ မရှိတော့သည့်အတွက် နောက်မျိုးဆက်သည် ဤနေရာကို စွန့်ခွာပြီး အခြားဒေသများသို့ ရွှေ့ပြောင်းကြရမည်ဖြစ်ရာ ဤဒေသသည် စွန့်ပစ်မြေအဖြစ်သာ ကျန်ခဲ့မည်ဟု မှန်းဆ ပူပန်နေကြသည်။
တိုးပွားလာသော REE လုပ်ငန်းနှင့် လူတချို့၏ တိုးပွားလာသော ဝင်ငွေသည် ဒေသဖွံ့ဖြိုးတိုးတက်မှု၊ ရည်ရှည်တည်တံ့သည့် အနာဂတ်နှင့် အချိုးမကျသည်မှာ ထင်ရှားပါသည်။ တရားမဝင် စည်းကမ်းမဲ့ လုပ်ငန်းကြောင့် ရှိပြီးသား အခြေခံအဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးရသည့် ရလဒ်သာ ရရှိသည်။
လျော့လျဲလာသော အချုပ်အခြာ
ဤနယ်စပ်ဒေသတွင် တရုတ်ယွမ်ကိုသာ အဓိကသုံးကြသည်။ နယ်စပ်ဒေသများတွင် နေထိုင်သူများကြား အချင်းချင်း ရိုးရာဓလေ့ထုံးစံ ကူးလူးဆက်ဆံမှုများနှင့် ဆွေမျိုးတော်စပ်မှုများကြောင့် အလွယ်တကူ ဝင်ထွက်သွားလာလေ့ရှိသည်။ နယ်စပ်ဂိတ်များတွင် နှစ်ဖက်အာဏာပိုင်များ၏ အကျင့်ပျက် ခြစားမှုများကြောင့် တရားမဝင် ကုန်သွယ်မှုသည် လွယ်ကူချောမွေ့လျက်ရှိသည်။ နယ်စပ်ဂိတ်များတွင် REE ဝန်ထုပ်များ၊ REE ထုတ်ရန် ပစ္စည်းကိရိယာများနှင့် ဓာတုပစ္စည်းများတင်ထားသည့် ထရပ်ကားများ အပါအဝင် မည်သည့် ထရပ်ကားမဆို ယွမ် ၃,၀၀၀ ပေးရသည်ဟု ဆိုသည်။
REE မှ ဝင်ငွေများစွာ ရနေသော ဒေသတွင်းရှိ အကျင့်ပျက်ခြစားသည့် ခေါင်းဆောင်များ၊ စစ်တပ်၊ တရုတ်နှင့် ကမ္ဘာကြီး၏ အခြားဒေသရှိသူများ၏ ကောင်းစားရေးအတွက် ဒေသ၏ စွန့်လွှတ်အနစ်နာခံမှုသည် ယခုမြန်မာပြည်၏ လက်ရှိအခြေအနေတွင် သယံဇာတများကုန်သွားမှ ရပ်သွားမည်ဟု ယူဆရသည်။ ဒေသခံတဦးက “တရုတ်တွေက ဒီမှာရှိတဲ့ သယံဇာတတွေအားလုံး လိုချင်တာ။ သူတို့တွေက သဘာဝပတ်ဝန်းကျင်၊ လူ့သားရင်းမြစ်နဲ့ ရွာတွေ ပျက်စီးမှာကို ဂရုမစိုက်ကြဘူး” ဟု ပြောသည်။
အမှန်တွင် REE တမျိုးတည်းသာမက ဒေသခံများအခေါ်အရ “အရောင်ဆိုး စက်ရုံ” မှထွက်လာသော ဆိုးရွားသည့် အနံ့များကြောင့် ဒေသခံများ အသက်ရှုကြပ်ကြရသည်။ စက်ရုံသည် ချီဖွေချောင်းကမ်းပါးတွင် ရှိပြီး၊ REE ရှို့သည့် နေရာနှင့် မလှမ်းမကမ်းတွင်ရှိသည်။ ဒေသခံများအနေဖြင့် အဆိုပါစက်ရုံသည် မည်သည့်ပစ္စည်းများ ထုတ်နေသည်ကို မသိကြပေ။ သို့ရာတွင် သူတို့က ဤကဲ့သို့သော စက်ရုံများ နောက်ပိုင်းပို၍ တိုးပွားလာနိုင်သည်ဟု ခန့်မှန်းကြသည်။ ဒေသခံ အာဏာပိုင်များသည် စက်ရုံဖွင့်ခွင့်ပြုလိုက်သည့်အတွက် ယွမ် ၁ သန်းခန့် ရရှိကြသည်ဟု သတင်းများလည်း ထွက်ရှိနေသည်။ ဒေသခံများ၏ အဆိုအရ တရုတ်အစိုးရသည် ဤကဲ့သို့သောစက်ရုံမျိုးမှ ထွက်သော အညစ်အကြေးများက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသောကြောင့် အဆိုပါ စက်ရုံများကို ကြီးလေးသော အခွန်အခများ ချမှတ်ထားသည် ဟုဆိုသည်။
အဆိုပါ စက်ရုံသည် အထည်အလိပ်ဆေးဆိုးသည့် စက်ရုံလည်း ဖြစ်နိုင်သည်။ အချို့သော သတင်းရင်းမြစ်များအရ တရုတ်အစိုးရသည် အထည်အလိပ်စက်ရုံများအပေါ် တင်းကျပ်သည့် သဘာဝပတ်ဝန်းကျင် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားကြောင်း သိရှိရသည်။ အဆိုပါ စည်းမျဉ်းများကို လိုက်နာရန် စက်ရုံများအတွက် လွန်စွာ အကုန်အကျများသည်ဟု ဆိုသည်။
၎င်းစက်ရုံသည် သတ္တုသန့်စင်စက်ရုံလည်း ဖြစ်နိုင်သည်။ ဒေသခံများက အဆိုပါ စက်ရုံသည် မည်သည့်စက်ရုံမျိုး ဖြစ်သည်ကို မသိကြသော်လည်း ၎င်းတို့သိကြသည်မှာ မြန်မာနယ်စပ်ဘက်တွင် လျှို့ဝှက်လှုပ်ရှားမှုများသည် တရုတ်၏ အကျိုးစီးပွားကို ထိပါးလျှင် တရုတ်အစိုးရက ချက်ချင်း အရေးယူသည်ဟု ဆို၏။ ၎င်းတို့အတွက် ကြီးမားသော အမြတ်အစွန်းရရှိမှုနှင့် သက်ဆိုင်နေပါက ရေငုံနှုတ်ပိတ်နေကြမည် ဖြစ်သည်။ တရုတ်ဘက်မှ အလိုရှိလျှင် ကြားဝင်ဆောင်ရွက်နိုင်သည်။ ၂၀၀၈ တွင် “တရုတ်လောင်းကစားသမား ၈၀ ခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးသောကြောင့် တရုတ်-မြန်မာ နယ်စပ်ရှိ ပန်ဝါအနီး NDA-K ထိန်းချုပ်နယ်မြေ၊ ချမ်းရင်ခုတွင်ရှိသော အကြီးဆုံး ကာဆီနိုရုံကို တရုတ်အစိုးရက ဖိအားပေးသောကြောင့် ပိတ်ခဲ့ရသည်” ဟု NDA-K သတင်းရင်းမြစ်များက ဆိုသည်။
အထက်ဖော်ပြပါ ကိစ္စရပ်များကြောင့် ဒေသခံများအနေဖြင့် ၎င်းတို့၏ အိမ်နီးနားချင်းအပေါ် သံသယဝင်ကြသည်။ တရုတ်တို့က မြန်မာပြည်ကို ကူညီထောက်ပံ့ပေးမှုနှင့် ပတ်သက်၍ အဆိုပါ အထောက်အပံ့များသည် စိတ်ရင်းစေတနာ မှန်ရဲ့လားဟုပင် မေးခွန်းထုတ်ကြသည်။ ဥပမာ တရုတ်က ပန်ဝါနှင့် ချီဖွေတွင် ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့မှုနှင့် စမ်းသပ်မှုများ ပြုလုပ်ပေးသည်မှာ REE ထုတ်လုပ်မှု ရပ်ဆိုင်းခြင်း မရှိစေရန် ကိုဗစ်ကို ဟန့်တားလို၍ ဖြစ်သည်ဟု အချို့က ယူဆကြသည်။ တရုတ်တို့၏ အကျိုးစီးပွားအတွက် ထောက်ပံ့ပေးခြင်းဟု ထင်မြင်ကြသည်။ ကိုဗစ်ကာလ တနှစ်သာ REE ထုတ်လုပ်မှု ရပ်နားခဲ့သည်။ ကိုဗစ်ကာလ အတွင်း၌ပင် အချို့ တရုတ်ပြောင်းရွှေ့လုပ်သားများ၊ စီးပွားရေးသမားများ မြန်မာပြည်တွင်း၌ ကျန်နေခဲ့သည်ဟု ဆိုသည်။ ၎င်းတို့သည် နယ်စပ်တွင် လာဘ်ငွေများပေး၍ မြန်မာပြည်တွင်းသို့ တရားဝင်ရော၊ တရားမဝင်ပါ လွတ်လပ်စွာ ဝင်ရောက်နိုင်ကြသည် ဟုဆိုသည်။
အခြားတဘက်တွင်မူ မြန်မာဘက်မှ သာမန်ရွာသားများအနေဖြင့် ကိုဗစ်ကြောင့် ဖြစ်ပေါ်လာသော နယ်စပ်ပိတ်ပင် ကန့်သတ်မှုများကြောင့် ယခင်ကကဲ့သို့ အလွယ်တကူ ဖြတ်ကျော်သွားရောက်နိုင်ခြင်း မရှိတော့ပေ။ တရုတ်နယ်စပ်ဘက်တွင် မနက်တိုင်း မြန်မာပြည်ဘက်မှ တရုတ်သို့ တရားမဝင် ဝင်ရောက်ခြင်းကို ခွင့်မပြုကြောင်း အသံချဲ့စက်ဖြင့် ကြေညာလျက်ရှိသည်။
ဤသည်ကို ဒေသခံများက မနှစ်မြို့ကြပေ။ တချို့က ဒေသသည် တရုတ်ပြည်မှ တရုတ်များ လွှမ်းမိုးထားသည့် ကုန်သွယ်ဂိတ်တခု ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းကြသည်။ ဒေသခံအချို့က ထောက်ပြသည်မှာ ၎င်းတို့၏ သဘာဝသယံဇာတများကို ထုတ်ယူ၍ အမြတ်စွန်းများစွာ ရရှိနေကြသော်လည်း ဒေသခံများကို ခွဲခြားဆက်ဆံသည်ဟု ဆိုကြသည်။ ဥပမာတခုတွင် “၁၈” နှင့် စသော ဆင်းမ်ကတ်များသည် တရုတ်နိုင်ငံသားများ အတွက်ဖြစ်ပြီး ဈေးချိုချိုနှင့် လိုင်းကောင်းသော်လည်း “၁၇” သို့မဟုတ် “၁၅” နှင့်စသော ဆင်းမ်ကတ်များသည် တရုတ်နိုင်ငံသား မဟုတ်သူများ အတွက်ဖြစ်ပြီး ဈေးကြီးကာ လိုင်းလည်း မကောင်းဟုဆိုသည်။
နိုင်ငံတနိုင်ငံ၏ နယ်စပ်ကို နိုင်ငံရပ်ခြားမှ ကျုးကျော်ခြင်းအား ကာကွယ်နိုင်သည့်အခွင့် အချုပ်အခြာသည် တရားမဝင်၊ အထိမ်းအကွပ်မဲ့ သယံဇာတ တူးဖော်မှုများကြောင့် ဤနေရာတွင် သယံဇာတများကို အမြတ်ထုတ်သည့် ပုံစံမှ ကာကွယ်ရန် ပျက်ကွက်နေသည်မှာ မြင်သာသည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် သက်ရောက်မှုများ
စွန့်လွှတ်အနစ်နာခံသည့်ဒေသတွင် အထိန်းအကွပ်မဲ့၊ အမြတ်ထုတ်သည့် အခြေအနေသည် နယ်စပ် နှစ်ဖက်စလုံး၏ ငြိမ်းချမ်းရေး၊ ပဍိပက္ခနှင့် လုံခြုံရေးတွင် သက်ရောက်မှုများရှိပါသည်။ ပဋိပက္ခတွင် ပါဝင်နေသူများသည် REE မှ ဝင်ငွေရရှိနေသည်ကို ဝေဖန်သုံးသပ်သူများက ထောက်ပြကြသည်။
Global Witness အစီရင်ခံစာက “မြေရှားသတ္တုတူးဖော်ခြင်းမှ ရရှိသော ဝင်ငွေကို စစ်တပ်သည် ဖေဖော်ဝါရီ ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းမှစ၍ ပိုမို ဆိုးရွားလာသော အရပ်သားပြည်သူများကို တိုက်ခိုက်မှုများအတွက် အသုံးပြုနိုင်သည်။ ဤသည်မှာ အသစ်အဆန်း မဟုတ်ပါ။ ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော ကျောက်စိမ်း၊ ကျောက်မျက်ရတနာနှင့် ကျွန်းသစ် လုပ်ငန်းများ အပါအဝင်၊ မြန်မာစစ်တပ်သည် ရာစုနှစ်ပေါင်းများစွာ တိုင်းပြည်၏ ပေါကြွယ်ဝသော သဘာဝ သယံဇာတများကို ခိုးယူပြီး ဝင်ငွေရနေကြသည်” ဟု ထောက်ပြကြသည်။
ဤဒေသသည် စစ်တပ်မှ ကျောထောက်နောက်ခံ ပေးထားသော ပြည်သူ့စစ်ထိန်းချုပ်ရာနေရာ ဖြစ်သည့်အတွက် ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းမှစတင်၍ သေနတ်သံများ၊ အပစ်အခတ်များ တိတ်ဆိတ်နေခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် KIA နှင့် စစ်တပ်၊ စစ်တပ် ကျောထောက်နောက်ခံ ပေးထားသော ပြည်သူ့စစ်ကြား တိုက်ပွဲများ ပြန်စတင်ခဲ့သည်။ သို့ရာတွင် အာဏာမသိမ်းမီအထိ တိုက်ပွဲသံများ ကျယ်ကျယ်လောင်လောင် မရှိခဲ့ပေ။ အာဏာသိမ်းမှု နောက်ပိုင်း ကချင်ပြည်နယ်၏ အချို့နေရာများတွင် ၎င်းတို့ကြား တိုက်ပွဲများ ဖြစ်ပွားသော်လည်း REE ထုတ်ရာဒေသက ငြိမ်သက်လျက်ရှိသည်။
လေ့လာခဲ့သည့်ဒေသ၏ အချို့နယ်မြေကို KIA က ထိန်းချုပ်ထားသည့်အတွက် အချိန်မရွေး ပဋိပက္ခ ဖြစ်ပွားနိုင်သည့် အနေအထားတွင် ရှိသော်ငြားလည်း သုံးသပ်သူများ၏ အဆိုအရ တရုတ်လွှမ်းမိုးမှု ကြီးစိုးသော နယ်စပ်ဖြစ်သောကြောင့် တရုတ်၏ အကျိုးစီးပွားကို ထိပါးမည့် ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်လွှဲကြလိမ့်မည်ဟု ယူဆကြသည်။
လက်ရှိအနေအထားတွင် REE ကြောင့် ဖြစ်ပေါ်လာသော ကြီးမားသည့် လုံခြုံရေးအပေါ် ခြိမ်းခြောက်နေသည့် အရာမှာ တရုတ်ပြည်နှင့် မြန်မာပြည်၏ အခြားဒေသများမှ လှိမ့်ဝင်လာသော ရွှေ့ပြောင်းသူများနှင့် ဆက်နွှယ်၍ တိုးပွားလာနေသည့် လောင်းကစားနှင့် မူးယစ်ဆေးဝါးကိစ္စရပ်များ ဖြစ်သည်။ တကယ်တွင် REE မတိုင်မီကပင် နယ်စပ်ဒေသတွင် အဆိုပါ ပြဿနာများ ရှိနေနှင့်သော်လည်း REE ကြောင့် ပို၍ ဆိုးရွားလာခဲ့သည်။ ဒေသတွင်းသို့ ပြည်တွင်းမှ ရွှေ့ပြောင်းလာသူ အရေအတွက်သည် ၄,၀၀၀ မှ ၅,၀၀၀ ကြားရှိပြီး စီးပွားရေး လုပ်ငန်းရှင်များနှင့် ကျွမ်းကျင်လုပ်သားများ အပါအဝင် တရုတ်ပြည်မှ ရွှေ့ပြောင်းလာသူများသည် ၁၆,၀၀၀ ထိရှိနိုင်သည်ဟု ခန့်မှန်းကြသည်။
တိုးပွားလာနေသော REE မိုင်းဆိုက်များတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများ တိုးပွားလာနေသည်။ အလုပ်သမား အချို့နှင့် အလုပ်ရှင် အချို့က မူးယစ်ဆေးဝါးသည် အလုပ်ကြမ်းများလုပ်နိုင်ရန် ခွန်အားများပေးသည်ဟု မှားယွင်းစွာ ယုံကြည်နေကြသည်။ မူးယစ်ဆေးဝါးသုံးစွဲမှုများနှင့် လောင်းကစားများ တိုးပွားလာသည်နှင့်အမျှ ခိုးမှု၊ ဓားပြမှုနှင့် အကြမ်းဖက်မှု ကဲ့သို့သော မူခင်းများ တိုးပွားလာသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က မိုင်းဆိုက်တွင် အလုပ်လုပ်ခဲ့ဖူးသော ဒေသခံ မိုင်းအလုပ်သမားတဦးက “မိုင်းဆိုက်တွေမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေအားလုံး အလွယ်တကူပဲ မူးယစ်ဆေးဝါး စွဲကြတယ်။ ကျနော်လည်း မနှစ်က သတ္တုမိုင်းတခုမှာ အလုပ်လုပ်တုန်းက စိတ်ကြွဆေး အလကားရတယ်။ ကျနော်တို့မှာ နေ့ဆိုင်း၊ ညဆိုင်းရှိတယ်။ ညသမားတွေက နေ့သမားတွေထက် ဆေးပိုသုံးကြတယ်။ သူတို့ ဆေးပိုသုံးလာတော့ အလုပ်ကပေးတဲ့ဆေးနဲ့ နောက်ပိုင်း မလောက်ကြတော့ ကိုယ့်ဖာသာ ဝယ်သုံးရတယ်။ တနေ့ကို ယွမ် ၃၀၀ ရရင်တောင် ကျနော်တို့ ဆေးဝယ်သုံးတာနဲ့ လစာက မလောက်ဘူး။ မိုင်းမှာ လုပ်တာရော၊ ဆေးသုံးတာရော ကျနော်တို့ ကျန်းမာရေးကို ထိခိုက်တယ်။ ကျနော် အဲဒီမှာ လေးလပဲ လုပ်ခဲ့ရတယ်၊ အခု အဆုတ်ရောဂါ ခံစားနေရတယ်။ ဒါကြောင့် တရုတ်တွေက ဒီမှာ တနှစ်လုပ်ပြီးရင် အလုပ်ဆက်မခန့်တော့ဘူး” ဟု ပြောသည်။
တချိန်က ပန်ဝါအနီး တိတ်ဆိတ်၊ လှပ၊ စိမ်းစိုခဲ့သော ရွာလေးတရွာတွင် ဒေသခံများက ခြံစည်းရိုးမရှိ၊ တံခါးမရှိ နေခဲ့ကြသည့်ဘဝကို ပြန်အမှတ်ရနေကြသည်။ ယခုအခါတွင် “အိမ်ကို သော့ခတ်ထားတာတောင် ဖောက်ဝင်တဲ့သူခိုးက ရှိတယ်။ မူးယစ်ဆေးထိုးအပ်တွေနဲ့ ပိုက်တွေက နေရာအနှံ့ပြန့်နေတာပဲ။ KTV တွေ၊ အနှိပ်ခန်းတွေ၊ အပျော်မယ်တွေလည်း များလာတယ်” ဟု ဒေသခံတဦးက ငြီးတွားသည်။
တချိန်က ပန်ဝါအနီး တိတ်ဆိတ်၊ လှပ၊ စိမ်းစိုခဲ့သော ရွာလေးတရွာတွင် ဒေသခံများက ခြံစည်းရိုးမရှိ၊ တံခါးမရှိ နေခဲ့ကြသည့်ဘဝကို ပြန်အမှတ်ရနေကြသည်။ ယခုအခါတွင် “အိမ်ကို သော့ခတ်ထားတာတောင် ဖောက်ဝင်တဲ့သူခိုးက ရှိတယ်။ မူးယစ်ဆေးထိုးအပ်တွေနဲ့ ပိုက်တွေက နေရာအနှံ့ပြန့်နေတာပဲ။ KTV တွေ၊ အနှိပ်ခန်းတွေ၊ အပျော်မယ်တွေလည်း များလာတယ်” ဟု ဒေသခံတဦးက ငြီးတွားသည်။
ဒေသခံက “တရုတ်တွေက လောင်းကစား ကြိုက်တယ်။ လောင်းကစားရုံတွေမှာဆို ရန်ဖြစ်တာ အမြဲရှိတယ်။ တခေါက်က လောင်းကစားအိမ်မှာ လုပ်တဲ့ အမျိုးသမီးနှစ်ယောက် ရန်ပွဲကြားမှာ အသတ်ခံလိုက်ရတယ်” ဟု ပြောသည်။ ဒေသခံများ အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုအပြင် မြင့်တက်လာသော ကုန်ဈေးနှုန်းကြောင့် စီးပွားရေးအရ မလုံခြုံမှုကိုလည်း ခံစားနေကြရသည်။
ရွှေ့ပြောင်းဝင်ရောက်လာမှုကြောင့် နေထိုင်၊ စားသောက်စရာအတွက် လိုအပ်ချက်များ မြှင့်တက်လာသည်နှင့် အမျှ နေထိုင်စားသောက်စရိတ်၊ အိမ်ခြံမြေဈေးများ မြင့်တက်လာပြီး၊ အောက်ခြေလူထုကို အထိနာစေသည်။ ငွေကြေးဖောင်းပွမှုနှင့် အတူ အိမ်ခြံမြေဈေးများ နယ်စပ်တွင်သာမက ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား အစရှိသော မြို့ကြီးများတွင်လည်း မြင့်တက်လျက်ရှိသည်။ နယ်စပ်ဒေသမှ လူချမ်းသာများက မြို့ကြီးများတွင် ဝယ်လိုအား များနေကြသောကြောင့်လည်း ဈေးများတက်လာခြင်းဖြစ်သည်။ ၎င်းမှာ အာဏာသိမ်းစဉ်ကတည်းက စစ်တပ်၏ စီးပွားရေးစီမံခန့်ခွဲမှု အလွဲများကြောင့် ပို၍ဆိုးရွားလာပြီး အောက်ခြေလူထုကို မလုံခြုံမှုနှင့် ဆင်းရဲမွဲတေမှု ချောက်ထဲသို့ တွန်းပို့နေသကဲ့သို့ပင် ဖြစ်သည်။
တရားမဝင် စီးပွားရေးများနှင့် တရားမဝင် ရွှေ့ပြောင်းမှုတို့ကြောင့် လောင်းကစားနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုတို့ အပါအဝင် ဆိုးကျိုးသက်ရောက်ရပြီး ရုပ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးအရ မလုံခြုံမှုကို ခံစားကြရသည်ကို တွေ့ရှိရသည်။ ၎င်းအကျိုးသက်ရောက်မှုမှာ တိုင်းပြည်၏ အခြားဒေသများအပေါ်လည်း သက်ရောက်မှုရှိသည်။
နိဂုံး
အစတေးခံဒေသ၏ လူမှုရေးနှင့် စီးပွားရေး အခြေအနေများ သုံးသပ်ချက်အရ နယ်စပ်ဒေသရှိ တရားမဝင်စီးပွားရေး လုပ်ငန်းများနှင့် သဘာဝ သယံဇာတ အမြတ်ထုတ်မှုများ၏ ဆိုးကျိုးများသည် ကွာဟမှု ကြီးမားလာသော လူမှု မညီမျှမှုများ၊ အကွဲအပြဲများ၊ မရေရာမှုများ သာမက ခြုံကြည့်လျှင် တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ ပဋိပက္ခ အနေအထားတို့ အပါအဝင် လူသားလုံခြုံမှု ကိစ္စရပ်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုရှိသည်။ ၎င်းသည် အာဏာသိမ်းပြီး အရှိန်မြင့်လာသော တရုတ်ပြည်နှင့် ပတ်သက်သည့် မကျေလည်မှုများအပေါ်လည်း သက်ရောက်မှုရှိသည်။ ထဲထဲဝင်ဝင် လေ့လာသုံးသပ်ချက်များအရ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုသည် ဒေသတွင်း လူမှုဒုက္ခများကိုသာ ဖြစ်ပေါ်စေသည် သာမက အချုပ်အခြာ ပိုင်စိုးမှု ကိစ္စရပ်အပေါ်လည်း သက်ရောက်မှုရှိပြီး မြန်မာ၏ အားကြီးသော အိမ်နီးချင်း၏ စိတ်စေတနာအပေါ် ယုံကြည်မှု ပျောက်နေသည်ကိုလည်း မီးထိုးပေးရာ ရောက်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Corporate Accountability Myanmar ၏ Social inequality, fragmentation, discord, and insecurity in Myanmar’s sacrifice zone ကို ဘာသာပြန် ဖော်ပြသည်။ ကော်ပိုရေးရှင်းကြီးများ တာဝန်ယူမှုရှိရေး မြန်မာ (Corporate Accountability Myanmar – CAM) သည် မြန်မာနိုင်ငံရှိ ကော်ပိုရေးရှင်းကြီးများ၏ တာဝန်ယူမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သုတေသနများ ပြုလုပ်ရန် ၂၀၂၀ မှ စတင်ဖွဲ့စည်းခဲ့သည့် သုတေသီ အဖွဲ့တဖွဲ့ ဖြစ်သည်။)
You may also like these stories:
တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ
မြေရှားသတ္တုတူးဖော်ခြင်းက ဘဝပျက်ကိန်းကြုံနေရ
တရုတ် ကျောထောက်နောက်ခံပြု တရားမဝင် မြေရှားသတ္တု တူးဖော်မှု များပြားလာ
နယ်စပ်ကို ပိတ်ထားသော်လည်း မြေရှားသတ္တုကို တရုတ်က တံခါးဖွင့်ပေးထား
စစ်အာဏာသိမ်းပြီးနောက် တရုတ်နယ်စပ်တွင် မြေရှားသတ္တု တရားမဝင်တူးဖေါ်မှုများ တိုးလာ