စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပေါ် လက်နက်ကိုင်ခုခံမှုလှိုင်းကို ထိန်းချုပ်ရန် ရုန်းကန်နေရချိန်တွင် ၎င်း၏ ပြိုင်ဘက်ကင်းသော လေကြောင်းစွမ်းအားသည် ပြည်တွင်းစစ်တွင် အဓိကကျသည့် စွမ်းအားတခု ဖြစ်လာသည်။ ၂၀၂၃ ခုနှစ် အစဦးတွင် နှစ်ဘက်လုံး ရင်ဆိုင်နေရသော မေးခွန်းမှာ မြန်မာလေတပ်၏ တိုးတက်လာသော စွမ်းရည်သည် အဆုံးအဖြတ် ပေးနိုင်၊ မပေးနိုင်ဆိုသောကိစ္စ ဖြစ်သည်။
ပွင့်လင်းရာသီတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်မှာ သေချာသလောက် ဖြစ်နေချိန်တွင် လေ့လာသူများနှင့် သုတေသီများက မြန်မာလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများသည် အကွဲကွဲအပြားပြား ဖြစ်နေသေးသော ဖက်ဒရယ် ဒီမိုကရက်တစ် လက်နက်ကိုင်ဆန့်ကျင်မှု၏ တိုးတက်မှုကို ရပ်တန့်စေပြီး ဆုံးဖြတ်ချက်ကို ရိုက်ချိုးနိုင်ကာ လက်ရှိအချိန်တွင် အမျိုးမျိုးသော လက်နက်ကိုင်ပုန်ကန်သူများက ထိန်းချုပ်ထားသည့် ကျယ်ပြန့်သော ဒေသများတွင် စစ်ကောင်စီ ထိန်းချုပ်မှု ပြန်လည်ထူထောင်ရန် လုံလောက်ပါသလားဟု မေးခွန်းထုတ်လာကြသည်။
လူအသေအပျောက်များသည့် အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အထူးသဖြင့် တုန်လှုပ်စရာ အကောင်းဆုံးဖြစ်သည့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စက်တင်ဘာလက လေကြောင်းတိုက်ခိုက်မှုနှင့် အောက်တိုဘာလက ကချင်ပြည်နယ် ဖားကန့်မြို့နယ်အနီး ဂီတပွဲတခုကို လေကြောင်းတိုက်ခိုက်မှုသည် စစ်ကောင်စီက အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးမှုကို လုံးဝ ဂရုမစိုက်ကြောင်း ပြသနေသည်။
လာမည့်လများတွင် လေကြောင်းမှ ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုဖြစ်လာမည်ဟု မျှော်လင့်ရပြီး စစ်ဖြစ်မှုအပေါ် လူထုထောက်ခံမှုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းထားသည့် အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင်များ (EROs) နှင့် ဗမာဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ကို သွေးခွဲသည့် သေနင်္ဂဗျူဟာ၏ တစိတ်တပိုင်းအဖြစ် ဆောင်ရွက်ခြင်းဖြစ်နိုင်သည်။ PDFs များကိုမူ ချေမှုန်းပစ်ရမည့် အကြမ်းဖက်သမားများအဖြစ် တံဆိပ်ကပ်ထားသည်။
သို့သော် နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများဖြစ်စေသည့် အရပ်သားများကို လေကြောင်းတိုက်ခိုက်မှုများသည် စစ်ကောင်စီ၏ စစ်ရေးအားထုတ်မှုတွင် အဓိကဖြစ်လာသည့် ပိုပိုကျယ်ပြန့်သော စစ်ဆင်ရေး၏ အစိတ်အပိုင်းဖြစ်လာသည်။ ၂၀၂၂ ခုနှစ် နှစ်လယ်မှစတင်ပြီး လေတပ်သည် PDFs များနှင့် ၎င်းတို့၏ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် တပ်မတော်များ၏ တိုက်ခိုက်မှုများကို ပြန်လည် တိုက်ခိုက်ရန်သာမက ERO များ၏ အခြေစိုက် စခန်းများ၊ ကွပ်ကဲရေးဌာနများနှင့် စီးပွားရေး ရင်းမြစ်များကိုပါ မကြုံဖူးသော လျင်မြန်မှုဖြင့် တိုက်ခိုက်ရန် ရည်ရွယ်သည့် နေ့စဉ်လေကြောင်းတိုက်ခိုက်မှု အရှိန်ကို အကြီးအကျယ် မြှင့်တင်လိုက်သည်။
သို့သော် နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများဖြစ်စေသည့် အရပ်သားများကို လေကြောင်းတိုက်ခိုက်မှုများသည် စစ်ကောင်စီ၏ စစ်ရေးအားထုတ်မှုတွင် အဓိကဖြစ်လာသည့် ပိုပိုကျယ်ပြန့်သော စစ်ဆင်ရေး၏ အစိတ်အပိုင်းဖြစ်လာသည်။
ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်းနှင့် ချင်းပြည်နယ်များသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို အဓိက ခံစားရပြီး နောက်ဆုံးလေကြောင်းတိုက်ခိုက်မှုများတွင် ဇန်နဝါရီလ ၁၀ ရက်နေ့က အိန္ဒိယနယ်စပ် ချင်းအမျိုးသားတပ်မတော် (CNA) ၏ ဝိတိုရိယစခန်း ဌာနချုပ်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်သည်။
လေကြောင်းစွမ်းရည်ပြသ
ဒီဇင်ဘာလ ၁၅ ရက်နေ့ မြန်မာလေတပ် ၇၅ နှစ်ပြည့် အခမ်းအနားတွင် ပြသခဲ့သော တိုက်ခိုက်ရေးလေယာဉ် အရေအတွက် မှန်မှန်တိုးပွားလာခြင်းသည် ၂၀၂၂ ခုနှစ်တွင် တွေ့မြင်ရသည့် မြန်မာလေတပ်စွမ်းရည် သိသိသာသာ တိုးတက်မှုတွင် အခြေခံအချက်တခု ဖြစ်သည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ကမကထပြုသည့် ထိုအခမ်းအနားတွင် ရုရှားထံမှ ၂၀၁၈ ခုနှစ်က ဝယ်ယူထားပြီး စတင်အသုံးပြုသည့် Sukhoi SU-30 ဂျက်တိုက်လေယာဉ်သစ် ၆ စင်းကို ပထမဆုံးပြသပြီး ယခုအခါ မြန်မာလေတပ်အတွက် ဂုဏ်ယူစရာ ပိုင်ဆိုင်မှုဖြစ်နေသည်။
ထိုစဉ်ကပြသထားသည့် လေယာဉ်များတွင် အင်ဂျင်တလုံးတပ်၊ နှစ်ယောက်စီး အပေါ့စား တရုတ်လုပ် တိုက်ခိုက်ရေးလေယာဉ် FTC-2000Gs အသစ် ၅ စင်းလည်းပါဝင်ပြီး ၎င်းတို့သည် ယခုခေတ်တွင် အသုံးမဝင်တော့သည့် ရှေးဆိုဗီယက်ခေတ် Mig-21 ကို ပုံတူကူးထားသည့် F-7 ‘Airguard’ ကြားဖြတ်လေယာဉ်များနှင့် A-5 ‘Fantan’ မြေပြင်တိုက်ခိုက်ရေး ဂျက်လေယာဉ်များ နေရာတွင် အစားထိုး ဝင်ရောက်လာမည်ဖြစ်သည်။
အခြားသောလေတပ်များက အသုံးမပြုတော့သောကြောင့် ခေတ်မမီတော့ဘဲ ဈေးသက်သာသည့် လေယာဉ် အဟောင်းများကိုလည်း စတင်ပေါင်းထည့် အသုံးပြုခဲ့သည်။ အံ့သြစရာကောင်းသည်မှာ ထိုလေယာဉ်ဟောင်းများတွင် F-7 တစင်း ပါဝင်နေပြီး သက်တမ်း ရင့်နေသော်လည်း အသစ်ဝယ်ယူထားသည့် အဆင့်မြှင့်တင်ထားသော ကိုယ်ထည်များ တပ်ဆင်ထားသည့် လေယာဉ်ဖြစ်နိုင်သည်။ ထို့အပြင် K-8 Karakorum အမောင်းသင်နှင့် အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၄ စင်းလည်း ပါဝင်သည်။ ထိုအမျိုးအစားကို မြန်မာလေတပ်က အသုံးပြုနေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော်လည်း နောက်ထပ် လိုအပ်နေသည့် လေယာဉ်အမျိုးအစား ဖြစ်ပုံရသည်။
ထိုပြပွဲတွင် တွေ့ရသည့် လေယာဉ်တစီးမှာ သက်တမ်းရင့်နေသည့် အမောင်းသင်/မြေပြင် တိုက်ခိုက်ရေး SOKO G-4 Super Galeb တစီးဖြစ်သည်။ ထိုလေယာဉ်ကို ယူဂိုဆလားဗီးယား နိုင်ငံအဖြစ်တည်ရှိစဉ်က ဝယ်ယူထားခြင်းဖြစ်သည်။ ဘန်ကောက်အခြေစိုက် စစ်ရေးသုတေသီတဦးက “ဒီလေယာဉ်တွေက ပျံသန်းပြီး ဗုံးကြဲလို့ ရရင်ပြီးရောဆိုပြီး ရှာထားတဲ့ လေယာဉ်တွေဖြစ်ပုံရတယ်” ဟု လှောင်ပြောင် မှတ်ချက်ချသည်။
လေကြောင်းအသာစီး ရစေပြီး ပြည်ပကျူးကျော်မှုကို တားဆီးရန် ထုတ်လုပ်ထားသည့် စွမ်းဆောင်ရည် မြင့်မားသော စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ် SU-30 အသစ်များကို ကျေးရွာများအား ဗုံးကြဲရာတွင် သုံးမည်၊ မသုံးမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။ ရုရှားလုပ် Sukhoi လေယာဉ်များကို ထည့်မတွက်လျှင် စစ်ကောင်စီလေတပ်၏ မြေပြင်တိုက်ခိုက်ရေး လေယာဉ်များသည် အံ့သြစရာကောင်းလောက်အောင် အမျိုးအစား ကွဲပြားနေပြီး ရှေးဟောင်းလေယာဉ်များ ဖြစ်နေသည်။
အခြားသောလေတပ်များက အသုံးမပြုတော့သောကြောင့် ခေတ်မမီတော့ဘဲ ဈေးသက်သာသည့် လေယာဉ် အဟောင်းများကိုလည်း စတင်ပေါင်းထည့် အသုံးပြုခဲ့သည်။ အံ့သြစရာကောင်းသည်မှာ ထိုလေယာဉ်ဟောင်းများတွင် F-7 တစင်း ပါဝင်နေပြီး သက်တမ်း ရင့်နေသော်လည်း အသစ်ဝယ်ယူထားသည့် အဆင့်မြှင့်တင်ထားသော ကိုယ်ထည်များ တပ်ဆင်ထားသည့် လေယာဉ်ဖြစ်နိုင်သည်။
ထိုသို့ လေယာဉ်မျိုးစုံပါသော လေယာဉ်အုပ်စုတွင် FTC-2000s အသစ်များ၊ ၂၀၀၀ ပြည့်နှစ်များက ဝယ်ယူထားပြီး ဟောင်းနွမ်းနေသည့် လေကြောင်းအသာစီးရရေး တိုက်လေယာဉ် Mig-29 ‘Fulcrum’ များ၊ ၂၀၁၅ ခုနှစ်မှ စတင်ရရှိထားသည့် ပိုမိုသစ်လွင် သေးငယ်ပြီး လွန်စွာလျင်မြန်သည့် Yakovlev Yak-130 များ၊ ဆက်လက် ပျံသန်းနိုင်ဆဲဖြစ်သည့် တရုတ်လုပ် F-7s နှင့် A-5s များနှင့်အတူ သက်တမ်းရင့် K-8 ဂျက် အမောင်းသင် လေယာဉ်များနှင့် ယနေ့တိုင် ဆက်လက်ရှင်သန်နေသည့် ၁၉၇၀ ပြည့်နှစ်များက Super Galebs လေယာဉ် ၃ စင်း ပါဝင်သည်။
တရုတ်-ပါကစ္စတန် ဖက်စပ်ထုတ်လုပ်သည့် JF-17 ‘Thunder’ ဂျက်လေယာဉ်များ ရောက်လာပါက လေယာဉ်အမျိုးအစား ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် မြန်မာလေတပ်သည် အင်ဂျင်တလုံးတပ် JF-17 ဘက်စုံသုံး ဂျက်တိုက်လေယာဉ် ပထမအသုတ် ၇ စင်း ပါကစ္စတန်ထံမှ လက်ခံရရှိသည်။ ထိုလေယာဉ်များကို မြေပြင်တိုက်ခိုက်ရေးတွင် အသုံးပြုနိုင်ပြီး ၂၀၁၀ ပြည့်နှစ်များက အာဖဂန်နစ္စတန်နယ်စပ် ပုန်ကန်မှုနှိမ်နင်းရေးတွင် ပါကစ္စတန်လေတပ်က ကျယ်ကျယ်ပြန့်ပြန့်သုံးခဲ့သော လေယာဉ်များဖြစ်သည်။
သို့သော် ထို JF-17 အသစ်များကို ပြဿနာအများအပြားကြောင့် ပျံသန်းခြင်း လုံးဝ မပြုလုပ်နိုင်ကြောင်း ဧရာဝတီ သတင်းဌာနက နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။ မြန်မာလေတပ်သည် ပါကစ္စတန်လေတပ်၏ လေ့ကျင့်ရေးနှင့် နည်းပညာအကူအညီဖြင့် ထိုပြဿနာများကို ဖြေရှင်းရန် ကြိုးစားနေသည်။
မြန်မာလေတပ်က ခက်ခက်ခဲခဲ တည်ဆောက်ထားသည့် ရဟတ်ယာဉ် တပ်ဖွဲ့တွင်လည်း ရုရှားလုပ် Kamov KA-29s ရဟတ်ယာဉ်များဖြင့် အားဖြည့်ထားသည်။ ပထမဆုံး မှာယူထားသည့် ထိုရဟတ်ယာဉ် ၅ စင်းအနက် ၂ စင်းသည် ဒီဇင်ဘာလအတွင်းက ပြေးလမ်းပေါ် ရောက်လာခဲ့သည်။ အဆိုပါ ထူးခြားသော တောင်ပံနှစ်ထပ် တပ်ဆင်ထားသည့် ရဟတ်ယာဉ်များကို တိုက်ခိုက်ရေးတွင်သာမက တပ်ဖွဲ့သယ်ယူပို့ဆောင်ရေးတွင်လည်း အသုံးပြုနိုင်သည်။ တောင်ပံနှစ်ထပ် တပ်ဆင်ထားသောကြောင့် တည်ငြိမ်မှုနှင့် လှုပ်ရှားနိုင်မှု ပိုမိုကောင်းမွန်သည်။
KA-29s များသည် Mi-17 ‘Hip’ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၂၀ ခန့်နှင့် 10 Mi-24 ‘Hind’ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁၀ စီးခန့်ဖြင့် ဖွဲ့စည်းထားသည့် မြန်မာလေတပ်၏ ရဟတ်ယာဉ်တပ်ဖွဲ့အပေါ် ကြီးထွားလာနေသည့် ဖိအားကို သက်သာစေသည်။ အာဖဂန်မှ ဆိုဗီယက်စစ်ပွဲတွင် စတင်အသုံးပြုခဲ့သော ကြံ့ခိုင်သည့် Mi-24 ‘Hind’ ရဟတ်ယာဉ်များသည် ပြည်ပသို့ တင်ပို့မှုအများဆုံးနှင့် စစ်မြေပြင်တွင် စမ်းသပ်မှု ခံနိုင်ရည်အရှိဆုံး ရဟတ်ယာဉ်များဖြစ်သည်။
ပိုမိုအသာရလာခြင်း
ထိုလေယာဉ်များ၏ အင်အားတောင့်တင်းသော လှုပ်ရှားမှုကို အထောက်အကူပြုနေသည်မှာ လာမည့်လများတွင် စစ်ကောင်စီလေတပ်စွမ်းအားကို ပိုမိုအသာစီး ရစေမည်ဟု ယူဆရသည့် အချက် နှစ်ခုဖြစ်သည်။ တချက်မှာ နိုင်ငံတဝန်းတွင် လေတပ်အတွက် ပိုမိုများပြားသည့် လေတပ်စခန်းများ ရရှိလာစေခြင်းဖြစ်သည်။
အဓိကလေတပ်စခန်းများတွင် မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့ပြင်မှ ရှမ်းတဲ လေတပ်စခန်း၊ ရန်ကုန်မြို့စွန်ရှိ မင်္ဂလာဒုံ လေတပ်စခန်းနှင့် အနောက်ပိုင်းမှ မကွေး လေတပ်စခန်းတို့ ပါဝင်သည်။ သို့သော် မြန်မာလေတပ် လေယာဉ်များသည် ပိုမိုသေးငယ်သည့် လေတပ်စခန်းများဖြစ်သော ရန်ကုန်မြောက်ပိုင်း မှော်ဘီမှ လေတပ်စခန်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး မော်ဖောင်းရှိ လေတပ်စခန်း၊ မန္တလေးနိုင်ငံတကာလေဆိပ်နှင့် ပူးတွဲတည်ရှိသည့် တံတားဦးလေတပ်စခန်း၊ ရှမ်းပြည်တောင်ပိုင်း နမ့်စန် လေတပ်စခန်း၊ အလယ်ပိုင်း ပဲခူးတိုင်းမှ တောင်ငူလေတပ်စခန်း၊ အရှေ့တောင်ပိုင်း မွန်ပြည်နယ်မှ မော်လမြိုင် လေတပ်စခန်းနှင့် ဧရာဝတီတိုင်း ပုသိမ်မှ လေတပ်စခန်းမှလည်း ပျံတက်လာနိုင်ကြသည်။
ရဟတ်ယာဉ်နှင့် အနီးကပ် လေကြောင်းအကူ (CAS) အတွက်သာမက တောင်ပံသေတပ်လေယာဉ်များ အတွက်ပါ သင့်တော်သော ရှေ့တန်းလေတပ်စခန်းများတွင် ရှမ်းပြည်မြောက်ပိုင်းမှ လားရှိုး လေတပ်စခန်း၊ ကချင်ပြည်နယ် ဗန်းမော်မှ လေတပ်စခန်းနှင့် တောင်ဘက်စွန်း ကပ္ပလီပင်လယ်ကမ်းခြေမှ မြိတ်လေတပ်စခန်းများ ပါဝင်သည်။
မြန်မာနယ်စပ် စစ်ဇုန်များတွင် မြန်မာလေတပ် ပထမဆုံးပါဝင်လာသည့် ၂၀၁၀ ပြည့်နှစ်များ အတွင်းက မြေပြင်တိုက်ခိုက်မှုများကို အကြီးအကျယ် အကန့်အသတ်ဖြင့် လေယာဉ်အနည်းငယ်ဖြင့် တခါတရံလုပ်နိုင်သည့် အဆင့်သာရှိသည်။
ထိုသို့အခြေခံလေတပ်စခန်းနှင့် ရှေ့တန်းလေတပ်စခန်းများသည် တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုများကို အလျင်အမြန် တုံ့ပြန်နိုင်သည့် နည်းဗျူဟာအား လိုသလို အသုံးချနိုင်စေပြီး ပစ်မှတ်များကို တိုက်ခိုက်နိုင်သည့် အချိန်ပိုမိုရစေကာ လောင်စာအသုံးစရိတ်ကို သက်သာစေသည်။
ဒုတိယအချက်မှာ တိုက်ပွဲများပြင်းထန်လာခြင်းနှင့် မြန်မာလေတပ် လေယာဉ်မှူးများ ပျံသန်းချိန် ပိုမိုရှည်ကြာလာခြင်း၊ ယခင်ထက် စစ်ဆင်ရေးအတွေ့အကြုံ များလာခြင်းကြောင့် မြန်မာလေတပ်သည် စွမ်းဆောင်ရည် မြင့်တက်လာခြင်းဖြစ်သည်။
မြန်မာနယ်စပ် စစ်ဇုန်များတွင် မြန်မာလေတပ် ပထမဆုံးပါဝင်လာသည့် ၂၀၁၀ ပြည့်နှစ်များ အတွင်းက မြေပြင်တိုက်ခိုက်မှုများကို အကြီးအကျယ် အကန့်အသတ်ဖြင့် လေယာဉ်အနည်းငယ်ဖြင့် တခါတရံ လုပ်နိုင်သည့် အဆင့်သာ ရှိသည်။
၂၀၁၁ ခုနှစ် နှစ်လယ် ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက် ထိုသို့သော စစ်ဆင်ရေးမျိုးကို ကချင်ပြည်အရှေ့ပိုင်းတွင် ၂၀၁၂-၁၃ ခုနှစ်ကာလက တွေ့ခဲ့ရပြီး ၂၀၁၈ ခုနှစ် မိုးရာသီအတွင်း စစ်ဆင်ရေးများ ထပ်မံပြုလုပ်လာသည်။
၂၀၁၅ ခုနှစ်က အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသတွင် ဖြစ်ပွားသော စစ်ပွဲတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၏ တိုက်ခိုက်ခံနေရသော မြေပြင်တပ်များ သက်သာစေမည့် လေကြောင်းပစ်ကူကို အာရုံစိုက်သည့် စစ်ဆင်ရေးတခုကို တွေ့ခဲ့ရသည်။ ၂၀၁၅ ခုနှစ် နှစ်လယ်က ဖြစ်ပွားသည့် ထိုစစ်ဆင်ရေးများအတွင်း မြန်မာလေတပ် ဂျက်လေယာဉ်တစင်း (တိုက်တိုက်ဆိုင်ဆိုင် တရုတ်လုပ် F-7) က တရုတ်ပိုင်နက်အတွင် ဗုံးကြဲချရာ လယ်သမား ၄ ဦးသေဆုံးပြီး အခြားသူ ၉ ဦးကို ဒဏ်ရာရစေသောကြောင့် ဘေဂျင်းက ဒေါသတကြီးတုံ့ပြန်သည်။
၂၀၁၈-၁၉ က ရခိုင်ပြည်နယ်မှ ရက္ခိုင့်တပ်တော် (AA) နှင့်ဖြစ်ပွားသည့် စစ်ပွဲများအတွင်းကလည်း လေတပ်စစ်ဆင်ရေး မြင့်မားလာပြီး ရုရှားလုပ် Yak-130s အသစ်များကို စစ်မြေပြင်တွင် ပထမဆုံးအကြိမ် အသုံးပြုသည်။ မြေပြင်တိုက်ခိုက်ရေးလေယာဉ်နှင့် အမောင်းသင်ဂျက်လေယာဉ်အဖြစ် အသုံးပြုနိုင်သော ၂ ယောက်စီး Yak-130s များကို မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) က Mitten အဖြစ် သတ်မှတ်ထားပြီး ၎င်းတို့သည် K-8 ကဲ့သို့သော အလားတူလေယာဉ်များထက် အဆများစွာ သယ်ဆောင်နိုင်သည်။ ၂၀၁၉-၂၀၂၀ ပြည့်နှစ် ရခိုင်ပြည်နယ်တွင် ထိုလေယာဉ်များသည် ညဘက်တွင် အနိမ့်ပျံသန်းတိုက်ခိုက်ပြီး ၎င်းတို့တန်ဖိုးကို သက်သေပြခဲ့သည်။
သို့သော် တိုက်ခိုက်မှု ကြာချိန်နှင့် ပြင်းထန်မှုအရ ထိုစစ်ဆင်ရေးများသည် လက်ရှိလေကြောင်း တိုက်ခိုက်မှုများနှင့်ယှဉ်လျှင် အားနည်းပြီး မြန်မာလေတပ် လေယာဉ်မှူးများ ကျွမ်းကျင်မှု တိုးတက်ရေးအတွက် ယခုလောက် အကျိုးမဖြစ်ထွန်းလှပေ။ မြန်မာလေတပ် ထုံးစံအားဖြင့် နယ်စပ်တွင်သာမက ပြည်မဒေသတွင်ပါ နေ့စဉ် လက်တွေ့ တိုက်ပွဲအတွေ့အကြုံများ ရလာသောကြောင့် လေယာဉ်မှူးများသည် အနိမ့်ပျံသန်းပြီး ပစ်မှတ်များကို ပိုမိုတိကျစွာ ပစ်ခတ်လာနိုင်ကြသည်။
လွန်ခဲ့သော တနှစ်က လေကြောင်းတိုက်ခိုက်မှုများသည် ရည်မှန်းပစ်မှတ်မှ မီတာ ၃,၀၀၀ ပတ်ပတ်လည်အတွင်း နေရာများကိုသာ ထိမှန်ကြောင်း ကရင်နီပြည်နယ် အရှေ့ပိုင်းနှင့် ကရင်ပြည်နယ်မှ လေကြောင်း တိုက်ခိုက်မှုများကို ကြုံဖူးသည့် အတွေ့အကြုံရှိ သတင်းရင်းမြစ်တခုက ဒီဇင်ဘာလအတွင်း Asia Times သို့ ပြောကြားခဲ့သည်။ ယခုအခါ ထိုလေကြောင်း တိုက်ခိုက်မှုများသည် ပစ်မှတ်မှ မီတာ ၄၀၀ ထက်နည်းသည့် နေရာများကို ထိမှန်လာကြောင်း ၎င်းကပြောသည်။
မြေပြင်တိုက်ခိုက်မှု ပြင်းထန်လာခြင်းကိုလည်း သူကမှတ်ချက်ပေးပြီး ထိုတိုက်ခိုက်မှုများတွင် ဂျက်လေယာဉ်များသည် ပထမဦးစွာ ဗုံးကြဲချပြီး ဒုံးကျည်ဖြင့်ပစ်ခတ်ကာ နောက်ဆုံးတွင် အမြောက်လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ပြောသည်။
လေကြောင်းချီ သင်ခန်းစာများ
မြန်မာလေတပ်သည် လေကြောင်းသယ်ယူပို့ဆောင်မှု စွမ်းရည်သစ်လည်း တိုးတက်လာသည်။ သို့သော် ခိုင်မာမှု မရှိသေးပေ။ တပ်များကို စစ်မြေပြင်သို့ ပို့ဆောင်ခြင်းနှင့် ထိုတပ်များကို မြေပြင်တွင် ဖြန့်ကြက်ပြီးသောအခါ လေကြောင်းပစ်ကူပေးခြင်းကို လုပ်ဆောင်လာသည်။
ထိုသို့သော စစ်ဆင်ရေးမျိုးကို စစ်ကိုင်းတိုင်းတွင် ၂၀၂၂ ခုနှစ် အစောပိုင်းက အကန့်အသတ်ဖြင့် လုပ်ဆောင်ပြီး စစ်သား ၅၀ မှ ၆၀ ခန့်ကို Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၂ စင်းဖြင့် ပြုလုပ်ကာ Hind တိုက်ခိုက်ရေး လေယာဉ်က အထောက်အကူပေးသည်။
ထိုစစ်ဆင်ရေးများ၏ ရည်မှန်းချက်မှာ ရွာတရွာ သို့မဟုတ် တရွာမကသည့် ရွာများကို အလစ်အငိုက် ဝင်ရောက်စီးနင်းပြီး လက်နက်နှင့် PDF တိုက်ခိုက်ရေးသမားများကို ရှာဖွေပြီးနောက် နေအိမ်များကို မီးရှို့ကာ ဆက်လက်လှုပ်ရှားရန် ဖြစ်သည်။ လက်နက်တပ်ဆင်မှု မကောင်းသော ဒေသခံတိုက်ခိုက်ရေးသမားများ၏ ခုခံမှု အကန့်အသတ်ရှိသောကြောင့် စစ်ဆင်ရေး အမှားအယွင်းဖြစ်စရာ များများ မရှိလှပေ။
စစ်တပ်သည် ပိုမိုရည်မှန်းချက်ကြီးသော လေကြောင်းချီတိုက်ခိုက်မှုလုပ်ရန် ကြိုးစားသောအခါ အမှားအယွင်းများစွာ ဖြစ်ခဲ့သည်။ တခုတည်းသော အသိသာဆုံး ချေမှုန်းခံရသည့် လေကြောင်းချီ စစ်ဆင်ရေးသည် ဒီဇင်ဘာလ အစောပိုင်းက ရှမ်းပြည်အနောက်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် ဖြစ်ပွားသည်။ မြန်မာလေတပ်မှ Mi-17 ၅ စီးသည် စစ်သား ၂၀၀ ခန့် (မြန်မာစစ်တပ် တပ်ရင်းတခုခန့်) ကို အဓိကကျသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သော တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ဒေသတွင်းသို့ လေကြောင်းမှချထားသည်။
လက်နက်တိုက် သို့မဟုတ် ကွပ်ကဲရေးစခန်းကို သိမ်းပိုက်ရန် စီစဉ်သည့် စီးနင်းတိုက်ခိုက်မှု ဖြစ်သော်လည်း ထောက်လှမ်းရေးညံ့ဖျင်းမှုကြောင့် ထိုတပ်များသည် လက်နက်ကောင်းစွာ တပ်ဆင်ထားသည့် အရေးမလှသော နေရာသို့ ချပေးမိသောကြောင့် ၄ ရက်ကြာစစ်ပွဲတွင် အကုန်နီးပါး သေဆုံးကုန်သည်။
မြေပြင်တိုက်ခိုက်မှု ပြင်းထန်လာခြင်းကိုလည်း သူကမှတ်ချက်ပေးပြီး ထိုတိုက်ခိုက်မှုများတွင် ဂျက်လေယာဉ်များသည် ပထမဦးစွာ ဗုံးကြဲချပြီးနောက် ဒုံးကျည်ဖြင့်ပစ်ခတ်ကာ နောက်ဆုံးတွင် အမြောက်လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ပြောသည်။
မြန်မာလေတပ်လေယာဉ်များက လေကြောင်းပစ်ကူ အကြိမ်ကြိမ် လုပ်ပေးစေကာမူ မြန်မာစစ်သား ၄၇ ဦးသေဆုံးပြီး ၂၄ ဦးကို ဖမ်းမိကြောင်း TNLA သတင်းရင်းမြစ်များက နောက်ပိုင်းတွင် ပြောသည်။ ထိုအချက်သည် မှန်ကန်ဖွယ်ရှိပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း ရက်ပိုင်းကြာ ဆက်တိုက်ဖြစ်ပွားသည့် တိုက်ပွဲတခုအတွင်း မြန်မာစစ်တပ်မှ အသေအပျောက်အများဆုံး ဖြစ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် မတ်လက အနောက်ပိုင်း ချင်းပြည်နယ်၊ ပလက်ဝခရိုင်မှ အလားတူ အရှက်တကွဲ ရှုံးနိမ့်မှုကို နမ့်ဆန် တိုက်ပွဲက ပဲ့တင်ထပ်လိုက်ခြင်းသည် တိုက်ဆိုင်မှုမဟုတ်ပေ။ AA တပ်ဖွဲ့များ ဝိုင်းပတ်ပိတ်ဆို့ထားသည့် ကုလားတန်မြစ်မှ စခန်းတခုတိုက်ခိုက်ခံရမှု သက်သာစေရန် ပြုလုပ်သည့် စစ်ဆင်ရေးတွင် လေကြောင်းမှ ချထားပေးသည့်တပ်များ အဝိုင်းခံရကာ စစ်သား ၂၀ သေဆုံးပြီး ၃၆ ဦး အဖမ်းခံရသည်။ ထိုသို့ ဖမ်းဆီးခံရသူများတွင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တဦးပါဝင်ပြီး သူ့ကို ဖမ်းဆီးထားသူများက ရိုက်ကူးထားသော ဓာတ်ပုံတွင် ပတ်တီးများစီးပြီး အပြုံးအရယ်မရှိဘဲ သစ်ပင်တပင်တွင် ချည်နှောင်ထားသည်။
ထိုတိုက်ပွဲ နှစ်ခုကို ပေါင်းစပ်ကြည့်ပါက နာကျင်ဖွယ်သင်ခန်းစာများသည် နည်းပရိယာယ် အတွေ့အကြုံ မရှိခြင်းနှင့် မကြာသေးမီက တိုးတက်မှုရှိလာသော်လည်း လေကြောင်းချီ စစ်ဆင်ရေးနှင့် ပတ်သက်ပြီး လေ့လာစရာများစွာ လိုနေသေးသော စစ်တပ်တွင် အမြဲတစေ ထောက်လှမ်းရေး ညံ့ဖျင်းခြင်းကို ထင်ဟပ်နေသည်။ လူအင်အားနှင့် စိတ်ဓာတ်ရေးရာတွင် အကြီးအကျယ် တန်ဖိုးပေးဆပ်ရသောကြောင့် လက်နက်ကောင်းစွာ တပ်ဆင်ထားသော ရန်သူလွှမ်းမိုးသည့်ဒေသများသို့ ရဟတ်ယာဉ်ဖြင့် တပ်ဖွဲ့များ ပို့ဆောင်သည့် စစ်ဆင်ရေးမျိုး လာမည့်လများအတွင်း အကန့်အသတ်ဖြင့်သာ တွေ့ရတော့မည်ဖြစ်သည်။
စစ်ကောင်စီလေတပ်ဆိုင်ရာ လေ့လာသုံးသပ်ချက် ဒုတိယပိုင်းကို ဆက်လက် ဖော်ပြပါမည်။
(Asia Times မှ Anthony Davis ၏ Myanmar Air Force fiercely gunning to win the war ကို ဘာသာပြန် ဖော်ပြသည်။ Anthony Davis သည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦးဖြစ်သည်။)
You may also like these stories :
သူရဲဘောကြောင်သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ
အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ
ပစ်ခတ်မှုစနစ် ချို့ယွင်းနေသည့် JF 17 တိုက်လေယာဉ်များ စစ်ကောင်စီ ဝယ်ထားမိ
အငြိုးကြီးသော စစ်တပ်၏ ကချင်အပေါ် ပစ်မှတ်ထားမှု နောက်ကွယ်
CNF ဌာနချုပ် ဗုံးကြဲမှု လေကြောင်းအားကိုးဖြင့် အနိုင်ကျင့်ခြင်းသာ ဖြစ်ဟုဆို