ကမ္ဘာပေါ်က အာဏာရှင် လက်ကိုင်တုတ် စစ်တပ်အများစုဟာ အကြီးစား စစ်လက်နက်ကြီးတွေကို လှည့်လည်ပြသ ဗိုလ်ရှုခံတဲ့ စစ်ရေးပြပွဲကြီးတွေ ကျင်းပလေ့ရှိပါတယ်။
ရုရှားစစ်တပ် (ယခင်ဆိုဗီယက် ပြည်ထောင်စု)၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်စတဲ့ စစ်တပ်တွေဟာ သူတို့မှာ ပိုင်ဆိုင်တဲ့ စစ်လက်နက်တွေကို တင်ဆောင်ပြီး စစ်ရေးပြ အခမ်းအနားတွေ လုပ်လေ့ ရှိပါတယ်။
ဒီစစ်ရေးပြပွဲတွေကနေတဆင့် နိုင်ငံတကာကို သူတို့မှာ ဘယ်လိုလက်နက်စနစ်တွေ ပိုင်ဆိုင်နေပြီ ဖြစ်ကြောင်းပြပြီး အားစမ်းလေ့ ခြိမ်းခြောက်လေ့ ရှိတဲ့ ဓလေ့လည်း ရှိကြပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်ဟာလည်း အလားတူပဲ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့နဲ့ မတ်လ ၂၇ ရက် ဖက်ဆစ် တော်လှန်ရေးနေ့များမှာ ထိုသို့သော စစ်ရေးပြပွဲကြီးတွေကို လုပ်လေ့ ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင် ကိုယ်တိုင် ဗိုလ်ရှု ထွက်ခံတဲ့ စစ်ရေးပြပွဲကြီးကို စစ်ဗိုလ်ချုပ်တွေ ရုံးစိုက်ရာ နေပြည်တော်မှာ ကြီးကြီးမားမား လုပ်ခဲ့ပါတယ်။
ဒီစစ်ရေးပြပွဲဟာ အခြားသော အာဏာရှင်စစ်တပ်များနည်းတူပဲ လက်နက်စနစ်အသစ်တချို့ကို ပြပါတယ်။ ဒီ လက်နက်စနစ်တွေထဲကမှ တော်လှန်ရေးတပ်ဖွဲ့တွေကို အန္တရာယ်ပေးလာနိုင်တယ့် လက်နက်စနစ် နှစ်မျိုးကို ဆွေးနွေးသွားလိုပါတယ်။

ပထမလက်နက်စနစ်တမျိုးကတော့ တရုတ်လုပ် SY-300 ပဲ့ထိန်း အတွဲလိုက်ဒုံးပျံစနစ်ပဲ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ၂၀၁၇ ကာလလောက်ကတည်းက ဒီဒုံးပျံတွေကို ဝယ်ယူဖို့ မျက်စိကျနေတယ်လို့ သတင်းထွက်နေခဲ့ပါတယ်။
၂၀၂၀ ခုနှစ်အတွင်း နိုင်ငံတကာ ကာကွယ်ရေး လေ့လာသုံးသပ်သူ အသိုင်းအဝိုင်းမှာ မြန်မာစစ်တပ်ဟာ SY-400 အမျိုးအစားဒုံးပျံစနစ်တွေ ဝယ်ယူသွားတယ်လို့ သတင်းထွက်ခဲ့ပေမယ့် အတည်မပြုနိုင်ရာကနေ ဒီစစ်ရေးပြပွဲအရ SY -300 ဒုံးပျံစနစ်ကိုသာ ဝယ်သွားတာဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။
SY – 300 ဟာ တရုတ်ရဲ့ Weishi (WS) အတွဲလိုက်ဒုံးပျံစနစ်ကနေ ထုတ်လုပ်ထားတယ့် ဆင့်ပွားမျိုးကွဲတခု ဖြစ်ပါတယ်။ WS ဒုံးပျံစနစ်ကို တရုတ်နိုင်ငံ ချိန်တူမြို့ (Chengdu) အခြေစိုက် Sichuan Aerospace Industrial Corporation က ၁၉၉၀ ခန့်ကတည်းက မျိုးကွဲအမျိုးမျိုးနဲ့ ထုတ်လုပ်နေတယ့် ဒုံးပျံစနစ်ဖြစ်ပြီး SY-300 ဟာ နည်းပညာအဆင့်အတန်းအရ WS-2 နဲ့ WS-3 မျိုးကွဲကြားက ဒုံးပျံစနစ်တခုဖြစ်တယ်လို့ ပြောကြပါတယ်။
SY – 300 ဟာ တရုတ်ရဲ့ Baidu ဂြိုလ်တုတွေကို အခြေပြုထားတဲ့ GPS စနစ်ရော အရှိန်နဲ့ ပဲ့ထိန်းတဲ့ INS စနစ် (Inertia Navigation System) နှစ်မျိုးကို တွဲစပ်အသုံးပြုထားလို့ တိကျစွာပစ်ခတ်လို့ရတဲ့ ပဲ့ထိန်းဒုံးပျံစနစ် ဖြစ်တယ်လို့ တရုတ်ဘက်က ဆိုပါတယ်။
၃၀၀ မမ အရွယ်အစား ဒုံးပျံတွေ တပ်ဆင်ပစ်ခတ်နိုင်တာမိုလို့ စစ်ကောင်စီတပ်အတွက် အကြီးဆုံး ဒုံးပျံစနစ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ယမ်းချိန် ၁၅၀ ကီလိုဂရမ်အထိရှိတဲ့ ဒုံးပျံထိပ်ဖူးတွေတပ်ဆင်နိုင်ပြီး အကွာအဝေးအားဖြင့် ၄၀ ကီလိုမီတာ ကနေ ၁၃၀ ကီလိုမီတာ အထိဝေးတဲ့ ပစ်မှတ်တွေကို ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
ဒုံးပျံရဲ့လွှဲမှားနိုင်ခြေက(Circular Error Probability) မီတာ ၃၀ လို့ဆိုတဲ့အတွက် အတော်အတန် တိကျတယ်လို့ ဆိုနိုင်ပါတယ်။
စစ်ကောင်စီမှာ လောလောဆယ် ၁၂၂ မမနဲ့ ၂၄၀ မမ အတွဲလိုက်ဒုံးပျံစနစ်တွေကို ပိုင်ဆိုင်ထားပြီး စစ်မြေပြင်တွေမှာလည်း ထိထိရောက်ရောက် အသုံးပြုနေပါတယ်။ ၂၄၀ မမ အတွဲလိုက် ဒုံးပျံတွေကို စစ်တပ်က အာဏာမသိမ်းမီ ရခိုင်ပြည်နယ်မှာ AA နဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ စစ်အာဏာသိမ်းပြီးတဲ့နောက် ကရင်နီပြည်နယ် ဒီမော့ဆိုဒေသက PDF တွေကို တိုက်ခိုက်ရာ မှာ စစ်ကောင်စီဘက်က သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။
ဒီ SY – 300 ဒုံးပျံစနစ်ဟာ ရှေ့နှစ်တွေမှာ တော်လှန်ရေး တပ်ဖွဲ့တွေကို ဒုက္ခကြီးကြီးမားမား ပေးလာနိုင်တဲ့ လက်နက်စနစ် တခု ဖြစ်လာနိုင်တာ အသေအချာပဲ ဖြစ်ပါတယ်။
နောက်ထပ်ပြသသွားတဲ့ လက်နက်ကတော့ စစ်ကောင်စီရဲ့ ကိုယ်ပိုင်ထုတ် ကိုယ်ပိုင်ဒီဇိုင်းဆိုတဲ့ အပေါ့စား တင့်ကား (သို့) တင့်ဖျက်သံချပ်ကာယာဉ်ပဲ ဖြစ်ပါတယ်။ ဒီတင့်မကျ သံချပ်ကာမကျ တိုက်ယာဉ်ကို MMT- 40 လို့ စစ်ကောင်စီ အသိုင်းအဝိုင်းက ခေါ်ဆိုနေပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၁၀ ပြည့်လွန်နှစ်များကတည်းက ကိုယ်ပိုင်ဒီဇိုင်း ကိုယ်တိုင်ထုတ်လုပ်မှုဆိုတာတွေ ကျယ်ကျယ်လောင်လောင်ပြောနေခဲ့တာ ဖြစ်ပါတယ်။ ဖရီးဂိတ်စစ်ရေယာဉ်တွေ အမြန်သွား တိုက်ခိုက်ရေး စစ်ရေယာဉ် ဒီဇိုင်းဆွဲထုတ်လုပ်ရာကနေ ဒီနှစ်အတွင်းမှာ MTX – 1A နဲ့ MTX – 1B အမောင်းသင်လေယာဉ်တွေ ထုတ်လုပ်ပါတယ်လို့ ကြေညာတဲ့အထိ ခြေလှမ်းကြဲနေခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီတိုက်ယာဉ်ဟာ ဆိုဗီယက်နဲ့ တရုတ်စစ်တပ်က အပေါ့စားတင်နဲ့ သံချပ်ကာယာဉ်နှစ်စင်းကို ရောသမ မွှေပြီး ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် ဆိုဗီယက် ချိန်းတပ်သံချပ်ကာယာဉ်ကိုယ်ထည်ကို တရုတ်အမြောက်ဆုံလည်တင်ထားတယ့် ရောသမမွှေ တိုက်ယာဉ်တစင်း ဖြစ်ပါတယ်။
MMT-40 ရဲ့ ကိုယ်ထည်ဟာ ဆိုဗီယက်ခေတ်ထုတ်လုပ်ထားတယ့် 2S1 Gvozdika လို့ ခေါ်တဲ့ ၁၂၂ မမ အမြောက်တင် သံချပ်ကာယာဉ် ဖြစ်ပြီး ဒီဇိုင်း အနည်းငယ်ပြောင်း ထပ်ပိုးသံချပ်ကာအချို့ တပ်ဆင်ထားတာသာ ဖြစ်ပါတယ်။
အမြောက်ဆုံလည်ကတော့ တရုတ်စစ်တပ်က PTLO2 Assaulter သံချပ်ကာယာဉ်က ၁၀၅မမ အမြောက်ဆုံလည်ကို တင်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီအတွက် ဒီလိုဘုရားစူး ကိုယ်ပိုင်ဒီဇိုင်း စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုတွေဟာ မထူးဆန်းပါဘူး။ စစ်ကောင်စီ ရဲ့ကိုယ်ပိုင်ဒီဇိုင်း MTX – 1A လေယာဉ်ဟာ တရုတ်အမောင်းသင်လေယာဉ်ကို ကော်ပီကူးချထားတာပဲ ဖြစ်ပါတယ်။
ဒီယာဉ်တွေဟာ အများအပြား ထုတ်လုပ်လာနိုင်ရင် တိုက်ရိုက်ပစ်ကူအတွက် ထိထိရောက်ရောက် အသုံးချလို့ ရတဲ့ ယာဉ်တွေဖြစ်ပြီး ပစ်အားနဲ့ ထိန်းချုပ်ပြီး စခန်းသိမ်း တိုက်ပွဲဆင်နွှဲတာနဲ့ နယ်မြေစိုးမိုးရေး စစ်ဆင်ရေးများမှာလည်း ထိထိရောက်ရောက် အသုံးချလာနိုင်တဲ့ယာဉ်တွေ ဖြစ်ပါတယ်။
ဒီတော့ ဒီလက်နက်စနစ်အသစ် နှစ်မျိုးဟာ စစ်ကောင်စီစစ်တပ်ရဲ့ ရှေ့လျှောက် စစ်မြေပြင်တွေမှာ တွေ့လာရနိုင်တဲ့ လက်နက်တွေဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့များကို အထူး ဒုက္ခပေးလာနိုင်တဲ့ လက်နက်ဖြစ်ပါတယ်လို့ သတိပေးလိုပါတယ်ခင်ဗျား။
You may also like these stories:
စစ်ပွဲအောင်နိုင်ရေး စစ်ကောင်စီလေတပ် ရက်ရက်စက်စက် ပစ်ခတ်နေ
မြန်မာ့စစ်လက်နက်ထုတ်လုပ်မှု ကြီးထွားလာနေ
နေပြည်တော်က လွတ်လပ်ရေးနေ့ ဇာတ်ပွဲ
စစ်ရေးအသုံးစရိတ် စစ်ကောင်စီ ပိုတိုးချဲ့
စစ်ကောင်စီ ကိုယ်တိုင်ထုတ် လေ့ကျင့်ရေး လေယာဉ် MTX – 1A