အဲကမ္ဘောဇ (Air KBZ) နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) တို့ကို ပိုင်ဆိုင်သော 24 Hour ကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌ ဦးအောင်အောင်ဇော်သည် လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း နှင့် အခြားလုပ်ငန်းများ ချဲ့ ထွင်လုပ်ကိုင်ရန် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့ ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့က ခရီးထွက်ခဲ့သည်။
ထိုဒေသသည် အာဏာသိမ်းစစ်အုပ်စုက ကမကထပြုလုပ်ကာ ထူထောင်ပေးထားသော ကိုးကန့်နယ်ခြားစောင့်တပ် (BGF)၏ တရုတ်-မြန်မာ နယ်စပ်အနီးက ထိန်းချုပ်နယ်မြေဖြစ်ပြီး မူးယစ်ဆေးဝါး ၊ တရားမဝင်လောင်းကစားလုပ်ငန်းများစသည့် ရာဇဝတ်မှုများဖြင့် နာမည်ကျော်သော ဒေသတခုပင် ဖြစ်သည်။
ယခုခရီးစဉ်အတွင်း၌ 24 Hour ကုမ္ပဏီအုပ်စု နှင့် ကိုးကန့်နယ်ခြားစောင့်တပ် (BGF) တို့ကြား ရဟတ် ယာဉ်ဖြင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ဆောင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း ကိုးကန့်BGF က ထိန်းချုပ်ထားသော ကိုးကန့်သတင်း (Kokangnews)၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါ ရဟတ်ယာဉ် ခရီးသည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းအတွက် ကိုးကန့် BGF က ကိုယ်ပိုင် ရဟတ်ယာဉ်များ ဝယ်ယူမည်ဖြစ်ပြီး 24 Hour ကုမ္ပဏီဘက်က မောင်းနှင်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု နည်းပညာများကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ထို့အပြင် လေဆိပ်လိုင်စင်လျှောက်ထားခြင်းနှင့် လေဆိပ်တည်ဆောက်မှု အချက်အလက်တိုင်းတာခြင်းအစရှိသည့် ပဏာမလုပ်ငန်းများကို ပူးတွဲ ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။
နောက်ပိုင်းတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွက် မြို့ပြလေဆိပ်ငယ်တခု တည်ဆောက်ရန် အတွက်လည်း ရည်ရွယ်ထားကြသေးသည်။
ထိုသို့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်အတွက် ဦးအောင်အောင်ဇော်သည် ပထမအကြိမ်အဖြစ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးပယ်စောချိန်၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်၊ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလျှိုအားပေါက်၊ ဒုဥက္ကဋ္ဌ ကျောက်တယ်ချန်၊ အမှတ် (၁၀၀၆) နယ်ခြားစောင့်တပ် တပ်ရင်းမှူး ဗိုလ်မှူး ရန်ရှောက်ကျင့် နှင့် ကိုးကန့်ဒေသတွင်း နာမည်ကြီး ဟိုတယ် နှင့် အိမ်ခြံမြေလုပ်ငန်းဖြစ်သည့် Hanley Group၊ Yu Xiang ကဲ့သို့သော လုပ်ငန်းများမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံကာ ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်တပ် နှင့် ငြိမ်းချမ်းရေးရယူထားပြီး တရားဝင် နှင့် တရားမဝင် စီးပွားရေးလုပ်ငန်းပေါင်းများ လုပ်ကိုင်နေသော နယ်ခြားစောင့်တပ်(BGF) နှင့် စစ်အုပ်စု၏ ကျောထောက်နောက်ခံရှိသော ခရိုနီ စီးပွားရေးလုပ်ငန်းရှင်များကြား လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်းသည် ထူးဆန်းသောကိစ္စရပ် မဟုတ်ကြောင်း မြန်မာ့တိုင်းရင်းသားလက်နက်ကိုင်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော် ဇောက ဧရာဝတီသို့ ပြောသည်။
“ အခုခရီးစဉ်ကလည်း မင်းအောင်လှိုင်လွှတ်လို့ ရတဲ့ သဘောမျိုးပဲ။ သူတို့တွေ (ကိုးကန့်BGF) အတွက်ကတော့ ရဟတ်ယာဉ်ဝယ်တာလောက်အတွက် ပိုက်ဆံချမ်းသာကြပြီးသားပါ။ ကိုးကန့် ဒေသ မှာ အခုစစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ MNDAA ကို တန်ပြန်နိုင်ဖို့အတွက် ကိုးကန့်(BGF) ကို မက်လုံးပေးတဲ့ သဘောပဲ” ဟု ဆိုသည်။
၂၀၀၉ ခုနှစ်တွင် ကိုးကန့်အထူးအုပ်ချုပ်ခွင့်ရဇုန်နှင့် BGF ကို ထူထောင်ရန် ငြင်းဆန်သော ကိုးကန့် တပ်မတော် (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-MNDAA) ကို မြန်မာစစ်တပ်က ချေမှုန်းလိုက်ပြီး ထိုစစ်ပွဲအပြီး၌ MNDAA ဒုတိယ စစ်ဦးစီးချုပ်ဟောင်း ဘိုင်ဆိုချန် ဦးဆောင်သည့် ခွဲထွက်အဖွဲ့က မြန်မာစစ်တပ်အလိုကျ ကိုးကန့်ပြည်သူ့စစ် BGF ကို ဖွဲ့စည်းခဲ့ပြီး ကိုးကန့်စီးပွားရေး လုပ်ငန်းရှင် လျူကျန်ရှောင်ကလည်း ကိုးကန့် BGF တည်ထောင်သူအဖြစ် ပါဝင်ခဲ့သည်။
လျူကျန်ရှောင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံတိုး တက်ရေး ထူးထူးခြားခြား စွမ်းဆောင်ပေးသူများကိုပေးသည့် အမြင့်ဆုံးဆုကို ရရှိခဲ့သလို ကိုးကန့် BGF ခေါင်းဆောင်များသည် စစ်ဗိုလ်ချုပ်များ အကူအညီဖြင့် တရားမဝင် စီးပွားရေး လုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိကြပြီး စစ်တပ်ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများတွင်လည်း အထူးပါဝင်ခွင့် ရကြသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးအောင်အောင်ဇော် ဦးစီးပြီး ၂၀၀၃ ခုနှစ်တွင် စတင်ထူထောင်ထားသော 24 Hour ကုမ္ပဏီအုပ်စုသည် စစ်ခေါင်းဆောင်မင်းအောင်လှိုင် တပ်ချုပ်ရာထူးရယူပြီး ၂၀၁၃ ခုနှစ်နောက် ပိုင်းတွင် မြန်မာ့စီးပွားရေးတွင် ထင်မှတ်မထားလောက်အောင်ပင် လျင်လျင်မြန်မြန်ကြီးထွားခဲ့သော ကုမ္ပဏီတခုပင် ဖြစ်သည်။
၂၀၁၃ ခုနှစ်အရှေ့ပိုင်းတွင် အိမ်ခြံမြေလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း နှင့် နည်းပညာ ဝန်ဆောင်မှု လုပ်ငန်း အပြင် တနင်္သာရီတိုင်းအတွင်း ဆီအုန်း(မြေဧက ဟက်တာ ၅၀၀၀) စိုက်ပျိုးလုပ်ငန်းကိုသာ လုပ်ကိုင်ခဲ့သော ကုမ္ပဏီတခုသာ ဖြစ်သော်လည်း ယခုတွင် Air KBZ၊ MAI လေကြောင်းလိုင်းများ၊ စက်သုံးဆီနှင့် လေယာဉ်ဆီ တင်သွင်း ရောင်းချသော လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကုမ္ပဏီ၊ အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေးလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ အစရှိသော လုပ်ငန်းအများအပြား လုပ်ကိုင်နေသော မြန်မာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီးတခုအဖြစ် ရပ်တည်နေသည်။
24 Hour ကုမ္ပဏီအုပ်စု၏ ပထမဆုံးကုမ္ပဏီဖြစ်သော 24 Hour အထွေထွေဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီတွင်မူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစု အပါအဝင် စစ်ဗိုလ်ချုပ်အဟောင်း၊ အသစ် များနှင့် ရင်းနှီးသော ဆက်ဆံရေးသည့် ဦးဇော်ဝင်းရှိန် (ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီလီမိတက်) ကလည်း ကုမ္ပဏီ၏ ဒါရိုက်တာအဖြစ် ပါဝင်ခဲ့ကြောင်း ကုမ္ပဏီ၏ မှတ်တမ်းများအရ သိရသည်။
ထိုသို့ ဦးအောင်အောင်ဇော်သည် လုပ်ငန်းအများအပြားတိုးချဲ့ လုပ်ကိုင်နိုင်ရာတွင် စိတ်ဝင်စားဖွယ်ရာ အချက်တခုရှိနေသေးသည်။ ထိုအချက်မှာ မြန်မာ့ခရိုနီဖခင်ကြီးဟု ခေါ်ဆိုနိုင်သော ကမ္ဘောဇလုပ်ငန်း စု(KBZ) တည်ထောင်သူ ဦး အောင်ကိုဝင်း ၏ လုပ်ပိုင်ခွင့်ရရှိထားခဲ့သော လုပ်ငန်းများ နှင့် လုပ်ကိုင်နေ ဆဲလုပ်ငန်းများကိုပါ လက်ပြောင်းလုပ်ပိုင်ခွင့်ရရှိသော စီးပွားရေးလုပ်ငန်းရှင်အနည်းငယ်ထဲမှ တဦး ဖြစ်နေခြင်း ဖြစ်သည်။
ဦးအောင်ကိုဝင်းသည် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ မြီရှင်အကြီးစားလည်း ဖြစ်ပြီး ခရိုနီလက်သစ်များကို စီးပွားရေး အခွင့်အလမ်းများ ဖန်တီးပေးသည်ဟု ခေါင်းစဉ်တပ်ပြီး မြန်မာစစ်တပ်၏ အခွင့်အာဏာရှိသူများနှင့် တွေ့ဆုံခွင့်ရရှိစေခြင်း၊ ၎င်း၏ ကမ္ဘောဇဘဏ်က ငွေကြေးများ ထောက်ပံ့ပေးပြီး စီးပွားရေး အကျိုးအမြတ်များမည့် စီမံကိန်းများကို လုပ်ကိုင်စေသူလည်းဖြစ်သည်။
ဦးအောင်အောင်ဇော်၏ 24 Hour ကုမ္ပဏီအနေဖြင့် ဦးအောင်ကိုဝင်းထံမှ လုပ်ကိုင်ပိုင်ခွင့်ရရှိခဲ့သော ထင်သာမြင်သာအရှိဆုံး လုပ်ငန်းများမှာ Air KBZ နှင့် MAI လေကြောင်းလိုင်းများပင်ဖြစ်သည်။
ယခင်က နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သော MAI ၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၀ ပြည့်နှစ်တွင် ကမ္ဘောဇစီးပွားရေးလုပ်ငန်းစုက ဝယ်ယူခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း၊ပြည်ပ နိုင်ငံပေါင်း ၁၆ နိုင်ငံကျော်ကို လေကြောင်းခရီးစဉ်များ ပြေးဆွဲနေသော ထိုလေ ကြောင်းလိုင်း ၂ ခုကို ကမ္ဘောဇစီးပွားရေးလုပ်ငန်းစု (KBZ) ထံမှ 24 Hour ကုမ္ပဏီ က ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ အရောင်းအဝယ်တန်ဖိုးများနှင့် ပတ်သက်ပြီး ကုမ္ပဏီနှစ်ဖက်စလုံးက တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိပေ။
ဦးအောင်အောင်ဇော်၏ 24 Hour ကုမ္ပဏီအုပ်စုက ထိုလေကြောင်းလိုင်း နှစ်ခုကို ဝယ်ယူလိုက်ပြီး ၂၀၁၉ ခုနှစ်အတွင်း၌ တစင်းလျှင် အမေရိကန်ဒေါ်လာသန်း ၆၀ မှ သန်း ၈၀ ကျော်ရှိသော ပြင်သစ်နိုင်ငံ ထုတ် Airbus A319-112 နှင့် ဘရာဇီးနိုင်ငံထုတ် Embraer ခရီးသည်တင် လေယာဉ်အမျိုးအစား ၁၀ စင်းခန့် ထပ်မံဝယ်ယူအားဖြည့်ခဲ့သည်။
လက်ရှိအချိန်တွင် MAI နှင့် Air KBZ လေကြောင်းလိုင်းတွင် ခရီးသည်တင်လေယာဉ် အစင်း ၂၀ ရှိပြီး Airbus အမျိုးအစား လေယာဉ် ၈ စင်း ၊ ART 72 လေယာဉ် ၈ စင်း နှင့် Embraer 190 လေယာဉ် ၄ စင်း တို့ဖြစ်ကြောင်း 24 Hour ကုမ္ပဏီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
လတ်တလော မြန်မာ့လေကြောင်းကဏ္ဍတွင် ပြည်ပခရီးစဉ်ပြေးဆွဲနိုင်သော လေကြောင်းလိုင်း ၃ ခုသာရှိပြီး တခုမှာ နိုင်ငံပိုင်လုပ်ငန်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) နှင့် 24 Hour ကုမ္ပဏီပိုင် Air KBZ၊ MAI လေကြောင်းလိုင်းဖြစ်ကာ ထိုအခြေအနေကို ကြည့်ခြင်းအားဖြင့် မြန်မာ့လေကြောင်းကဏ္ဍကို လက်ဝါးကြီးအုပ်ထားသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။
ကမ္ဘောဇလုပ်ငန်းစု၏ ရှမ်းပြည်နယ်ရှိ သတ္တုတွင်းလုပ်ငန်းတချို့ နှင့် တနင်္သာရီတိုင်း၊ ပြည်ထောင်စု လမ်းမကြီး လမ်းဘေးဝဲယာရှိ ဧကသောင်းချီရှိသော ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများကို ဦးအောင်အောင်ဇော်၏ 24 Hour ကုမ္ပဏီကပင် လက်လွှဲရယူနိုင်ခဲ့ကြောင်း ကုမ္ပဏီ၏ မှတ်တမ်းများ နှင့် ပြည်တွင်းသတင်းမီဒီယာများ၏ သတင်းဖော်ပြချက်များအရ သိရသည်။
ထို့အပြင် 24 Hour ကုမ္ပဏီသည် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Kispanaddi ကမ်းနားအိမ်ရာစီမံကိန်း၊ ရှမ်းပြည်နယ် ဟဲဟိုး အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း၊ ကလော၌ ခရီးသွားလုပ်ငန်း အခြေပြု ပြတိုက် နှင့် ရုက္ခဗေဒ ဥယျာဉ်စီမံကိန်း၊ အင်းလေးဒေသတွင် Inle Tourism Park စီမံကိန်းတို့ကို လုပ်ဆောင်လျက်ရှိသလို လျှပ်စစ် မဂ္ဂါဝပ် ၆၆၀ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေးစီမံကိန်းတခုကိုလည်း တနင်္သာရီတိုင်းဒေသတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်လျက်ရှိနေသည်။
ယခုလို ဆယ်စုနှစ်အတွင်းတွင် 24 Hour ကုမ္ပဏီအုပ်စုအနေဖြင့် လုပ်ငန်းပေါင်းများစွာကို တိုးချဲ့ လုပ်ကိုင်လာနိုင်ခဲ့သလို ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်တွင်လည်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံမှ လုပ်ငန်းကို ရပ်ဆိုင်းပြီး ပြန်ထွက်ခွာသွားခဲ့သော ဩစတြေးလျကုမ္ပဏီ Mallee Resources ၏ ဘော်တွင်းသတ္တုတူးဖော်ရေး စီမံကိန်းမှ ၎င်းတို့၏ ရှယ်ယာများကို 24 Hour ကုမ္ပဏီက ဝယ်ယူခွင့်ရရှိခဲ့သေးသည်။
Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် က “ဦးအောင်အောင်ဇော် ဦးဆောင်တဲ့ 24 Hour လုပ်ငန်းစုပိုင် MAI ဟာ စစ်ကောင်စီရဲ့ အဓိကစီးပွားရေး မိတ်ဖက်တခုပဲ ဖြစ်ပါတယ်။ MAI နဲ့ မြန်မာ့လေတပ်တို့က လေယာဉ်တွေကို မျှဝေသုံးစွဲတာတွေ ရှိသလို အကြမ်းဖက် စစ်ခေါင်းဆောင်တွေအတွက် စီးပွားရေးလုပ်ငန်းတွေနဲ့ စစ်လက်နက် ဝယ်ယူမှုတွေကို ဆွေးနွေးခဲ့တဲ့ ရုရှားခရီးစဉ်အပါအဝင် နိုင်ငံတကာခရီးစဉ်တွေ သွားရောက်ရာမှာ MAI အမှတ်တံဆိပ်ပါ လေယာဉ်ကို အသုံးပြုနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
Justice for Myanmar သည် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် တရားမဝင်စီးပွားရေးလုပ်ငန်းများအကြောင်း ဖော်ထုတ်နေသော လွတ်လပ်သည့် အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်သည်။
မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် နက်ရှိုင်းသည့် ဆက်နွယ်မှုရှိသော 24 Hour လုပ်ငန်းစုတို့သည် Mallee Resources ကဲ့သို့ စတော့အိတ်ချိန်းစာရင်းဝင် လုပ်ငန်းကြီး၏ လုပ်ငန်းခွဲ လွဲပြောင်းရောင်းချမှု၊ ငွေကြေးလွှဲပြောင်းမှုများတွင် ငွေကြေးခဝါချမှု အန္တရာယ်များ ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် 24 Hour လုပ်ငန်းစုနှင့် စစ်ကောင်စီကြား တခြားသောစီးပွားရေး ဆက်နွယ်မှုများမှာ စစ်ကောင်စီထိန်းချုပ်မှုအောက်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ထုတ်လုပ်ရေး ရှယ်ယာစာချုပ် ချုပ်ဆိုထားသော တနင်္သာရီနှင့် စစ်ကိုင်းတိုင်းဒေသများတွင် တူးဖော်သော ထုံးကျောက်နှင့် ကျောက်မီးသွေးအကြီးစား သတ္တုတူးဖော်ရေးလုပ်ငန်း၊ မြန်မာအစိုးရမှ ရိုဟင်ဂျာများထံက သိမ်းယူထားသည့် မြေနေရာပေါ်တွင် စစ်တွေ ကမ်းနားလမ်း ဖော်ဆောင်ရေးစီမံကိန်းများလည်း ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒါကြောင့် 24 Hour ကုမ္ပဏီများအုပ်စုအပါအဝင် အကြမ်းဖက် စစ်ကောင်စီကို ပံ့ပိုးကူညီနေကြတဲ့ အခြားသောစီးပွားရေးလုပ်ငန်းအားလုံးတို့ကို အမြန်ဆုံး ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဆောင်ဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်”ဟု မရတနာမောင်က ဆိုသည်။
You may also like these stories:
ထွန်းမင်းလတ်နဲ့ မင်းအောင်လှိုင်မိသားစု ဘယ်လိုရင်းနှီးသလဲ
စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော
ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း
စစ်ခေါင်းဆောင် မိသားစု၏ ရှေ့ထွက်မင်းသား ဦးမောင်မောင်နိုင်
၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် ခရိုနီ ဖခင်ကြီး ဦးအောင်ကိုဝင်း