စစ်ရေး
စစ်တပ်အာဏာသိမ်းသည့် ၂ နှစ်အတွင်း ထိပ်ရောက်နေသည့် ပြဿနာ ဖြစ်သည်။ လွှမ်းမိုးနေသည့် ပြဿနာလည်း ဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီး ၃ လခန့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြပွဲများအား စစ်တပ်က အင်အားသုံး အကြမ်းဖက် ဖြိုခွဲသည့်နောက်ပိုင်း လက်နက်ကိုင် ခုခံတိုက်ခိုက်မှုများ တပြည်လုံးတွင် တွေ့ရသည်။
အပြင်းထန်ဆုံးဟု ဆိုရမည့် ဒေသများမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ဟု ဆိုရမည်။
မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်တို့တွင်လည်း တိုက်ခိုက်မှုများ မပြတ်သကဲ့သို့ တင်းမာမှုများ မြင့်တက်နေသည်။ တိုက်ခိုက်မှု အနည်းဆုံးမှာ ဧရာဝတီတိုင်း၊ ရှမ်းတောင်နှင့် ရှမ်းအရှေ့တို့ ဖြစ်သည်ဟု ဆိုနိုင်သော်လည်း လုံးဝမရှိသည်တော့ မဟုတ်ပေ။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ပြည်တွင်း လက်နက်ကိုင်ပုန်ကန်မှု အခြေအနေနှင့် လက်ရှိ ၂ နှစ်တာကာလ အခြေအနေသည် ကွာခြားသကဲ့သို့ ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးနောက် ကြုံတွေ့ရသည့် အခြေအနေနှင့် လက်ရှိ ၂ နှစ်တာ ကာလအခြေအနေသည်လည်း များစွာကွာခြားသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ပြည်တွင်း လက်နက်ကိုင်ပုန်ကန်မှု အခြေအနေနှင့် လက်ရှိ ၂ နှစ်တာကာလ အခြေအနေသည် ကွာခြားသကဲ့သို့ ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးနောက် ကြုံတွေ့ရသည့် အခြေအနေနှင့် လက်ရှိ ၂ နှစ်တာ ကာလအခြေအနေသည်လည်း များစွာကွာခြားသည်။
ယခု ၂ နှစ်တာကာလ လက်နက်ကိုင် ပုန်ကန်မှု အခြေအနေသည် မြန်မာပြည် လက်နက်ကိုင်ပုန်ကန်မှုသမိုင်းတွင် တခါမှ မရှိဖူးသေးသည့် အခြေအနေဖြစ်သည်။ တပြည်လုံး အနှံ့အပြား ပုန်ကန်တိုက်ခိုက်မှု ဖြစ်နေသည်။
ကျေးလက်တောင်တန်းများသာမက ရန်ကုန်၊ မန္တလေးမြို့ကြီးပြကြီးများတွင်ပါ တိုက်ခိုက်ခိုက်မှုများ ပုံစံမျိုးစုံနှင့် ဖြစ်နေသည်ကို တွေ့နေရသည်။ မူလရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အခံပေါ်တွင် ဒီမိုကရေစီ အင်အားစုများ၊ မျိုးဆက်သစ်များ၏ လက်နက်ကိုင်ပုန်ကန်မှုက မြန်မြန်ဆန်ဆန် ကျယ်ပြန့်ကြီးထွားလာသည်ဟု ဆိုရမည်။
လက်ရှိ ပြည်တွင်းစစ်တွင် စစ်တပ်ဖက်က အခြေအနေကိုကြည့်လျင် မြို့ကြီးပြကြီးများနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို အဓိက ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။ စစ်တပ်သည် စစ်အင်အားကို တိုးချဲ့ထားသည်ဆိုသော်လည်း တပြည်လုံး အနှံ့အပြား ရင်ဆိုင်ရသည့်အတွက် စစ်အင်အား မလုံလောက်သည့် ပြသနာကို ရင်ဆိုင်နေရသည်။
အဓိက မြေပြင်စိုးမိုးမှုကို တာဝန်ယူရသည့် ကြည်းတပ်တွင် တိုက်ခိုက်ရေးအင်အား သိသာစွာ လျော့ကျနေပြီး တိုက်စိတ်ခိုက်စိတ်နှင့် တိုက်ရည်ခိုက်ရည်လည်း လျော့ကျနေသည်။
တပြည်လုံးရှိ စစ်တိုင်းဌာနချုပ် ၁၄ ခု နယ်မြေများတွင် တိုင်းတပ်တပ်ရင်း ၂၀၀ ကျော်အပြင် တပ်မနှင့် စကခ ၃၀ မှ တပ်ရင်း ၃၀၀ အား ဖြန့်ခွဲ နေရာချပြီး ရင်ဆိုင်ထားရသဖြင့် ဒေသတခုအား အင်အား အလုံးအရင်း စုစည်းအသုံးပြုပြီး စစ်ဆင်ရေး လုပ်နိုင်ခြင်း မရှိတော့ပေ။
စစ်ဆင်ရေးနယ်မြေအလိုက်တွင်လည်း စစ်ဆင်ရေး အကြီးဆုံးအဖြစ် ဗျူဟာတခုအထိသာ စုစည်းထိုးစစ်ဆင်နိုင်တော့သည်။ ထို့ပြင် စစ်တပ်၏ တပ်စခန်းတခု အတိုက်ခံရလျင် မြေပြင်စစ်ကူပေးနိုင်ခြင်း မရှိတော့ပေ။ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူသာပေးနိုင်သည်ကို တွေ့ရသည်။
စစ်ဆင်ရေး ပြုလုပ်တိုက်ခိုက်နိုင်ခြင်း မရှိသဖြင့် စစ်တပ်က အဓိကထား လုပ်နေသည်မှာ မြေလှန်စနစ်ဖြစ်သည်။ ထောက်ခံသည့် လူထုရှိ၍ ပုန်ကန်မှု ရှိနေသည်ဟု သတ်မှတ်ပြီး ကျေးရွာများ၊ အရပ်သားပိုင် စပါးဂိုဒေါင်၊ လယ်ထွန်စက်မှအစ ဘာသာရေး အဆောက်အအုံများမကျန် မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပိုင် ဥစ္စာပစ္စည်းများ လုယူခြင်း၊ တွေ့ရှိသည့်အရပ်သားများအား သတ်ဖြတ်ခြင်းများ ပြုလုပ်သည်ကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်တို့ တွင် အများဆုံး တွေ့ရသည်။
ထောက်ခံသည့် လူထုရှိ၍ ပုန်ကန်မှု ရှိနေသည်ဟု သတ်မှတ်ပြီး ကျေးရွာများ၊ အရပ်သားပိုင် စပါးဂိုဒေါင်၊ လယ်ထွန်စက်မှအစ ဘာသာရေး အဆောက်အအုံများမကျန် မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပိုင် ဥစ္စာပစ္စည်းများ လုယူခြင်း၊ တွေ့ရှိသည့်အရပ်သားများအား သတ်ဖြတ်ခြင်းများ ပြုလုပ်သည်ကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်တို့ တွင် အများဆုံး တွေ့ရသည်။
ထို့အတူ အရပ်သားပိုင်အဆောက်အအုံများ၊ စီးပွါးရေးလုပ်ငန်းများ၊ ဆေးရုံများ၊ ကျောင်းများ၊ ပွဲလမ်းသဘင်များပါမကျန် လေကြောင်းမှ တိုက်ခိုက်ခြင်းကို တပြည်လုံးအနှံ့ နေ့ညမရွေး ပြုလုပ်နေသည်ကို တွေ့ရသည်။ စစ်တပ်အာဏာသိမ်းသည့် ၂ နှစ်အတွင်း တပြည်လုံးအနှံ့ အိုးအိမ် အဆောက်အအုံပေါင်း ၄၀၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းခံရသည်ဖြစ်ရာ တရက်လျှင် ပျမ်းမျှ အိုးအိမ် ၅၅ လုံးမျှ မီးရှို့ဖျက်ဆီးခြင်းခံနေရသည်။
ဤသို့ ပြုမူလုပ်ဆောင်ခြင်းကြောင့် တဖက်က လူထု ဆုံးရှုံးနစ်နာထိခိုက်မှု ကြီးမားသကဲ့သို့ တဖက်ကလည်း မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုများဖြင့် ပြည့်နှက်နေသည့် ကျင့်ဝတ်သိက္ခာ မရှိသည့် စစ်တပ်တတပ်အဖြစ် ပို၍ ပုံပျက်လာနေသည်။
လက်ရှိစစ်မြေပြင်တွင် မြန်မာစစ်တပ်၏ စစ်ဆင်ရေးဆိုသည်မှာ ရွာစဉ်ပတ်၍ လုယက်မီးရှို့ခြင်းသာဖြစ်သည်။ တိုက်ပွဲဖြစ်သည်နှင့် အရပ်သားမြို့ရွာများကို လေယာဉ်နှင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းက မြန်မာစစ်တပ်၏ လက်တွေ့စစ်ဆင်ရေး ဆောင်ရွက်ချက်များဖြစ်သည်။
တကယ်တန်း လက်နက်ကိုင်ပုန်ကန်တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများကို တိုက်ခိုက်နိုင်ခြင်း မရှိပေ။ ဤသည်ကား စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း တွေ့ရသည့် မြန်မာစစ်တပ် အခြေအနေ ဖြစ်သည်။
စစ်တပ်၏ အားသာချက်အပိုင်းကို ကြည့်လျှင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူပေးနိုင်မှု၊ ခဲယမ်းမီးကျောက် ပေါပေါများများ သုံးစွဲနိုင်မှုနှင့် စစ်တပ်ဘတ်ဂျက်အား နိုင်ငံတော်ဘဏ္ဏာမှ ကြိုက်သလောက်သုံးစွဲနိုင်ခြင်းတို့ကို တွေ့ရသည်။
ထို့ပြင် စစ်တပ်အတွင်းမှ CDM ပြုလုပ်၍ အလွယ်တကူ မစွန့်ခွာနိုင်စေရန် မက်လုံးပေးခြင်း၊ အခွင့်အရေး ပေးခြင်းနှင့် ထိန်းချုပ်ခြင်းတို့ ပေါင်းစပ်လုပ်ကိုင်ရာ ဒုတိယနှစ်တွင် ပထမတနှစ်လောက် တပ်ကို စွန့်ခွါသူ မများအောင် ထိန်းလာနိုင်သည်ကို တွေ့ရသည်။
သို့သော်လည်း ဤ ၂ နှစ်တာကာလအတွင်း စစ်တပ်က မြေပြင်ကို ထိန်းချုပ်နိုင်စွမ်းကတော့ သိသိသာသာ လျော့ကျသွားသည်။ ကျေးလက်တောင်တန်းများတွင်သာမက ရန်ကုန်မြို့တွင်ပင်လျှင် လမ်းဆုံလမ်းထောင့်တိုင်း နှစ်ထပ်ဘန်ကာများဆောက်၍ အသင့်အနေအထားဖြင့် နေထိုင်ရသည်။
ဤ ၂ နှစ်တာကာလအတွင်း စစ်တပ်က မြေပြင်ကို ထိန်းချုပ်နိုင်စွမ်းကတော့ သိသိသာသာ လျော့ကျသွားသည်။ ကျေးလက်တောင်တန်းများတွင်သာမက ရန်ကုန်မြို့တွင်ပင်လျှင် လမ်းဆုံလမ်းထောင့်တိုင်း နှစ်ထပ်ဘန်ကာများဆောက်၍ အသင့်အနေအထားဖြင့် နေထိုင်ရသည်။
ထို့ပြင် ဤ ၂ နှစ်ကာလအတွင်း တိုက်ပွဲကြီးငယ် စုစုပေါင်း ၈၀၀၀ ကျော်ဖြစ်ခဲ့ရာ တရက်လျင် ပျမ်းမျှ တိုက်ပွဲ ၁၁ ပွဲနှင့် အထက် ဖြစ်ခဲ့သည်။ တိုက်ပွဲမရှိသည့်နေ့ စစ်တပ်က အကျအဆုံးမရှိသည့်နေ့ မရှိသလောက်ဖြစ်နေသည်ဟု ဆိုရမည်။
သို့ဖြစ်ရာ အင်အားလျော့ကျနေသော တပ်များကို ဖြည့်တင်းရန် ခက်ခဲနေသည်။ ယခုအခါ လက်ရုံး တပ်ဖွဲ့မှ တပ်သားများအား ထုတ်နှုတ်ပြီး တိုက်ခိုက်ရေးတပ်ရင်းများသို့ ဖြည့်တင်းသည်ကိုလည်းကောင်း၊ အခြေစိုက် တပ်ဌာနချုပ်များတွင် အိမ်ထောင်သည်အမျိုးသမီးများ၊ မိသားစုဝင်များအား စစ်သင်တန်းပေး၍ လက်နက်တပ်ဆင်ပေးပြီး စခန်းလုံခြုံရေး တာဝန်ပေးသည်ကိုလည်းကောင်း တွေ့မြင်နေရသည်။
ဤ ၂ နှစ်အတွင်း ဒီမိုကရေစီ အင်အားစုဘက်မှ အခြေအနေမှာ စိတ်ဓါတ်ရေးရာအရ ကောင်းမွန်သည်။ တပြည်လုံးအနှံ့ ပုန်ကန်ထကြွသည်။
စစချင်း တွေ့ရသည့်ပြသနာမှာ စစ်ပွဲအတွေ့အကြုံမရှိခြင်း၊ တူမီး အစရှိသည့် ရရာလက်နက်နှင့် တိုက်ပွဲဝင်ရခြင်း၊ ဘတ်ဂျက်မရှိသည့်အပြင် တစုတစည်းထဲသော ခေါင်းဆောင်မှုမရှိခြင်းက အဓိကပြဿနာဖြစ်နေသည်။ NUG ပေါ်ပေါက်လာပြီးနောက် နွေဦးတော်လှန်ရေးတွင် စတင်ခဲ့သည့်အင်အားစုများရော ယခင်တိုင်းရင်းသားအဖွဲ့များကိုပါ စုစည်းနိုင်ရန် ကြိုးပမ်းခဲ့သည်။
၂၀၂၁ လက်နက်ကိုင်ခုခံတိုက်ပွဲဝင်မှုသည် ၁၉၄၈ ခုနှစ် ပြည်တွင်းစစ် စတင်ခဲ့ကတည်းက တွေ့ရသည့်ပုံစံများနှင့် ကွဲလွဲသည်။ ယခင်က တွေ့ရသည့် ပုံစံတခုမှာ ပါတီအဖွဲ့အစည်းတခု၏ ခေါင်းဆောင်မှုဖြင့် လက်နက်ကိုင် တိုက်ခိုက်ခြင်း ဖြစ်သည်။ ထိုလက်နက်ကိုင်အင်အားစုများတွင် ခေါင်းဆောင်မှုရှိပြီးဖြစ်ပြီး ထိုခေါင်းဆောင်မှု၏ ဆုံးဖြတ်ချက်အောက်တွင် လှုပ်ရှားကြသည်။
ဒုတိယ တွေ့ရသည့် ပုံစံတခုမှာ လက်နက်ကိုင်တိုက်မှ ရမည်ဟု ယုံကြည်ချက်ရှိသူများက လူသူစုစည်း၍ လေ့ကျင့် သင်တန်းပေး လက်နက်တပ်ဆင်ပြီး လက်နက်ကိုင် တိုက်ခိုက်ခြင်းဖြစ်သည်။ သူ့တွင်လည်း ခေါင်းဆောင်မှုစနစ် ရှိပြီးဖြစ်သည်။
ယခုပုံစံက ယခင်ပုံစံများနှင့် မတူခြားနားမှုရှိ၏။ ဤအကြိမ် လက်နက်ကိုင်ပုန်ကန်မှုသည် အဖွဲ့အစည်းတခု၊ ပါတီတခု၏ ဆုံးဖြတ်ချက်နှင့်ပေါ်ပေါက်လာခြင်း မဟုတ်သကဲ့သို့ လက်နက်ကိုင်တိုက်ခိုက်ရန် လေ့ကျင့်ပြင်ဆင်ပြီး တိုက်ခိုက်ခြင်းလည်း မဟုတ်ပေ။
ယခုအကြိမ်သည် စစ်တပ်၏ အာဏာသိမ်းမှုကို လက်မခံသည့် မြန်မာပြည်အနယ်နယ် အရပ်ရပ်မှ လူထုများက မခံမရပ်နိုင်လွန်း၍ ကိုယ့်ဒေသနှင့်ကိုယ်၊ ကိုယ်အစီအစဉ်နဲ့ကိုယ် ပြန်လည်တိုက်ခိုက်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ယခုအကြိမ်သည် စစ်တပ်၏ အာဏာသိမ်းမှုကို လက်မခံသည့် မြန်မာပြည်အနယ်နယ် အရပ်ရပ်မှ လူထုများက မခံမရပ်နိုင်လွန်း၍ ကိုယ့်ဒေသနှင့်ကိုယ်၊ ကိုယ်အစီအစဉ်နဲ့ကိုယ် ပြန်လည်တိုက်ခိုက်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဖွဲ့စည်းလေ့ကျင့်မှု မရှိ၊ လက်နက်တပ်ဆင်မှု မရှိဘဲ ရရာလက်လုပ်သေနတ်များဖြင့် တုန့်ပြန်တိုက်ခိုက်ရာမှ ပေါ်ပေါက်လာခြင်း ဖြစ်၏။ ကိုယ်နယ်နှင့် ကိုယ်၊ ကိုယ်အစုနှင့် ကိုယ် ခေါင်းဆောင်မှုရှိသော်လည်း တပြည်လုံးအတိုင်းအတာ ဆောင်သည့် ဦးစီးမှု မရှိဘဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
NUCC/CRPH/ NUG တို့ ပေါ်ပေါက်လာခြင်းမှာ တစုတစည်းတည်း ခေါင်းဆောင်မှုကို ဖြေရှင်းရန်ပေါ်ပေါက်လာသည်ဟု ဆိုရမည်။ NUG သည် တဖက်က PDF ကို ဦးဆောင်ဖွဲ့စည်းပြီး နွေဦးတော်လှန်ရေးအင်အားများကို စုစည်းသကဲ့သို့ တဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်း မဟာမိတ်ဖွဲ့နိုင်ရန် ကြိုးပမ်းရသည်။
ဤဖြစ်စဉ်သည် ၂ နှစ်တာကာလအတွင်း အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သည်တော့ မဟုတ်ပေ။ မတူသောအမြင်များ၊ မတူသော ဖြတ်သန်းမှုများနှင့်အတူ ကွဲလွဲမှုများကို မလွဲမရှောင်သာ ရင်ဆိုင်ရသည်။ မတူသောပုံစံများနှင့် ဖြေရှင်းခဲ့သည်ကို တွေ့ရသည်။
ချင်း၊ ကရင်နီပြည်နယ်များတွင် CDF/KNDF စသည့် အမျိုးသား လက္ခဏာပါသည့် ကာကွယ်ရေး တပ်ဖွဲ့များ ဖွဲ့စည်းပြီး ချိတ်ဆက်သည်။ ကချင်ပြည်နယ်မှာတော့ KPDF အနေနှင့် ပြည်နယ်လက္ခဏာနှင့် ဖွဲ့စည်း၏။ ကျန်ဒေသများတွင် စစ်ဒေသများ ဖွဲ့စည်းပြီး PDF အမည်ဖြင့် ဖွဲ့စည်းသည်။
ယခုအခါ PDF တပ်ရင်း ၃၀၀ ခန့် ဖွဲ့စည်းထားနိုင်ပြီး ဒေသခံ PDF အဖွဲ့ပေါင်း ၄၀၀ ခန့်နှင့် ချိတ်ဆက်ထားနိုင်သည်ဟု ဆိုသည်။ PDF တပ်ရင်းတရင်းလျှင် အင်အား ၂၀၀ ခန့်နှင့် ဖွဲ့ရာ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် အင်အား ၆၀၀၀၀ ခန့် စုစည်းထားနိုင်သည်ကို တွေ့ရ၏။ ဒေသခံ PDF အဖွဲ့များ၏ အင်အားမပါသေးပေ။
ထို့ပြင် PRA/PLA/BPLA စသည့် အခြားအမည်များနှင့် တပ်ဖွဲ့များလည်း ရှိသေးသည်။ ထိုအဖွဲ့များသည်လည်း အင်အား ရာဂဏန်းမှ ထောင်ဂဏန်းထိရှိပြီး အချို့က NUG နှင့်ချိတ်ဆက်ပြီး အချို့က တိုင်းရင်းသားအဖွဲ့များနှင့် ချိတ်ဆက်ထားသည်ကို တွေ့ရသည်။
လက်နက်ကိုင်အင်အားစုအားလုံး တစုတစည်းတည်း မဖြစ်သေးသော်လည်း အများစုကို စည်းရုံးနိုင်သည် သို့မဟုတ် ချိတ်ဆက်နိုင်သည့်ကို ၂ နှစ်တာကာလတွင် တွေ့ရသည်။
ဤ ၂ နှစ်တာကာလအတွင်း ထိုတပ်ဖွဲ့များသည် အခြေခံစစ်သင်တန်းများ တက်ရောက်နိုင်ခဲ့သည်။ တိုက်ပွဲ အတွေ့အကြုံ တစုံတရာ ရရှိလာသည်။ အချို့တပ်ဖွဲ့များ လက်နက်ခဲယမ်း အပြည့်အစုံ တပ်ဆင်နိုင်ပြီ ဖြစ်သော်လည်း အချို့အဖွဲ့များ ကတော့ တဝက်ခန့်သာ တပ်ဆင်နိုင်သေးသည်။
ဤ ၂ နှစ်တာကာလအတွင်း ထိုတပ်ဖွဲ့များသည် အခြေခံစစ်သင်တန်းများ တက်ရောက်နိုင်ခဲ့သည်။ တိုက်ပွဲ အတွေ့အကြုံ တစုံတရာ ရရှိလာသည်။ အချို့တပ်ဖွဲ့များ လက်နက်ခဲယမ်း အပြည့်အစုံ တပ်ဆင်နိုင်ပြီ ဖြစ်သော်လည်း အချို့အဖွဲ့များ ကတော့ တဝက်ခန့်သာ တပ်ဆင်နိုင်သေးသည်။
စခါစကထက် များစွာ အခြေအနေ ကောင်းလာသော်လည်း အပြည့်အဝ လက်နက်တပ်ဆင်နိုင်ရန် လိုသေးသည်။ ထို့ပြင် ခဲယမ်းဖြည့်တင်းမှုနှင့် လက်နက်ကြီးပစ်ကူတွင် လိုအပ်ချက်ရှိနေသေးသည်။ တဖက်ကလည်း ဒေသလုပ်မိုင်း၊ အဝေးပစ်ဒုံးများနှင့် ပတ်သက်ပြီး ၂ နှစ်တာကာလအတွင်း ကျွမ်းကျင်မှု ရှိလာသည်။
ဤ ၂ နှစ် ခုခံစစ်ပွဲအတွင်း ထူးခြားသည်မှာ ဒရုန်းများ အသုံးပြုတိုက်ခိုက်ခြင်းကို နွေဦးတော်လှန်ရေး အင်အားစုများက တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ခြင်းဖြစ်ပြီး တဖြေးဖြေးလည်း နည်းပညာ အဆင့်မြှင့်လာနိုင်သည်။
ချုပ်၍ဆိုရလျင် ၂ နှစ်တာကာလအတွင်း ရရာလက်နက်ကိုင်ပြီး တိုက်ခိုက်ခဲ့သော လူအုပ်ကြီးသည် ခေတ်မှီ လက်နက်များ တပ်ဆင်ထားသည့် စည်းစနစ်ရှိသည့် လက်နက်ကိုင်တပ်ဖွဲ့ပုံစံသို့ ကူးပြောင်းလာခဲ့ပြီ ဖြစ်သည်။
NUG ၏ ဘဏ္ဍာငွေ ရှာဖွေရေးကလည်း အောင်မြင်မှု ရရှိသည်။ ပထမနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှာနိုင်ခဲ့ပြီး ဒုတိယနှစ်အတွက် ဒေါ်လာ သန်း ၃၀၀ ရှာဖွေမည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် NUG ၏ ဘဏ္ဍာရှာဖွေမှု ပုံစံများကို လူထုက အတက်ကြွဆုံး ပူးပေါင်းနေသည်ကို တွေ့ရရာ လိုအပ်သည့် ဘဏ္ဍာရှာဖွေနိုင်မည်ဟု သုံးသပ်ရသည်။
လက်ရှိအချိန်တွင် NUG ၏ ဘဏ္ဍာရှာဖွေမှု ပုံစံများကို လူထုက အတက်ကြွဆုံး ပူးပေါင်းနေသည်ကို တွေ့ရရာ လိုအပ်သည့် ဘဏ္ဍာရှာဖွေနိုင်မည်ဟု သုံးသပ်ရသည်။
အလားတူ အခြား PRA/PLA/BPLA အဖွဲ့များနှင့် ဒေသခံ PDF များသည်လည်း အခက်အခဲများ ရှိသော်လည်း လိုအပ်သည့် ဘဏ္ဍာရှာဖွေရရှိမှု၊ လက်နက်ခဲယမ်း တပ်ဆင်မှုများတွင် အထိုက်အလျောက် အောင်မြင်သည်ကို တွေ့ရ၏။ ဘဏ္ဍာရေး ဖြည့်တင်းနိုင်မှုသည် စစ်တိုက်နေသည့် လက်နက်ကိုင်တပ်များအတွက် အရေးပါသည်။
ဤ ၂ နှစ်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းမှု အခြေအနေကို အောက်ပါအတိုင်း တွေ့ရသည်။
တိုင်းရင်းသား လက်နက်ကိုင် အင်အား ၄၅၀၀၀ ခန့်ရှိ KIA/KNU/CNF-CDF/KNPP-KNDF/ABSDF တို့သည် နွေဦးအင်အားစုများနှင့် အပြည့်အဝ ပူးပေါင်းပြီး တိုက်ပွဲဝင်နေသည်ဟု သိရသည်။
အလားတူပင် တိုင်းရင်းသားလက်နက်ကိုင် အင်အား ၄၅၀၀၀ ခန့်ရှိ AA/TNLA/MNDAA တို့သည်လည်း နွေဦး အင်အားစုများကို အပြည့်အဝ အကူအညီပေးနေသည်။ ပူးတွဲတိုက်ခိုက်သည့်အဆင့်သို့ ရောက်ရန်သာ လိုတော့သည်ဟု သိရသည်။
အလားတူ EAO လက်နက်ကိုင်အင်အား ၄၅၀၀၀ ခန့်ရှိသည့် UWSA/NDAA/SSPP တို့သည် နွေဦး တော်လှန်ရေး အဖွဲ့ များအား ကူညီခြင်း၊ ပူးပေါင်းခြင်း မရှိသေးသော်လည်း စာနာမှုပြသပြီး စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မပြုကြပေ။
ကျန် စုစုပေါင်းအင်အား ၁၀၀၀၀ ကျော်ခန့်ရှိသည့် RCSS နှင့် NMSP တို့သည် နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး ကြားနေကြပြီး စစ်ကောင်စီနှင့် အပေးအယူလုပ်ရန် ဆွေးနွေးမှုများ ရှိသည်။
အင်အားအနည်းငယ်သာရှိသော DKBA/KNU-PC/PNLO/ALP/LDU ခွဲထွက် အဖွဲ့တို့သာ စစ်တပ်၏ နိုင်ငံရေးအရ ချုပ်ကိုင်မှု အောက်တွင် ရောက်နေသည်။ သို့သော် NCA ထိုးထားသော ထိုအဖွဲ့များသည် စစ်တပ်ထိန်းချုပ်ထားသည့် BGF များ၊ ပြည့်သူ့စစ်များကဲ့သို့ စစ်တပ်ဖက်က ဝင်ရောက်တိုက်ခိုက်မည့် အလားအလာ လေလောဆယ်မရှိပါ။
သို့ဖြစ်ရာ တိုင်းရင်းသား လက်နက်ကိုင် အင်အားအများစုသည် နွေဦးတော်လှန်ရေး အင်အားစုများဖက်သို့ အလေးသာသည်ကို တွေ့ရသည်။
သို့သော် နွေဦးတော်လှန်ရေး အင်အားစုဖက်တွင် အားနည်းချက်များအဖြစ် တွေ့ရသည်မှာ လက်နက်ခဲယမ်းမီးကျောက် ဖြည့်တင်းရန် အားနည်းချက်ရှိနေသေးခြင်း၊ လေကြောင်းရန် ကာကွယ်ရေး မရှိသေးခြင်း၊ လက်နက်ကြီးပစ်ကူ လိုအပ်နေ သေးခြင်း၊ တော်လှန်ရေး အင်အားစု အားလုံးအား စုစည်း၍ ဟန်ချက်ညီ တိုက်ပွဲဝင်နိုင်ရန် လိုအပ်နေသေးခြင်းတို့ ဖြစ်သည်။
နွေဦးတော်လှန်ရေး အင်အားစုဖက်တွင် အားနည်းချက်များအဖြစ် တွေ့ရသည်မှာ လက်နက်ခဲယမ်းမီးကျောက် ဖြည့်တင်းရန် အားနည်းချက်ရှိနေသေးခြင်း၊ လေကြောင်းရန် ကာကွယ်ရေး မရှိသေးခြင်း၊ လက်နက်ကြီးပစ်ကူ လိုအပ်နေ သေးခြင်း၊ တော်လှန်ရေး အင်အားစု အားလုံးအား စုစည်း၍ ဟန်ချက်ညီ တိုက်ပွဲဝင်နိုင်ရန် လိုအပ်နေသေးခြင်းတို့ ဖြစ်သည်။
အထက်ပါ စစ်ရေးအခြေအနေကို သုံးသပ်ရပါက စစ်တပ်သည် နွေဦးတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်များကို အမြစ်ဖြတ် အနိုင်ယူနိုင်သည့် အခြေအနေ လုံးဝမရှိဟု သုံးသပ်ရပါမည်။ တဖက်ကလည်း နွေဦး တော်လှန်ရေး အင်အားစုများ အနေနှင့်လည်း လာမည့်တနှစ်အတွင်း စစ်တပ်ကို အပြုတ်တိုက်ရန် မဖြစ်နိုင်သေးပေ။
သို့သော် နွေဦးတော်လှန်ရေး အင်အားစုများအနေနှင့် ဤ ၂ နှစ်အတွင်း လက်နက်ကိုင်အင်အားစုတခုအဖြစ် မားမားမတ်မတ်ရပ်တည်လာနိုင်ခဲ့ပြီ ဖြစ်သကဲ့သို့ ရှေ့သို့ ခရီးဆက်ရန်လည်း အင်ပြည့်အားပြည့်ရှိနေပြီဟု သုံးသပ်ရပါသည်။
အထွေထွေ
စစ်တပ်အာဏာသိမ်းပြီးနောက် ၁၀ နှစ်တာ ပြုပြင်ပြောင်းလဲရေးအားလုံး ပျက်စီးသွားသည်။ ရင်ကြားစေ့ရေး ပျက်စီးသွားသည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအရေး၊ ငြိမ်းချမ်းရေး လမ်းပျောက်သွားသည်။
စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုအားလုံး ပျက်သုဉ်းပြီး အကျပ်အတည်းထဲ ဆိုက်သွားသည်။ ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်း နှစ်ဆတက်သည်။ အလုပ်အကိုင်ရှားပါးပြီး နိုင်ငံခြားသို့ သွားရောက်အလုပ်အကိုင်ရှာဖွေရန် နိုင်ငံကူးလက်မှတ်ရုံးရှေ့ တွင် နေ့စဉ် လူထောင်ချီ တိုးဝှေ့နေရသည်။
အစိုးရ အုပ်ချုပ်ရေး ယန္တရား အားလုံး လာဘ်ပေးလာဘ်ယူ အပြည့်ဖြစ်သွားသည်။ ပညာရေး၊ ကျန်းမာရေး နယ်ပယ် နိမ့်ကျသွားသည်။ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာနယ်ပယ်နိမ့်ကျသွား၏။ လုံခြုံမှုနှင့် တည်ငြိမ်မှု ပျောက်ဆုံးသွား၏။
ဤစစ်အာဏာသိမ်းကာလ ၂ နှစ်သည် စစ်တပ်အာဏာသိမ်းမှုအား ပြည်သူလူထုက စွန့်လွှတ်စွန့်စားမှု အပြည့်ဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ပွဲဝင်သည့်ကာလ ဖြစ်သည်။ မြန်မာပြည်သမိုင်းတွင် မေ့ပျောက်၍ မရနိုင်သည့် သမိုင်း မော်ကွန်း ကဗ္ဗည်းတင်သည့် နှစ်ကာလများလည်း ဖြစ်သည်။
လူ့အဖွဲ့အစည်းအတွင်း လောင်းကစားနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများ များပြားလာသည်။ ရာဇဝတ်မှုများ များပြားလာသည်။ ဤသည်ကား ၂ နှစ်အတွင်း ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေများဖြစ်၏။
ထိုသို့သောအခြေအနေများသည် ကိုဗစ်ကာလအပြီး ရွေးကောက်ခံအစိုးရနှင့်အတူ မျှော်လင့်ချက်များစွာဖြင့် ရုန်းထရန် ပြင်ဆင်နေသည့် မြန်မာပြည်သူများ ကြုံတွေ့ခဲ့ရသည့် စစ်တပ်အာဏာသိမ်းကာလ ၂ နှစ်တာ အခြေအနေများ ဖြစ်ပေတော့သည်။
ဤစစ်အာဏာသိမ်းကာလ ၂ နှစ်သည် စစ်တပ်အာဏာသိမ်းမှုအား ပြည်သူလူထုက စွန့်လွှတ်စွန့်စားမှု အပြည့်ဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ပွဲဝင်သည့်ကာလ ဖြစ်သည်။ မြန်မာပြည်သမိုင်းတွင် မေ့ပျောက်၍ မရနိုင်သည့် သမိုင်း မော်ကွန်း ကဗ္ဗည်းတင်သည့် နှစ်ကာလများလည်း ဖြစ်သည်။
ပြီးပါပြီ။
You may also like these stories :
စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး – ၁
PDF များ ပခုံးထမ်းလေယာဉ်ပစ် လက်နက်တွေ မရနိုင်သေးတဲ့အခါ
ထွန်းမင်းလတ်နဲ့ မင်းအောင်လှိုင်မိသားစု ဘယ်လိုရင်းနှီးသလဲ