စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ခါနီး ရန်ကုန်မြို့ကြီး၏ ဈေးများ၊ ပလာဇာများတွင် လူများပြန်လည်စည်ကားလာသည်။ လုပ်ငန်းကိုင်ငန်း တချို့လည်ပတ်လာသည်။ ပိတ်ရက်အချို့တွင် ရန်ကုန်သားများ အပမ်းဖြေ ခရီးထွက်ကြသည်။ ဤသို့သောအခြေအနေတွင် ရန်ကုန်မြို့ကြီး၏ သွေးအေးသွားပြီလောဟု မေးခွန်းထုတ်သူများ တွေ့ရသကဲ့သို့ ရန်ကုန်မြို့ကြီး ပုံမှန် ဖြစ်သွားပြီဟု စစ်တပ်လော်ဘီများကလည်း ဝါဒဖြန့်နေကြ၏။ ရန်ကုန်မြို့ကြီး သွေးအေးသွားပြီလော။
စစ်တပ်အာဏာသိမ်းသည့် ၂ နှစ်ပြည့်သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရန်ကုန်မြို့ကြီး သွေးမအေးကြောင်း ရန်ကုန်လူထုက အထင်အရှားပြလိုက်ကြ၏။ အာဏာသိမ်းမှု ၂ နှစ်ပြည့်နေ့တွင် စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် အသံတိတ်သပိတ်သည် အဖွဲ့အစည်းတခုခု၏ အမိန့်အာဏာနှင့် ထွက်ပေါ်လာခြင်း မဟုတ်သကဲ့သို့ တအိမ်ဝင် တအိမ်ထွက် စည်းရုံးလှုံ့ဆော်ပြီး ပြုလုပ်သည့် သပိတ်လည်း မဟုတ်ပေ။ ကားတစီးပေါ် အသံချဲ့စက်တင်ပြိး လိုက်လံနှိုးဆော်မှုလည်း မရှိခဲ့ပေ။ လူမှုကွန်ယက်ပေါ်မှ ဖြန့်ဝေလှုံ့ဆော်သည့် သပိတ်ကို ပါဝင်မည့် လူတိုင်း အိမ်တိုင်း ကိုယ်အသိစိတ်ဓါတ်နှင့် ကိုယ်ပါဝင်ကြခြင်းသာ။
၂၀၂၃ ခုနှစ် ဖေဖဝါရီ ၁ ရက်နေ့ အစောပိုင်းတွင်း မနက်စောစောကတည်းက လူများတက်သုတ်ရိုက်လှုပ်ရှားကြ၏။ အသံတိတ်သပိတ်က မနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ ဖြစ်ပေရာ အသံတိတ်သပိတ်တွင်ပါဝင်နိုင်ရန် ရန်ကုန်မြို့တော်သား ကိုယ်စီသည် ကိုယ်အသိနှင့် ကိုယ်တက်သုတ်ရိုက်လှုပ်ရှားနေကြသည်။ ရန်ကုန်မြို့တော်သားတဦးက အသံတိတ်သပိတ်တွင် ပါဝင်နိုင်ရန် မနက်စောစော ကားစီးပြီး လုပ်စရာရှိတာ သွားလုပ်၏။ ကားခပေးမည်ရွယ်တော့ ဘတ်စ်ကားဆရာက ” ဒီနေ့ကားခမပေးနဲ့ဗျ၊ ကျုပ်တို့နိုင်ကိုနိုင်ရမယ်” ဟုဆိုသည်။ ခရီးသွားတဦးက ” ကားမှားစီးမီပြီထင်တယ်” မကြားတကြား စကားနာထိုး၏။ သို့သော် တကားလုံးပါသည့် ခရီးသည်များက ” မှားစီးရင် ဆင်းသွားလေ” ဟု ချက်ခြင်း တုံ့ပြန်လိုက်ကြသည်။
ပုဂ္ဂလိကကျောင်း၊ နိုင်ငံတကာကျောင်းများအပါအဝင် ကျောင်းသားလူငယ်များလည်း တရက်ကြို၍ ခွင့်တိုင်ထားကြသဖြင့် ကျောင်းကားများပေါ်တွင် လူမရှိ။ ရန်ကုန်မြို့ကြိး၏ လမ်းမများသည် မနက် ၉ နာရီခွဲမှ စ၍ လူသွားလူလာ နည်းလာသည်။ ၁၀ နာရီနောက်ပိုင်းတွင် တိတ်ဆိတ်ခြောက်ကပ်သွား၏။ ရန်ကုန်မြို့လယ် ဆူးလေလမ်းမကြီးနှင့် လမ်းမတော်တော်များ ခြောက်ကပ်သွား၏။ လိုင်းကားများပင် ၁၀ နာရီနောက်ပိုင်း၌ လမ်းမပေါ်တွင် မတွေ့ရတော့။ ရန်ကုန်သည် သွေးမအေးကြောင်း ပြခဲ့ပြီဟုဆိုရမည်။ ပြင်းထန်ရက်စက်သော ဖိနှိပ်မှုများအောက်တွင် ရန်ကုန်သည် မြိုသိပ်ထားသော အတွင်းစိတ်ကို ဖေါ်ပြလိုက်သည်။ ရန်ကုန်သည် ရန်ကုန်၏ လမ်းမများအား တိတ်ဆိတ်ခြောက်ကပ်သွားစေနိုင်ခဲ့သကဲ့သို့ ရန်ကုန်၏ လမ်းမများပေါ်တွင် လူပြည့်လျံသွားအောင် လုပ်နိုင်စွမ်းရှိသည်ကို ပြသလိုက်ခြင်းလည်းဖြစ်၏။ ရန်ကုန်မြို့ကို ရန်ကုန်သူ ရန်ကုန်သားများသာ ပိုင်ဆိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။ ရန်ကုန်သည် အချိန်မရွေး ပြန်လာမည် ဖြစ်သည်။
ရန်ကုန်တွင် လူဦးရေ ၆ သန်းခန့်ရှိသည်။ ယခုအခါ စစ်ပွဲဖြစ်ပွါးနေသော ပြည်နယ်နှင့်တိုင်းများမှလည်း ရန်ကုန်ကို ပြောင်းရွှေ့လာသည်ဖြစ်ရာ ယခင်ထက်ပင် လူဦးရေ ပိုများနေပုံရ၏။ ဤလူများအဖို့ ကိုဗစ်ဒဏ်အပြင် စစ်တပ်အာဏာသိမ်းမှုအပြီး နှစ်ဆကျော်တက်လာသည့် ကုန်ဈေးနှုန်းဒဏ်ကို ခံနေရရာ စားဝတ်နေရေးအတွက် ယခင်ထက်ပို၍ ရုန်းကန်နေရသည်။ ဤသို့ ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေရသည်ကို ရန်ကုန်မြို့ကြီး ပုံမှန်ဖြစ်သွားပြီဟု ယူဆ၍မရကြောင်း ယနေ့ အခိုင်အမာပြလိုက်ပြီ ဖြစ်သည်။ စစ်အုပ်ချုပ်ရေးက ပေးသည့် နိစ္စဒူဝဒုက္ခကြားမှ ခေတ္တထွက်ပြေးလွတ်မြောက်ရာ အပန်းဖြေနေထိုင်ကြသည်ကလည်း သွေးအေးသွားခြင်း မဟုတ်ပါ။
တကယ်တော့ ရန်ကုန်တွင်သာမက အမြို့မြို့အနယ်နယ်တွင်လည်း အသံတိတ်သပိတ်ဆင်နွဲကြသည်။ ယခင်သပိတ်များတုန်းက အားနည်းချက်ကို ပြုပြင်ခဲ့ကြ၏။ ဈေးဆိုင်များကို ပိတ်စရာမလိုဘဲ ပြုလုပ်သည့် အသံတိတ်သပိတ်ဖြစ်ရာ စစ်ကောင်စီအတွက် ဒုက္ခပေးရန် အကြောင်းရှာမရ။ ယခင်အခေါက်များတုန်းက ဈေးဆိုင်ပိတ်သူများကို ပြသနာရှာဒုက္ခပေးခဲ့ကြသော်လည်း ယခုအခေါက် ဆိုင်ဖွင့်၍ ရောင်းသူ ဝယ်သူမရှိသည့် အခြေအနေကို စစ်ကောင်စီ ရပ်တန့်ရန် မကြံစည်တတ်တော့။ လမ်းမပေါ် လူထွက်အောင် နေ့စားသမားများခေါ်၍ စစ်တပ်ထောက်ခံပွဲလုပ်သော်လည်း စစ်တပ်ထောက်ခံသူလူအုပ်က မျောက်ပွဲမျှသာသာ။ လူရမ်းကား နေ့စားသမားများကို လမ်းပေါ်ထွက်ခိုင်းသော်လည်း စစ်တပ်မိသားစုဝင်များ၊ အထူးသဖြင့် အရာရှိအသိုင်းအဝိုင်းမိသားစုများ လမ်းပေါ် မထွက်ရဲသည်ကို အားလုံးအသိပင်ဖြစ်၏။
ရန်ကုန်တမြို့လုံး လူရောကားရော ရှင်းသည်။ မည်သူမှ အပြင်မထွက်ကြ။ ရန်ကုန်သည် သွေးမအေးကြောင်းပြလိုက်ပြီဖြစ်၏။ ရန်ကုန်သည် တပြည်လုံးနှင့်အတူတကွ ရှိနေကြောင်း တပြည်လုံးအား၎င်း၊ နိုင်ငံတကာအား၎င်း ပြလိုက်ပြီဖြစ်၏။ ရန်ကုန်၏ အတွင်းစိတ်အစစ်အမှန်ကို စစ်တပ်၏ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုအောက်မှ လိမ္မာပါးနပ်စွာ ပြလိုက်ပြီဖြစ်၏။ ပြည်သူ့နှလုံးကို သိမ်းကြုံးမစည်းရုံးနိုင်လျင် “ဒါးသွားကြွေ၊ လှံလည်းခွေ”မည်သာဖြစ်၏။ ရန်ကုန်နှင့် အမြို့အမြို့အနယ်နယ်မှ အသံတိတ်သပိတ်သည် ရန်သူကို ကြောက်ဒူးတုန် စေပါသည်။ ပြည်သူကို ရွှင်လန်း ဝမ်းမြောက်စေပါသည်။ မကြာမှီ ရန်ကုန်မှာ အားလုံး ပြန်ဆုံကြမည်။
You may also like these stories :
စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ဥပဒေသစ် NLD ဖယ်ထုတ်ရေးလား
စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး – ၁
စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး -၂
ရဲဘော်ရဲဘက်များအတွက် အသက်စတေးခဲ့သော ခုခံတော်လှန်ရေးသမားများ