မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုမှာ ၂ နှစ်ပြည့်လာပြီဖြစ်သော်လည်း အာဏာသိမ်းစစ်တပ်ကို စစ်ရေး၊ နိုင်ငံရေးနည်းဖြင့် ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးသည် အရှိန်လျော့မသွားဘဲ ဆက်၍သာတိုးလာနေသည်။
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရာတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရအမတ်အများစုဖြင့် ဖွဲ့ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ရှေ့တန်းအကျဆုံး ဦးဆောင်တော်လှန်ရေးအင်အားစုဖြစ်ပြီး ယခင်ကတည်း ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs)အချို့ သည်လည်း NUG ကို အကူအညီ ပေးနေကြောင်း တွေ့ရသည်။
တနည်းအားဖြင့် EAOs အချို့သည် NUG နှင့် အတူပူးပေါင်းကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးတွင် ပါဝင်နေကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ထင်ရှားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ရှိသည့် အနက် EAOs ၈ ဖွဲ့သည် NUG အပါအဝင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်နေကြောင်း NUG ထံမှသိရသည်။
NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “လက်တွေ့လည်း ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့တွေလည်းဆိုတဲ့ ကိစ္စမှာတော့ အခြေအနေအရပ်ရပ်ကြောင့် အတိအကျထုတ်ဖော်ပြောဆိုလို့မရပါဘူး။ မြေပြင်သတင်းတွေမှာ တွေ့နိုင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
စစ်ရေး၊ နိုင်ငံရေးလေ့လာသူများကမူ NUG နှင့် EAOs များအကြား အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှသာ အာဏာသိမ်း စစ်တပ်ကို အနိုင်တိုက်နိုင်မည်ဖြစ်သဖြင့် ၎င်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း ထောက်ပြပြော ဆိုကြသည်။
သို့ဖြစ်ရာ အာဏာသိမ်းမှု ၂ နှစ်တာကြာလာသည့်အခါတွင် NUG နှင့် EAOs များအကြား ပူးပေါင်းဆောင်ရွက်မှုသည် မည်မျှအထိအားကောင်းလာသနည်းဆိုသည့် ကိစ္စမှာ ပြန်လည် ဆန်းစစ်ရမည့်အခြေအနေ ဖြစ်လာသည်။
လက်ရှိ မြန်မာနိုင်ငံတွင် EAOsများနှင့် NUG ကြား ပတ်သက်မှုမှာ ၄မျိုးရှိပြီး ယင်းမှာ (၁) NUG နှင့် ပူးပေါင်း ဆောင်ရွက် နေသည့် EAOs အစုအဖွဲ့ ၊ (၂) NUG နှင့် စစ်ရေးပူးတွဲလှုပ်ရှားမှု မရှိသော်လည်း NUG ၊ PDFs များကို နောက်ကွယ်မှ ကူညီနေသောအစုအဖွဲ့ ၊ (၃) စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးနေသော်လည်း NUG ၊ PDFs ကို စာနာသည် EAOs အစုအဖွဲ့နှင့် (၄) NUG နှင့် မပတ်သက်ဘဲ စစ်ကောင်စီနှင့်သာ ဆွေးနွေးသည့် EAOs အဖွဲ့ဟူ၍ ဖြစ်သည်။
NUG နှင့် ပူးပေါင်းနေသည့် EAOs အစုအဖွဲ့
NUG နှင့် စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်သည့် EAOs များထဲတွင် ကချင်လွတ်လပ်ရေးတပ် (KIA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ပါဝင်သည်။
အဆိုပါ EAOs အဖွဲ့များသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်နေသည့် PDFs အင်အား ၆၅၀၀၀ ကျော်ထဲမှ အများစုကို လေ့ကျင့်သင်ကြားပေးခဲ့ကြသည့် အဖွဲ့များလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် KNU မှ ခွဲထွက်လာသည့် ဗိုလ်ချုပ်စောနယ်ဒါးမြ ဦးဆောင်သော ကော်သူးလေတပ် (KTLA) သည်လည်း NUG လက်အောက်ခံ PDFs များနှင့် ကရင်ပြည်နယ်တွင် စစ်ရေးပူးပေါင်း ဆောင်ရွက်လျှက်ရှိသည်။
ယေဘုယျအားဖြင့် လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့သည် NUG နှင့် ထင်သာမြင်သာ ပူးပေါင်းဆောင်ရွက်နေကြောင်း အဆိုပါ အဖွဲ့များ၏ သတင်းထုတ်ပြန်ချက်များ အရ တွေ့မြင်နိုင်သည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့များနှင့် NUG သည် စစ်ရေးအရ ထိရောက်စွာ တိုက်ပွဲများ ဖော်ဆောင်နိုင်ရန် တိုင်းစစ်ဌာနချုပ် (၃) ခုကို ဖွဲ့စည်းကာ ဆောင်ရွက်နေကြသည်။
အမှတ် (၁) တိုင်းစစ်ဌာနချုပ် အောက်တွင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသဆိုင်ရာ ကွပ်ကဲမှု စစ်ဌာနချုပ်ရှိပြီး အမှတ် (၂) တိုင်းစစ်ဌာနချုပ်အောက်တွင် တောင်ပိုင်းဒေသဆိုင်ရာ ကွပ်ကဲမှု စစ်ဌာနချုပ်ရှိကာ အမှတ် (၃) တိုင်းစစ်ဌာနချုပ်လက်အောက်တွင် အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသဆိုင်ရာ ကွပ်ကဲမှု စစ်ဌာနချုပ်ရှိသည်။
NUG သည် KIA ၊ CNF ၊ KNPP ၊ ABSDF တို့နှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ဗဟိုကွပ်ကဲမှုနှင့် ညှိနှိုင်းရေး အတွက် စစ်ရေးဆိုင်ရာ ဗဟိုကော်မတီ (C3C) ကို ဖွဲ့စည်းခဲ့ပြီး C3C တွင် မပါသည့် အခြား EAO အဖွဲ့ဖြစ်သော KNU နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် သီးခြားပူးတွဲကွပ်ကဲမှုနှင့် ညှိနှိုင်းရေးအဖွဲ့ (J2C) ကို ဖွဲ့ခဲ့သည်။
ယင်းအပြင် NUG သည် လူမျိုးစုနှင့် ဒေသအခြေပြု ဖက်ဒရယ်ယူနစ်များ၏ ထောက်ခံမှုကိုလည်း ရယူထားနိုင်ကာ နိုင်ငံရေးအပါအဝင် အခြားသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသည်။
NUG နှင့် ပူးပေါင်းနေသည့် ဖက်ဒရယ်ယူနစ်များမှာ (၁) ကြားကာလချင်းအမျိုးသားများ အတိုင်ပင်ခံကောင်စီ (ICCNC) ၊ (၂) ကြားကာလ ကချင်နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KPICT) ၊ (၃) ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၊ (၄) မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) ၊ (၅) ပအိုဝ်းအမျိုးသားများ ဖက်ဒရယ် (PNFC) နှင့် (၆) တအာင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (TPCC) တို့ဖြစ်သည်။
အဆိုပါအဖွဲ့များ၏ နောက်ကွယ်တွင် မူလရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင်တပ်များရှိပြီး အချို့လည်း စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်တွင်မှ ဖွဲ့စည်းသည့် လူမျိုးစု လက်နက်ကိုင်တပ်များ ရှိကြသည်။
PDFs များကို နောက်ကွယ်မှ ကူညီနေသောအစုအဖွဲ့
NUG နှင့် စစ်ရေးပူးတွဲလှုပ်ရှားမှု မရှိသော်လည်း NUG ၏ PDFs များကို နောက်ကွယ်မှ ကူညီနေသောအစုအဖွဲ့တွင် အဓိကအားဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် ညီနောင်လက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) ၊ ကိုးကန့်အဖွဲ့ဟုလူသိများသည့် မြန်မာအမျိုးသားများ ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) နှင့် တအာင်း/ပလောင် အမျိုးသားများလွတ်မြောက်ရေးတပ် (TNLA) တို့ပါဝင်သည်။
အဆိုပါ လက်နက်ကိုင် ၃ ဖွဲ့သည် NUG လက်အောက်ခံ PDFs များကို စစ်ပညာသင်ပေးခြင်းနှင့် လက်နက် တပ်ဆင်ပေးခြင်းများ လုပ်ဆောင်ပေးသည်။
ဥပမာအားဖြင့် ပြီးခဲ့သည့်ဇန်နဝါရီလဆန်းက လက်နက်တပ်ဆင်ခဲ့သော MNDAA ၏ တပ်မဟာ (၆၁၁) သည် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီး NUG နှင့် မဟာမိတ်ဖြစ်သည့် ဗမာအမျိုးသားများလွတ်မြောက်ရေးတပ် (BPLA) အပါအဝင် PDFs ၆ ဖွဲ့ထက်မနည်းကို ပူးပေါင်း စုဖွဲ့ထားခြင်းဖြစ်သည်။
အလားတူ AA သည်လည်း မကွေးတိုင်း အနောက်ခြမ်းအခြေစိုက် PDFs အဖွဲ့အချို့အား စစ်ပညာသင်ပေးခြင်းများရှိပြီး TNLA သည်လည်း မန္တလေး PDF ကဲ့သို့သော တပ်ဖွဲ့များအား လေ့ကျင့်သင်တန်းပေးထားသည်။
NUG ၊ PDFs ကို စာနာသည့်အဖွဲ့
ညီနောင် မဟာမိတ် ၃ ဖွဲ့ကဲ့သို့ NUG နှင့် PDFs များကို ထဲထဲဝင်ဝင်မကူညီသော်လည်း NUG ၊ PDFs တို့၏ ရုန်းကန် တော်လှန်မှုအား စာနာနားလည်သည် EAOs အဖွဲ့များအား ၂ နှစ်တာ ကြာလာသည့် အခါတွင် ပိုမြင်လာရသည်။
ယင်းအဖွဲ့များမှာ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ၊ မိုင်းလားအဖွဲ့ (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ဖြစ်သည်။ အဆိုပါ လက်နက်ကိုင်အဖွဲ့များသည် တဖက်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် နေပြည်တော်၌ ဆွေးနွေးမှုများ ရှိသော်လည်း စစ်ကောင်စီ၏ တောင်းဆိုချက်များကို လိုက်လျောမှု မရှိပေ။
အဆိုပါအဖွဲ့ ၃ ဖွဲ့နှင့် ဇန်နဝါရီလ ၅ ရက်မှ ၇ ရက်အထိပြုလုပ်သည့် နေပြည်တော်ဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်က NUG ၊ PDFs နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို မကူညီရန် ဖိအားပေးခဲ့ရာ ယင်းEAOs ၃ ဖွဲ့က လက်မခံဘဲ ပယ်ချခဲ့သည်။
မဟာမိတ်သုံးဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက “သူတို့(စစ်ကောင်စီ)က CRPH၊ NUG၊ PDF အဖွဲ့တွေကို ထောက်ပံ့ကူညီမှုတွေ မလုပ်ဖို့၊ လက်နက်ရောင်းဝယ်ပေးမှုတွေမလုပ်ဖို့ သဘောတူတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ကို လက်မှတ်ထိုးခိုင်းတယ်။ ကျနော်တို့က လက်မခံခဲ့ဘူး။ ကျနော်တို့ အကြိတ်အနယ် တော်တော်ဆွေးနွေးခဲ့ရတယ်။ သူတို့အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့မယ်ဆိုရင် ကျနော်တို့ကပြန်မယ်။ လှည့်ပြန်မယ်ဆိုတဲ့ အနေအထားထိ ဖြစ်ခဲ့တယ်” ဟု ဧရာဝတီကို ပြောသည်။
ယင်းအပြင် မဟာမိတ်သုံးဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက စစ်ကောင်စီနှင့် ဆွေးနွေးမှုများကို စစ်ကောင်စီဘက်က လိမ်လည်ဝါဒဖြန့်နေသဖြင့် ဘဝတူ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ၊ စစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်နေကြသည့် PDFs များနှင့် နိုင်ငံရေးပါတီများက အထင်လွဲမည်ကို စိုးရိမ်မိကြောင်း ဆိုသည်။
ထို့ကြောင့် UWSA ၊ NDAA နှင့် SSPP တို့သည် NUG ၊ PDF အပါအဝင် စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေသည့် EAOs များအပေါ် စာနာနားလည်မှုရှိသည်ဟု ယေဘူယျ ယူဆနိုင်ကြောင်း စစ်ရေးလေ့လာသူအချို့က သုံးသပ်သည်။
စစ်ကောင်စီနှင့်သာ ဆွေးနွေးသည့်အဖွဲ့
NUG နှင့် မပတ်သက်ဘဲ စစ်ကောင်စီနှင့်သာ ဆွေးနွေးသည့် EAOs များမှာ တနိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ထိုးထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် EAOs ၇ ဖွဲ့ဖြစ်သည်။
အဆိုပါအဖွဲ့များမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) မှ အထုတ်ခံရသူများအဖွဲ့ ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ပအိုဝ်းအမျိုးသားလွတ်မြေက်ရေးအဖွဲ့ချုပ် (PNLO) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ဖြစ်သည်။
အဆိုပါအဖွဲ့များအနက် RCSS နှင့် မွန်ပြည်သစ်ပါတီ တို့သည် စစ်အင်အား အထိုက်အလျောက် ရှိသည့် အဖွဲ့ ၂ ဖွဲ့ဖြစ်ပြီး ကျန်အဖွဲ့များမှာ စစ်အင်အား မများသည့် အဖွဲ့များဖြစ်သည်။
အဆိုပါ EAOs ၇ ဖွဲ့သည် မြန်မာနိုင်ငံကြုံနေရသည့် ပဋိပက္ခကို သက်ဆိုင်သူအားလုံးနှင့်တွေ့ဆုံကာ နိုင်ငံရေးနည်းဖြင့် ဆွေးနွေးညှိနှိုင်းဖြေရှင်းမည်ဟု ကြေညာထားပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ဆွေးနွေးနေသည့်အဖွဲ့များ ဖြစ်သည်။
အဆိုပါ EAOs ၇ ဖွဲ့ထဲမှ ခေါင်းဆောင်အချို့ကိုပင် အာဏာသိမ်းစစ်ကောင်စီဥက္ကဌက ဝဏ္ဏကျော်ထင်ဘွဲ့ကဲ့သို့သော ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ထားသည်။ယင်းအဖွဲ့များနှင့် NUG ၊ PDF များအကြား ဆက်ဆံရေးသည် တိုက်ရိုက် ပဋိပက္ခမရှိသော်လည်း နွေးထွေးမှု သိပ်မရှိချေ။
ယင်းအဖွဲ့များနှင့် ပတ်သက်လာပါက NUG တွင် တိကျသည့် မူဝါဒမရှိဘဲ ပြည်သူလူထုကသာ အဆုံးအဖြတ်ပေး လိမ့်မည်ဖြစ်ကြောင်း NUG ဘက်က ယေဘူယျဆိုသည်။
NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်အုပ်စုကို ဘေးကနေ အားပေး အားမြှောက်ပြုရုံတင်မကဘဲနဲ့ အလိုတူအလိုပါ ရာဇဝတ်မှုကျူးလွန်ရင်တော့ ရာဇဝတ်မှုကျူးလွန်သူတွေအဖြစ် သတ်မှတ် ရမှာဖြစ်ပါတယ်။ တချို့ကျတော့လည်း ကိုယ့်ပါတီရဲ့ ရပ်တည်ရေးဆိုတာရှိနိုင်တယ်။ ကိုယ့်အစုအဖွဲ့ရဲ့ ရပ်တည်ရေးဆိုတာ ရှိနိုင်တယ်။ ဒါမှမဟုတ် အခြားနည်းလမ်းတခုခုနဲ့များ အဆင်ပြေနိုင်မလားဆိုတဲ့ Alternative Way ကို ဖော်ဆောင်ချင်တဲ့ သူတွေရှိနိုင်တယ်။ သူတို့နဲ့ပတ်သက်ရင်တော့ ပြည်သူလူထုကပဲ အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ပြောချင်ပါတယ်” ဟုဆိုသည်။
EAOs ၃ ပုံ ၁ ပုံသာ ပူးပေါင်းနေ
စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများကမူ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေကို ခြုံငုံသုံးသပ်ပါက အာဏာသိမ်းမှု ၂ တာ ကြာလာသည့်အချိန်ထိ တနိုင်ငံလုံးရှိ EAOs များ၏ ၃ ပုံ ၁ ပုံခန့်သာ NUG ၊ PDFs နှင့် အပြည့်အဝ ပူးပေါင်းနိုင်သေး ကြောင်း ဆိုသည်။
NUG နှင့် ပူးပေါင်းသည့် EAOs ၅ ဖွဲ့၏ စစ်အင်အားသည် ၄ သောင်းကျော်ရှိပြီး မြန်မာနိုင်ငံရှိ EAOs အင်အား၏ ၃၃ ရာခိုင်နှုန်းရှိကြောင်း၊ နောက်ကွယ်မှ ပံ့ပိုးသူအင်အားမှာ ၃၀ ရာခိုင်နှုန်းခန့်နှင့် စာနာနားလည်သည့် အစုအဖွဲ့အင်အားသည် ၃၃ရာခိုင်နှုန်းခန့်ရှိကာ PPST အင်အားမှာမူ ၇ ရာခိုင်နှုန်းခန့်သာရှိနိုင်ကြောင်း မြန်မာနိုင်ငံ စစ်ရေးလေ့လာသူများက ခန့်မှန်းသည်။
ပူးပေါင်းသည့် အစုအဖွဲ့များထဲတွင်လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုသည်သာ ပိုမို အားကောင်းနေပြီး နိုင်ငံရေးအရ ပူးပေါင်းမှုသည် ခရီးသိပ်မတွင်သေးကြောင်း တိုင်းရင်းသားခေါင်းဆောင်အချို့ က ထောက်ပြသည်။
KNU မူတြော် (ဖာပွန်) ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက “စစ်ရေးမှာတော့ ရှင်းပါတယ်။ စစ်အာဏာရှင်ကို တိုက်မယ်။ လက်နက်နဲ့ အကြမ်းဖက်တဲ့ စစ်အုပ်စုကို လက်နက်ကိုင် ခုခံစစ်နဲ့ ပြန်ပူးပေါင်းပြီးတိုက်ပွဲဝင်မယ်ဆိုတဲ့ အခြေခံအောက်မှာ တော်တော်လေးတော့ ကျေနပ်နိုင်တဲ့ အဆင့်တော့ရှိပါတယ်။ နိုင်ငံရေးဘက်မှာကျတော့ ယနေ့အထိက အဆင့်တခုအထိ တိုးတက်မှုမရှိသေးဘူး” ဟုဆိုသည်။
၎င်းက အာဏာသိမ်းမှု ၂ နှစ်တာအတွင်း NUG နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဏ်ကိုသာ ယေဘုယျသဘောတူထား နိုင်ပြီး တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးကို အာမခံနိုင်သည့် အခြေခံဥပဒေတရပ် အတည်မပြုနိုင်သေးကြောင်း သုံးသပ်သည်။
ပဒိုမန်းမန်းက “ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်အရပဲ ဖြစ်ဖြစ်၊ ဒီအပေါ်မှာတော့ သေချာတဲ့ ရုပ်လုံးပေါ်တဲ့ကြားကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုတောင် ရုပ်လုံးမဖော်နိုင်သေးတဲ့ အဆင့်ဆိုတော့ ချုပ်ပြီးပြောရရင် စစ်ရေးအရ ပူးပေါင်းမှုကို အားရတဲ့ အဆင့်တခုမှာရှိပေမယ့် နိုင်ငံရေးအရ ပူးပေါင်းမှုမှာ တော့ တော်တော်လေး အားနည်းနေသေးတယ်” ဟု ဆိုသည်။
NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကမူ NUG အနေနှင့် ပင်လုံစာချုပ်ပါ ကတိကဝတ်များအား ပြန်လည်အကောင် အထည်ဖော်ရန် အာမခံမှုများရှိသလို မည်သည့် မဟာလူမျိုးကြီးဝါဒမဆို ဆန့်ကျင်ပြီး ပြည်နယ်ဖက်ဒရယ် ယူနစ်များ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည်ဟု ကြေညာထားကြောင်း ရှင်းပြသည်။
၎င်းက “အဲဒီလို ရဲရဲဝံ့ဝံ့အာမခံ ပေးတဲ့ကိစ္စတွေရှိသလိုပဲ တဖက်မှာလည်း အနာဂတ်ကာလရောက်မှသာ သက်ဆိုင်ရာ ဒေသမှာရှိတဲ့ Stakeholders တွေ၊ ပါဝင်ပတ်သက်သူတွေ သူတို့ရဲ့ ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေနဲ့မှသာ ဆုံးဖြတ်နိုင်မယ့် ကိစ္စတွေလည်းရှိတယ်ပေါ့။ အဲ့လိုကိစ္စတွေကျတော့လည်း NUG အနေနဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ ဖြစ်တာကြောင့် ဒါကတော့ ဒီအတိုင်းပဲဖြစ်စေရမယ်လို့ ဆုံးဖြတ်ပေးတာမျိုး၊ အာမခံပေးတာမျိုး မရတဲ့ အခြေအနေမျိုးတွေ လည်း လက်တွေ့မှာရှိနေပါတယ်” ဟု ဆိုသည်။
စစ်ရေးလေ့လာသူတဦးကလည်း လက်ရှိအခြေအနေတွင် NUG နှင့် EAOs များအကြား သမိုင်းကြောင်းနှင့် ဖြတ်သန်းပုံ မတူညီသဖြင့် နိုင်ငံရေးအရ သဘောတူညီချက် အပြည့်အဝရရန် မလွယ်ကြောင်း ဆိုသည်။
၎င်းက “အခုအချိန်မှာ မြန်မာပြည်ရဲ့ ပုံစံအသစ်က ဘာဖြစ်မလဲဆိုတဲ့ နိုင်ငံရေး သဘောတူညီမှုဆိုရင် ပိုလို့တောင် မဖြစ်နိုင်သေးဘူး။ ဒါကြောင့် စစ်ရေးအရ ထိန်းချုပ်နိုင်တဲ့ အခြေခံပေါ်မှာ မူတည်ပြီး စစ်ရေးအရ အောင်ပွဲဆင်နိုင်ပုံပေါ်မှာ မူတည်ပြီး ဖြေရှင်းသွားရမယ်ထင်တယ်” ဟု မှတ်ချက်ပေးသည်။
ဆက်လက်၍ စစ်ရေးလေ့လာသူတဦးက နွေဦးတော်လှန်ရေး အမြန်အောင်မြင်လိုပါက NUG အနေဖြင့် လက်ရှိပူးပေါင်း ဆောင်ရွက်မှုများနှင့် ကျေနပ်မနေသင့်ဘဲ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးချဲ့ရန်လိုကြောင်း၊ယင်းအပြင် ရရှိထား သော မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းမှုကိုလည်း ခိုင်မာရန် ကြိုးပမ်းသင့်ကြောင်း ၊တိုင်းရင်းသား EAOs အများစုသည် စစ်တပ်ဘက်သို့ မပါသည်မှာ သေချာသလောက်ဖြစ်ပြီး နိုင်ငံရေးအရ နားလည်မှုနှင့် လိုက်လျောမှုများပေးရန် လိုအပ်ကြောင်း ပြောသည်။
၎င်းက “ ဒုတိယအင်အားစုဖြစ်တဲ့ AA ၊ TNLA ၊ ကိုးကန့်တို့နဲ့လည်း အတူတိုက်နိုင်တဲ့အထိ အပြည့်အဝ ပူးပေါင်းဖို့လို တယ်။ ကိုယ့်ကို စာနာ နားလည်မှုရှိတဲ့ ဝ ၊ မိုင်းလား ၊ SSPP တို့လို အဖွဲ့တွေကိုလည်း ပူးပေါင်းဆောင်ရွက်လာအောင် ကြိုးစားဖို့လိုတယ်။ လက်ရှိမှာ အဖွဲ့တွေ အားလုံးပေါင်းက တနိုင်လုံး EAOs ရဲ့ ၉၃ ရာခိုင်နှုန်းရှိတဲ့အတွက် ၉၃ ရာခိုင်နှုန်းကို စည်းရုံးနိုင်ရင် အောင်ပွဲခံဖို့ သေချာလိမ့်မယ်” ဟု ပြောသည်။
You may also like these stories:
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ
မြောက်ပိုင်း EAO ၇ ဖွဲ့နှင့် တရုတ်အထူးကိုယ်စားလှယ်သစ် တွေ့ဆုံ
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီဆန့်ကျင်သူတွေ ပေါင်းစည်းသွား
စစ်ရေးကွပ်ကဲမှုစနစ် NUG တည်ထောင်
ငြိမ်းချမ်းရေးစကားပြောရန် တိုင်းရင်းသားခေါင်းဆောင်များအား ဝဏ္ဏကျော်ထင်ပေးခဲ့