စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာသိမ်း စစ်တပ်အထက်လွှာများနှင့် ၎င်းတို့ မိသားစုများအတွက် တည်ဆောက်ခဲ့သော မြန်မာ့အုပ်ချုပ်ရေးမြို့တော် နေပြည်တော်သည် ယခုအခါ သူ့ကိုဆက်ခံသော စစ်ကောင်စီ ခေါင်းဆောင်များ ခိုအောင်းရာနေရာဖြစ်သည်။
အရှေ့တောင်အာရှတွင် ဒုတိယအကျယ်ဆုံးနိုင်ငံဖြစ်သည့် မြန်မာရှိ ၇၀,၅၇၁ စတုရန်း ကီလိုမီတာကျယ်ဝန်းပြီး ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ထားသည့် မြို့တော်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုပြီးနောက် လူထုပုန်ကန်မှုနှင့် ရင်ဆိုင်နေရသော ဗိုလ်ချုပ်များ ခိုအောင်းရာနေရာဖြစ်လာသည်။
နေပြည်တော်သည် မြောက်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ခုခံတော်လှန်ရေး အမာခံဒေသ မြန်မာနိုင်ငံအလယ်ပိုင်း၊ တောင်ပိုင်းတွင် စစ်ကောင်စီကို တက်ကြွစွာတိုက်ခိုက်နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ရှိသည့် ပဲခူးတိုင်း၊ အနောက်ဘက်တွင် နောက်ထပ် PDF အမာခံဒေသတခုဖြစ်သော မကွေးတိုင်းနှင့် အရှေ့ဘက်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် PDFs တပ်များ လှုပ်ရှားနေသည့် ကယား (ကရင်နီ) ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
ထိုမြို့ကို မြောက်ပိုင်းတွင် ကချင်ပြည်နယ်မှ ကချင်လွတ်လပ်ရေးတပ် (KIA)၊ အရှေ့ပိုင်းတွင် သြဇာကြီးမားသည့် ရှမ်းတိုင်းရင်းသား တပ်များ၊ အနောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့် တောင်ပိုင်းတွင် KNU တို့က ဝိုင်းထားသည်။
လက်ရှိ အာဏာသိမ်းခေါင်းဆောင်များသည် ၎င်းတို့အတွက် ခံတပ်မြို့ကြီး တည်ဆောက်ပေးခဲ့သည့် အာဏာရှင်ဟောင်း ဦးသန်းရွှေကို သူ၏ဉာဏ်အမြော်အမြင်အတွက် ကျေးဇူးတင်သင့်သည်။
လက်ရှိ အာဏာသိမ်းခေါင်းဆောင်များသည် ၎င်းတို့အတွက် ခံတပ်မြို့ကြီး တည်ဆောက်ပေးခဲ့သည့် အာဏာရှင်ဟောင်း ဦးသန်းရွှေကို သူ၏ဉာဏ်အမြော်အမြင်အတွက် ကျေးဇူးတင်သင့်သည်။
လွန်ခဲ့သော ဆယ်စုနှစ် သုံးခုက နိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်များသည် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်တွင် နေထိုင်နေဆဲဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော စစ်ခေါင်းဆောင်များသည် နေပြည်တော်ထောင်တွင် ဖမ်းဆီးထားသည့် မြန်မာမှ တဦးတည်းသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် စောင့်ကြည့်နေသည်။
ရန်သူဝိုင်းနေသော ခံတပ်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပျားရည်ဆမ်းခရီးအတွင်း အမေရိကန်နှင့် တရုတ်သမ္မတများ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ နေပြည်တော်သို့ လာရောက်လည်ပတ်ခဲ့သည်။
လယ်တောများအတွင်း တည်ဆောက်ထားပြီး ကျယ်သော်လည်း လူသူကင်းမဲ့သည့် ကွန်ကရစ် လမ်းမကြီးများဖြင့် ပိုင်းခြားထားသော ထိုတစ္ဆေမြို့ကြီးသည် ASEAN ထိပ်သီးဆွေးနွေးပွဲများနှင့် ဆီးဂိမ်း အားကစားပွဲများအတွက် တခါတရံ သက်ဝင်လှုပ်ရှားလာတတ်သည်။
နေပြည်တော်၏ အထွတ်အထိပ်အောင်မြင်မှုသည် ဦးသိန်းစိန် အရပ်သားအစိုးရအတုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် အာဏာလွှဲပေးချိန်တွင် ရောက်လာသည်။
သို့သော် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ ရုံးစိုက်ပြီး ၅ နှစ်မျှအကြာတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့် နေပြည်တော်သည် ရန်သူများဝိုင်းနေသည့် ခံတပ်ဖြစ်လာသည်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ ရုံးစိုက်ပြီး ၅ နှစ်မျှအကြာတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့် နေပြည်တော်သည် ရန်သူများဝိုင်းနေသည့် ခံတပ်ဖြစ်လာသည်။
ရန်ကုန်-မန္တလေး အဝေးပြေးလမ်း မိုင်တိုင်အမှတ် ၂၀၀ မှ ညာဘက်သို့ ကွေ့လိုက်ပါက နေပြည်တော်သို့ ဦးတည်သည့် လမ်းပေါ်ရောက်သွားမည် ဖြစ်သည်။ ထိုလမ်းကို ရွှေပြည်တော်ဝင်လမ်း သို့မဟုတ် ရွှေမြို့တော်သို့ အဝင်လမ်းဟု ခေါ်သည်။ စစ်တပ်ရွက်ဖျင်တဲများနှင့် သဲအိတ်ကာထားသည့် ကတုတ်ကျင်းများ ဟိုနေရာ သည်နေရာမှ ပေါ်လာနေပြီး မြို့တော်အဝင်လမ်းထက် ရှေ့တန်းစစ်စခန်းနှင့် ပိုမိုတူနေသည်။
နေပြည်တော်သို့ ဝင်ရောက်ရန် မှတ်ပုံတင်ကတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထုတ်ပေးထားသည့် နေထိုင်ကြောင်း လက်မှတ်ကို ပြသရန် လိုသည်။ ထို့ကြောင့် စစ်ကောင်စီစစ်သားများနှင့် လက်နက်ကိုင်ရဲများ စောင့်ကြည့်မှုအောက် ပူလောင်သော နေရောင်အောက်တွင် စစ်ဆေးရေးစခန်းသို့ လမ်းလျှောက်သွားရခြင်းပင် ဖြစ်သည်။ အနီးရှိ သစ်ပင်ရိပ်များတွင် ကျွဲနွားများ အနားယူနေသည်။
“စစ်သားတွေက စုတ်ပြတ်သပ်နေတယ်။ ဘာခံယူချက်မှ ရှိပုံမရဘူး။ ကင်းစောင့်ဖို့ သူတို့ကို ခိုင်းထားလို့ ကင်းစောင့် နေတာ သက်သက်ပဲ” ဟု မကြာသေးမီက ရန်ကုန်မှ နေပြည်တော်သို့ ကားမောင်လာခဲ့သူတဦးက ပြောသည်။
ရွှေပြည်တော်ဝင်လမ်းအတိုင်း တည့်တည့်လာပြီးနောက် ကံ့ကော်ပန်း အဝိုင်းသို့ ရောက်လာမည်ဖြစ်သည်။ ထိုအဝိုင်းသည် နေပြည်တော်မှ အဝိုင်းများစွာအနက် ပထမဆုံးတွေ့ရသည့် အဝိုင်းဖြစ်သည်။ ထိုနေရာသည် စစ်ကောင်စီလက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဌာနချုပ်တည်ရှိသော နေရာလည်းဖြစ်သည်။
ထိုမှဆက်သွားပါက လွတ်လပ်ရေးသူရဲကောင်း ခေတ်သစ်မြန်မာတပ်မတော်ကို တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုရှိသော သပြေကုန်းအဝိုင်းသို့ ရောက်မည်ဖြစ်သည်။
ယေဘုယျအားဖြင့် နေပြည်တော်၏ ဗဟိုချက်အဖြစ် သတ်မှတ်ထားသော ထိုနေရာသည် ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းအပြီးတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများ ပြည့်နှက်နေသောနေရာဖြစ်သည်။ စစ်ကောင်စီကို ဆန့်ကျင်သည့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ပထမဆုံးသတ်ဖြတ်ခံရသည့် ဆန္ဒပြသူ မမြသွဲ့သွဲ့ခိုင်ကို စစ်ကောင်စီတပ်များက သပြေကုန်းအဝိုင်းအနီးတွင် ပစ်သတ်ခဲ့သည်။
စစ်ကောင်စီကို ဆန့်ကျင်သည့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ပထမဆုံးသတ်ဖြတ်ခံရသည့် ဆန္ဒပြသူ မမြသွဲ့သွဲ့ခိုင်ကို စစ်ကောင်စီတပ်များက သပြေကုန်းအဝိုင်းအနီးတွင် ပစ်သတ်ခဲ့သည်။
ထိုအချိန်မှစတင်ပြီး စစ်ကောင်စီသည် ထိုလမ်းကို ပိတ်ထားသည်။ ထိုလမ်းသည် နေပြည်တော်ကို ပျဉ်းမနားနှင့် မကွေးတိုင်းမှ တောင်ညိုတို့ကို ဆက်သွယ်ထားသည်။
လေဆိပ်တွင် ခရီးသည်အရေအတွက်ထက် လုံခြုံရေးတပ်ဖွဲ့အရေအတွက်က ပိုမိုများပြားကြောင်း နေပြည်တော်သို့ မကြာသေးမီက လေယာဉ်ဖြင့် လာရောက်ခဲ့သော နိုင်ငံခြားသားတဦးက ပြောသည်။ တရုတ်အကူအညီဖြင့် တည်ဆောက်ထားသည့် ထိုနိုင်ငံတကာလေဆိပ်ဆိုသည့် အဆောက်အအုံတွင် စားသောက်ဆိုင် တဆိုင်မျှ မရှိပေ။ စားသောက်ဆိုင်အစား ဝင်ခ နှစ်ဒေါ်လာတောင်းခံပြီး ကော်ဖီမစ်တထုတ်နှင့် ဈေးပေါပေါ ကိတ်မုန့်များပေးသည့် လေဆိပ်ခန်းမတခုသာ ရှိသည်ဟု အဆိုပါ နိုင်ငံခြားသားက ပြောသည်။
နေ့စဉ်လေကြောင်းခရီးစဉ်မရှိဘဲ ရုရှားမှ စင်းလုံးငှား လေယာဉ်ကြောင်းခရီးစဉ်များက ပြည်တွင်းလေကြောင်း ခရီးစဉ်ထက် ပိုများကြောင်း လေဆိပ်ဝန်ထမ်းတဦးက သူ့ကိုပြောသည်ဟု သိရသည်။
လေဆိပ်မှ မြို့တဘက်ခြမ်းရှိ မင်းအောင်လှိုင်၏ တရားဝင်ရုံးခန်းနေရာသို့ တနာရီခန့်မောင်းရသည်။ တနိုင်ငံလုံးသို့ လေကြောင်းတိုက်ခိုက် သတ်ဖြတ်မှုများကို အမိန့်ပေးနေသည်မှာ ရှမ်းရိုးမတောင်တန်းများ အောက်ခြေရှိ စစ်တပ်ကာကွယ်ရေး ဦးစီးချုပ်ရုံးဖြစ်သည့် ထိုနေရာမှဖြစ်သည်။
ဗိုလ်ချုပ်များ နေပြည်တော်တွင်သာ ပိတ်မိနေ
သမ္မတအိမ်တော်တွင် အစည်းအဝေး သွားတက်သောအခါ သို့မဟုတ် နေပြည်တော်တွင် အကြီးအကျယ် အစောင့်ချ ကျင်းပသည့် အခမ်းအနားများသို့ သွားခြင်းမှအပ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ၏ စစ်ရုံးမှ ပြင်ပသို့ ထွက်ခွာခဲလှသည်။
မင်းအောင်လှိုင်သည် အဝေးပြေးလမ်းအနီးတွင် သူတည်နေသည့် ကြီးမားသော သလင်းကျောက် မာရဝိဇယ ဗုဒ္ဓဆင်းတုတော်သို့ တလတကြိမ် သွားရောက်စစ်ဆေးသည်။
မင်းအောင်လှိုင်သည် အဝေးပြေးလမ်းအနီးတွင် သူတည်နေသည့် ကြီးမားသော သလင်းကျောက် မာရဝိဇယ ဗုဒ္ဓဆင်းတုတော်သို့ တလတကြိမ် သွားရောက်စစ်ဆေးသည်။
ထိုဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် နေပြည်တော်အချုပ်ထောင်သည် နေပြည်တော် ပတ်လမ်းတွင် တည်ရှိသည်။ သို့သော် အယူသီးသည့် စစ်ကောင်စီခေါင်းဆောင်သည် ထိုလမ်းကိုအသုံးပြုရန် ငြင်းဆန်ပြီး လမ်းသစ်ဖောက်ရန် အမိန့်ပေးကြောင်း စစ်ရုံးမှသတင်းရင်းမြစ်တခုက ပြောသည်။
“အဲဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သူသွားရင် လမ်းသစ်ကို အသုံးပြုတယ်။ ဒီပတ်လမ်းကို သူအသုံးမပြုဘူး” ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
မင်းအောင်လှိုင်၏ ဗိုလ်ချုပ်များနှင့် ၎င်းတို့မိသားစုဝင်များကိုလည်း စစ်ရုံးအဆောက်အအုံအတွင်းမှ ခွင့်ပြုချက်မရဘဲ ပြင်ပသို့ ထွက်ခွာခွင့်မပေးပေ။
သမ္မတရုံးမှ ၁၂ ကီလိုမီတာခန့်အကွာတွင် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်၌ တယောက်တည်း ချုပ်နှောင်ထားသည်။ သို့သော် ဗိုလ်ချုပ်များသည်လည်း နေပြည်တော်တွင်သာ ပိတ်မိနေသည်။
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ခဲ့သည့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေသည် နေပြည်တော်မှ ခြောက်လုံးတန်းဟု ခေါ်သည့် ချမ်းသာကြွယ်ဝသော ရပ်ကွက်တွင် နေထိုင်သည်။ ၂၀၁၉ ခုနှစ်က နေပြည်တော်တွင် သူ၏သားမက် ဗိုလ်မှူးချုပ် သိန်းနိုင်၏နာရေးတွင်မှအပ သူ့ကို အများပြည်သူမြင်ကွင်းတွင် မတွေ့ရသည်မှာ ဆယ်စုနှစ်တခုနီးပါး ရှိပြီဖြစ်သည်။
အများပြည်သူမြင်ကွင်းတွင် တွေ့ရခဲသူများမှာ ဦးသန်းရွှေ၏ အိမ်နီးချင်းများဖြစ်သော သူ့လက်ထောက် ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၊ သမ္မတဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်၊ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ရွှေမန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးဟောင်း တင်အေးနှင့် ဒု သမ္မတဟောင်း တင်အောင်မြင့်ဦးတို့ ဖြစ်သည်။
အလားတူစွာပင် NLD အစိုးရအောက်တွင် ဒုတိယ သမ္မတ (၁) အဖြစ် စစ်တပ်ကခန့်အပ်ခဲ့သော ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကိုလည်း စစ်ကောင်စီ၏ ခေတ္တသမ္မတအဖြစ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) အစည်းအဝေးတက်သည်မှအပ အခြားနေရာတွင် တွေ့ရခဲလှသည်။
“အဲဒီဗိုလ်ချုပ်တွေဟာ သူတို့လည်း တကယ်ကို ထောင်ကျနေတယ်ဆိုတာကို သတိမထားမိကြဘူး။ သူတို့ ကျူးလွန်ထားတဲ့ ပြစ်မှုတွေအတွက် သူတို့ကို ပြစ်ဒဏ်မချမှတ်ရသေးပေမယ့် သူတို့က လူမြင်ကွင်းမှာ မသွားလာရဲကြဘူး။ သူတို့တွေက နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်ကျသလို ဖြစ်နေတယ်” ဟု အမည်မဖော်လိုသော နိုင်ငံရေးသမားတဦးက ပြောသည်။
“အဲဒီဗိုလ်ချုပ်တွေဟာ သူတို့လည်း တကယ်ကို ထောင်ကျနေတယ်ဆိုတာကို သတိမထားမိကြဘူး။ သူတို့ ကျူးလွန်ထားတဲ့ ပြစ်မှုတွေအတွက် သူတို့ကို ပြစ်ဒဏ်မချမှတ်ရသေးပေမယ့် သူတို့က လူမြင်ကွင်းမှာ မသွားလာရဲကြဘူး။ သူတို့တွေက နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်ကျသလို ဖြစ်နေတယ်”
လက်ရှိနှင့်လက်ဟောင်း ဗိုလ်ချုပ်များသည် လုံခြုံရေးစိုးရိမ်မှုများကြောင်း မိသားစုများကို ခေါ်ယူပြီး နေပြည်တော်သို့ ဆုတ်ခွာနေကြသည်။
“သူတို့တွေက ဧည့်သည်တောင် လက်ခံမတွေ့ရဲတော့ဘူး” ဟု ဗိုလ်ချုပ်ဟောင်းများနှင့် နီးကပ်သောဆက်ဆံရေးရှိသူ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
ခြောက်လုံးတန်းတွင် အကြီးအကျယ်ချထားသည့် လုံခြုံရေးများကို ယခင်စစ်အုပ်စုမှ အငြိမ်းစား ဗိုလ်ချုပ်များနှင့် ဝန်ကြီးများနေထိုင်သည့် ရာဇသင်္ကြံ အိမ်ရာ ၁ နှင့် ၂ အထိ ဖြန့်ကြက်ထားသည်။
“ကျနော်သိတဲ့ ဗိုလ်ချုပ်ဟောင်းတွေက အပြင်သွားရင် သေနတ်ဆောင်သွားတယ်” ဟု ထိုစီးပွားရေး လုပ်ငန်းရှင်က ပြောသည်။ ထိုသေနတ်များအနက် အချို့သော သေနတ်များသည် လိုင်စင်ရှိပြီး အချို့သေနတ်များသည် တရားမဝင် ဝယ်ယူထားသော သေနတ်များဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ “စစ်တပ်က သူတို့အတွက် လုံခြုံရေး မပေးနိုင်ဘူးဆိုတာကို သူတို့သိနေကြတယ်” ဟုလည်း ပြောသည်။
အကျဉ်းစံ သံမဏိအမျိုးသမီး
စစ်ကောင်စီခေါင်းဆောင်သည် နေပြည်တော်ပတ်လမ်းတွင် တည်ရှိသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ တလတကြိမ် အနည်းဆုံးသွားသည်။
ထိုနေရာမှ ၆ ကီလိုမီတာခန့်ပင် မဝေးသောနေရာတွင် တည်ရှိသည့် နေပြည်တော်အချုပ်ထောင်တွင် ဗိုလ်ချုပ်အဆက်ဆက် ကြောက်လန့်ရသည့် ပိန်သွယ်သော အမျိုးသမီးတယောက်ကို ချုပ်နှောင်ထားသည်။
ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ၁၅ နှစ်ကြာ နေအိမ်တွင် ချုပ်နှောင်ခံရသည်။ လက်ရှိစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၃၃ နှစ် ချထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ဘဝတလျှောက်လုံး နေ့စဉ်အလေ့အထဖြစ်သော တရားထိုင်ခြင်းဖြင့် တနေ့တာကို စတင်သည်။ စစ်ကောင်စီတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးအမှုအတွက် စီရင်ချက် ချသည့် ဒီဇင်ဘာလမှစတင်ပြီး ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်ထားသည်။
ဗိုလ်ချုပ်များသည် အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်တွင် တဦးတည်း ချုပ်နှောင်ထားသော်လည်း အုတ်နံရံများသည် သူ၏နိုင်ငံရေးသြဇာကို ချုပ်နှောင်ထားနိုင်ခြင်း မရှိပေ။ ထို့ကြောင့်ပင် စစ်အာဏာရှင်များသည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီး ကြောက်ရွံ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်များသည် အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်တွင် တဦးတည်း ချုပ်နှောင်ထားသော်လည်း အုတ်နံရံများသည် သူ၏နိုင်ငံရေးသြဇာကို ချုပ်နှောင်ထားနိုင်ခြင်း မရှိပေ။ ထို့ကြောင့်ပင် စစ်အာဏာရှင်များသည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီး ကြောက်ရွံ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အကျဉ်းထောင် ဝန်ထမ်းများမှတဆင့် တပတ်လျှင် နှစ်ကြိမ် အစားအသောက်နှင့် ဆေးဝါးများရရှိပြီး စစ်ကောင်စီထိန်းချုပ် နေ့စဉ်ထုတ်သတင်းစာများ ရရှိကြောင်း အကျဉ်းထောင် သတင်းရင်းမြစ်များမှ သိရသည်။
ပြည်တွင်းစစ်အကြား စည်ကားနေသော လမ်းများ
နေပြည်တော်သည် ပူလောင်ခြောက်သွေ့သော ရာသီဥတုရှိသည့် ပျင်းစရာကောင်းသော မြို့ဖြစ်သည်ဟု ကျော်ကြားသည်။ အလုပ်ကိစ္စအတွက် နေပြည်တော်သို့ သွားရောက်သူများသည် အလုပ်ပြီးလျှင်ပြီးချင်း ချက်ချင်း ပြန်သွားကြသည်။
အာဏာမသိမ်းမီက နေပြည်တော်တွင် အစိုးရဝန်ထမ်းများ အပါအဝင်လူဦးရေ တသန်းကျော်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးဌာန စာရင်းများအရသိရသည်။
နေပြည်တော်တွင် အဆောက်အအုံ ၅,၀၀၀ ကျော်ရှိသော်လည်း အဆောက်အအုံ ငါးခုလျှင် တခုတွင်သာ လူနေထိုင်ပြီး ကျန်အဆောက်အအုံများမှာ လူမနေသော အဆောက်အအုံများဖြစ်သည်ဟု နေပြည်တော်ကောင်စီ၏ စာရင်းအရ သိရသည်။
ဖြုတ်ချခံလိုက်ရပြီဖြစ်သော NLD အစိုးရခေတ်တွင် နေပြည်တော် ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦးသည် နေပြည်တော်ကို လှုပ်ရှားတက်ကြွလာစေရန် ကြိုးစားသည်။ မြေများဖော်ထုတ်ပြီး အငှားတိုက်ခန်းများ တည်ဆောက်သည်။ သို့သော် ထိုအစီအစဉ်သည် လူများများကို ဆွဲဆောင်နိုင်ခြင်း မရှိပေ။
အာဏာသိမ်းပြီးနောက် လွန်ခဲ့သော နှစ်နှစ်အတွင်းတွင် မျက်လှည့်ပြလိုက်သကဲ့သို့ပင် နေပြည်တော်သို့ လူသစ်များ အလုံးအရင်းဖြင့် ဝင်ရောက်လာသည်။ အိမ်အလွတ်များတွင် ထိုင်ဝင်ရောက်နေထိုင်ကြပြီး မြေလွတ်များတွင် အိမ်အသစ်များ အလျှိုအလျှို ပေါ်ပေါက်လာသည်။
USDP ပါတီဝင်များအပါအဝင် တနိုင်ငံလုံးမှ တိုက်ခိုက်မှုများကြောင့် ရွှေ့ပြောင်းအခြေချသူများသည် နေပြည်တော်တွင် ခိုလှုံကြသောကြောင့် မြေဈေးများ ရုတ်တရက်တက်သွားကြောင်း အိမ်ခြံမြေပွဲစားများ၏ အဆိုအရ သိရသည်။
“နေပြည်တော်ကောင်စီက လူသစ်တွေအတွက် အငှားအိမ်ရာသစ်တွေ တည်ဆောက်ရတယ်” ဟု အိမ်ခြံမြေပွဲစား တဦးကပြောသည်။
နေပြည်တော်သို့ ပြောင်းရွှေ့လာသူ အများစုသည် ကြီးထွားလာသော ခုခံတော်လှန်ရေး လှုပ်ရှားမှုကြောင့် ၎င်းတို့ မြို့များတွင် မနေရဲတော့သည့် စစ်မှုထမ်းဟောင်းများ၊ ၎င်းတို့မိသားစုများနှင့် စစ်တပ်လိုလားသူများဖြစ်သည်။
နေပြည်တော်သို့ ပြောင်းရွှေ့လာသူ အများစုသည် ကြီးထွားလာသော ခုခံတော်လှန်ရေး လှုပ်ရှားမှုကြောင့် ၎င်းတို့ မြို့များတွင် မနေရဲတော့သည့် စစ်မှုထမ်းဟောင်းများ၊ ၎င်းတို့မိသားစုများနှင့် စစ်တပ်လိုလားသူများဖြစ်သည်။
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက စစ်အရာရှိဟောင်းများနှင့် စစ်တပ်ထောက်ခံသူများအား ပစ်မှတ်ထားခြင်းကို စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီမှ ဘဏ္ဍာရေး အရာရှိချုပ်အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက လုပ်ကြံသတ်ဖြတ်ခြင်းနှင့် လွန်ခဲ့သောနှစ် စက်တင်ဘာလက အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်ကို လုပ်ကြံသတ်ဖြတ်ခြင်းတို့က မီးမောင်းထိုးပြနေသည်။ စစ်တပ်အသိုက်အဝန်းမှ လူများက နေပြည်တော်သည် ၎င်းတို့အတွက် နောက်ဆုံးခိုလှုံရာ နေရာဖြစ်သည်ဟု မြင်လာကြသည်။
ရလဒ်မှာ ညသန်းခေါင်မှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားစေကာမူ နေပြည်တော်တွင် ညနက်သည့်တိုင် လူစည်ကားနေခြင်းဖြစ်သည်။ ညဘက်တွင် ဧရာဝတီလမ်းပေါ်မှ စားသောက်ဆိုင်များနှင့် ဘားများတွင် အပျော်အပါးလိုက်စားသူများဖြင့် ပြည့်နေပြီး ကားရပ်ရန်နေရာပင် ရှာရခက်သည်။
မြို့လယ်မှ ထိုဘားများနှင့် စားသောက်ဆိုင် အများအပြားကို ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ် အပါအဝင် ဗိုလ်ချုပ်များ၏ မိသားစုများ ပိုင်ဆိုင်ကြသည်။ စိုးထွဋ်သည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ အနီးကပ် လူယုံဖြစ်ပြီး စစ်ကောင်စီ အဖွဲ့ဝင်ဖြစ်သည်။ သူသည် စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင် ငါးဦးတွင် အဆင့် ၄ ရှိသူဖြစ်သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အုပ်ချုပ်ရေးသက်တမ်း နောက်ထပ် ခြောက်လတိုးသောအခါ စစ်ကောင်စီကို ဆက်လက် ပြင်ဆင်ဖွဲ့စည်းထားသည်။
ဧရာဝတီလမ်းသည် ဗိုလ်ချုပ်သားသမီးများနှင့် စစ်တပ်လိုလားသော အနုပညာရှင်များအပါအဝင် ၎င်းတို့မိတ်ဆွေများ စိတ်ကြိုက်သွားရောက် လည်ပတ်သောနေရာ ဖြစ်သည်။
“စားသောက်ဆိုင်တိုင်းမှာ လူပြည့်နေတယ်။ ဒါပေမယ့် ဗိုလ်ချုပ်တွေက အဲဒီလမ်းကို မသွားကြဘူး။ အဲဒီလမ်းက သူတို့ သားသမီးတွေနဲ့ သူငယ်ချင်းတွေ တွေ့ဆုံတဲ့နေရာဖြစ်တယ်” ဟု မကြာသေးမီက နေပြည်တော်သို့ သွားရောက်ခဲ့သော စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။
သို့သော် ဧရာဝတီလမ်းမှ ဟိုတယ်ဇုန် နောက်ဘက်လမ်းများတွင် လူသူကင်းမဲ့နေကြောင်းလည်း သူကပြောသည်။
ဗိုလ်ချုပ်များ၏ ကွပ်ကဲရေးစခန်း
အရှေ့တောင်အာရှမှ အဆင်းရဲဆုံးနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် ထိုမျှခမ်းနားသော မြို့ကြီးတမြို့ကို တွေ့ရသောကြောင့် နေပြည်တော်သို့ ရောက်လာသော သံတမန်များ အံ့သြကြရသည်။
နေပြည်တော်ကို ပုံစံတူ အစိုးရရုံးအဆောက်အအုံများ၊ ယာဉ်ကြော ၂၀ အထိပါသည့် ခမ်းနားပြီး လူသူကင်းမဲ့သော မျက်စိတဆုံးရှည်လျားသည့် လမ်းမကြီးများနှင့် လူသူကင်းမဲ့သည့် အဆင့်မြင့် ဟိုတယ်များဖြင့် ပုံဖော်ထားသည်။
ခမ်းနားသော သမ္မတအိမ်တော်နှင့် လွှတ်တော်အဆောက်အအုံသည် ဗိုလ်ချုပ်များ၏ ဧကရာဇ်ဆန်သော အုပ်ချုပ်ရေးအတွက် ရူးသွပ်မှုကို ဖော်ပြနေသည်။
ခမ်းနားသော သမ္မတအိမ်တော်နှင့် လွှတ်တော်အဆောက်အအုံသည် ဗိုလ်ချုပ်များ၏ ဧကရာဇ်ဆန်သော အုပ်ချုပ်ရေးအတွက် ရူးသွပ်မှုကို ဖော်ပြနေသည်။
သူအနားယူပြီး အနည်းဆုံး နောက်ထပ် ဆယ်စုနှစ် ငါးခုကြာအောင် မြန်မာ့နိုင်ငံရေးတွင် စစ်တပ် လွှမ်းမိုးနိုင်စေမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်းကို ကြီးကြပ်ရင်း စစ်အာဏာရှင်ဟောင်း သန်းရွှေက နေပြည်တော်ကို တည်ဆောက်ခဲ့သည်။
သို့သော် သူ၏ နှစ် ၅၀ စီမံကိန်းကို မြန်မာပြည်သူများက သူအနားယူပြီး ၅ နှစ်အကြာတွင် ဖျက်သိမ်းလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ကို မဲပေးပြီး နေပြည်တော်တွင် အစိုးရဖွဲ့စေသည်။
စစ်တပ်အတွက် လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း ယူထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင်ပင် ရွေးကောက်ပွဲသည် စစ်တပ်အတွက် အလုပ်မဖြစ်ကြောင်း သဘောပေါက်လာသောအခါ သန်းရွှေကို ဆက်ခံသည့် မင်းအောင်လှိုင်သည် စစ်အာဏာသိမ်းပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်များကို ဖျက်သိမ်းလိုက်သည်။
ယခုအခါ သူသည် သူ၏ ရုံးကို ရှမ်းရိုးမတောင်ခြေမှ နေပြည်တော်မြို့လယ် သမ္မတအိမ်တော်သို့ ပြောင်းရွှေ့လိုသည်။ သူသည် ရွေးကောက်ပွဲအတု ကျင်းပရန် လုပ်ဆောင်နေသော်လည်း ယခုနှစ် နှစ်ကုန်အထိ ကျင်းပနိုင်ဖွယ် မရှိပေ။ တချိန်တည်းတွင် စစ်တပ်သည် သူ၏အမိန့်ဖြင့် ခုခံတော်လှန်ရေး အင်အားစုများနှင့် အရပ်သားများကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေသည်။
စစ်ကောင်စီ ခေါင်းဆောင်သည် သူ၏မကောင်းမှုများကို ဘုရားတည်ခြင်းဖြင့် ဆေးကြောရန် ကြိုးစားနေသော်လည်း မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုက်အဝန်းများ အမြင်တွင် သူသည်ကျဆုံးနေသည့် အာဏာရှင်ဖြစ်သည်။
စစ်ကောင်စီသည် စစ်တပ်ကျောထောက်နောက်ခံပြု USDP ကို မျက်နှာသာပေးသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းသည်။ အန္တိမရည်မှန်းချက်မှာ ဗိုလ်ချုပ်များ အာဏာထိန်းချုပ်မှုကို ထိန်းသိမ်းထားရန်သာ ဖြစ်သည်။
နေပြည်တော်သည် နိုင်ငံရေးမှ စစ်တပ်ဆုတ်ခွာခြင်းကို အဓိကထားသည့် မြန်မာအတွက် အခန်းကဏ္ဍသစ်ကို ရေးသားရန် ရွှေအခွင့်အရေးဖြစ်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်များသည် ထိုအခွင့်အလမ်းကို အသုံးချနိုင်ခြင်း မရှိပေ။
နေပြည်တော်သည် နိုင်ငံရေးမှ စစ်တပ်ဆုတ်ခွာခြင်းကို အဓိကထားသည့် မြန်မာအတွက် အခန်းကဏ္ဍသစ်ကို ရေးသားရန် ရွှေအခွင့်အရေးဖြစ်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်များသည် ထိုအခွင့်အလမ်းကို အသုံးချနိုင်ခြင်း မရှိပေ။
ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ နောက်လိုက်များသည် ၎င်းတို့၏ မသမာသောနည်းဖြင့် ရရှိထားသော ပစ္စည်းများကို ကာကွယ်ရန် ခံတပ်အဖြစ်သာ နေပြည်တော်ကို ဆက်လက် အသုံးပြုလိုကြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ David Aung ၏ Naypyitaw: Myanmar Junta’s Last Fortress Against Rising Resistance ကို ဘာသာပြန်သည်။)
You may also like these stories :
ရာဇပလ္လင်ကို ဖက်တွယ်ရေး ကြိုးစားနေသည့် မင်းအောင်လှိုင်
ရက်စက်ကြမ်းကြုတ်သော စစ်တပ် အက်ကြောင်း မထတော့ပြီလော
ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင် လုပ်ကြံခံရပြီးနောက် စစ်အရာရှိဟောင်းများ သွေးပျက်
သူတို့ တွေ့ပြီး ဘာတွေ တိုင်ပင်ခဲ့ကြလဲ
ကိုယ့်တပ်ကိုယ်နင်းတဲ့ မင်းအောင်လှိုင်