၁၉၆၆ ခုနှစ် ဇွန်လ နေသာသော နွေရာသီနေ့တနေ့တွင် ဗောက်စ်ဝက်ဂွန် လိပ်ခုံးကားငယ်တစီးသည် သြစတြီးယားနိုင်ငံ မြို့တော်ဗီယင်နာရှိ ဇိမ်ခံဟိုတယ်အဖြစ် ပြောင်းလဲထားသည့် ရှလော့စ် လောက်ဒွန် ရဲတိုက်ဆီသို့ လာနေသည်။ ထိုခြံဝန်း သံတခါးကို သြစတီးယား ရဲတပ်ဖွဲ့က အနီးကပ်စောင့်ကြပ်နေသော်လည်း ထိုကားတွင် ဗီယင်နာရှိ ထိုင်းသံရုံးမှ နံပတ်ပြား တပ်ဆင်ထားသောကြောင့် ဝင်ခွင့်ပေးလိုက်သည်။
ထိုကားသည် ရဲတိုက်ပတ်ပတ်လည်မှ သပ်ရပ်စွာပြုပြင်ထားသော ဥယျာဉ်ကို ဖြတ်ဖောက်ထားသည့် ကျောက်ခင်းလမ်းအတိုင်း မောင်းနှင်ပြီး ပင်မအဆောက်အအုံပြင်ပတွင် ရပ်လိုက်သည်။ ထိုစဉ်က အရှေ့တောင်အာရှပုံစံ ဆံပင်ထုံးထားသည့် ကော့ကေးရှန်း အမျိုးသမီးငယ်တဦး ကားပေါ်မှဆင်းလာပြီး သလင်းကျောက်လှေခါးကို တက်ကာ တံခါးဆီသို့ လျှောက်သွားသည်။ အသက် ၁၀ နှစ်နှင့် ၇ နှစ်အရွယ် ယူရေးရှား မိန်းကလေးနှစ်ဦးက ထိုအမျိုးသမီး၏ လက်များကို တဘက်စီမှ ဆုပ်ကိုင်လိုက်ပါလာသည်။ ၎င်းတို့သည် မည်းနက်သော သစ်သားများ တပ်ဆင်ထားသည့် ပြတင်းပေါက်များနှင့် ၁၈ ရာစုနှောင်းပိုင်း ပြင်သစ်ဟန် ပရိဘောဂများဖြင့် ဧည့်ခန်းမအဖြစ် ပြုလုပ်ထားသည့် ရဲတိုက်၏ အဝိုင်းပုံခန်းမအတွင်း ဝင်လာကြသည်။ သူတို့ဝင်လာသည်ကို ဧည့်သည်များက တအံ့တသြ ကြည့်နေကြသည်။ ထိုဧည့်သည်များ အားလုံးသည် အာရှသားများဖြစ်သည်။
မိန်းကလေးငယ်နှစ်ဦးကို ဆုပ်ကိုင်ထားဆဲဖြစ်သော ကော့ကေးရှန်း အမျိုးသမီးသည် ပါတီပွဲမှ အမျိုးသမီးတဦးထံသွားပြီး ပီသသောမြန်မာစကားဖြင့် “ကျမ ဗိုလ်ချုပ်နဲ့တွေ့ချင်တယ်” ဟု ပြောလိုက်သည်။ ထိုသို့ ပြောဆိုခံရသော အမျိုးသမီးသည် ဒုတိယထပ် လသာဆောင်သို့ သွားသည့် လှေခါးကို မော့ကြည့်လိုက်သည်။ ကော့ကေးရှန်းအမျိုးသမီးသည် ထိုအမျိုးသမီး ကြည့်သည့်နေရာသို့ လိုက်ကြည့်လိုက်ရာ လသာဆောင်တွင် အရပ်ရှည်ရှည်နှင့် အာရှသားတယောက် လသာဆောင်လက်ရမ်းတွင် အလျင်အမြန် ဘယ်ဘက်ကွေ့ပြီး တံခါးတခုတွင် ပျောက်ကွယ်သွားကာ တံခါးကို သေသေချာချာ ပိတ်လိုက်သည်ကို တွေ့ရသည်။
မိန်းကလေးငယ်နှစ်ဦးကို ဆုပ်ကိုင်ထားဆဲဖြစ်သော ကော့ကေးရှန်း အမျိုးသမီးသည် ပါတီပွဲမှ အမျိုးသမီးတဦးထံသွားပြီး ပီသသောမြန်မာစကားဖြင့် “ကျမ ဗိုလ်ချုပ်နဲ့တွေ့ချင်တယ်” ဟု ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ထိုင်ပါ၊ လက်ဖက်ရည်သောက်ပါ” ဟု စိတ်ရှုပ်နေသည့် မြန်မာအမျိုးသမီးက ချီတုံချတုံဖြင့် ပြောသည်။ “မသောက်တော့ဘူး။ ကျေးဇူးပဲ။ ကျမ ဗိုလ်ချုပ်နဲ့ ပြောစရာရှိလို့လာတာ” ဟု ကော့ကေးရှန်း အမျိုးသမီးက မြန်မာဘာသာဖြင့် ပြန်ပြောပြီး ဦးခေါင်းမော့ထားသည်။ မိန်းကလေးငယ် နှစ်ဦးသည် ထိုအမျိုးသမီး၏ လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။
“သူအနားယူနေတယ်။ သိပ်နေမကောင်းဘူး” ဟု မြန်မာအမျိုးသမီးက တုံ့ဆိုင်းစွာ ပြန်ပြောသည်။ “နေမကောင်းဘူးလား။ အပေါ်ထပ်အခန်းထဲကို သူဝင်သွားပုံက နေကောင်းနေတဲ့ပုံစံပဲ” ဟု ကော့ကေးရှန်းအမျိုးသမီးက တုံ့ပြန်သည်။
အပေါ်ထပ်အခန်းတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသူမှ လွန်ခဲ့သော လေးနှစ်က အာဏာသိမ်းခဲ့သည့် ထိုစဉ်က စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်း ဖြစ်သည်။ မြန်မာအမျိုးသမီးမှာ သူ၏ဇနီး ဒေါ်ခင်မေသန်း ခေါ် ကစ်တီဘသန်းဖြစ်ပြီး ဗိုလ်ချုပ် နေဝင်းသည် လူသိခံခြင်းမရှိသည့် စိတ်ရောဂါကုသရန် ရောက်နေခြင်းဖြစ်သည်။ စစ်တပ်ထိပ်တန်းအရာရှိများ၊ ထောက်လှမ်းရေး ၅၀ ခန့်နှင့်အတူ ရောက်လာပြီး ၎င်းတို့သည် ရှလော့စ် လောက်ဒွန် ဟိုတယ်တခုလုံးကို ငှားရမ်းကာ ဗိုလ်ချုပ် နေဝင်းသည် သြစတြီးယားမှ အကောင်းဆုံး စိတ်ကုဆရာဝန်များအနက် တဦးဖြစ်သည့် ဒေါက်တာ ဟန်းစ်ဟော့ဖ်ထံ နေ့စဉ်သွားရောက်ပြသသည်။
မြန်မာစစ်တပ် ထိပ်တန်းအရာရှိများကို ရင်ဆိုင်ခဲ့သည့် ကြံ့ခိုင်သော ကော့ကေးရှန်း အမျိုးသမီးမှာ တခါက ကြွယ်ဝချမ်းသာသော ရှမ်းပြည်နယ် မန္တလေး-လားရှိုး ရထားလမ်းဟောင်းရှိ သီပေါလွင်ပြင်မှ ပြည်သူများက စဝ်သုစန္ဒီ သို့မဟုတ် စဝ်နန်းသုစန္ဒီဟု သိကြသည့် အင်ဂီ အီဘာဟတ် ဖြစ်သည်။ သူ၏ခင်ပွန်း စဝ်ကြာဆိုင်သည် နောက်ဆုံး သီပေါစော်ဘွားဖြစ်ပြီး ၁၉၆၆ ခုနှစ်၊ ဇွန်လတွင် ရှလော့စ် လောက်ဒွန်သို့ မိခင်နှင့် အတူလိုက်ပါလာသည့် မိန်းကလေးနှစ်ဦးမှာ ၎င်းတို့၏ ရင်သွေးများဖြစ်ကြသည်။
နောင်တွင် သီပေါမဟာဒေဝီ စဝ်နန်းသုစန္ဒီ ဖြစ်လာမည့် အင်ဂီ အီဘာဟတ်သည် စဝ်ကြာဆိုင်ကို ၁၉၅၀ ပြည့်နှစ်များက ကော်လိုရာဒိုပြည်နယ်၊ ဒင်ဗာတွင် သူတို့နှစ်ဦး တက္ကသိုလ်တက်နေစဉ် စတင်တွေ့ဆုံခဲ့သည်။ သူတို့နှစ်ဦး ချစ်ခင်စုံမက်ပြီးနောက် ၁၉၅၃ ခုနှစ်၊ မတ်လတွင် လက်ထပ်လိုက်သည်။ အင်ဂီက သူ၏ခင်ပွန်းသည် သတ္တုတွင်း အင်ဂျင်နီယာတယောက် ဖြစ်ကြောင်းကိုသာ သိသည်။ သို့သော် သူတို့ နှစ်ဦးသင်္ဘောဖြင့် ပြန်လာပြီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်သောအခါ လာရောက်ကြိုဆိုသည့် လူအုပ်ကြီးကိုတွေ့ရသောကြောင့် အင်ဂီ တုန်လှုပ်သွားသည်။ ထိုအခါမှသာ စဝ်ကြာဆိုင်က သူသည် သီပေါစော်ဘွားဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
သူ၏တောင်းဆိုမှုကြောင့် ဒင်ဗာမှ တက္ကသိုလ် ပါမောက္ခချုပ်က စော်ဘွားဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ “မင်းက ငါ့ကို စစ်မှန်တဲ့ အကြောင်းရင်းအတွက် လက်ထပ်တာမျိုးပဲ ဖြစ်စေချင်တယ်” ဟု စဝ်ကြာဆိုင်က ပြုံးပြီး ရှင်းပြသော်လည်း အင်ဂီမှာ နားမလည်နိုင်ဘဲ သူ့ကို ကြည့်နေသည်။
“မင်းက ငါ့ကို စစ်မှန်တဲ့ အကြောင်းရင်းအတွက် လက်ထပ်တာမျိုးပဲ ဖြစ်စေချင်တယ်” ဟု စဝ်ကြာဆိုင်က ပြုံးပြီး ရှင်းပြသော်လည်း အင်ဂီမှာ နားမလည်နိုင်ဘဲ သူ့ကို ကြည့်နေသည်။
၁၉၅၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က သီပေါဟော်နန်းတွင် ၎င်းတို့ဇနီးမောင်နှံကို သီပေါ စော်ဘွားလုံနှင့် မဟာဒေဝီအဖြစ် တရားဝင် ခန့်အပ်သည်။ ၁၉၅၀ ပြည့်နှစ်များ နှောင်းပိုင်းက သီပေါသို့ သွားရောက် လည်ပတ်ခဲ့သော ဒတ်ချ် စာရေးဆရာ အာဂီ ကရာရပ် နယ်လ်ဆန်က သူ၏ The Land of the Golden Pagodas စာအုပ်တွင် “ဥရောပ အမျိုးသမီးငယ်တဦးကို ၎င်းတို့၏ မဟာဒေဝီအဖြစ် သတ်မှတ်ရခြင်းသည် ဒေသခံပြည်သူများအတွက် ကနဦးတွင် တုန်လှုပ်စရာဖြစ်သော်လည်း ထိုအချက်သည် မကြာမီ ပျောက်ကွယ်သွားပြီး ယခုအခါ မဟာဒေဝီကို သီပေါပြည်သူများအားလုံးက ချစ်ခင်လေးစားကာ ဆွေမျိုးရင်းချာကဲ့သို့ သတ်မှတ်ကြသည်” ဟု ရေးသားခဲ့သည်။
သူ၏ ပထမဆုံး ဆောင်ရွက်ချက်များအနက် တခုမှာ ကျေးရွာဈေးရောင်းပွဲများ ကျင်းပပြီး ရရှိသော အမြတ်ငွေကို ထိုစဉ်က ရှမ်းပြည်နယ်တွင် ပစ္စည်းကိရိယာအစုံလင်ဆုံး၊ ခေတ်အမီဆုံး သားဖွားခန်း တည်ဆောက်ခြင်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် ပညာသင်ကြားခဲ့သော စဝ်ကြာဆိုင်သည် ရှမ်းပြည်နယ်မှ မြေရှင်ပဒေသရာဇ်စနစ်ဟောင်း နေရာတွင် အတွေးအခေါ်သစ်များ အစားထိုးသည်။ သီပေါသို့ ပြန်လာပြီး မကြမီမှာပင် သူ့မိသားစုပိုင်လယ်များကို ထွန်ယက်စိုက်ပျိုးပေးရသူများထံ ပေးအပ်လိုက်သည်။
လယ်သမားများ အခမဲ့အသုံးပြုနိုင်ရန် ထွန်စက်များနှင့် လယ်ယာသုံး ကိရိယာများကို ဝယ်ယူပြီး သူ၏ စိုက်ပျိုးရေး သုတေသနဌာနတွင် သီးနှံသစ်များ စတင်စိုက်ပျိုးသည်။ သတ္တုတူးဖော်ရေး အင်ဂျင်နီယာ ပညာရပ်ကို အသုံးချပြီး သီပေါတွင် သတ္တုရှာဖွေသည့်လုပ်ငန်းများ လုပ်ကိုင်ကာ ရရှိသောငွေများကို သူ၏များစွာသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် အသုံးပြုသည်။
စဝ်ကြာဆိုင်နှင့် စဝ်နန်းသုစန္ဒီတို့သည် မြန်မာ ဖက်ဒရယ် ပြည်ထောင်စုတွင် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် ရှမ်းပြည်နယ် ၃၀ ခန့်တွင် လူကြိုက်အများဆုံး စော်ဘွားဇနီးမောင်နှံ ဖြစ်လာသည်။ သီပေါမှ သက်ကြီးဒေသခံများသည် ၎င်းတို့၏ ငယ်ရွယ်သော စော်ဘွားဇနီးမောင်နှံခေတ်က လူနေမှုအဆင့်အတန်း လွန်စွာမြင့်မားသည့် အတိတ်ကို ပြန်ပြောင်းပြောနေကြဆဲ ဖြစ်သည်။ ယခုအခါတွင်မူ စစ်အစိုးရအဆက်ဆက်၏ မှားယွင်းစီမံမှုများကြောင့် ၎င်းတို့၏ လူနေမှုအဆင့်အတန်းမှာ နိမ့်ကျနေပြီဖြစ်သည်။
သီပေါမှ သက်ကြီးဒေသခံများသည် ၎င်းတို့၏ ငယ်ရွယ်သော စော်ဘွားဇနီးမောင်နှံခေတ်က လူနေမှုအဆင့်အတန်း လွန်စွာမြင့်မားသည့် အတိတ်ကို ပြန်ပြောင်းပြောနေကြဆဲ ဖြစ်သည်။
ရှမ်းစော်ဘွားများသည် ၁၉၅၉ ခုနှစ်က ရှမ်းပြည်နယ်များ၏မြို့တော် တောင်ကြီးတွင် ကျင်းပသည့် အခမ်းအနားတခုတွင် အာဏာစွန့်လွှတ်ကြရပြီး ‘ရှမ်းပြည်ထောင်များ’ သည် ‘ရှမ်းပြည်နယ်’ ဖြစ်လာသည်။ သို့သော် ၎င်းတို့အနက် အများအပြားသည် နိုင်ငံရေးတွင် ဆက်လက် ပါဝင်လုပ်ကိုင်ကြပြီး အများစုသည် လွှတ်တော် နှစ်ရပ်အနက် အထက်လွှတ်တော်ဖြစ်သော လူမျိုးစုလွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ၁၉၆၂ ခုနှစ်တွင် နေဝင်း အာဏာမသိမ်းမီအထိ စဝ်ကြာဆိုင်သည် အခြားရှမ်းခေါင်းဆောင် အများအပြားကဲ့သို့ပင် လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်ပြီး ၁၉၅၈ ခုနှစ်တွင် ရှမ်းပုန်ကန်မှုဖြစ်သောအခါ အကျပ်အတည်း ဖြစ်ရသည်။
အစောပိုင်းက ရှမ်းသူပုန်များသည် ရှမ်းပြည်အတွက် လွတ်လပ်ရေးတောင်းဆိုပြီး ထိုတပ်မှ တိုက်ခိုက်ရေးသမားများနှင့်ကေဒါများသည် သီပေါနယ်မှ ဖြစ်သည်။။ ရှမ်းသူပုန် ခေါင်းဆောင်များအနက်တဦးသည် ၁၉၆၁ ခုနှစ်တွင် ရန်ကုန်သို့ လျှို့ဝှက်လာရောက်ပြီး စဝ်ကြာဆိုင်နှင့်တွေ့ဆုံကာ ရှမ်းလွတ်လပ်ရေးသမားများနှင့် တွေ့ဆုံလိုခြင်း ရှိ မရှိ မေးခဲ့သည်ဟုဆိုသည်။ စဝ်ကြာဆိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ထုတ်ပြပြီး လူမျိုးစုလွှတ်တော် ကိုယ်စားလှယ်တဦးအဖြစ် ကျိန်ဆိုထားရသည့်သစ္စာကို ဖတ်ပြခဲ့သည် ဟုဆိုသည်။
သို့သော် နေဝင်းနှင့် နောက်လိုက်များသည် စဝ်ကြာဆိုင်နှင့် ရှမ်းခေါင်းဆောင် အများအပြားကို သံသယရှိသူများအဖြစ် သတ်မှတ်ကြသည်။ ၁၉၆၂ ခုနှစ် မတ်လတွင် နေဝင်း အာဏာသိမ်းသောအခါ ၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ရှမ်းခေါင်းဆောင်တဦး ဖြစ်သော စဝ်ရွှေသိုက်ကို ဖမ်းဆီးပြီး ရန်ကုန်ရှိ သူ၏နေအိမ်ကို ဝင်ရောက်စီးနင်းသောအခါ အသက် ၁၇ နှစ်အရွယ် သူ၏သားကို စစ်တပ်က ပစ်သတ်လိုက်သည်။ ထိုနှစ် နိုဝင်ဘာလတွင် စဝ်ရွှေသိုက်သည် ထောင်အတွင်း သေဆုံးသွားသည်ဟု သူ၏ မိသားစုကို အကြောင်းကြားသည်။
အာဏာမသိမ်းမီတရက်က စဝ်ကြာဆိုင်သည်လည်း ရန်ကုန်တွင် လွှတ်တော်အစည်းအဝေး တက်ပြီးနောက် အပြင်းအထန်ဖျားနာနေသည့် မောင်နှမတော်စပ်သူကို သွားရောက်ကြည့်ရှုရန် တောင်ကြီးသို့ လေယာဉ်ဖြင့် သွားသည်။ မတ်လ ၂ ရက်နေ့ နံနက်စောစောတွင် သူတည်းခိုနေသောအိမ်သို့ စစ်သားများ ရောက်လာသော်လည်း စဝ်ကြာဆိုင်သည် လားရှိုးမှတဆင့် သီပေါသို့ ပြန်ရန် ဟဲဟိုးလေဆိပ်ဆီ လေယာဉ်စီးရန် ထိုမတိုင်မီကပင် ထွက်ခွာသွားပြီးဖြစ်သည်။ လွန်ခဲ့သော နာရီအနည်းငယ်အတွင်း ရန်ကုန်တွင် မည်သို့ဖြစ်နေသည်ကို သူမသိပေ။ သို့သော် စစ်တပ်သည် ဟဲဟိုးသို့သွားသည့် လမ်းတွင် စစ်ဆေးရေးစခန်းတခု ဖွင့်လိုက်ပြီး စဝ်ကြာဆိုင်၏ကားကို တားဆီးခဲ့သည်။ သူ့ကို တောင်ကြီးမြို့ မြောက်ဘက် ရပ်စောက်အနီးရှိ ဗထူးမြို့ စစ်သင်တန်းကျောင်းသို့ ခေါ်ဆောင်သွားသည်ကိုသာ နောက်ဆုံးတွေ့ကြရသည်။
စစ်တပ်သည် ဟဲဟိုးသို့သွားသည့် လမ်းတွင် စစ်ဆေးရေးစခန်းတခု ဖွင့်လိုက်ပြီး စဝ်ကြာဆိုင်၏ကားကို တားဆီးခဲ့သည်။ သူ့ကို တောင်ကြီးမြို့ မြောက်ဘက် ရပ်စောက်အနီးရှိ ဗထူးမြို့ စစ်သင်တန်းကျောင်းသို့ ခေါ်ဆောင်သွားသည်ကိုသာ နောက်ဆုံးတွေ့ကြရသည်။
နေဝင်း၏ စစ်ထောက်လှမ်းရေးများလက်တွင် တရားလက်လွတ် သတ်ဖြတ်လိုက်သည်ဟု ယူဆရစေမည့် ဖမ်းဆီးခြင်းကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မပြုခဲ့ပေ။ သို့သော် စဝ်နန်းသုစန္ဒီသည် ထက်မြက်သော အမျိုးသမီးတယောက်ဖြစ်သောကြောင့် ထိုစဉ်က မြန်မာနိုင်ငံတွင် သြဇာအကြီးမားဆုံး သတင်းစာဖြစ်သည့် မြန်မာ့အလင်း သတင်းစာနှင့် ဆက်သွယ်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မေလ ၅ ရက်နေ့ မြန်မာ့အလင်း သတင်းစာတွင် သီပေါစော်ဘွား ပျောက်ဆုံးနေသည့်သတင်း ပါလာပြီး စစ်အာဏာပိုင်များကို ဒေါသထွက်စေခဲ့သည်။ (မြန်မာ့အလင်း သတင်းစာကို စစ်တပ်က ၁၉၆၉ ခုနှစ်တွင် ပိတ်ပစ်ခဲ့ပြီး ထိုအမည်ကို အစိုးရပိုင် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာသို့ ပေးခဲ့သော်လည်း ထိုသတင်းစာ နှစ်စောင်အကြား ဆက်စပ်မှုမရှိပေ။)
စဝ်နန်းသုစန္ဒီကို နေဝင်း၏ စစ်ထောက်လှမ်းရေးများက ခြိမ်းခြောက်ပြီး သီပေါရှိနေအိမ်တွင် အကျယ်ချုပ် ချုပ်နှောင်ထားသည်မှာ ၁၉၆၄ ခုနှစ်တွင် သမီး နှစ်ဦးနှင့်အတူ နိုင်ငံမှထွက်ခွာနိုင်အောင် လုပ်ဆောင်ခဲ့သည့် အချိန်အထိဖြစ်သည်။ သူတို့သည် သြစတြီးယားသို့ ပြန်သွားပြီး စဝ်နန်းသုစန္ဒီသည် ဗီယင်နာရှိ ထိုင်းသံရုံးတွင် ဝင်ရောက်လုပ်ကိုင်ရင်း ခင်ပွန်းဖြစ်သူ၏ ကံကြမ္မာကို သိရအောင် ဆက်လက်ကြိုးပမ်းသည်။
ရှလော့စ် လောက်ဒွန် ဖြစ်ရပ်အပြီး မကြာမီ စဝ်နန်းသုစန္ဒီနှင့် သမီးများသည် အမေရိကန် ပြည်ထောင်စုသို့ ထွက်ခွာခဲ့ပြီး သာမန်နိုင်ငံသားများအဖြစ် အခြေချ နေထိုင်သည်။ သူသည် အမေရိကန် နိုင်ငံသားတဦးဖြစ်သော တက်ဒ် ဆားဂျင့်နှင့် အိမ်ထောင်ပြုသော်လည်း ၁၉၆၂ ခုနှစ်က မြန်မာတွင် ဖြစ်ပျက်ခဲ့သည်များကို သိရှိအောင်လုပ်မည့် မျှော်လင့်ချက်ကို မည်သည့်အခါကမျှ မစွန့်လွှတ်ခဲ့ပေ။ ရှမ်းပုံစံ ဆံထုံးကို ဆက်လက်ထားရှိပြီး မြန်မာစကားနှင့် ရှမ်းစကားကို မည်သည့်အခါကမျှ မမေ့ခဲ့ပေ။
မြန်မာနိုင်ငံအခြေအနေ ဖရိုဖရဲဖြစ်တော့မည့် ၁၉၈၈ ခုနှစ်အစောပိုင်းတွင် စဝ်နန်းသုစန္ဒီသည် ၁၉၆၄ ခုနှစ်နောက်ပိုင်း အရှေ့တောင်အာရှသို့ ပထမဆုံး ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်သို့ သွားသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် နေထိုင်သည့် သီပေါမှ အဝေးရောက်များက သူ့ကို ချင်းမိုင်ရှိ ဟိုတယ်တခုတွင် သွားရောက်တွေ့ဆုံကြသောကြောင့် သူရရှိထားသော မေတ္တာတရားကို ပြန်ခံစားရသည်။
သိသိသာသာ စိတ်လှုပ်ရှားသွားသော စဝ်နန်းသုစန္ဒီက အမေရိကန် ပြည်ထောင်စုမှနေ၍ သူတို့အတွက် ဆောင်ရွက်ပေးနိုင်မည့်ကိစ္စများကို မေးမြန်းခဲ့သည်။ ထိုတွေ့ဆုံပွဲသို့ တက်ရောက်သူတဦးက ဝါရှင်တန်အနေဖြင့် မြန်မာစစ်တပ်သို့ ပေးနေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုသည့် အကူအညီများသည် ကပ်ဆိုးတခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆင်းရဲသော ဘိန်းစိုက်တောင်သူများနှင့် အခြားသူများ ဒုက္ခရောက်ပြီး အဓိက ဘိန်းမှောင်ခိုများကို စစ်တပ်က အကာအကွယ်ပေးထားသည်။
စဝ်နန်းသုစန္ဒီက အမေရိကန် ပြည်ထောင်စုမှနေ၍ သူတို့အတွက် ဆောင်ရွက်ပေးနိုင်မည့်ကိစ္စများကို မေးမြန်းခဲ့သည်။ ထိုတွေ့ဆုံပွဲသို့ တက်ရောက်သူတဦးက ဝါရှင်တန်အနေဖြင့် မြန်မာစစ်တပ်သို့ ပေးနေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုသည့် အကူအညီများသည် ကပ်ဆိုးတခုဖြစ်ကြောင်း ပြောသည်။
အိန္ဒိယတွင် အမေရိကန်သံအမတ်လုပ်ဖူးပြီး အာရှရေးရာများကို စိတ်ဝင်စားသော အထက်လွှတ်တော်အမတ် ဒန်နီရယ် ပက်ထရစ် မိုနီဟန်အတွက် အလုပ်လုပ်ပေးနေသူသည် စဝ်နန်းသုစန္ဒီနှင့် ခင်မင်ရင်းနှီးသူ ဖြစ်သည်။ စဝ်နန်းသုစန္ဒီသည် ထိုကိစ္စကို ဆက်လက်လုပ်ကိုင်ပြီး မြန်မာသို့ ပေးနေသည့် အကူအညီများကို အသေးစိတ် စုံစမ်းစစ်ဆေးရန် မိုနီဟန်မှတဆင့် တောင်းဆိုသည်။
ထိုကိစ္စကို စာရင်းစစ်ချုပ်ရုံးက စစ်ဆေးပြီး ၁၉၈၉ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် “မူးယစ်ဆေးဝါးထိန်းချုပ်ရေး- မြန်မာမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးသည် လုံးဝ ထိရောက်မှုမရှိ” (Drug Control: Enforcement Efforts in Burma Are Not Effective) ဆိုသည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ထိုအစီရင်ခံစာက မြန်မာမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးသည် စိုက်ပျိုးသည့်ဒေသများတွင် စီးပွားရေးတိုးတက်မှုနှင့် မြန်မာမှ တိုင်းရင်းသား ပုန်ကန်မှုများကို နိုင်ငံရေးအရ ဖြေရှင်းမှု မပေါင်းစပ်ဘဲ ဘိန်းထုတ်လုပ်မှုကို သိသိသာသာ လျော့ကျစေမည် မဟုတ်ကြောင်း ကောက်ချက်ချသည်။
သို့သော် ထိုမျှနှင့် မပြီးသေးဘဲ ၈ လေးလုံး အရေးတော်ပုံနှင့် တနိုင်ငံလုံးမှ မြို့ကြီး မြို့ငယ်များတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီး နှစ်ရက်အကြာ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့တွင် မိုနီဟန်က ထိုသတ်ဖြတ်မှုများကို ရှုတ်ချပြီး မြန်မာတွင် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး အဆိုတင်သွင်းသည်။ ထိုအဆိုကို အက်ဒဝပ် ကနေဒီ အပါအဝင် အခြားအထက်လွှတ်တော်အမတ် ငါးဦးက ထောက်ခံပြီး နောက်တနေ့တွင် အထက်လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုသည်။
ထိုသတင်းကို VOA သတင်းဌာန မြန်မာဘာသာအစီအစဉ်က ဘာသာပြန်ဖော်ပြပြီး မြန်မာပြည်သူများထံ ရောက်သွားခဲ့သည်။ ပြင်ပတွင် ပစ်ခတ်မှုများ ဖြစ်နေသော်လည်း ပြည်သူများက ထိုသတင်းကို ဝမ်းသာအားရ ကြိုဆိုကြသည်။ ထိုသို့ ပြစ်တင်ရှုတ်ချခြင်းသည် ၁၉၈၈ ခုနှစ် မြန်မာမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ပထမဆုံး ပြစ်တင်ရှုတ်ချမှုဖြစ်ပြီး အခြားပြစ်တင်ရှုတ်ချမှုများကို ဖြစ်စေသလို မိုနီဟန်နှင့် သူ၏ရုံးက ပိုမို ပြင်းထန်သော ကြေညာချက်များကိုပင် ဖြစ်စေသည်။
စဝ်နန်းသုစန္ဒီက ထိုင်းနယ်စပ်မှ ဒုက္ခသည်များအတွက် အကူအညီပေးရန် ဖောင်ဒေးရှင်းတခု တည်ထောင်သည်။ ၂၀၀၈ ခုနှစ်တွင် သူသည် “စဝ်သုစန္ဒီ ခေါင်းဆောင်မှုဆု” ကို တည်ထောင်ပြီး ရှမ်းပြည်နယ်မှ လူမှုအသိုက်အဝန်း ခေါင်းဆောင်များအတွက် အထောက်အပံ့များပေးသည်။ ထိုဖောင်ဒေးရှင်းမှ အထောက်အပံ့ ပေးခဲ့သူများတွင် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) မှ ဝန်ထမ်းတဦးနှင့် ကျောက်မီးသွေး တူးဖော်ခြင်းကြောင့် လယ်ယာမြေ ပျက်စီးရသည့် လယ်သမားများအတွက် လျော်ကြေးရရန် လှုပ်ရှားခဲ့သည့် အသက် ၂၄ နှစ်အရွယ် ကျောက်မီးသွေး ဆန့်ကျင်ရေးသမား စိုင်းအောန်းလည်း ပါဝင်သည်။ သူသည် အဆုတ်ရောဂါကြောင့် သေဆုံးခဲ့ပြီး ဖြစ်သော်လည်း သူ့ကိုဂုဏ်ပြုရမည်ဟု စဝ်နန်းသုစန္ဒီက ယူဆသည်။
စဝ်နန်းသုစန္ဒီက ထိုင်းနယ်စပ်မှ ဒုက္ခသည်များအတွက် အကူအညီပေးရန် ဖောင်ဒေးရှင်းတခု တည်ထောင်သည်။ ၂၀၀၈ ခုနှစ်တွင် သူသည် “စဝ်သုစန္ဒီ ခေါင်းဆောင်မှုဆု” ကို တည်ထောင်ပြီး ရှမ်းပြည်နယ်မှ လူမှုအသိုက်အဝန်း ခေါင်းဆောင်များအတွက် အထောက်အပံ့များပေးသည်။
သူသည် ၁၉၉၄ ခုနှစ်တွင် ထုတ်ဝေသည့် Twilight Over Burma: My Life as a Shan Princess စာအုပ်ကိုလည်း ရေးသားခဲ့သည်။ ထိုစာအုပ်သည် Twilight Over Burma အမည်ရှိ ရုပ်ရှင်ဖြစ်လာပြီး စဝ်နန်းသုစန္ဒီအဖြစ် ဂျာမန်မင်းသမီး မာရီယာအားရစ်၊ စဝ်ကြာဆိုင်အဖြစ် ထိုင်းမင်းသား ဒါဝီရစ် ချူလာဆပ်ဖရာတို့က သရုပ်ဆောင်ပြီး ထိုင်းမင်းသား ဆာဟာဂျက် ဘွန်သာနာကစ်က မကောင်းဆိုးရွား ဗိုလ်ချုပ်နေဝင်း နေရာတွင် သရုပ်ဆောင်သည်။ ထိုရုပ်ရှင်ကို မြန်မာတွင် ပိတ်ပင်ထားသည်မှ အံ့သြစရာ မဟုတ်သော်လည်း တရားမဝင် ဗီဒီယိုကူးခွေများသည် မှောင်ခိုဈေးကွက်တွင် လွန်စွာပျံ့နှံ့နေသည်။ သူ၏ထူးခြားသော ဇာတ်လမ်းကြောင့် ရှမ်းတိုင်းရင်းသားများသာမက ဗမာများကပါ ထိုရုပ်ရှင်ကို နှစ်သက်ကြသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စဝ်နန်းသုစန္ဒီသည် ကော်လိုရာဒိုပြည်နယ်၊ ဘိုးလ်ဒါးမြို့ရှိ နေအိမ်တွင် ကွယ်လွန်သည်။ သူ့ကို သြစတြီးယားနိုင်ငံ၊ ကတ်တနန်တွင် ၁၉၃၂ ခုနှစ်က ဖွားမြင်ပြီး လာမည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် အသက် ၉၁ နှစ် ပြည့်မည်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် သူ၏ ဒုတိယ ခင်ပွန်းဖြစ်သော အန္တာတိက သိပ္ပံပညာရှင် တက်ဒ်သည် စဝ်နန်းသုစန္ဒီ၏ဆောင်ရွက်ချက်များကို ထောက်ခံအားပေးခဲ့ပြီး လွန်ခဲ့သော တနှစ်ကပင် ကွယ်လွန်ပြီးဖြစ်သည်။
မဟာဒေဝီ ကွယ်လွန်ပြီးနောက် နှစ်ရက်ကြာသောအခါ SWAN က ဝမ်းနည်းကြောင်းထုတ်ပြန်ပြီး သူမသည် ဘဝများစွာကို ထိတွေ့ခံစားခဲ့ပြီး သူမ၏ အမွေအနှစ်များနှင့် ရှမ်းလူမှုအသိုက်အဝန်းအပေါ် သက်ရောက်မှုများကို မည်သူမျှ မေ့မည်မဟုတ်ကြောင်း ရေးသားခဲ့သည်။
မဟာဒေဝီ ကွယ်လွန်ပြီးနောက် နှစ်ရက်ကြာသောအခါ SWAN က ဝမ်းနည်းကြောင်းထုတ်ပြန်ပြီး သူမသည် ဘဝများစွာကို ထိတွေ့ခံစားခဲ့ပြီး သူမ၏ အမွေအနှစ်များနှင့် ရှမ်းလူမှုအသိုက်အဝန်းအပေါ် သက်ရောက်မှုများကို မည်သူမျှ မေ့မည်မဟုတ်ကြောင်း ရေးသားခဲ့သည်။
စဝ်နန်းသုစန္ဒီကို သြစတြီးယားတွင် မွေးဖွားခဲ့သော်လည်း စာရေးဆရာ အာဂီ ကရာရပ် နယ်လ်ဆန် လွန်ခဲ့သော နှစ် ၆၀ က ရေးခဲ့သလိုပင် သီပေါနှင့် အခြားဒေသများမှ ပြည်သူများ၊ ရှမ်းနှင့် အခြား လူမျိုးစုများသည် သူ့ကို ဆွေမျိုးရင်းခြာသဖွယ် မှတ်ယူကြသည်။ သူကွယ်လွန်သွားသော်လည်း မေ့လျော့ကြမည် မဟုတ်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Bertil Lintner ၏ Austrian-Born Shan Princess Inge Eberhard Dies ကို ဘာသာပြန် ဖော်ပြသည်။ ဘာတေးလ် လင့်တနာသည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုနီးပါး ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
ကြေကွဲမျှော်လင့် ဟော်နန်းမြင့်သာ ပြန်တင့်လာဖို့
သီပေါစော်ဘွား စဝ်ကြာဆိုင်ကို ဘယ်သူ သတ်သလဲ
အမှန်တရားကို ဖုံးကွယ်ထားခြင်းဖြင့် အမျိုးသားရင်ကြား မစေ့နိုင်
“တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်”ဟု ရုပ်ရှင်ဆင်ဆာအဖွဲ့ အကြောင်းပြ
မဟာဒေဝီ စဝ်သုစန္ဒီ အတွက် တေးသီချင်း
ပျောက်ဆုံးနေသော ဟော်နန်းကို ရှာဖွေတွေ့ရှိခြင်း