ရုရှားနိုင်ငံသည် မြန်မာစစ်ကောင်စီကို လက်နက်နှင့် သံတမန်ရေး အထောက်အပံ့များပေးသည်။ သို့သော် ယူကရိန်းစစ်ပွဲနှင့် နိုင်ငံတကာတွင် ရုရှား အထီးကျန်နေခြင်းကြောင့် ထိုပူးပေါင်းဆောင်ရွက်မှုသည် အကန့်အသတ်ရှိနေသည်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို စစ်အာဏာသိမ်းပြီး ဖြုတ်ချမှု ယခုလတွင် ၂ နှစ် ပြည့်သော်လည်း ရုရှားသည် မြန်မာစစ်ကောင်စီကို သံတမန်ရေးအရနှင့် ရုပ်ဝတ္တုအရ အဓိကထောက်ခံသည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသည်။
ယမန်နှစ် ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားကျူးကျော်ခြင်းအပေါ် နိုင်ငံတကာပြစ်တင်ရှုတ်ချမှုများတွင် မြန်မာစစ်ကောင်စီ ပါဝင်ခြင်းမရှိဘဲ မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကိုလည်း ရုရှားက တလျှောက်လုံးတွင် ပိတ်ဆို့ထားသည်။
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ပြည်တွင်းနှင့် နိုင်ငံတကာ တရားဝင်မှုရရန် ကြိုးစားနေပြီး အာဏာသိမ်းပြီးနောက် ရုရှားသို့ သုံးကြိမ်သွားရောက်ခဲ့သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အရှေ့ဖျားစီးပွားရေးဖိုရမ်မှ သီးခြားဆွေးနွေးပွဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့သည်။
“ရုရှားက မြန်မာနဲ့ ဆက်ဆံရေးနဲ့ပတ်သက်ရင် လက်ဦးမှုရှိရှိ ကြိုတင်ပြင်ဆင် လုပ်ကိုင်နေတာမဟုတ်ဘဲ အခြေအနေအရ လိုက်လျောညီထွေ လုပ်ကိုင်နေတာ” ဟု မော်စကို တက္ကသိုလ် လက်ထောက်ပါမောက္ခ အလက်ဇီ ကီရီချန်ကိုက ပြောသည်။ “ဒါက နှစ်ပေါင်း ၂၀ လောက်ကြာအောင် ဖြစ်နေတဲ့ ဆက်ဆံရေးပဲ။ မိတ်ဆွေရှာဖို့ အပြင်းအထန် ကြိုးစားမှုမဟုတ်ဘဲ နှစ်ဘက်လုံးမှာ တဘက်နဲ့ တဘက် အကျိုးပြုစရာတွေ ရှိနေလို့ပဲ” ဟုလည်း သူကပြောသည်။
မြန်မာပြည်တွင်းစစ်ကို ရုရှားလက်နက်များ ထောက်ပံ့နေ
ရုရှားသည် မြန်မာတွင် ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမားမရှိဘဲ စီးပွားရေးအရ တရုတ်ကိုလည်း မယှဉ်နိုင်ပေ။ သို့သော် မော်စကိုသည် မြန်မာစစ်တပ်သို့ အဓိက လက်နက်ထောက်ပံ့သည့် နိုင်ငံဖြစ်နေသည်။
ရုရှားသည် မြန်မာတွင် ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမားမရှိဘဲ စီးပွားရေးအရ တရုတ်ကိုလည်း မယှဉ်နိုင်ပေ။ သို့သော် မော်စကိုသည် မြန်မာစစ်တပ်သို့ အဓိက လက်နက်ထောက်ပံ့သည့် နိုင်ငံဖြစ်နေသည်။
ရုရှားသည် မြန်မာစစ်ကောင်စီသို့ Pantsir-S1 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များ၊ Orlan-10E ထောက်လှမ်းရေး ဒရုန်းများ၊ ရေဒါကိရိယာများသာမက M-17 နှင့် Mi-35 ရဟတ်ယာဉ်များ၊ Su-30 တိုက်လေယာဉ်များနှင့် လေယာဉ်ပစ် ဒုံးကျည်စနစ်များကိုလည်း ပေးပို့သည်။
ရုရှားသည် မြန်မာသို့ ဒေါ်လာ ၁၄ ဒသမ ၇ သန်းတန်သည့် ရေဒါကိရိယာများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရောင်းခဲ့ပြီး ထိုမတိုင်မီ သုံးလကလည်း ဒေါ်လာ ၉၆ သန်းတန်သော လျှို့ဝှက်ထားသည့် ကုန်စည်များ ရောင်းချခဲ့ကြောင်း မော်စကိုတိုင်းမ်က ဖော်ပြသည်။
ခုခံတော်လှန်ရေး အင်အားစုများကို စစ်ကောင်စီက တိုက်ခိုက်ရာတွင် ရုရှားလက်နက်များကို အသုံးပြုနေပြီး Mi-35 ရဟတ်ယာဉ်များနှင့် Yak-130 ထိုးစစ်လေ့ကျင့်ရေး လေယာဉ်များသည် စစ်ကောင်စီစခန်းများကို ကာကွယ်ရာတွင် အရေးပါသည်။
စစ်ကောင်စီသည် ရုရှားထံမှ မှာယူဖွယ်ရှိသည့် ဒရုန်းတိုက်ဖျက်ရေးစနစ်များဖြင့် ၎င်းတို့တပ်များကို ခေတ်မီအောင်လုပ်ရန်လည်း ကြိုးစားနေသည်။ ထိုလက်နက်ရောင်းချမှုများမှ ရရှိသောငွေများကို ရုရှားက ယူကရိန်းစစ်အတွက် ငွေကြေးထောက်ပံ့ရာတွင် အသုံးပြုနေသည်။
ယူကရိန်းစစ်ကြောင့် လက်နက်ထောက်ပံ့မှု စိုးရိမ်ရ
ရုရှားစစ်တပ်သည် ယူကရိန်းတွင် စစ်ဆင်နေသည်မှာ တနှစ်နီးပါး ရှိလာသောကြောင့် အခြေအနေ မည်သို့ ဖြစ်ပေါ်တိုးတက်လာမည်ကို ရှင်းလင်းစွာမသိရပေ။
ရုရှားထံမှ လက်နက်ဝယ်ယူသူများသည် လက်နက်ဝယ်ယူထားသည့် စာချုပ်များအား ရုရှားဘက်က မဖြည့်ဆည်းပေးနိုင်မည်ကို စိုးရိမ်ရန် ခိုင်လုံသောအကြောင်းများ ရှိနေသည်။ ယူကရိန်းစစ်တပ်၏ အစီရင်ခံစာတစောင်အရ ရုရှားသည် ဆာဗီးယားသို့ Ka-32 ရဟတ်ယာဉ်များပေးပို့ရန် စာချုပ်ကို ဆိုင်းငံ့ထားသလို အယ်လ်ဂျီးရီးယားသို့ လက်နက်တင်ပို့ခြင်းကိုလည်း ဆိုင်းငံ့ထားကြောင်း သိရသည်။
ယူကရိန်းစစ်တပ်၏ အစီရင်ခံစာတစောင်အရ ရုရှားသည် ဆာဗီးယားသို့ Ka-32 ရဟတ်ယာဉ်များပေးပို့ရန် စာချုပ်ကို ဆိုင်းငံ့ထားသလို အယ်လ်ဂျီးရီးယားသို့ လက်နက်တင်ပို့ခြင်းကိုလည်း ဆိုင်းငံ့ထားကြောင်း သိရသည်။
ရုရှား၏ ငွေကြေးရင်းမြစ်များ အားနည်းစေရန် ကြိုးစားသည့်အနေဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂက ရုရှားသို့ စစ်ဘက်အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းများ တင်ပို့ခြင်းကို ပိတ်ပင်ထားသည်။
ထိုသို့ပိတ်ပင်ထားသည့် ပစ္စည်များတွင် ယာဉ် အစိတ်အပိုင်းများလည်း ပါဝင်သည်။ ထိုပစ္စည်းများ မရှိပါက ရုရှားအနေဖြင့် လက်နက်တင်ပို့မှုအသစ် ပြုလုပ်ရန် လွန်စွာ ခက်ခဲသွားစေသည်။ ရုရှားသည် ဥရောပဈေးကွက်မှ အဆင့်မြင့်နည်းပညာပစ္စည်းများ မတင်သွင်းနိုင်တော့သောကြောင့် အိန္ဒိယသည် Ka-31 ရဟတ်ယာဉ်များ၊ MiG-29 ဂျက်တိုက်လေယာဉ်များ Mi-17 ရဟတ်ယာဉ်များ ဝယ်ယူမည့် စာချုပ်များကို ဖျက်သိမ်းခဲ့သည်။
“မြန်မာပြည်တွင်းစစ်မှာ ရုရှားလက်နက်တွေက အရေးပါတဲ့နေရာက ပါဝင်တယ်။ ဒါပေမယ့် ရုရှားဘက်က လက်နက်ပေးပို့မှု ယာယီရပ်သွားတာက တိုက်ရိုက် အကျိုးသက်ရောက်မှုတော့ မရှိဘူး” ဟု ပိုလန်နိုင်ငံ ဂျာဂျယ်လွန်းနီယန်းတက္ကသိုလ်မှ မိုက်ကယ် လူဘီနာက ပြောသည်။
“ရုရှားက မြန်မာစစ်တပ်ကို လက်နက် လုံလုံလောက်လောက် ပေးထားပြီးသား၊ ဒါပေမယ့် သူတို့က အတိုက်အခံတွေကို မနှိမ်နင်းနိုင်သေးဘူး။ မေးစရာရှိတာက သူတို့ နှိမ်နင်းနိုင်မလားဆိုတဲ့ မေးခွန်းပဲ။ ခုခံတော်လှန်ရေး အင်အားစုတွေရဲ့ စိတ်ဓာတ်က ပိုမိုအရေးပါတယ်” ဟု အဆိုပါ သုတေသီက ပြောသည်။
မြန်မာနှင့် တရုတ်၏ ရှုပ်ထွေးသော ဆက်ဆံရေး
တရုတ်သည် မြန်မာတွင် ထိပ်တန်းလက်နက်ထောက်ပံ့သော နိုင်ငံဖြစ်သော်လည်း နှစ်နိုင်ငံအကြား ရှုပ်ထွေးသော သမိုင်းကြောင့် တဘက်နှင့် တဘက် အယုံအကြည်မရှိကြပေ။
မြန်မာဗိုလ်ချုပ်များသည် ၁၉၇၀ ပြည့်နှစ်များတွင် ဘေဂျင်းက ထောက်ပံ့ထားသည် ကွန်မြူနစ်သူပုန်များနှင့် တိုက်ခိုက်ခဲ့ရသည်ကို မမေ့ကြပေ။ ဘေဂျင်းသည် စစ်ကောင်စီကို တိုက်ခိုက်နေသည့် ‘ဝ’၊ ကိုးကန့်၊ ကချင် တိုင်းရင်းသားလက်နက်ကိုင်များကို တရားမဝင် ထောက်ခံနေသည်။
“မြန်မာဗိုလ်ချုပ်တွေက ပဟေဠိဖြစ်နေတာ။ တဘက်မှာ သူတို့က ပြည်ပစွက်ဖက်မှုကို ဆန့်ကျင်တဲ့ အမျိုးသားရေးဝါဒီအစိုးရ ဖြစ်တယ်။ အခြားတဘက်မှာတော့ သူတို့က အာဏာသိမ်းပြီး အထီးကျန်လို့ တရုတ်ကို မှီခိုနေရတယ်။ ရုရှားနဲ့ ဆက်ဆံရေးကောင်းရင် တရုတ်ပြုသမျှ နုရမှာ မဟုတ်တော့ဘူး” ဟုလည်း လူဘီနာက ပြောသည်။
“မြန်မာဗိုလ်ချုပ်တွေက ပဟေဠိဖြစ်နေတာ။ တဘက်မှာ သူတို့က ပြည်ပစွက်ဖက်မှုကို ဆန့်ကျင်တဲ့ အမျိုးသားရေးဝါဒီအစိုးရ ဖြစ်တယ်။ အခြားတဘက်မှာတော့ သူတို့က အာဏာသိမ်းပြီး အထီးကျန်လို့ တရုတ်ကို မှီခိုနေရတယ်။ ရုရှားနဲ့ ဆက်ဆံရေးကောင်းရင် တရုတ်ပြုသမျှ နုရမှာ မဟုတ်တော့ဘူး” ဟုလည်း လူဘီနာက ပြောသည်။
သို့သော် ရုရှားနှင့် မြန်မာဆက်ဆံရေးသည် တရုတ်အကျိုးစီးပွားကို ထိခိုက်စေနိုင်ဖွယ်မရှိဟု တရုတ်က မြင်သည်။
အရှေ့တောင်အာရှမှ ရုရှားခြေကုပ်စခန်းလား
ရုရှားအတွက် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အကန့်အသတ် ရှိနေသည်။ အရေးယူပိတ်ဆို့မှုများနှင့် ဒေါ်လာငွေပေးချေမှု အခက်အခဲများကြောင့် ကုန်သွယ်ရေး ခက်ခဲနေသည်။ မြန်မာသည် ရုရှားကုမ္ပဏီများ အမြတ်ရလောက်အောင် ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့ကို ဈေးပေးမဝယ်နိုင်ပေ။
မြန်မာတွင် ရေရှည်အုပ်ချုပ်ရေး ခိုင်မာအောင်ကြိုးစားနေသော စစ်တပ်ကို ထောက်ခံခြင်းအားဖြင့် ရုရှားသည် အရှေ့တောင်အာရှတွင် အကန့်အသတ်ဖြင့် ရပ်တည်နိုင်သည်။ လက်ရှိ အချိန်တွင် ရုရှားသည် ဗီယက်နမ် တနိုင်ငံတည်းနှင့်သာ နီးကပ်သော ဆက်ဆံရေး ရှိသည်။
“စစ်ကောင်စီက ပြည်တွင်းစစ်မှာ နိုင်ရင် ရုရှားက အကြီးမားဆုံး အကျိုးခံစားရသူ ဖြစ်လာမယ်။ ဘာလို့လဲဆိုတော့ သူတို့က မြန်မာဗိုလ်ချုပ်တွေ အကျပ်အတည်းရောက်နေကတည်းက မြန်မာကို ရောက်နေလို့ဖြစ်တယ်” ဟု လူဘီနာက ပြောသည်။
မြန်မာအတွက် ရုရှားသည် တရုတ်နှင့် ယှဉ်ပါက ခြိမ်းခြောက်မှုနည်းသော မိတ်ဘက်ဖြစ်သည်။ ရုရှား၏ အာဏာ ဗဟိုချက်သည့် ဝေးကွာလွန်းသောကြောင့် ကျူးကျော်မည့်၊ ဝင်ရောက်စွက်ဖက်မည့် ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။
“သဘောတရားရေးအမြင်အရ ကြည့်မယ်ဆိုရင် ပဋိပက္ခတွေက စီးပွားရေး အလားအလာကပေးတဲ့ သြဇာထက် ပိုမိုကြီးမားတဲ့ သြဇာကို ရုရှားအနေနဲ့ ရစေတယ်။ ပဋိပက္ခတွေမှာ နိုင်ငံတနိုင်ငံဟာ စစ်တပ်စေလွှတ်နိုင်သလို သံတမန်ရေး သုံးလို့လည်းရတယ်။ ရုရှားက အဲဒီလို နေရာတွေမှာ အားကောင်းတယ်။ မော်စကိုအတွက် ဒါက အထီးကျန်မှုကို ဖြတ်ကျော်ပြီး ကမ္ဘာမှာ အရေးပါမှုတိုးလာစေဖို့ ဈေးပေါတဲ့ နည်းလမ်းတခုပဲ” ဟု လူဘီနာက ပြောသည်။
(ဂျာမန်သတင်းဌာန DW မှ Alena Zhabina ၏ Will Russian aid for Myanmar give Moscow an Asian foothold? ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီ၏ နောက်ဆုံးခံတပ် သို့မဟုတ် နေပြည်တော်
သံတမန်ဆက်ဆံရေး ၇၅ နှစ် မတိုင်မီ စစ်ကောင်စီမီဒီယာက ပူတင်ကို အလွန်အကျွံ ချီးကျူး
ရုရှားနှင့် မြန်မာစစ်ကောင်စီ သဘောတူစာချုပ် ၇ ခု လက်မှတ်ထိုး
သားသတ်သမား မြန်မာနှင့် ရုရှားတို့၏ အထီးကျန်တွေ့ဆုံပွဲ