ပင်လုံစာချုပ်၏ ပဋိဉာဉ်၊ အနှစ်သာရဖြစ်သော တောင်တန်းပြည်မ မခွဲခြားဘဲ အတူတကွ လွတ်လပ်ရေးရယူရန် သဘော တူချက်များ ချမှတ်နိုင်ခဲ့သည့် ပင်လုံညီလာခံ ကျင်းပခဲ့သော ၁၉၄၇ နှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့အား ရှမ်းပြည်အမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့) အဖြစ် သတ်မှတ်ခဲ့သည်မှာ ယခုဆိုလျှင် ၇၆ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။
ရှမ်းလူထု ခေါင်းဆောင်များနှင့် စော်ဘွားများ ဦးဆောင်ကာ ကချင်နှင့်ချင်းတိုင်းရင်းသားခေါင်းဆောင်များ ပါဝင်သော ညီလာခံတရပ်အား ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့ရာမှ ရှမ်းအမျိုး သားနေ့ အစပြုလာခဲ့ခြင်း ဖြစ်သည်။
ပင်လုံစာချုပ် လက်မှတ် မထိုးမီ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ရှမ်းပြည်နယ်ကောင်စီ (SSC) ဥက္ကဋ္ဌ စဝ်ခွန်ပန်းစိန် က တိုင်းရင်းသား ခေါင်းဆောင်များကြား သဘောတူ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့အား ရှမ်းပြည်အမျိုးသားနေ့အဖြစ် သတ်မှတ်ကြေညာခဲ့သည့်အပြင် ဝါစိမ်းနီနှင့် အဖြူရောင်လဝန်းအလံအား ရှမ်းပြည်အလံတော်အဖြစ် လည်းကောင်း၊ ခေးတိုင်းခေးရာဇာ သီချင်းအား ယာယီအမျိုးသားသီချင်းအဖြစ်လည်ကောင်း သတ်မှတ်နိုင်ခဲ့ကြသည်။
ထိုကဲ့သို့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၏ ပင်လုံစာချုပ် ချုပ်ဆိုသော ပြည်ထောင်စုနေ့၏ အနှစ်သာရဖြစ်သော ရှမ်းပြည်အမျိုးသားနေ့အား ရှမ်းလူမျိုးများအတွက်သာမက ပြည်ထောင်စုသား အားလုံးနှင့်သက်ဆိုင်ကြောင်း ရှမ်းတိုင်းရင်းသားများက လက်ခံထားကြပြီး နှစ်စဉ် ရှမ်းပြည်အမျိုးသားနေ့အား ကျင်းပခဲ့ကြခြင်း ဖြစ်သည်။
စစ်တပ် အာဏာသိမ်းထားသည့် ယခုနှစ်တွင်လည်း ရှမ်းနိုင်ငံရေးပါတီများနှင့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များက ၎င်းတို့ဌာန ချုပ်များတွင် ပုံစံမျိုးစုံဖြင့် ကျင်းပခဲ့ရာတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) သည် ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကျင်းပသော အခမ်းအနား သို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့အား ဖိတ်ကြားခဲ့ပြီး ဒုဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက် ရောက်ခဲ့သည်။
ထိုအခမ်းအနားတွင် RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပင်လုံညီလာခံ၏ ကတိကဝတ်ဖြစ်သော ပြည်ထောင်စုအား ပေါင်းစည်းတည်ဆောက်ပြီးနောက် ၁၀ နှစ်အကြာတွင် ခွဲထွက်လိုက ခွဲထွက်နိုင်ကြောင်းဆိုသည့် အချက်အား ထည့်သွင်းပြောကြားခဲ့ပြီး ဆွေးနွေးရေး လမ်းစဉ်အား လက်ကိုင်ထားကြောင်း ပြောသည်။
၎င်းက “မိမိတို့ RCSS ဟာ တွေ့ဆုံ ဆွေးနွေးခြင်း လမ်းစဉ်ကို ရှေးရှုရွေးချယ်ထားခြင်း ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးခြင်း လမ်းစဉ်ကို ရွေးချယ်ထားတဲ့အတွက် မိမိတို့အဖွဲ့အစည်းနဲ့ အမျိုးသားရေးကို ထိပါး စော်ကားလာပါက ပြန်လည် လက်တုံ့ ပြန်ရန် အသင့်ရှိနေပါတယ်” ဟုလည်း ပြောခဲ့သည်။
ပြည်ထောင်စုတဝှမ်းလုံးရှိ တိုင်းရင်းသားအားလုံးအနေဖြင့် ရှမ်းအမျိုးသားနေ့ အနှစ်သာရနှင့် ပင်လုံ ကတိကဝတ်၊ ပင်လုံ စိတ်ဓာတ်၊ ပင်လုံစာချုပ်ပါ သဘောတူညီချက်များအတိုင်း စုပေါင်းအကောင် အထည်ဖော်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုကို တည်ဆောက်နိုင်မှသာ လက်ရှိ တိုင်းပြည် အထွေထွေအကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းလည်း RCSS က ထုတ်ပြန်ကြေညာခဲ့သည်။

RCSS ကဲ့သို့ပင် အခြားသော ရှမ်းလူထုကိုယ်စားပြုမှု အခိုင်အမာရှိထားသည့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့သည်လည်း ယခုနှစ် ရှမ်းပြည်အမျိုးသားနေ့တွင် ပြဿနာများအား ဆွေးနွေး ဖြေရှင်းရေး ထုတ်ပြောခဲ့ကြသည်။
SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က “မြန်မာနိုင်ငံမှာ အခုက စစ်ဘောင်က ကျယ်နေပြီးတော့ နိုင်ငံရေးဘောင်က ကျဉ်းနေတာပါ။ နိုင်ငံရေးပါတီတွေ ဘာမှမလုပ်နိုင်၊ မကိုင်နိုင်တာက အာဏာသိမ်းပြီးကတည်းကပါပဲ။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်လို့ ဒီကိစ္စကို ဆွေးနွေးမှရမှာ။ တိုက်နေခိုက်နေလို့တော့ မရဘူး။ တိုက်ရင်းခိုက်ရင်းနဲ့ အခြေခံ ဥပဒေက သူ့ဟာသူ ပေါ်လာမှာ မဟုတ်ဘူး။ ဆွေးနွေးရင်းနဲ့မှပဲ အခြေခံ ဥပဒေတရပ် ပေါ်လာမှာပါ၊ ဖြစ်နိုင်ရင်တော့ အခြေ ခံဥပဒေအသစ် ရေးဖို့ပဲ ဆန္ဒရှိပါတယ်” ဟု ပြောသည်။
ရှမ်းလူထုခေါင်းဆောင်များ ဦးဆောင်ချမှတ်နိုင်ခဲ့သည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ် ပြည်ထောင် စုတည်ဆောက်ရေးသည် ၁၉၄၇ ခုနှစ်က ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှသည် တိုင်းရင်းသားပြည်နယ်များအနေဖြင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုရှိနေသည့်အတွက် ရှမ်းမူအဖြစ် လူသိများသည့် ပြည်ထောင်စုစစ်စစ်မူတခုကို ၁၉၆၁ ခုနှစ်တွင် ရှမ်းပြည်နယ်အစိုးရက ဦးဆောင်ကျင်းပသည့် ပြည်လုံးကျွတ် ညီလာခံတွင် တင်ပြခဲ့သည်။
ထိုမှတဆင့် ၁၉၆၁ ခုနှစ် ဇွန်လတွင် တောင်ကြီးမြို့၌ ပြည်နယ်ပေါင်းစုံ ညီလာခံ ကျင်းပခဲ့ပြီး ပြည်မအား တပြည်နယ် ဖွဲ့စည်းရေး၊ လွှတ်တော်နှစ်ရပ်အား အာဏာတူပေးရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းက တူညီသောကိုယ်စားလှယ် စေလွှတ်ရေး၊ ပြည်နယ်များက မိမိတို့ ဆန္ဒအလျှောက် လွှဲအပ်ထားသော အာဏာများအား ပြည်ထောင်စုဗဟိုအစိုးရသို့ ကန့်သတ်၍ ကျန်အာဏာများအား ပြည်နယ်များတွင် ထားရှိရေး၊ ပြည်နယ်တိုင်းသည် ဗဟိုပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မဆန့်ကျင်သော သီးခြားဖွဲ့စည်းပုံ အခြေခံဥပဒေများ ရရှိရမည့်အပြင် သီးခြားဥပဒေလွှတ်တော်၊ သီးခြားအစိုးရ၊ သီးခြားတရားရုံးများ ထားရှိရေး စသည့် အချက် ၅ ချက်အား ဆုံးဖြတ်တောင်းဆိုခဲ့ကြသည်။
အဆိုပါ ဆုံးဖြတ် တောင်းဆိုချက်များကပင် စစ်အာဏာရှင် ဗိုလ်နေဝင်းက ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းစေခဲ့ခြင်းဖြစ်ကြောင်း လူအများ နားလည်ထားကြပြီး ရှမ်းအမျိုးသားနေ့မှ စတင်ပေါ်ပေါက်လာသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် မှေးမှိန်ခဲ့ရသည်။
နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက “ပင်လုံစာချုပ်တော့ စော်ဘွားတွေ တောင်းဆိုတာက သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အခု နိုင်ငံရေးစကားနဲ့ ပြောရင်တော့ ဖက်ဒရယ်အခွင့်အရေးတွေပေါ့။ ဒါတွေက အင်္ဂလိပ်တွေ မအုပ်ချုပ်ခင်ကတည်းက ဗမာ ဘုရင်အောက်မှာထဲက ရနေပြီးသား။ အဲဒီဟာကို ဒီဘက်ခေတ်ကျတော့ ဗမာနိုင်ငံရေးသမားတွေက မျက်ခြေပြတ်ပြီးတော့ ဖက်ဒရယ်ဆိုတာကို အင်္ဂလိပ်တွေက သွေးခွဲအုပ်ချုပ်ခဲ့လို့ ငါတို့နဲ့ လက်မခံတော့တာဆိုပြီး ပုတ်ခတ်ခဲ့ကြတာပေါ့၊ ဗမာနိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တပ်ခေါင်းဆောင်တွေက အဲဒါ သေချာလေ့လာသင့်တယ်။ ဖက်ဒရယ်ဆိုတာ ထူးထူးဆန်းဆန်း မဟုတ်ဘူး။ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး ဆိုပြီး ဗိုလ်နေဝင်း ပြောခဲ့တာ အမှားကြီး” ဟု ပြောသည်။
ရှမ်းမူမှ စတင်ထွက်ပေါ်လာသည့် ဗမာပြည်နယ်ဖွဲ့စည်းရေးသည် ရှမ်းနိုင်ငံရေး အသိုင်းအဝိုင်းတွင် လက်ခံကိုင်စွဲထားပြီး ၁၄ ပြည်နယ်မူ၊ ၈ ပြည်နယ်မူစသည့် မူအမျိုးမျိုးသည်ပင်လျှင် တိုင်းရင်းသားများကြား ဝိဝါဒ ကွဲပြားနေကြဆဲပင်ဖြစ်သည်။
သို့သော် နှစ်ကာလရှည်စွာ တိုင်းရင်းသားများ ပြောဆိုလာသည့် ဖက်ဒရယ်သည် ယခုစစ်အာဏာသိမ်းမှု ကာလအလွန် တွင် ပြည်မလူထုကြားတွင်ပါ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေးရရှိခြင်း ဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသော ဖက်ဒရယ်စနစ်ကို အခြေခံသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပင်လုံစိတ်ဓာတ် အရင်းခံကာ စည်းလုံးစွာဖြင့် အစိုးရနှင့် ပူးပေါင်းလက်တွဲကြရန် ရှမ်းအမျိုးသားနေ့ သဝဏ်လွှာတွင် ပြောထားသည်။

နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေး ညီညွတ်ခဲ့ကြသည့် ပင်လုံစိတ်ဓာတ်အား အခြေခံရန် စစ်ခေါင်းဆောင်က ပြောသော်လည်း ပင်လုံညီလာခံ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကတိကဝတ်များအပေါ် လျစ်လျူရှုထားဆဲ ဖြစ်သည်။
နိုင်ငံရေးလေ့လာသူ ကိုမြအေးက “တကယ်တမ်းကျတော့ တပ်ဘက်ကပြောနေတဲ့ဟာက ဖက်ဒရယ်လို့ မဆိုလိုပါဘူး၊ မမြင်ပါဘူး။ သူပြောနေတာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုလို့ ပြောတာ။ ဖက်ဒရယ်ကို ပုံဖော်တဲ့အခါမှာ ကိုယ့်သဘောနဲ့ကိုယ် ပုံဖော်လို့ မရဘူးလို့ မြင်ပါတယ်။ သူ့တန်ဖိုးနဲ့သူ အကုန်ရှိပြီးသား၊ ကိုယ်ဘယ်လို အသာစီးရမလဲဆိုတဲ့ အခြေခံက စဉ်းစားမယ်ဆိုရင်တော့ မရဘူး။ အခြေခံမှာ ပြည်မ၊ ပြည်နယ် စဉ်းစားချက်ကိုက မှားနေ တယ်လို့ မြင်တယ်။ ဘယ်တုန်းကမှလည်း အကောင်အထည် မဖော်နိုင်ခဲ့ဘူး” ဟု သုံးသပ်သည်။
လက်ရှိတွင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် နှစ်ကြိမ်တိုင်ဆွေးနွေးခဲ့သည့် SSPP ကလည်း တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် မရှိသ၍ ပြည်ထောင်စု ညီညွတ်ရေးကို တည်ဆောက်နိုင်မည် မဟုတ်ကြောင်းနှင့် အားလုံး ပါဝင်ကာ ဆွေးနွေး အကောင်အထည်ဖော်နိုင်မှသာ ပြဿနာများ ပြေလည်နိုင်မည်ဖြစ်ကြောင်း ပြောသည်။
SSPP/SSA မှ ဗိုလ်မှူး စိုင်းဖုန်းဟန်က “တန်းတူရည်တူ ဆက်ဆံမှုတွေက အဓိက လိုအပ်ချက်ဖြစ်တယ်။ ခေါင်းစဉ်အကြီးကြီးနဲ့ သွားဆွေးနွေးတဲ့အခါမှာကျတော့ လက်ဝေခံသဘောမျိုးနဲ့ လက်ခံဆွေးနွေးမယ် ဆိုတဲ့ဟာကျတော့ ဘယ်သူမှ လက် မခံနိုင်ဘူးလေ။ အပြန်အလှန် လေးစားအသိအမှတ်ပြုမှုကနေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရေးကို ဘယ်လို ဖော်ဆောင် မလဲဆိုတဲ့ဟာ စဉ်းစားသင့်တယ်၊ အဖွဲ့တိုင်းက စဉ်းစားသင့်တယ်” ဟုပြောသည်။
အခြားတဖက်တွင်လည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဟုဆိုရာတွင် လက်နက်ကိုင် တပ်ဖွဲ့ကိုယ်စီဖြင့် လူမျိုး စုများစွာတည်ရှိနေသော ရှမ်းပြည်နယ်သည်ပင်လျှင် ဖက်ဒရယ်ပြည်နယ်အဖြစ် ဖွဲ့စည်းရန် ခက်ခဲကြောင်း လူအများ လက်ခံထားကြသည်။
ဖက်ဒရယ် ရှမ်းပြည်တည်ဆောက်နိုင်ရေးအတွက် ရှမ်းနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များ၊ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) က ယမန်နှစ် ရှမ်းအမျိုးသားနေ့ တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဆိုသည့် စာတမ်းတစောင် ထုတ်ပြန်ခဲ့ပြီး အတူတကွ ပူးပေါင်းလက်တွဲကြရန် ဖိတ်ခေါ်ခဲ့သည်။
ထိုစာတမ်းတွင် “သက်ဆိုင်ရာ နယ်မြေဒေသတွင် နေထိုင်သော လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အခွင့်အရေးများကို ဖော်ဆောင်နိုင်ရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသန္တရအစိုးရများကို ဖွဲ့စည်းသွားမည်၊ အဆိုပါ ဒေသန္တရ ကိုယ်ပိုင်အစိုးရများကို နယ်မြေဒေသအတွင်းရှိ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့်ပြည်သူများက ရွေးကောက် တင်မြှောက်သွားမည်” ဟု ဆိုထားသည်။
CSSU တွင် ပါဝင်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ၊ ဦးစိုင်းညွန့်လွင်က “ဖက်ဒရယ် တည်ဆောက်ရေးက အခက်အခဲတွေ အများကြီး ရှိတယ်။ အခက်အခဲဆုံး ပြည်နယ်ကတော့ ရှမ်းပြည်နယ်ပဲဖြစ်မယ်၊ ဒါပေမယ့် အခက်အခဲရှိတာ ဒီအတိုင်းပဲ ထိုင်ကြည့်နေလို့ မရဘူးလေ။ ပြေလည်ရာ ပြေလည်ကြောင်း နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းရမှာပေါ့။ အခုကတော့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးထက် လက်ရှိ ပြည်ထောင်စုမပြိုကွဲရေးကိုပဲ ပိုပြီး တော့ အလေးထားဖို့ လိုနေတယ်” ဟု ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တွင် ပါဝင်သည့် မြန်မာပြည်၏ အင်အားအတောင့်တင်းဆုံးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) သည် ပြည်နယ်ဖွဲ့စည်းရန် ပေါ်ပေါ်တင်တင် ကြေညာထားပြီဖြစ်သကဲ့သို့ အခြားသော ကိုးကန့်၊ ပလောင် (တအာင်း)၊ ပအိုဝ့် စသဖြင့် တိုင်းရင်းသား မျိုးနွယ်စုများကလည်း ပြည်နယ်(သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်များဖြင့် ဖွဲ့စည်း တည် ထောင်ရန် ထုတ်ဖော်ပြောဆိုထားကြသည်။
ဗိုလ်မှူး စိုင်းဖုန်းဟန်က “ရှမ်းပြည်နယ်အရေးကို ဖြေရှင်းနိုင်တယ်ဆိုရင် ပြည်ထောင်စုအရေးရဲ့ သုံးပုံတပုံလောက်တောင် ဖြေရှင်းပြီးသားဖြစ်တယ်။ ဖက်ဒရယ်ကို ပီပီပြင်ပြင် မဖော်ဆောင်နိုင်ခဲ့လို့ ရှမ်းပြည်အရေးက ကြားထဲကနေ အချိန်ကာလ ကြာမြင့်စွာနဲ့ တဆင့်ခံ ပြဿနာတွေ ဖြစ်လာတာပေါ့ဗျာ။ နိုင်ငံရေးဖြစ်စဉ်က အရမ်းရှည်ကြာလာတော့ ပြဿနာက တခု မဟုတ်တခု ပြန်ပေါ်လာတာပဲ။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဒါကို အခြေခံပြီးတော့မှ ဖြေရှင်း မယ်ဆိုရင် ဘာမှ မပြေလည်စရာ အကြောင်းမရှိဘူး” ဟု သုံးသပ်သည်။
သို့သော် ရှမ်းနိုင်ငံရေးသမားတချို့သည် အခြားသော လူမျိုးစုများ ပြည်နယ်ဖွဲ့စည်းရေး တောင်းဆိုမှုများအပေါ် လက်ခံခြင်း မရှိဘဲ ရှမ်းပြည် ပြိုကွဲရေးအဖြစ်သာ အမြင်သဘောထားရှိနေကြကြောင်းလည်း ဦးရဲထွန်းက သုံးသပ်သည်။
၎င်းက “ပြည်နယ်တွေ တောင်းတယ်ဆိုရင် ပေးသင့်တဲ့လူမျိုး၊ ဒေသတွေ ရှိတယ်၊ အဲဒါကို ရှမ်းပြည်နယ်ကြီးကို အစိတ်စိတ် အမွှာမွှာခွဲပစ်လိုက်ပြီ။ ငါတို့ကို သွေးခွဲနေတယ်ဆိုပြီး တချို့ ရှမ်းနိုင်ငံရေးပါတီတွေက အသံထွက်လာတာရှိတယ်။ သူတို့ကတော့ ဖက်ဒရယ်အခွင့်အရေး လိုချင်တယ်။ ကိုယ့်ထက် နည်းနည်း လူဦးရေနည်းတဲ့ လူမျိုးက တောင်းတဲ့အခါကျတော့ မပေးချင်ဘူး။ ဒါက ဖက်ဒရယ်စနစ်ကို ကောင်းကောင်း နားလည်ရင်တော့ ပေးရမှာပဲ” ဟု ပြောသည်။
ဖက်ဒရယ် ရှမ်းပြည်တည်ထောင်ရေးမှသည် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးသည် စစ်အာဏာရှင်များ အောက်တွင် ဖြစ်ပေါ်လာမည် မဟုတ်ပေ။ ထို့အတွက် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေး ပင်လုံစိတ်ဓာတ်ဖြင့် စုစည်း ညီညွတ်ခဲ့ကြသလို အားလုံးစုစည်းကြရန် ကြွေးကြော်နေကြသော်လည်း စစ်အာဏာရှင် အမြစ်ဖြတ်ရေးတွင် တော်လှန် ရေး အင်အားစုတချို့က တိုက်ပွဲဝင်နေကြသလို တချို့သည် စစ်ကောင်စီနှင့် လက်ဆွဲနှုတ်ဆက်နေကြသည်။
မည်သို့ဆိုစေ ရှမ်းအမျိုးသားနေ့မှ စတင်ပေါ်ထွက်ခဲ့သည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် လူမျိုးကြီးဝါဒီ စစ်ခေါင်းဆောင်များ၏ အကြိမ်ကြိမ် အာဏာသိမ်းမှုများအောက်တွင် ပျက်ပြယ် မှေးမှိန်ခဲ့ရသလို ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် ဦးဆောင်သည့် ခေတ်သစ် စစ်အာဏာရှင်လက်အောက်တွင်လည်း အကောင်အထည်ပေါ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
You may also like these stories:
စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးပွဲ RCSS နဲ့ NMSP ဘာကြောင့်မတက်သလဲ
စစ်တပ်ကြောင့် ကယားပြည်နယ်တွင် ရပ်ကွက်နှင့် ကျေးရွာ ၈၀ ကျော် ပျက်စီး
ဂျာယန်ဒေသခံများအား လူသားဒိုင်းအဖြစ် အသုံးမပြုခဲ့ဟု TNLA ငြင်း
စစ်အာဏာသိမ်းပြီး လူထု ဒုက္ခပိုများလာဟု မွန်ပြည်သစ်ဆို