ထိုင်း – မြန်မာနယ်စပ် တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ထဲရှိ စိုက်ခင်းတခုတွင် စက်ယန္တရားများစွာ၊ လူအင်အား အမြောက်အများဖြင့် ကူညီဆယ်ရေးတခုကို နာရီ ၂၀ နီးပါးကြာအောင် ကြိုးစားနေကြသည်။
အကျယ် ၁ ပေ၊ အမြင့် ပေ ၅၀ ခန့်အနက်ရှိသည့် စိုက်ပျိုးရေးသုံး ရေတွင်းထဲသို့ ကလေးငယ်တဦး မတော်တဆ ပြုတ်ကျသွားခြင်းကြောင့် ထိုင်းကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်နေကြသည့် မြင်ကွင်းတခု ဖြစ်သည်။
ရေတွင်းထဲသို့ ပြုတ်ကျသွားသည့် ကလေးငယ်မှာ အသက် ၁ နှစ်ခွဲအရွယ်ရှိပြီး ဖုတ်ဖရာ့မြို့နယ်၊ ကောက်ကျလိန်စုရွာရှိ ပီလောပီနံခြံတွင် အလုပ် လုပ်နေသည့် မြန်မာရွှေ့ပြောင်းမိသားစုမှ ဖြစ်သည်။
ကလေးငယ်၏ မိဘများမှာ အဆိုပါ ပီလောပီနံခြံတွင် အလုပ်လုပ်ကိုင်နေစဉ် ကလေးငယ်မှာ ၎င်း၏ ဝမ်းကွဲညီအမဖြစ်သူနှင့် ဆော့ကစားနေရင်းမှ ရေတွင်းထဲသို့ ပြုတ်ကျသွားခဲ့ပြီးနောက် မိဘများက အကူအညီတောင်းရာမှ ထိုင်းကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိ ကယ်ဆယ်ခဲ့ကြခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်က ဖြစ်ပြီး ထိုင်းကယ်ဆယ်ရေးအဖွဲ့ များမှ အဆက်မပြတ် ကယ်ဆယ်ရေးများ လုပ်ခဲ့ရာမှ နာရီပေါင်း ၁၈ နာရီကျော်ကြာပြီးနောက် ကလေးငယ်အား အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သည်။
ကလေးငယ်၏ ဖခင်ဖြစ်သူက “ကျနော်တို့က ကိုယ့်သမီးကို ရချင်ဇောနဲ့ အရူးမီးဝိုင်းကို ဖြစ်နေတယ်။ ကလေးကို ရပါစေဆိုတဲ့စိတ်နဲ့ အစွမ်းကုန် ကယ်နေကြတာပါပဲ။ သူတို့ လုပ်နေတဲ့အချိန် ကိုယ့်သမီးလေး အသက်ရှိပါဦးမလား၊ မရှိတော့ဘူးလား အဲဒါပဲတွေးနေတာ။ ကျန်တာတော့ ဘာမှမတွေးတတ်ဘူး” ဟု ပြောသည်။
ထိုကဲ့သို့ ကြိုးစားပြီးကယ်တင်ပေးခဲ့သည့် ထိုင်းကယ်ဆယ်ရေးသမားများကို ကျေးဇူးတင်ရှိ ကြောင်းနှင့် နောက်ထပ် ၎င်း၏ ကလေးဖြစ်သူကဲ့လို့ ဖြစ်ရပ်မျိုးကြုံတွေ့ပါကလည်း ဆက်လက် ကူညီကြရန် ဖခင်ဖြစ်သူက ကိုယ်ချင်းစာစိတ်ဖြင့် ပြောသည်။
မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (YCOWA) မှ တာဝန်ခံ ဦးမိုးကျော်က “ထိုင်းနိုင်ငံမှာကတော့ ကလေးသူငယ်တွေနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးဆိုင်ရာတွေမှာ လူမျိုးရေး ခွဲခြားမှုမရှိဘူး” ဟု ပြောသည်။
အဆိုပါ ပြည်နယ်တွင် လွန်ခဲ့သည့် ၂ နှစ်ခန့်ကလည်း ပြောင်းခင်းထဲတွင် မိဘများ လုပ်ငန်းခွင် ဝင်နေစဉ် ကလေးငယ်တဦး ပျောက်သွားခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံရှိ ကယ်ဆယ်ရေးအဖွဲ့များမှ ရဟတ်ယာဉ်များဖြင့် ရှာဖွေ ကယ်ဆယ်မှုများ ပြုလုပ်ခဲ့သေးသည်။
ထိုင်းနိုင်ငံသည် ကလေးသူငယ်များ အသက်ရှင်လုံခြုံရန်အတွက် သဘာဝအန္တရာယ်များ၊ မတော်တဆမှုများ၊ ဘေးအန္တရာယ်များ ကြုံတွေ့သည့်အခါ ကယ်ဆယ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ လူမျိုးရေးမခွဲခြားဘဲ အားသွန်ခွန်စိုက်ကြိုးပမ်းကြသည်ကို တွေ့မြင်ရကြောင်း မဲဆောက်မြို့နေ မြန်မာအဖွဲ့အစည်းများက ဆိုသည်။
မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းနိုင်ငံက လူသားချင်း စာနာထောက်ထားတယ်။ လူကိုလူလိုမြင်တယ်ဆိုတဲ့ ပြယုဂ်က ဒီကလေးလေးကိစ္စမှာ ကွက်ကွက်ကွင်းကွင်း ပြတ်ပြတ်ထင်ထင် ပြသနေတယ်” ဟုပြောသည်။
ထိုင်းနိုင်ငံသည်လည်း စစ်တပ်က အာဏာသိမ်းမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည့် နိုင်ငံဖြစ်သော်လည်း လူသားချင်းစာနာမှုရှုထောင့်တွင် မြန်မာစစ်တပ်ထက် များစွာ သာလွန်သည်ကို ယခုကလေးငယ် ၏ ဖြစ်စဉ်နှင့်မယ်ဆိုင်ဂူ ဖြစ်စဉ်တွင် အထင်အရှား တွေ့မြင်နိုင်သည်။
မယ်ဆိုင်ဂူဖြစ်စဉ်မှာ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ကဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ရှိ လှိုဏ်ဂူတခုအတွင်း ဒေသဘောလုံးအသင်းတခု၏နည်းပြနှင့် ကျောင်းသား ၁၂ ဦးမှာ ၁၀ ရက်ကျော်ကြာ ပိတ်မိနေခဲ့ပြီး အဆိုပါဖြစ်စဉ်တွင်လည်း မြန်မာရွှေ့ပြောင်း ကလေးငယ် ၃ ဦးထက်မနည်း ပါဝင်ခဲ့သည်။
၎င်းတို့ ဂူအတွင်းသို့ ဝင်သွားပြီးနောက် မိုးသည်းထန်စွာရွာ၍ ဂူအတွင်းသို့ ရေများ ဝင်ရောက်ကာ အဆိုပါ ကျောင်းသားအဖွဲ့မှာ ပြန်ထွက်မရတော့ဘဲ ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးကြောင်း နာရီအနည်းငယ်အကြာတွင် သိရှိ တိုင်ကြားခံရပြီး ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။
ဂူအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားကြရာတွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် အခက်အခဲများစွာဖြစ်ခဲ့ပြီး နိုင်ငံတော်အဆင့် ကူညီကယ်ဆယ်ရေးများကို အားသွန်ခွန်စိုက် လုပ်ခဲ့ရပြီး နောက်ဆုံးတွင် နိုင်ငံတကာမှအကူအညီများနှင့်ရှာဖွေခဲ့ရာ ပျောက်ဆုံးချိန် ၉ရက်အကြာတွင် ရေငုပ်သမားကယ်ဆယ်သူများက ကျောင်းသားနှင့် နည်းပြကို အသက်ရှင်လျက်တွေ့ခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် လူပေါင်း ၁၀၀၀ ကျော်ပါဝင်ခဲ့ပြီး ထိုင်းရေတပ်မှ နိုင်ငံတော်အဆင့်ကယ်တင်ခဲ့ပြီး မြန်မာအပါအဝင် ဗြိတိန်၊ တရုတ်၊ လာအို၊ ဩစတြေးလျနှင့် အမေရိကန်တို့ပါ ကူညီခဲ့သည်။
ထိုင်းနိုင်ငံသည် ၎င်းတို့နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာပြီး တရားဝင်နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်များ ရရှိခဲ့ပါက အဆိုပါအလုပ်သမားများ၏ တရားဝင်မှုအား အသိအမှတ်ပြုကာ အသက်အန္တရာယ်ကာကွယ်သည့် လုပ်ငန်းစဉ်များကို ထည့်သွင်း စဉ်းစားပေးလေ့ရှိကြောင်း၊ မြန်မာနိုင်ငံ ပြန်လည်ထူထောင်သည့် အခါမျိုးတွင်လည်း လူသားချင်းစာနာမှု၊ လူသားတန်ဖိုး၊ လူ့အခွင့်အရေးများနှင့် ဒီမိုကရေစီစံနှုန်းများကို တန်ဖိုးထားမြှင့်တင်ရန် လိုအပ်ကြောင်း မြန်မာလုပ်သားအရေး ဆောင်ရွက်သူများက ထောက်ပြ ပြောဆိုကြသည်။
ဦးမိုးကျော်က “ကျနော်တို့နိုင်ငံနဲ့ ယှဉ်ရင် အင်မတန် ဝမ်းနည်းစရာကောင်းတယ်။ ကျနော်တို့နိုင်ငံမှာ အာဏာသိမ်းပြီးလို့ ၂ နှစ်မြောက်တဲ့ကာလမှာ ထိခိုက်တာ လူငယ်တွေ အများကြီးပဲ။ အနာဂတ်တွေ ကြွေနေတာပေါ့။ ဒီလိုအနာဂတ်တွေ ကြွေနေတဲ့အပြင် ထင်ရာမြင်ရာလုပ်ပြီးတော့ ရဟတ်ယာဉ်တွေ သုံးတယ်။ ဂျက်ဖိုက်တာတွေသုံးပြီးတော့ လူတွေနေတဲ့ကျေးရွာကို ကလေးသူငယ်တွေပါ မရှောင် လုပ်နေတာပေါ့။ ကျောင်းကိုဝင်ပစ်ခတ်တာတွေရှိခဲ့တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ကိုယ်ထူကိုယ်ထစာသင်ကျောင်း၌ ကလေးများ စာသင်နေချိန်တွင် အာဏာသိမ်း စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ ရှိသည်ဆိုသော စွပ်စွဲချက်ဖြင့် အဆိုပါ စာသင်ကျောင်းကို ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်တိုက်ခိုက်သလို မြေပြင် မှလည်း တိုက်ခိုက်ရေးတပ်များက စီးနင်းတိုက်ခိုက်ခဲ့၍ စာသင်နေသည့် ကလေးငယ် ၇ ဦးနှင့် အရပ်သားပြည်သူအချို့ သေဆုံးခဲ့သည်။
ဦးမိုးကြိုးက “ဒီပဲယင်း လက်ယက်ကုန်းမှာ မြန်မာကလေးတွေ ဘယ်လိုဖြစ်ခဲ့လဲ။ မြန်မာနိုင်ငံကို အုပ်ချုပ်တဲ့ စစ်အစိုးရက ဘယ်လိုသဘောထားလဲ။ ငါတို့ အာဏာတည်မြဲရေးသာ အဓိကဆိုပြီး လက်ယက်ကုန်းဖြစ်စဉ်လို တခြားသော ဖြစ်စဉ်တွေမှာလည်း လူမဆန်တဲ့လုပ်ရပ်တွေလုပ်တယ်။ ထိုင်းဘက်ကကျတော့ လူဆန်တဲ့လုပ်ရပ်တွေလုပ်တယ်။ ထိုင်းနိုင်ငံကပေးတဲ့ သင်ခန်းစာတွေပါပဲ” ဟု ဆိုသည်။
အိမ်နီးချင်းထိုင်းနိုင်ငံတွင် ကလေးသူငယ်များကို တန်ဖိုးထားကယ်တင်နေသော်လည်း မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတဝန်း စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံသူများအား လေကြောင်းနှင့် လက်နက်ကြီး အင်အား အသုံးပြုကာ တိုက်ခိုက်မှုများ ပြုလုပ်ခြင်း ၊ စစ်ဘေးရှောင်စခန်းများနှင့် လူနေအိမ်များ ထိမှန်မှုကြောင့် ကလေးသူငယ်များ အပါအဝင် အရပ်သားသေဆုံးမှုများမှာ နိုင်ငံအနှံ့ ဖြစ်ပွားလျက်ရှိသည်။
ဦးမိုးကျော်က “ထိုင်းနိုင်ငံဟာလည်း စစ်တပ်က အာဏာသိမ်းမှု အကြိမ်ကြိမ်များတဲ့နိုင်ငံပါ။ သို့သော်လည်း လူသားစာနာမှုဆိုင်ရာသိမှုကတော့ ပိုတယ်လို့ပြောလို့ရပါတယ်”ဟုဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ဝန်ကြီးဌာနမှ ထုက်ပြန်ထားသော စာရင်းများအရ အာဏာသိမ်းပြီးချိန်မှ ၂၀၂၂၊ ဒီဇင်ဘာလအထိ စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသော ကလေးငယ်အရေအတွက်မှာ ၂၆၅ ဦးရှိပြီး သေဆုံးသူ စုစုပေါင်း၏ ၈ဒသမ ၃၈ ရာခိုင်နှုန်းရှိသည်။
၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက် မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်တွင် ဆန္ဒပြသူများကို လိုက်လံ ပစ်ခတ်ဖမ်းဆီးရာမှ ဖခင်ရင်ခွင်ထဲ တိုးကာ ကြောက်ရွံ့စွာ ငိုနေသည့် အသက် ၇ နှစ် အရွယ် ခင်မျိုးချစ်ဆိုသော မိန်းကလေးငယ် ၁ ဦးကို စစ်ကောင်စီတပ်သားက ကြောက်ရကောင်းလားဟု ဆိုကာ သေနတ်ဖြင့် ပစ်သတ်ခဲ့သလို ဒီးမော့ဆိုမြို့နယ်မှ အသက် ၁၃ နှစ်အရွယ် ခုနစ်တန်းကျောင်းသူ မာဂရက်သည် ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက် ညနေခင်းတွင် စစ်ကောင်စီ၏ လက်နက်ကြီး ကျည်ကြောင့် သေဆုံးခဲ့ရသည်။
ထို့ပြင် ခင်ဦးမြို့မှ ၁၃ နှစ်သား မောင်ခန့်ခန့်ငြိမ်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် အဖြစ် စွပ်စွဲပြီး သေနတ်နှင့် ပစ်ခတ်သဖြင့် ဒဏ်ရာရရှိခဲ့၍ ဆေးရုံပို့ရန် ကြိုးစားစဉ် စစ်ကောင်စီတပ်သားများက ကားပေါ်မှဆွဲချကာ ရေမြောင်းတခုတွင် ပစ်ထားခဲ့သဖြင့် ထိုဒဏ်ရာနှင့်ပင် သေဆုံးခဲ့ရသည်။
၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း ခရစ္စမတ်အကြိုနေ့က ကယား ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီးတွင် အစုလိုက်အပြုံလိုက် မီးရှို့အသတ်ခံရသည့် ဖြစ်စဉ်တွင်လည်း အသက် ၁၈ နှစ်အောက် ကလေး ၃ ဦးပါဝင်ခဲ့သည်။
စစ်ကောင်စီ၏ ယင်းကဲ့သို့ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် မြန်မာနိင်ငံတွင် ကလေးငယ်များစွာ သေဆုံးခဲ့ရသလို ကျန်ရစ်သော စစ်ဘေးရှောင်ကလေးများစွာမှာလည်း ဆင်းရဲဒုက္ခမျိုးစုံရောက်ကာ စိတ်ဒဏ်ရာများရပြီး မလုံခြုံမှု၊ ကြောက်ရွံ့အားငယ်မှုတို့ဖြင့် နေထိုင်နေရချိန်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ မြန်မာကလေးငယ်၏အသက်ကို အလေးထားကာ ကြိုးစား ကယ်တင်ပေးသည့် ဖြစ်ရပ်နှင့် နှိုင်းယှဉ်ကြည့်ပါက စစ်တပ်အုပ်ချုပ်သည့် အခြေအနေချင်းအတူတူတွင် မြန်မာစစ်အာဏာရှင်တို့၏မိမိအာဏာတည်မြဲရေးအတွက် ကလေးသူငယ်များအပေါ်တွင်ပင် လူသားချင်းစာနာမှု ကင်းမဲ့ပုံကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။
ဦးမိုးကြိုးက “ဒီဘက် (ထိုင်းစစ်တပ်) က လူတွေကိုကယ်တယ်။ ဟိုဘက် (မြန်မာစစ်တပ်) က လူတွေကိုတွယ်တယ်။ လူကိုလူလိုမမြင်တဲ့ အစိုးရ။ လူကိုလူလို တန်ဖိုးမထားတဲ့အစိုးရမျိုး။ ထိုင်းအစိုးရနဲ့ ထိုင်းနိုင်ငံ လူမှုဝန်ထမ်းတွေ၊ ထိုင်းဘုရင့် တပ်မတော်သားတွေက လူကိုလူလိုမြင်တယ်။ လူမျိုးလည်း မရွေးဘူး။ ဘာသာလည်း မရွေးဘူး။ လူပီပီသသ ရှုမြင်ပြီးတော့ လူကိုကယ်တင်ရမယ်ဆိုတဲ့ အသိအမြင်တွေ ရှိတယ်။ မြန်မာနိုင်ငံမှာကျတော့ လူကိုလူလို မမြင်ဘူး” ဟု ဆိုသည်။
You may also like these stories :
၂ နှစ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှုများကို ပြန်တူးဖော်ခြင်း
စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု
စစ်ပွဲအောင်နိုင်ရေး စစ်ကောင်စီလေတပ် ရက်ရက်စက်စက် ပစ်ခတ်နေ