စစ်အာဏာသိမ်းမှုသည် တက္ကသိုလ်ကျောင်းသားများကို အကြီးအကျယ် ထိုးနှက်လိုက်ပြီး ၎င်းတို့ အများစုသည် စစ်ကောင်စီပညာရေးစနစ်ကို ဆန့်ကျင်ကာ စာသင်ခန်းများသို့ ပြန်ရန် ငြင်းဆန်နေသည်။
အချို့သည် ဗိုလ်ချုပ်များကို ဖြုတ်ချရန် စစ်ကောင်စီဆန့်ကျင်ရေး ခုခံတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းခဲ့ပြီး အခြားသူများက လမ်းကြောင်းပြောင်း သို့မဟုတ် အလုပ်ရှာသောကြောင့် ၎င်းတို့၏ ပညာရေးခရီး ရုတ်တရက် အဆုံးသတ်သွားသည်။
စစ်ကောင်စီပညာရေးကို သပိတ်မှောက်လိုက်ချိန်တွင် မောင်အောင်မြတ်သည် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်ပြီး လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) နှင့် ပူးပေါင်းလိုက်ကာ ဆရာဝန်ဖြစ်ရေး ရည်မှန်းချက်ကိုလည်း စွန့်လွှတ်လိုက်သည်။ ထို့နောက် သူသည် ဂျပန်နှင့် စင်ကာပူမှ ဝင်ငွေအမြောက်အများရသော အလုပ်အကိုင် အခွင့်အလမ်းများအတွက် web development ပညာကို လေ့လာရန် ဆုံးဖြတ်လိုက်သည်။
“အာဏာမသိမ်းခဲ့ရင် ကျနော့်ဘဝလမ်းကြောင်း ရုတ်တရက်ပြောင်းသွားမှာ မဟုတ်ဘူး” ဟု သူကပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အတင်းအကျပ်ဖွင့်ခိုင်းသော ကျောင်းများတွင် သူလူကင်းမဲ့လုနီးပါး ဖြစ်နေသောကြောင့် ပညာရေးကို သပိတ်မှောက်သော ကျောင်းသားအရေအတွက်သည် လွန်စွာမြင့်မားသည်ဟု ယူဆရသည်။ သပိတ်မှောက်ကျောင်းသား အရေအတွက်ကို စာရင်းအတိအကျ မသိရသော်လည်း ပညာသင်ကြားနိုင်ခြင်း မရှိသည့် လပေါင်းများစွာသည် နိုင်ငံတွင် နိမ့်ကျပြီးဖြစ်သည့် လူသားအရင်းအနှီးနှင့် ကုန်ထုတ်စွမ်းအားကို ရေရှည်တွင် ကျဆင်းသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ် မြန်မာ့စီးပွားရေး အစီရင်ခံစာက ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အတင်းအကျပ်ဖွင့်ခိုင်းသော ကျောင်းများတွင် သူလူကင်းမဲ့လုနီးပါး ဖြစ်နေသောကြောင့် ပညာရေးကို သပိတ်မှောက်သော ကျောင်းသားအရေအတွက်သည် လွန်စွာမြင့်မားသည်ဟု ယူဆရသည်။
စစ်အာဏာမသိမ်းမီက တတိယနှစ်ကျောင်းသူ မနှင်းမွန်သည်လည်း ရန်ကုန်ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်တွင် သတင်းစာပညာ သင်ယူနေသူဖြစ်သည်။ ယခုအခါ သူသည် ထိုင်ဝမ်တွင် ကွန်ပျူတာသိပ္ပံပညာ သင်ယူနေသည်။
“ကျမက မီဒီယာလောကမှာ လုပ်ဖို့ စီစဉ်ခဲ့တာ၊ ဒါပေမယ့် အခုတော့ အဲဒီအိပ်မက်တွေက စစ်အာဏာသိမ်းမှုကြောင့် တစစီပြိုကွဲသွားပြီ” ဟု အသက် ၂၃ နှစ်အရွယ် မနှင်းမွန်က ပြောသည်။
ကျောင်းသားကျောင်းသူ အများအပြားသည် စာသင်ခန်းမှ လုပ်ငန်းခွင်များသို့ ပြောင်းရွှေ့ကြသည်။ အင်္ဂလိပ်စာ အဓိကယူသည့် ဒုတိယနှစ်ကျောင်းသူ မဆုမြတ်သည် ယခုအခါ ရန်ကုန်ရှိ စားသောက်ဆိုင်တခုတွင် စားပွဲထိုးလုပ်နေသည်။
စစ်အာဏာသိမ်းမှုသည် လူငယ်အများအပြားကို ဘဝပျက်သွားစေကြောင်း၊ လူငယ်များသည် စစ်ကောင်စီ၏ ဖမ်းဆီး ရက်စက်မှုများကို အဓိက ခံရသူများဖြစ်ကြောင်း သူကပြောသည်။
“အဲဒီလို ဖိနှိပ်တဲ့ စစ်ကောင်စီအောက်မှာ ကျမ ပညာမသင်ချင်ဘူး။ အခု မိသားစုအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ အလုပ်လုပ်နေတယ်။ ဂျပန်မှာ ဘွဲ့ကြိုပညာသင်ဆုရဖို့ ဒါမှမဟုတ် အလုပ်လုပ်ဖို့ ကျမအခု ဂျပန်ဘာသားစကားလည်း လေ့လာနေတယ်” ဟု အသက် ၂၀ အရွယ် မဆုမွန်က ပြောသည်။
“အဲဒီလို ဖိနှိပ်တဲ့ စစ်ကောင်စီအောက်မှာ ကျမ ပညာမသင်ချင်ဘူး။ အခု မိသားစုအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ အလုပ်လုပ်နေတယ်။ ဂျပန်မှာ ဘွဲ့ကြိုပညာသင်ဆုရဖို့ ဒါမှမဟုတ် အလုပ်လုပ်ဖို့ ကျမအခု ဂျပန်ဘာသားစကားလည်း လေ့လာနေတယ်”
NUG ပညာရေး
၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီးနောက် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ပညာရေး ဝန်ကြီးဌာနကို တည်ထောင်ကာ စစ်ကောင်စီကို သပိတ်မှောက်သော ကျောင်းသားကျောင်းသူများအတွက် အခြေခံပညာရေးမှ တက္ကသိုလ်ပညာရေးအထိ သင်ကြားပေးရန် လုပ်ဆောင်သည်။
လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် NUG သည် ကြားကာလ ယာယီတက္ကသိုလ်ကောင်စီ (IUC) လက်အောက်ခံ အွန်လိုင်း မြန်မာနွေဦးတက္ကသိုလ် (MNOU) ကို ထူထောင်သည်။ တက္ကသိုလ်တခုစီတွင် သီးခြား IUC များ ရှိကြပြီး ထိုကျောင်းများ၌ CDM ဆရာ ဆရာမများနှင့် ကျောင်းသားများသည် သပိတ်မှောက်ကျောင်းသားများအတွက် ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများ သာမက အသက်မွေးဝမ်းကြောင်း ပညာများကိုလည်း သင်ကြားပေးသည်။
MNOU သည် ဘွဲ့ကြို နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများအတွက် လျှောက်လွှာများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ခေါ်ယူသည်။ သို့သော် ထိုတက္ကသိုလ်သည် သင်တန်းများကို အပြည့်အစုံ မသင်ကြားပေးနိုင်သေးဘဲ ကျောင်းသားအရေအတွက် အကန့်အသတ်ဖြင့်သာ ရှိသည်။ ဆရာ မလုံလောက်ခြင်းနှင့် IUC က ထုတ်ပေးသည့် ဆေးတက္ကသိုလ် (၁) ဘွဲ့လက်မှတ်ကို အသိအမှတ် ပြု၊ မပြု ဆိုသည့် ကိစ္စများအပါအဝင် အခြားပြဿနာများလည်း ရှိနေသည်။
၎င်းတို့ ပညာဆက်သင်ကြားရန် သို့မဟုတ် ပညာသင်ဆုလျှောက်ထားရန် လုပ်ကိုင်သောအခါ ထိုလက်မှတ်များကို ပြည်ပတက္ကသိုလ်များက ပယ်ချကြကြောင်း ကျောင်းသားအချို့က ပြောသည်။
နိုင်ငံတကာ တက္ကသိုလ်များက ထိုဘွဲ့လက်မှတ်များကို အသိအမှတ်မပြုသောကြောင့် သူ၏ သူငယ်ချင်းများ အခက်အခဲဖြစ်ကြကြောင်း ဆေးကျောင်းသားဟောင်း မောင်အောင်မြတ်က ပြောသည်။
နိုင်ငံတကာ တက္ကသိုလ်များက ထိုဘွဲ့လက်မှတ်များကို အသိအမှတ်မပြုသောကြောင့် သူ၏ သူငယ်ချင်းများ အခက်အခဲဖြစ်ကြကြောင်း ဆေးကျောင်းသားဟောင်း မောင်အောင်မြတ်က ပြောသည်။
“ဒါကြောင့် NUG အနေနဲ့ အဲဒီပြဿနာကို အလျင်အမြန် ဖြေရှင်းပေးစေချင်တယ်” ဟု အသက် ၂၄ နှစ် အရွယ် ကိုအောင်မြတ်ပြောသည်။
ဝေဖန်ပြောကြားပေးရန် NUG ပညာရေး ဝန်ကြီးဌာနကို ဆက်သွယ်သော်လည်း အဆက်အသွယ်မရပေ။
သတင်းစာပညာ ကျောင်းသူဟောင်း မနှင်းမွန်က NUG အနေဖြင့် သတင်းစာပညာဘွဲ့ သင်တန်းဖွင့်၊ မဖွင့် စောင့်ခဲ့ကြောင်း ပြောသည်။
“နောက်ဆုံးကျတော့ သူတို့လုပ်မပေးနိုင်ဘူးဆိုတာ သိရတာ။ ကျမက ထိုင်ဝမ် တက္ကသိုလ်ကနေ ကွန်ပျူတာ သိပ္ပံပညာ ပညာသင်ဆု အပြည့်အဝ ရထားတာ။ အဲဒါကြောင့်မိုလို့ အဓိက ဘာသာရပ် ပြောင်းလိုက်ရတာ” ဟုလည်း မနှင်းမွန်က ပြောသည်။
CDM ဆရာ၊ ဆရာမများ၏ အဆိုအရ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် သောင်းနှင့်ချီသော ကျောင်းသားများသည် စစ်ကောင်စီပညာရေးကို သပိတ်မှောက်ပြီး ကိုယ့်လမ်းကိုယ်လျှောက်နေကြကြောင်း ပြောသည်။ သပိတ်မှောက် ကျောင်းသားများအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် NUG သည် ပိုမိုအရေးပါသော အခန်းမှ ပါဝင်ရန်လိုသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။
“(စစ်ကောင်စီအောက်က) လက်ရှိအခြေအနေကို လက်မခံနိုင်ဘူး။ ပညာရေးလမ်းကြောင်းပြောင်းပြီး လုပ်ငန်းခွင် ဝင်သွားတဲ့ ကျောင်းသားတွေရဲ့ ဆုံးဖြတ်ချက်ကို ကျနော် လုံးဝလေးစားတယ်။ သူတို့ဟာ သူတို့အနာဂတ်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တယ်လို့ ကျနော်ယုံကြည်တယ်” ဟု CDM လှုပ်ရှားမှုနှင့် ပတ်သက်သည့် ပါမောက္ခတဦးက ပြောသည်။
ဂျင်းကောင် (Jing Gaung) သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွင် ဆေးဘက်ဆိုင်ရာ အရာရှိလောင်းတဦးအဖြစ် တာဝန်ထမ်းဆောင်နေသည်။ တချိန်တည်းတွင် သူသည် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် ကြားဖြတ် ယာယီကောင်စီဝင်နှင့် ထိုကောလိပ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌအဖြစ် သူနှင့် ဘဝတူများအတွက် သင်တန်းများဖွင့်လှစ်ရန် ကြိုးစားနေသည်။
CDM ကျောင်းသားများအတွက် အွန်လိုင်းပညာသင်ကြားရေး ပလက်ဖောင်းတခု အကောင်အထည်ဖော်ရာတွင် CDM ဆရာ၊ ဆရာမ မလုံလောက်ခြင်းနှင့် ၎င်းတို့၏ လုံခြုံရေးကို တာဝန်ယူရခြင်း အပါအဝင် စိန်ခေါ်မှုများရှိကြောင်း သူကဝန်ခံသည်။
CDM ကျောင်းသားများအတွက် အွန်လိုင်းပညာသင်ကြားရေး ပလက်ဖောင်းတခု အကောင်အထည်ဖော်ရာတွင် CDM ဆရာ၊ ဆရာမ မလုံလောက်ခြင်းနှင့် ၎င်းတို့၏ လုံခြုံရေးကို တာဝန်ယူရခြင်း အပါအဝင် စိန်ခေါ်မှုများရှိကြောင်း သူကဝန်ခံသည်။
“လာမယ့် ဇွန်လမှာ ကျနော်တို့ သင်တန်းတွေဖွင့်ဖို့ NUG ဆီက အကူအညီကို ကျနော်တို့ ပိုမိုလိုအပ်နေတယ်” ဟု အသက် ၁၉ နှစ်အရွယ် PDF အဖွဲ့ဝင်နှင့် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ဂျင်းကောင်က ပြောသည်။
တချိန်တည်းတွင် သူသည် စစ်ကောင်စီပြုတ်ကျပြီး မြန်မာနိုင်ငံတွင် အရပ်သားအုပ်ချုပ်ရေး ပြန်လည် ရရှိသည်အထိ စစ်ကောင်စီကို ဆက်လက်ဆန့်ကျင်ရန် ဘဝတူကျောင်းသားများကို တိုက်တွန်းနေသည်။
“တိုင်းပြည်အခြေအနေက သာမန်မဟုတ်ဘူးဆိုတာ စစ်ကောင်စီက ဝန်ခံထားတယ်။ တော်လှန်ရေးအင်အားစုတွေ အင်အားပိုမိုတောင့်တင်းလာတယ်။ ဒါကြောင့် CDM ကျောင်းသားတွေအနေနဲ့ စစ်ကောင်စီကို နောက်ဆုံး အချိန်အထိ ဆန့်ကျင်အာခံဖို့ ကျနော် တိုက်တွန်းတယ်” ဟု သူကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Nora ၏ The Crisis in Education Under Myanmar’s Military Rulers ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ထန်တလန်ရှိ စာသင်ကျောင်းများ ယာယီပိတ်
ဖမ်းဆီးခံရသည့် မန္တလေးတက္ကသိုလ် CDM ဝန်ထမ်းတချို့ ပြန်လွတ်
စစ်အုပ်ချုပ်ရေးကြောင့် မြန်မာတွင် ဦးနှောက်ယိုစီးမှု ထပ်မံဖြစ်ပေါ်
ကျောင်းသားလူငယ်များ၏ အနာဂတ်ပညာရေး မျှော်လင့်ချက်မဲ့နေပြီလား
မြန်မာပြည်ပညာရေးနှင့် ဖက်ဒရယ်စနစ်