စိုက်ပျိုးရေးနိုင်ငံဟု အများသိကြသည့် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး ၂ နှစ်အကြာအတွင်း တခြားကဏ္ဍများကဲ့သို့ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အဘက်ဘက်ယိုယွင်းမှုများနှင့်အတူ ကျဆင်းသထက် ကျဆင်းလာသည်ကို တွေ့ရသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နေပြည်တော် အစည်းအဝေး တွင် မြန်မာနိုင်ငံတွင် မိုးစပါး စိုက်ဧက ၁၅သန်း၊ နွေစပါး စိုက်ဧက ၃ သန်းရှိသည်ဟု ပြောသော်လည်း ဆန်စပါးကုန် သည်များကမူ ယခုနှစ် တနိုင်ငံလုံးအားဖြင့် မိုးစပါး စိုက်ဧက ၁၂ သန်းသာ ရှိပြီး အထွက်နှုန်းမှာလည်း တန်ချိန် ၃သန်း မှ ၅ သန်း အထိ အထွက်နှုန်း လျော့နိုင်ကြောင်းဆိုသည်။
အလားတူ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန၏ မြန်မာအပါအဝင် ကမ္ဘာဆန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ၂၀၂၂- ၂၀၂၃ ခုနှစ်အတွက် တွက်ချက်မှုအရ ပြီးခဲ့သည့်နှစ်က ဆန်စပါးထုတ်လုပ်မှုမှာ တကမ္ဘာလုံးအတိုင်းအတာအရ တန်ချိန် ၅၁၅.၀၅ သန်းရှိသော်လည်း ယခုနှစ်တွင် တန်ချိန် ၅၀၃.၂၇ သန်းသာ ထွက်ရှိမည်ဖြစ်ပြီး အလားတူ မြန်မာ၏ ဆန်ထုတ်လုပ်မှုမှာလည်း တန်ချိန် ၁၂.၅သန်းသာ ထွက်ရှိမည်ဟု ခန့်မှန်းဖော်ပြသည်။
မြန်မာ့ဆန်စပါးထုတ်လုပ်မှုနှုန်း လျော့ကျမည်ဟု ခန့်မှန်းပြောဆိုနေကြသည့် အဓိကအကြောင်းအရင်းမှာ စိုက်ပျိုးရေး ကို အဓိကထားသည့် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား စသည့် ဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်း၊ လယ်ယာ သုံးပစ္စည်းများ ဈေးမြင့်ကာ အထွေထွေကုန်ကျစရိတ်များပြားလာခြင်းအပြင် စိုက်ပျိုးကဏ္ဍတွင် လူသားရင်းမြစ် ရှားပါး လာခြင်းတို့ ကြောင့် ဖြစ်သည်။
စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား စသည့် ဒေသများတွင် လူ၊ ကျွဲ၊ နွား များသာမက ဝမ်းစာနှင့် မျိုးစပါး ပါမကျန် ရွာလုံး ကျွတ် မီးရှို့ ခံရပြီး လူငယ်လူရွယ် အများအပြားမှာလည်း လယ်ယာလုပ်ငန်းကို စွန့်ကာ စစ်အာဏာရှင်တော်လှန်ရေး တွင် ပါဝင်နေသလို တချို့လူငယ်များက တခြားသောအလုပ်များလုပ်ရန် ပြည်တွင်း ပြည်ပထွက်ခွာခြင်းတို့ ကြောင့် လယ်ယာကဏ္ဍတွင် လုပ်သားရှားပါးမှု ဖြစ်လာသည်ဟု သိရသည်။
အလားတူ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းအစရှိသည့်ဒေသများတွင်မူ စစ်ကိုင်းတိုင်းကဲ့သို့ စစ်မီးမကျယ်ပြန့်သေးသော် လည်း အထွေထွေကုန်ကျစရိတ်နှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး မြေဩဇာမှအစ သွင်းအားစုများ ဈေးမြင့်လာသလို အထွေထွေကုန်ကျစရိတ်များလည်း တက်လာခြင်းတို့က စိုက်ပျိုးရေးကဏ္ဍအတွက် ထိုးနှက်ချက်တခုဖြစ်လာသည်။
ဧရာဝတီတိုင်းရှိ လယ်သမားကြီးတဦးက “ကျနော်တို့ဆီကတော့ စစ်ကိုင်း၊ မကွေးတို့နဲ့တော့ မတူဘူး။ သွင်းအားစု တွေ ဈေးမြင့်တော့ မကျွေးနိုင်လို့ အထွက်နှုန်း လျော့တာတွေ မစိုက်နိုင်တာတွေ ဒီနှစ်မှာ ရှိခဲ့တယ်။ ဒါကြောင့် မိုးစပါး မှာ အရေအတွက် နည်းတာပါတယ်။ အခုနှစ် နွေစပါးစိုက်ရာသီမှာ စစ်ကောင်စီက လယ် ၁ ဧကကို ဓာတ်မြေဩဇာ နှစ်အိတ်နှုန်းနဲ့ ကျနော်တို့ တိုင်းကိုချပေးတာရှိတယ်။ ဒါပေမယ့် နောက်ကျတော့ တချို့လယ်သမားတွေက အဆင်မပြေ ခဲ့ဘူး” ဟု ပြောသည်။
ဧရာဝတီတိုင်းတွင် နွေစပါးကို နိုဝင်ဘာလမှ စတင်စိုက်ပျိုးရာ စစ်ကောင်စီက ဓာတ်မြေဩဇာ ချပေးခြင်းမှာ ယခုနှစ် ဇန်နဝါရီလအတွင်းမှသာ ဖြစ်ခြင်းကြောင့် စိုက်ပျိုးချိန် နောက်ကျခဲ့ကြောင်း၊ ယင်းချပေး သည့် ဓာတ်မြေဩဇာ တန်ဖိုးကို သီးနှံပေါ်ချိန်တွင် ပေါက်ဈေး စစ်ကောင်စီက ဖြတ်ယူမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုအခြေအနေများကြောင့် ဧရာဝတီတိုင်းမှ ထွက်သည့် ပေါ်ဆန်းစပါးမှာ ပေါ်စအချိန် တင်း ၁၀၀လျှင် ကျပ် ၁၆သိန်းခန့် ရှိပြီး ယခုဆို လျှင် ကျပ် ၁၈သိန်းအထိ ဖြစ်လာကြောင်း သိရသည်။
မကွေးတိုင်းရှိ လယ်သမားတဦးက “ကျနော်တို့ဒေသက စစ်ရေးကတော့ တာဆူနေဆဲ ဖြစ်လို့ အရမ်းကြီး မခံစားရ သေးပေမယ့် အများနည်းတူ အထွေထွေ ကုန်ဈေးနှုန်းတွေ တက်တာ၊ လယ်ယာထွက်သီးနှံတွေ တန်ဖိုးလျော့တာ သွင်းကုန်ပစ္စည်းတွေ ဈေးကြီးတာ အဲဒီလိုတွေကြောင့် တောင်သူတွေကတော့ စိုက်ပျိုးရေးကို အရင်လို မလုပ်နိုင် တော့ဘူး။ ဒါကြောင့်လည်း စိုက်ပျိုးရေးကတော့ ကျဆင်းတယ်။ လူရှိပြန်တော့လည်း မြေဩဇာဈေးကြီးတော့ အရှုံးခံ ပြီး မလုပ်နိုင်ကြပြန်ဘူး။ လယ်တွေကို ဒီအတိုင်း ထားလိုက်ရတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် သီးနှံထွက်ချိန် စိုက်ပျိုးသည့် တောင်သူလက်ထဲတွင် ဈေးကောင်းမရသဖြင့် စိုက်ပျိုးစရိတ်နှင့် မကာမိသော ကြောင့် လယ်ယာမြေများကို အပြည့်အဝ စိုက်ပျိုးနိုင်ခြင်းမရှိဘဲ ယခင်က လယ် ၁၀ ဧက စိုက်နိုင် သော လယ်သမား မှာ ယခုအခါ တဝက်စိုက်ပျိုးနိုင်ဖို့ပင် အနိုင်နိုင် ဖြစ်လာသည်ဟု သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ယခုလ ၇ရက် ဧရာဝတီတိုင်း ခရီးစဉ်တွင် အစိုးရအဆက်ဆက် မအောင်မြင်ခဲ့သော စုပေါင်းသမဝါယမစနစ်ကို ကျင့်သုံးဆောင်ရွက်ကြရန် ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီ၏ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင် များ တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
ယင်းသမဝါယမအသင်းများမှ စပါးအပါအဝင် သီးနှံမျိုးကောင်းမျိုးသန့်များကို ဖြန့်ဖြူးပြီး စိုက်ပျိုးလျှင် အထွက်နှုန်းများ တိုးလာပြီး စိုက်ပျိုးမြေများကို အကျိုးရှိစွာသုံးပါက စိုက်ပျိုးရေး ထွက်ကုန် အထွက် တိုးအောင် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်းလည်းပြောသည်။
သို့သော် စီးပွားရေးပညာရှင်များက လယ်ယာများကို စိုက်ပျိုးနိုင်ခြင်းမရှိသလို စစ်ကောင်စီ၏ စစ်ကြောင်းများကလည်း သီးနှံ စိုက်ခင်းများ ကိုပါ မီးရှို့ဖျက်ဆီးမှုများကြောင့် မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍမှာ အာဏာသိမ်း၂ နှစ်အတွင်း အကျဆင်းဆုံး ကဏ္ဍတခု ဖြစ်လာသည်ဟု မှတ်ချက်ပြုသည်။
ယခင်အာဏာမသိမ်းခင်က ရွှေဘိုပေါ်ဆန်းမှာ တအိတ်လျှင် အမြင့်ဆုံး ကျပ် ၅ သောင်းကျော်သာ ရှိသော်လည်း အာဏာသိမ်းပြီး ၂နှစ်ပြည့်ချိန်တွင် တအိတ်လျှင် ကျပ် ၁သိန်း ၂သောင်း ရှိကာ ယခုနှစ်ထွက် ရွှေဘိုပေါ်ဆန်း အသစ် တအိတ်လျှင် ကျပ် ၉ သောင်းရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းရှိ ရွှေဘိုပေါ်ဆန်း စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ ပြောဆိုချက်အရ ရွှေဘိုပေါ် ဆန်း စပါးစိုက်ပျိုးမှုမှာလည်း နှစ်စဉ် စိုက်ဧက ၃ သိန်း ၈ သောင်းနီး ပါး စိုက်ပျိုးနိုင်သော် လည်း ယခုနှစ်တွင် ဧက ၃ သိန်း ၃ သောင်းကျော်သာ စိုက်ပျိုးနိုင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ဆန်စပါးလုပ်ငန်းရှင် တဦးက “ကျနော်တို့ဘက်မှာက အခုက ကုန်သည်ပွဲစားတွေနဲ့ လက်သိပ်ထိုး ဝယ် ကြတဲ့ သဘောပေါ့။ ကုမ္ပဏီရယ်လို့တော့ နာမည် မထွက်ဘူး။ ဒါကြောင့် ဈေးနည်းနည်း မြောက်သွားတယ်။ တချို့ ရွာ တွေကလည်း စပါးမထားဘဲ ရောင်းကြတယ်။ တချို့ကလည်း မနှစ်က ဆန်စပါးတက်တာရယ်၊ စိုက်ပျိုးမှုနည်းတာရယ် ကြောင့် ဒီနှစ်တော့ သေချာပေါက် ဆန်ဈေးတက်မှာပဲ ဆိုပြီးတော့ လှောင်လက်တွေ ဝယ်ကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဝယ်လိုအား များလာသည့်အတွက် အာဏာမသိမ်းခင်က ရွှေဘိုပေါ်ဆန်းစပါး ဈေးမှာ တင်းတရာလျှင် ကျပ် ၁၆ သိန်းမှာ အများဆုံးဖြစ်သော်လည်း ယခု အာဏာသိမ်းပြီးနောက်ပိုင်းတွင် တင်း ၁၀၀ လျှင် အမြင့်ဆုံး ၂၂ သိန်းထိ ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ဖြစ်ရခြင်းမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်လာငွေကြေးလဲလှယ်နှုန်းများကို ထိန်းချုပ်ခြင်း၊ နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချရန် သွင်းကုန်ကို ထိန်းချုပ်ခြင်းတို့ကြောင့် အလုပ်အကိုင်ကျပ်တည်းလာသဖြင့် တခြားသောလုပ်ငန်းရှင်များ ဆန်စပါးကဏ္ဍသို့ ဝင်ရောက် လုပ်ကိုင်လာသည်ကို တွေ့ရကြောင်း ကုန်သည်များက ဆိုသည်။
စပါးဈေးများ မြင့်လာခြင်းကြောင့်လည်း ပြည်တွင်းဆန်ဈေးမှာလည်း ဆန်ချော တအိတ်လျှင် ကျပ် ၃၀၀၀ မှ ၇၀၀၀ ကျပ်ထိ တပတ်ထက်တပတ်မြင့်တက်လာသည်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ တတိယတ်မှ ယခု အချိန်ထိ မြင့်နေဆဲ ဖြစ်သည်။
ယခင်ဆန်တအိတ်လျှင် ကျပ် ၁၀,၀၀၀ တက်ရန်ပင် ပုံမှန်အားဖြင့် ၃လခန့် ကြာမြင့်သော်လည်း အာဏာသိမ်းပြီး ၂ နှစ်အကြာတွင် နိုင်ငံတဝှမ်း စစ်မီးပဋိပက္ခများနှင့် အထွေထွေအကျပ်အတည်းများကြောင့် ၁ လ အတွင်း ဆန်ချော တအိတ်လျှင် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ဆန်ကြမ်း တအိတ်လျှင် ကျပ် ၁၀,၀၀၀ မှ ၁၅,၀၀၀ ကျပ်အထိ များစွာ မြင့်တက်လာသည်ကို တွေ့ရကြောင်း ဆန်ကုန်သည် လုပ်သက် နှစ် ၂၀ ဝန်းကျင်ရှိသော ကုန်သည်တဦးက ကပြော သည်။
ဦးမြင့်က “အစထဲက ဈေးကွက်မှာ အရင်ထက်နည်းနေတာကို ဝယ်ယူတာက ပိုများလာတော့ ဈေးတွေက တက်သွား တာပေါ့။ ကျနော်တို့ ဆန်ကုန်သည်တွေကျတော့ စပါးတိုင်းက ဆန်အရည်အသွေး ကောင်းတာမဟုတ်တော့ ကြည့်ပြီး မှ ဝယ်တယ်။ အခုက ဝယ်နေတဲ့သူတွေကျတော့ အဲဒီလို မဟုတ်ဘူး။ စပါးအရေအတွက် ပြည့်မီရေးကို ဝယ်တာ။ ဒီတော့ ဒီနှစ်က စိုက်ပျိုးမှု နည်းတယ်။ ပြီးတော့ ဆန်ဈေးတက်မယ်ဆိုတာသိတော့ ဈေးကွက်ကို အမြတ်လိုချင်လို့ ဝင်လုပ်ကြတာပေါ့” ဟု ရှင်းပြသည်။
ထိုသို့ ဆန်၊ စပါးလောကထဲသို့ တခြားကဏ္ဍမှ ကုန်သည်၊ လုပ်ငန်းရှင်များ ဝင်ရောက်လာခြင်းမှာလည်း လက်ရှိတွင် စစ်ကောင်စီက စားအုန်းဆီ၊ စက်သုံးဆီ အစရှိသည်ဖြင့် သွင်းကုန်များကို ထိန်းချုပ်ထားခြင်း၊ သွင်းခွင့်ပေးသည့်သူကို လည်း သတ်မှတ်ချပေးခြင်းတို့ကြောင့်လည်း လုပ်ကိုင်ရန် အခွင့်အလမ်းရှိသည့် ဆန်စပါးကဏ္ဍသို့ ဝင်ရောက်လာ ခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
“အဲဒီတော့ ပိုက်ဆံရှိတယ်။ လုပ်လည်းလုပ်နိုင်တယ်။ ဒါပေမယ့် လုပ်မရတဲ့သူတွေက အများကြီး ရှိနေတယ်။ အဲဒီ တော့ ဒီလူတွေက လုပ်လို့ ကိုင်လို့ရတဲ့ အကန့်အသတ်မဲ့ပစ္စည်း၊ ကုန်စည်ကို ရွေးလာတာပေါ့။ ဒါကြောင့် ဆန်အမြတ် ကို မြင်လာပြီး ဝင်လာကြတာ” ဟု ၎င်းက ပြောသည်။
တိုင်းပြည်အတွင်း စိုက်ပျိုးထုတ်လုပ်မှု လျော့ကျခြင်းက မြင့်တက်နေသည့် ကုန်ဈေးနှုန်းကို ပို၍ မြင့်တက်စေပြီး ငတ်မွတ်ခေါင်းပါးမှုကိုလည်းဖြစ်စေသလို ယင်း၏ ရိုက်ခတ်မှုဒဏ်ကို အခြေခံပြည်သူများသာမက လူတန်းစားမျိုးစုံ အထိ လက်ရှိတွင် ခံစားနေသည်။
You may also like these stories:
ခရိုနီ ဦးတေဇကို စစ်ကောင်စီက စားအုန်းဆီ တင်သွင်းခွင့်ပေး
ထိုင်း-မြန်မာကုန်သွယ်ရေး ဆက်တိုက် ကျဆင်း
စစ်ကြောင်းဝင်သဖြင့် စဉ့်ကူးနှင့် မတ္တရာနယ်ရှိ သီးနှံများ မရိတ်သိမ်းနိုင်
ခရိုနီ ဦးတေဇကို စစ်ကောင်စီက စားအုန်းဆီ တင်သွင်းခွင့်ပေး