စစ်ကောင်စီသည် အာဏာသိမ်းမှု နှစ်နှစ်ပြည့်ချိန် ၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်တွင် စစ်ရေးပြင်းထန်နေသည့် မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် (Martial Law) ကြေညာခဲ့သည်။
ချင်းပြည်နယ်ထဲမှ ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းထဲမှ ၁၁ မြို့နယ်၊ မကွေးတိုင်းထဲမှ ၅ မြို့နယ်၊ ပဲခူးတိုင်းထဲမှ ၅ မြို့နယ်၊ ကယား (ကရင်နီ) ပြည်နယ်ထဲမှ ၄ မြို့နယ်၊ တနင်္သာရီတိုင်းမှ ၂ မြို့နယ်၊ မွန်ပြည်နယ်မှ ၁ မြို့နယ်နှင့် ကရင်ပြည်နယ် ထဲမှ ၂ မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးအောက် ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။
စစ်အုပ်ချုပ်ရေး ကြေညာခံရသည့် ပြည်နယ်နှင့်တိုင်းများအနက် အထူးခြားဆုံးဒေသမှာ ချင်းပြည်နယ် ဖြစ်ပြီး အာဏာ သိမ်းမှု နှစ်နှစ်ပြည့်ချိန်တွင် ပြည်နယ်တခုလုံးနီးပါး စစ်အုပ်ချုပ်ရေးအောက် ရောက်ရှိသွားခဲ့သည်။
ချင်းပြည်နယ်တွင် မြို့နယ်ပေါင်း ၉ မြို့နယ် ရှိသည့်အနက် စစ်ကောင်စီက ၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ ချင်းပြည်နယ်၌ စစ်အုပ်ချုပ်ရေး ကြေညာခြင်း မခံရသည့် မြို့ဟူ၍ ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ဆက်စပ်နေသည့် ပလက်ဝ တမြို့နယ်သာ ကျန်တော့သည်။ မငျးတပျမွို့ကတော့ ယခငျကတညျးက စဈအုပျခြုပျရေး ကွညောခံထားရသညျ့ မွို့ဖွဈသညျ။
ချင်းပြည်နယ်ရှိ မင်းတပ်မြို့နယ်သည် ၂၀၂၁ ခုနှစ်အတွင်း အာဏာသိမ်းမှုကို အစောဆုံး လက်နက်ကိုင် ပုန်ကန်ခဲ့ သဖြင့် စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး လက်ရှိကာလအထိလည်း ပြန်လည်ရုပ်သိမ်းမှု မရှိသေးသည့်မြို့ ဖြစ်သည်။
ဖေဖော်ဝါရီ ၉ ရက် စစ်ကောင်စီ အစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခုခံတော်လှန် မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးလာသဖြင့် စစ်အုပ်ချုပ်ရေး ကြေညာရခြင်း ဖြစ်ကြောင်း ပြောဆိုထားရာ စစ်အုပ်ချုပ်ရေး ကြေညာခံရသည့် မြို့နယ်များတွင် စစ်ကောင်စီက စစ်ဆင်ရေးလုပ်ရန် ရည်ရွယ်ချက် ရှိကြောင်း ယူဆဖွယ်ရာ ဖြစ်နေသည်။
စစ်ဆင်ရေး လုပ်မည်ဆိုပါက စစ်အုပ်ချုပ်ရေး ကြေညာခံထားရသော ပြည်နယ်နှင့်တိုင်းများအနက် ပြည်နယ်တခုလုံးနီး ပါး စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ချင်းပြည်နယ်ကို စစ်ကောင်စီက ပိုမိုအာရုံစိုက်ကာ စစ်ဆင်ရေး လုပ်ဆောင် လာနိုင်သလား၊ ထိုအခါ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ပိုပြင်းထန်လာမည် လား ဆိုသည်က မေးခွန်းထုတ်ဖွယ်ရာ ဖြစ်လာသည်။
စစ်အုပ်ချုပ်ရေး ဘာလဲဘယ်လဲ
စစ်ကောင်စီက ကြေညာသည့် စစ်အုပ်ချုပ်ရေး ဆိုသည်မှာ စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်မှု ပြင်းထန်သည့် ဒေသများကို အရပ်ဘက်အုပ်ချုပ်မှုမှ ရုပ်သိမ်းပြီး သက်ဆိုင်ရာဒေသအလိုက် ရှိနေသည့် စစ်တိုင်းများ၏ အုပ်ချုပ်မှု အောက် ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။
စစ်အုပ်ချုပ်ရေးအောက် ကျရောက်သွားသည့် မြို့နယ်များတွင် စစ်တိုင်းမှူး သို့မဟုတ် စစ်နယ်မြေမှူးများက အုပ်ချုပ် ရေးနှင့် တရားစီရင်ရေးကို ကျင့်သုံးမည် ဖြစ်သည်။
စစ်ရေးလေ့လာသူတဦးက “မာရှယ်လော ထုတ်တာကတော့ တိုင်းမှူးတွေကို လူသတ်လက်နက် ပေးလိုက်တာပဲ။ အရင်ကထက် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖို့၊ ပစ်သတ်ဖို့ အမိန့်ပေးလိုက်တာ ဖြစ်သလို ဖမ်းဆီးမှုတွေ များလာ မယ်။ အဖမ်းခံရတဲ့လူတွေကို နှစ်ရှည်ထောင်ဒဏ်ချတာ၊ သေဒဏ်ချတာ များလာမယ်” ဟု သုံးသပ်သည်။
အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်သည့် စစ်အုပ်ချုပ်ရေးအမိန့်အရ စစ်ခုံရုံးဖြင့် စီရင်မည့် အမှုများထဲ ရာဇသတ် ကြီးဥပဒေ ပုဒ်မ-၁၂၂ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ ပုဒ်မ-၁၂၄ (က) အစိုးရကို အကြည်ညိုပျက်အောင် ပြုလုပ်မှု၊ ပုဒ်မ -၁၂၄ (ဂ) တပ်မတော် သို့မဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ပျက်ပြားစေခြင်းတို့ ပါဝင်သည်။
ထို့ပြင် ပုဒ်မ- ၁၂၄ (ဃ) တပ်မတော်သားများ သို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက် ခြင်း၊ ပုဒ်မ ၅၀၅၊ ပုဒ်မ- ၅၀၅-က အစိုးရဝန်ထမ်းတဦးအား ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း စသည့် ပုဒ်မများလည်း ပါရှိသည်။
အဆိုပါ ပြစ်မှုများနှင့် ပတ်သက်ပြီး စစ်ခုံရုံးက အကျဉ်းနည်းဖြင့် စစ်ဆေးကာ သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့် ထောင်ဒဏ်၊ သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်တို့အား ချမှတ်မည်ဖြစ်ကာ အယူခံတင်ပိုင်ခွင့် မရှိဟုလည်း အာဏာသိမ်း စစ်ကောင်စီက ဆိုသည်။
ထိုကဲ့သို့ ပြင်းထန်သည့် စစ်အုပ်ချုပ်ရေးကို စစ်ကောင်စီက ချင်းပြည်နယ်တခုလုံးနီးပါးအား အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက်ထားကာ ကျင့်သုံးမည်ဖြစ်ပြီး ချင်းပြည်နယ်၏ အဓိက ဝင်ပေါက်ဟု ဆိုနိုင်သော မကွေး တိုင်းအနောက်ဘက် ယောနယ်မှ မြို့နယ် ၃ မြို့နယ်ကိုလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်အုပ်ချုပ်ရေးအောက် ထည့်သွင်းလိုက်သည်။
ယောဒေသ ၅ မြို့နယ် ရှိသည့်အနက် ဂန့်ဂေါ၊ ထီးလင်းနှင့် ဆောမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးအောက် ထည့်ထားပြီး ကျောနှင့် စစ်ကောင်စီအတွက် လေယာဉ်ကွင်းရှိသည့် ကျောက်ထုကိုမူ စစ်ကောင်စီဘက်က ချန်လှပ်ထားသည်။
စစ်ကောင်စီတပ်၏ လှုပ်ရှားမှု
အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်များသည် ချင်းပြည်နယ်သို့ စစ်ဆင်ရေး လုပ်မည်ဆိုပါက အဓိကအား ဖြင့် လမ်းမကြီး ၂ ခုမှ ချီတက်စစ်ဆင်ရမည် ဖြစ်သည်။
ပထမတခုမှာ ယောနယ်ရှိ ကျောက်ထုမြို့မှတဆင့် မင်းတပ်နှင့် မတူပီမြို့များသို့ ဦးတည်နိုင်သည့်လမ်းဖြစ်ပြီး ဒုတိယ တခုမှာ ယောနယ် ဂန့်ဂေါမှတဆင့် စစ်ကိုင်းတိုင်း ကလေးကို ဦးတည်ပြီး ဖလမ်း၊ ဟားခါးနှင့် ထန်တလန်မြို့များထိ သွားနိုင်သည့်လမ်း ဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ယောနယ်ရှိ ထီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေပြီး ကျောက်ထုနှင့် ဆောမြို့ နယ်တို့တွင် ချင်းတောင်တန်းဘက် သွားနိုင်သည့် လမ်းများအား လုံခြုံရေးယူထားကြောင်း ယောဒေသ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (YPDF) ထံမှ သိရသည်။
YPDF ဗဟိုဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ရဲဘော်ယောလေးက “သူတို့က မြို့နဲ့အနီးဝန်းကျင်မှာ ကင်းလှည့်တဲ့သဘော သွားနေတာတော့ ရှိတယ်။ မြို့နဲ့အလှမ်းဝေးတဲ့ နေရာတွေမှာတော့ စစ်ကြောင်း မရှိတာကြာပြီ။ ထီးလင်းဘက်မှာ ဆိုရင်တော့ စစ်ကြောင်းထိုးနေတာ လနဲ့ချီ ရှိပြီပေါ့။ တမြို့နယ်နဲ့တမြို့နယ်တော့ မတူဘူး။ ထီးလင်းတို့၊ ကျောက်ထုတို့၊ ဆောတို့ ဘက်တွေမှာဆိုရင် သူတို့က ချင်းတောင်တက်တဲ့ လမ်းတွေပေါ်မှာ အဓိက ရှိနေတယ်” ဟု ရှင်းပြသည်။
ယောနယ်တွင် အဓိကအားဖြင့် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) တို့ အခြေစိုက်ပြီး စစ်ကောင်စီ လက်အောက်ခံတပ်များကို လက်နက်ကိုင်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။
အဆိုပါ အင်အားစု နှစ်စုသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် မရှိသေးဘဲ Local PDF အနေဖြင့် ရပ်တည်နေကြကာ ချင်းတောင်တန်းအခြေစိုက် ချင်းကာကွယ်ရေးတပ် (CDF)၊ ချင်း အမျိုးသားတပ် (CNA) တို့နှင့် နီးစပ်သည်။
စစ်ကောင်စီ၏ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ရှိရာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင်မူ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်ကာ လူသယ်ရဟတ်ယာဉ်ဖြင့် နေ့စဉ် အတက်အဆင်းလုပ်နေပြီး အင်အားဖြည့်တင်းမှု လုပ်ဆောင် နေသည်ဟု ယူဆရကြောင်း ကလေးမြို့ ဒေသခံအချို့က ဆိုသည်။
စစ်ကောင်စီတပ်နှင့် ကလေး ပြည်သူ့ကာကွယ်ရေးတပ် (PDF) သည် ကလေးမြို့နယ်တောင်ပိုင်း၌သာမက မြောက်ပိုင်း တွင်ပါ ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်နေကြောင်း ကလေးဒေသခံတဦးက ပြောသည်။ ကလေးမြို့နယ်တွင် PDF တပ်ရင်း အနည်းဆုံး ၁၂ ရင်း အခြေစိုက် လှုပ်ရှားနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ကလေးဒေသခံတဦးက “ပြီးခဲ့တဲ့ လတွေက ဖြစ်တယ်။ အရှေ့စီးရွာတို့ အဲဒီဘက်တွေမှာလည်း ဖြစ်တယ်။ အရင်တုန်း ကလို ၃/၄ နာရီလောက်ကြာတဲ့ တိုက်ပွဲတွေတော့မဟုတ်ဘူး။ မိနစ်ပိုင်းလောက်ပစ်ခတ်တဲ့ တိုက်ပွဲတွေတော့ နေ့တိုင်း ဖြစ်တယ်။ စစ်ကောင်စီရဲ့ စခန်းငယ်တွေ၊ ပစ်မှတ်တွေကို PDF ဘက်က ဝင်တိုက်တာ ရှိတယ်” ဟု ပြောသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်၏ အထိုင်ရဲစခန်းအချို့ အပါအဝင် လှုပ်ရှားစစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက် ခံနေရကြောင်းလည်း ချင်းကာကွယ်ရေးတပ်များက ဆိုသည်။
သုတေသနအဖွဲ့တခု ဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar) ၏ အချက် အလက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီထိ ချင်းပြည်နယ်တွင် တိုက်ပွဲပေါင်း ၅၉၉ ကြိမ် ဖြစ်ထားကြောင်း သိရသည်။
မကြာသေးမီ ဖေဖော်ဝါရီ ၉ ရက်ကပင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့် ထန်တလန်မြို့တွင် စစ်ကောင်စီ လက်အောက်ခံတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ရှိနေသည့် မြို့မရဲစခန်းကို ချင်းအမျိုးသားတပ် (CNA) နှင့် ချင်းကာကွယ်ရေး တပ် (CDF) တို့က စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
၄ နာရီခန့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကာ စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ တိုက်ပွဲ အတွင်း CNA တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၄၀ ကျော်ကို သိမ်း ပိုက်နိုင်ခဲ့ကြောင်းလည်း CNA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်သည်။
မင်းတပ်မြို့နယ်တွင်လည်း မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီတပ်က အားစမ်းသည့်သဘောဖြင့် စစ်ကြောင်းထိုးမှု ရှိသော်လည်း အင်အားအလုံးအရင်းဖြင့် စစ်ဆင်ခြင်း မရှိသေးကြောင်း အာဏာသိမ်းမှုဆန့်ကျင်သည့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ထံမှ သိရသည်။
မင်းတပ် ပ.အ.ဖ ပြောခွင့်ရ ကိုယောမန်က “ဇန်နဝါရီ ဒုတိယအပတ်ထဲပေါ့။ မင်းတပ်မြို့ပြင်နားမှာပဲ ထိုးတာ။ အင်အား ၁၀၀ ဝန်းကျင်လောက် ရှိမယ်။ သူတို့က လေးလောင်းကျေးရွာတို့၊ ဝက်ပြုတ်ကျေးရွာတို့ဘက် ရောက်သွားတယ်။ သူတို့ လက်နက်ကြီးနဲ့ ပစ်ကူတယ်။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တော့ သူတို့ဘက်က နှစ်ယောက် ကျတယ်။ ရွာထဲမှာ မိန်းကလေးတယောက်ကို ပစ်သတ်ခဲ့တယ်။ မိန်းကလေးတယောက် ဒဏ်ရာရတယ်။ CDF မင်းတပ်ဘက်ကတော့ ထိခိုက်တဲ့သူ မရှိဘူး။ သူတို့အနေနဲ့ စစ်ကြောင်းထိုးပြီးတော့ အခြေအနေ မကောင်းလို့ ည ၁/ ၂ နာရီမှာပဲ အမှောင်ကို အားကိုးပြီး မြို့ထဲပြန်ဆုတ်သွားတယ်” ဟု ဆိုသည်။
ထို့ပြင် CDF မင်းတပ်နှင့် စစ်ကောင်စီတပ်သည် မင်းတပ်နှင့် ယောဒေသရှိ ကျောက်ထုမြို့နယ်အစပ်တွင် ထိတွေ့ တိုက်ပွဲအချို့ ဖြစ်ပွားမှု ရှိကြောင်းလည်း ကိုယောမန်က ပြောသည်။
ချင်းပြည်နယ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နိုင်သလား
စစ်ရေးလေ့လာသူအချို့ကမူ စစ်ကောင်စီတပ်သည် ထိုးစစ်ဆင်ရန် စစ်အင်အား မရှိသဖြင့် စစ်အုပ်ချုပ်ရေး ကြေညာ သည့် မြို့နယ်များတွင် အင်အားအလုံးအရင်းသုံးပြီး စစ်ဆင်ရေး မလုပ်နိုင်ကြောင်း ဆိုသည်။
စစ်ရေးလေ့လာသူ တဦးကလည်း မြန်မာစစ်တပ်သည် ၂၀၁၅ ခုနှစ်က ကိုးကန့်ဒေသရှိ မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ် (MNDAA) ကို စစ်အင်အား ၈,၀၀၀ သုံးပြီး ထိုးစစ်ဆင်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင် တော်လှန်ရေးတပ်များကို တပ်ရင်း ၄ ရင်းပါသည့် အင်အား ၅၀၀ ပါ စစ်ဗျူဟာတခုသုံး၍သာ စစ်ဆင်နိုင်သည်ကို တွေ့ရကြောင်း ယှဉျထိုးထောကျပွသည်။
၎င်းက “အရင်က ထိုးစစ်ကြီးတွေက တပ်မတွေကို သုံးခု၊ လေးခုလောက်ထိ သုံးတယ်။ တပ်မ သုံးခုဆိုရင် အဲဒီခေတ် တုန်းက တပ်မတခုကို အင်အား ၅,၀၀၀ လောက်ရှိတော့ ၁၅,၀၀၀ လောက် သုံးတယ်။ အနီးဆုံးပြောရင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီမှာ ကိုးကန့်ကို ထိုးစစ်ဆင်တာ အဲဒါ အနီးဆုံးပဲ။ လောက်ကိုင်ကို ထိုးစစ်ဆင်တဲ့အချိန်မှာ အနည်းဆုံး တပ်ရင်း ၇၀ လောက် သုံးတယ်လို့ သိရတယ်။ လူအင်အားအရဆိုရင် ၈,၀၀၀ လောက် ရှိတာပေါ့။ အခုကတော့ အဲဒီ လောက် မသုံးနိုင်တော့ဘူး” ဟု ရှင်းပြသည်။
ထိုကဲ့သို့ စစ်အင်အား နည်းပါးနေသည့် အခြေအနေတွင် အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင် ထောင်ချီ ရှိသည့် ချင်းပြည်နယ်ကို ထိုးဖောက်၍ စစ်ဆင်ရန် ဆိုသည်မှာ စစ်ကောင်စီအတွက် မလွယ်ကူသည့် အခြေအနေ ဖြစ်ကြောင်း စစ်ရေးလေ့လာသူတဦးက ပြောသည်။
ထို့ပြင် ချင်းပြည်နယ်ကို စစ်ချီမည်ဆိုပါက ယော PDF များ၏ ခြုံခိုတိုက်ခိုက်မှုကိုလည်း ခံရနိုင်ခြေများနေပြီး ယော PDF များလက်က လွတ်မှသာ စစ်ကောင်စီစစ်ကြောင်း ချင်းတောင်တန်းပေါ်သို့ တက်နိုင်မည် ဖြစ်သည်။
CNF က တရားဝင် ထုတ်ပြောထားသည့် အချက်အလက်များအရ ချင်းပြည်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင် အနည်း ဆုံး ၇,၀၀၀ ရှိနေပြီး လေ့လာသူများကမူ CNA တပ်ဖွဲ့ဝင်အင်အား ၁,၅၀၀ ခန့် ရှိနေသည်ဟု ဆိုသည်။ သို့ဖြစ်ရာ ယော နယ်ကို စစ်ကောင်စီ၏ ချေမှုန်းရေးစစ်ကြောင်း ကျော်နိုင်လျှင်တောင်မှ အင်အားအနည်းဆုံး ၈,၀၀၀ ကျော် ရှိနေသော တော်လှန်ရေးတပ်များနှင့် ရင်ဆိုင်ရမည့် အခြေအနေ ဖြစ်နေသည်။
လက်နက်ကိုင်တော်လှန်ရေး အစပိုင်းတွင် ချင်းပြည်နယ်နှင့် ယောဒသမှ တပ်ဖွဲ့ဝင်များသည် တူမီးသေနတ်၊ လက်လုပ် သေနတ်များဖြင့် တိုက်ခိုက်ခဲ့ကြသော်လည်း ယခုအခါ မောင်းပြန်သေနတ်၊ စနိုက်ပါရိုင်ဖယ်များ ကိုင်ထားကြသည် သာမက စစ်ပညာ မွမ်းမံသင်တန်းများလည်း တက်ထားကြသည်။
စစ်ရေးလေ့လာသူတဦးကလည်း “ယောဒေသဆိုတာ အနောက်ဘက်က ချင်းတောင်တန်း၊ အရှေ့ဘက်မှာ ပုံတောင်ပုံ ညာတောင်တန်း ရှိတယ်။ လှုပ်ရှားသွားလာရ ခက်တယ်။ တပ်အင်အားအရ ဆိုရင်လည်း ယောဒေသမှာ ဒေသခံတပ် အပြင် တပ်မ တပ်အချို့ပဲ ရှိတယ်။ များများစားစား မရှိဘူး။ အလားတူပဲ။ ချင်းပြည်နယ်မှာ တိုင်းတပ်တွေအပြင် စကခ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) တခုတော့ ရှိပေမယ့် အဲဒါကလည်း ချင်းနဲ့ AA (ရက္ခိုင့်တပ်တော်) ကြား ပိတ်ဆို့ဖို့ကို အဓိကထားသုံးနေတယ်။ လောလောဆယ်တော့ တပ်အင်အား ထပ်ဖြည့်ပြီးတော့ စစ်ဆင်ရေးလုပ်စရာအကြောင်း မရှိဘူး။ နောက်တခုက မြေပြင်အနေအထားအရလည်း အားမသာဘူး။ ချင်းပြည်နယ်ရော၊ ယောဒေသရောက စစ်ကြောင်း တက်လာတာနဲ့ ပိတ်တိုက်တာ၊ စောင့်တိုက်တာ အလုပ်ခံရနိုင်တယ်” ဟု မှတ်ချက်ပြုသည်။
မင်းတပ် ပ.အ.ဖ ပြောခွင့်ရ ကိုယောမန်ကမူ ချင်းပြည်နယ်ကို စစ်ကောင်စီတပ် စစ်ဆင်ရေးလုပ်၊ မလုပ်မှာ လတ်တ လောတွင် ကြိုမပြောနိုင်ကွောငျး သို့သောျလညျး စစ်ကောင်စီတပ် ချင်းပြည်နယ်သို့ စစ်ဆင်ရေး လုပ်လာပါက စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေး တပ်များကြား ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ကိုယောမန်က ဆိုသည်။
၎င်းက “ဒီတခေါက်ဖြစ်ရင်တော့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်နိုင်ပါတယ်။ အခြေအနေက စောင့်ကြည့်ရမှာပါ။ စစ်ကောင်စီကလည်း အထင်သေးစရာ လက်နက်ကိုင်အဖွဲ့တော့ မဟုတ်ဘူးပေါ့။ CDF တွေကသာ တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ယူနေရတာပေါ့။ တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်မလား ဆိုတာကတော့ သူတို့ ဘယ်အထိ ရောက်အောင်သွားမလဲ၊ ဘာလုပ်ချင်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်” ဟု ပြောသည်။
You may also like these stories:
စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ် ထပ်တိုးကာ ဖိနှိပ်ရေး အရှိန်မြှင့်
CNF ဌာနချုပ်ကို စစ်ကောင်စီ ဗုံးကြဲဖို့ ကြံရွယ်နေသလား
မင်းတပ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၍ သေဆုံးမှုများ
ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲဆက်တိုက်ဖြစ်နေ