ဗုံးနဲ့ကျည်ဆံတွေကြားက ကစားစရာအရုပ်တွေကို တွယ်တာတဲ့ ကလေးတွေ
ဖေဖော်ဝါရီလ၏ သာယာသော နေ့တနေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာမှ ကလေးငယ်များသည် ရွာစာသင်ကျောင်းတွင် ပျော်ရွှင်စွာရယ်မော ကစားနေကြသည်။ အနီးရှိ ရွာနှစ်ရွာမှ ကလေးများလည်း ပါဝင်သော ကျောင်းသူကျောင်းသား ၂၃၇ ယောက်သည် ၎င်းတို့ကို ဆရာ၊ ဆရာမများက အရုပ်များပေးသောကြောင့် ဝမ်းသာပျော်ရွှင်နေကြသည်။
လွန်ခဲ့သော ငါးလက စစ်ကောင်စီတပ်သည် ထိုကျေးရွာကို လေကြောင်းမှ ရမ်းသမ်းပစ်ခတ်ပြီး ကလေး ခုနစ်ဦးနှင့် လူကြီး ခြောက်ဦး သေဆုံးသောကြောင့် ထိုကျောင်းသည် လူသတ်ကွင်းဖြစ်ခဲ့ရသည်။ ကျောင်း၏ကြမ်းပြင်တွင် ကလေးများ၏ သွေးများဖုံးနေပြီး နံရံများတွင် ကျည်ဆံရာအပေါက်များ၊ ဗုံးဆံကြောင့် အပျက်အစီးများနှင့် ပြည့်နေသည်။
ခုခံတော်လှန်ရေး အင်အားစုများ၏ အမာခံဒေသ စစ်ကိုင်းတိုင်းတွင် တည်ရှိသော လက်ယက်ကုန်း ကျေးရွာသူ ကျေးရွာသားများသည် စစ်ကောင်စီ၏ စီးနင်းတိုက်ခိုက်မှုများကို ကျင့်သားရလာပြီဖြစ်သည်။ ၎င်းတို့၏ ကျေးရွာကို စစ်တပ်က နှစ်ကြိမ်မီးရှို့ပြီးဖြစ်သောကြောင့် အိမ်အများစု ပြာပုံဖြစ်ခဲ့သည်။
စစ်ကိုင်းတိုင်းမှ အိမ်ပေါင်း ၄၀,၀၀၀ ကျော်ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ ဒီပဲယင်းမြို့နယ်သည် အဆိုးရွားဆုံးခံရသည့် မြို့နယ်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ အရပ်သားနေအိမ်ပေါင်း ၆,၀၁၈ လုံး မီးရှို့ခံရကြောင်း လွတ်လပ်သော သုတေသီများအဖွဲ့ဖြစ်သည့် Data For Myanmar ၏ စာရင်းများအရ သိရသည်။
အိမ်ခြေ ၃၀၀ ကျော်ရှိသော လက်ယက်ကုန်းကျေးရွာသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက တကြိမ်၊ လွန်ခဲ့သောလက တကြိမ် မီးရှို့ခံရပြီး အိမ် ၂၅၀ နီးပါး ဖျက်ဆီးခံရသည်။
အရုပ်မဲ့ ကလေးများ
လက်ယက်ကုန်းကျောင်းမှ အသက် ငါးနှစ်အရွယ် သူငယ်တန်းကျောင်းသား မောင်ဇော်ထွဋ်သည် ကစားစရာအရုပ်များနှင့် စက်ဘီးကို စစ်ကောင်စီတပ်များ၏ မီးရှို့တိုက်ခိုက်မှုအတွင်း ဆုံးရှုံးခဲ့သည်။
“အရင်က သားမှာ အရုပ်တွေ အများကြီး။ အရုပ်တွေ၊ ကားတွေ၊ စက်ရုပ်တွေနဲ့ တိရစ္ဆာန်ရုပ်တွေ အကုန် မီးလောင်သွားပြီ။ သားစီးတဲ့ စက်ဘီးလည်း မီးထဲပါသွားပြီ” ဟု မောင်ဇော်ထွဋ်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။ “သားက အရုပ်တွေ လိုချင်တယ်၊ ငှက်ရုပ်တွေ လိုချင်တယ်” ဟု သူကပြောသည်။
အသက် ၁၃ နှစ်အရွယ် ၆ တန်းကျောင်းသူ မဆုမြတ်သည်လည်း သူ့ယမင်းရုပ်များကို လွန်ခဲ့သော ဒီဇင်ဘာလက စစ်ကောင်စီတပ်များ မီးရှို့မှုတွင် ဆုံးရှုံးခဲ့သည်။ မိဘများ၏ နေအိမ်တခုလုံး မီးလောင်ကျွမ်းသွားပြီး ယခုတိုင် ပြန်လည် တည်ဆောက်နိုင်ခြင်း မရှိသေးပေ။
အသက် ၁၃ နှစ်အရွယ် ၆ တန်းကျောင်းသူ မဆုမြတ်သည်လည်း သူ့ယမင်းရုပ်များကို လွန်ခဲ့သော ဒီဇင်ဘာလက စစ်ကောင်စီတပ်များ မီးရှို့မှုတွင် ဆုံးရှုံးခဲ့သည်။ မိဘများ၏ နေအိမ်တခုလုံး မီးလောင်ကျွမ်းသွားပြီး ယခုတိုင် ပြန်လည် တည်ဆောက်နိုင်ခြင်း မရှိသေးပေ။
“သမီးရဲ့ အရုပ်တွေ မီးလောင်ကုန်တယ်။ အခုထိ အရုပ်သစ် မရသေးဘူး။ သမီးတို့မှာ အရုပ်တွေမရှိတော့ပေမယ့် သမီးနဲ့ သူငယ်ချင်းက ကစားနေကြတုန်းပဲ” ဟု ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
လက်ယက်ကုန်းကျေးရွာမှ ကလေးများသည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ကိုယ်တွေ့ကြုံရသူများ ဖြစ်သည်။ စစ်ကောင်စီတပ်များက ၎င်းတို့၏ ရွာကို ဝင်ရောက်စီးနင်းသောကြောင့် မိဘများနှင့်အတူ ထွက်ပြေးခဲ့ကြရသည်။ သို့သော် ရွာသို့ ပြန်ရောက်သောအခါ အခြားနေရာများမှ ကလေးငယ်များကဲ့သို့ပင် သူတို့လည်း ကစားကြသည်။ သူတို့သည် ဆရာ၊ ဆရာမများထံမှ အရုပ်များ တောင်းကြသည်။
“သူတို့မှာ ကစားစရာ ဘာမှ မကျန်တော့ဘူး” ဟု ကျေးရွာကျောင်းမှ ဆရာမ ဒေါ်စိုးစိုးက ပြောသည်။
အရုပ်သစ်များ ရောက်ရှိလာ
အလှူရှင်များက လက်ယက်ကုန်းကျေးရွာသို့ အရုပ်သစ်များ ပေးပို့လိုက်သောအခါ ကလေးများ လွန်စွာ ပျော်ရွှင်ကြသည်ဟု ဆရာ၊ ဆရာမများနှင့် မိဘများက ပြောသည်။ အသက် ငါးနှစ်မှ ၁၆ နှစ် အရွယ်ကြား စာသင်ကျောင်းမှ ကလေးများသည် အရုပ်များ ရောက်မလာမီကပင် အရုပ်များအကြောင်း ပြောနေခဲ့ကြသည်။
“အရုပ်တွေရတဲ့အခါ ကလေးတွေက အရမ်းပျော်ကြတယ်” ဟု လက်ယက်ကုန်းရွာသူ၊ ကလေး နှစ်ဦး၏မိခင် ဒေါ်နုက ပြောသည်။

သူ၏နေအိမ်ကို စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် မီးရှို့ခဲ့သည်။ ထိုသို့ မီးရှို့တိုက်ခိုက်ခြင်း မခံရမီက သူသည် သူ၏ ၅ နှစ်နှင့် ၁၅ နှစ်အရွယ် ကလေးများအတွက် ကစားစရာများ ဝယ်ပေးနိုင်ခဲ့သည်။ ယခု ထိုသို့ မဝယ်ပေးနိုင်တော့ပေ။
“ဘယ်မိဘမှ ကလေးတွေကို ကစားစရာ ဝယ်မပေးနိုင်တော့ဘူး။ အိမ်တွေပြန်ဆောက်ဖို့ကိုပဲ ကျမတို့ ရုန်းကန်ကြိုးစားနေရတုန်းပဲ” ဟု ဒေါ်နုက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
အလှူရှင်များက ကလေးများအတွက် အရုပ်များ လက်ဆောင်ပေးသောအခါ ကျန်ကျေးရွာသားများ အားလုံးကဲ့သို့ပင် ဒေါ်နုလည်း ပျော်သည်။ အလှူရှင်များသည် ဒေသခံပရဟိတ အသင်းများနှင့် ဆက်သွယ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း အညာမှ ကလေးများအတွက်သာမက တိုင်းရင်းသား ဒေသများမှ ကလေးများကိုလည်း အရုပ်များ လက်ဆောင်ပေးခဲ့သည်။
လက်ယက်ကုန်းကျောင်းသို့ အရုပ်များလှူဒါန်းခဲ့သော မဒါဒါက “ကျမရဲ့ ရည်ရွယ်ချက်က ကလေးတွေကို ပျော်ရွှင်စေချင်တာ။ သူတို့ပျော်ရင် ကျမ ပျော်တယ်” ဟု ပြောသည်။
မောင်ဇော်ထွဋ်၊ မဆုမြတ်နှင့် အခြားကလေးများသည် အရုပ်သစ်များဖြင့် ကျောင်းဝင်းအတွင်း ကစားနေကြသည်။ မောင်ဇော်ထွဋ်သည် ခွေးဖြူရုပ်ကလေးတရုပ်ရပြီး မဆုမြတ်က ဆင်ရုပ်ကလေးတရုပ် ရသည်။
မောင်ဇော်ထွဋ်၊ မဆုမြတ်နှင့် အခြားကလေးများသည် အရုပ်သစ်များဖြင့် ကျောင်းဝင်းအတွင်း ကစားနေကြသည်။ မောင်ဇော်ထွဋ်သည် ခွေးဖြူရုပ်ကလေးတရုပ်ရပြီး မဆုမြတ်က ဆင်ရုပ်ကလေးတရုပ် ရသည်။
“သားက အဝါရောင် ဝက်ဝံရုပ်လေး (Winnie the Pooh) ရပြီး သားသူငယ်ချင်းက ဝက်ရုပ်လေးတရုပ် ရတယ်။ အရုပ်တွေရလို့ သားတို့ ပျော်ကြတယ်” ဟု အသက် ရှစ်နှစ်အရွယ် မောင်လင်းလင်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ဒုက္ခသည် စခန်းများမှ ကလေးများ
ကယားပြည်နယ် ဒုက္ခသည်စခန်းတခုမှ ကလေးများလည်း ကစားစရာအရုပ်များ ရရှိကြသည်။
လက်ယက်ကုန်းမှ ကလေးများကဲ့သို့ပင် တိုင်းရင်းသားဒေသများမှ စစ်ဘေးရှောင် ကလေးများသည် အလှူရှင်များက လက်ဆောင်ပေးသောအခါမှသာ အရုပ်သစ်များ ရရှိကြသည်ဟု မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကယားပြည်နယ်မှ ဒုက္ခသည်များကို ကူညီနေသော အမျိုးသမီးတဦးက ပြောသည်။

“အရုပ်သစ်တွေ လာတော့မယ်ဆိုတဲ့သတင်းကို ကြားရင် ကလေးတွေ သဘောကျကြတယ်” ဟု သူကပြောသည်။
“အရုပ်တွေရတဲ့အခါကျတော့ ဒုက္ခသည်စခန်းကျောင်းက ကလေးတွေအားလုံး ရယ်မော အော်ဟစ်ကြတယ်” ဟု အမည်မဖော်လိုသော ထိုအမျိုးသမီးပြောသည်။
စစ်တပ်၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ နေထိုင်ကြရသော်လည်း ဒုက္ခသည်စခန်းများမှ ကလေးများသည် အခြားကလေးများကဲ့သို့ပင် လွတ်လပ်စွာ ပညာသင်ကြား ကစားလိုကြသည်။
တိုက်ခိုက်မှုများနှင့် အသားကျနေသော ကလေးများ
ဒီပဲယင်းမြို့နယ်မှ ကလေးများသည် စစ်ကောင်စီတပ်များ၏ စီးနင်းတိုက်ခိုက်မှုများနှင့် အသားကျနေပြီဖြစ်သည်။ ဇန်နဝါရီလအတွင်းက ထိုမြို့နယ်အတွင်းမှ ထောင်ပေါင်းများစွာသော အရပ်သားများသည် စစ်ကောင်စီ၏ စီးနင်း တိုက်ခိုက်မှုမှ လွတ်မြောက်စေရန် ကျေးရွာများကို ရှစ်ရက်ကြာ စွန့်ခွာထွက်ပြေးခဲ့ရပြီး ကျောင်းများလည်း ပိတ်ထားရသည်။ စစ်ကောင်စီတပ်များ ပြန်လည် ထွက်ခွာသွားသောအခါ ရွာသားများ ရွာပြန်ပြီး စစ်ကောင်စီတပ်များ မီးရှို့တိုက်ခိုက်ထားသည့် ပြာများ၊ အပျက်အစီးများကို ရှင်းလင်းကြရသည်။

“ကျမတို့ ပြန်ရောက်တဲ့အခါ ရွာသူရွာသားတွေက အပျက်အစီးတွေကို ရှင်းလင်းရင်း အလုပ်ရှုပ်နေလို့ ကျမတို့ ကျောင်းပြန်မဖွင့်နိုင်ဘူး” ဟု လက်ယက်ကုန်းမှ ဆရာမ ဒေါ်စိုးစိုးက ပြောသည်။
“ကျမတို့ ပြန်ရောက်တဲ့အခါ ရွာသူရွာသားတွေက အပျက်အစီးတွေကို ရှင်းလင်းရင်း အလုပ်ရှုပ်နေလို့ ကျမတို့ ကျောင်းပြန်မဖွင့်နိုင်ဘူး” ဟု လက်ယက်ကုန်းမှ ဆရာမ ဒေါ်စိုးစိုးက ပြောသည်။
လက်ယက်ကုန်းကျေးရွာမှ ကလေးများအတွက် ကျောင်းပိတ်အားလပ်ရက် မရှိတော့ပေ။ စစ်ကောင်စီတပ်များ စီးနင်းတိုက်ခိုက်သောကြောင့် ထွက်ပြေးနေရချိန်များတွင် လွတ်သွားသည့် သင်ခန်းစာများကို အစားထိုး လေ့လာကြရသည်။
“သမီးတို့မှာ အားလပ်ရက်မရှိလို့ ကျောင်းမှာ နေ့တိုင်းကစားကြတယ်။ ဒါပေမယ့် စစ်ခွေးတွေလာရင်တော့ သမီးတို့ ထွက်ပြေးကြတယ်” ဟု မဆုမြတ်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ရွာမှ ထွက်ပြေးရသော အခါများတွင်ပင် ကလေးများသည် သူတို့၏အရုပ်များကို သူတို့နှင့်တပါတည်း ယူဆောင်ရန် ကြိုးစားကြသည်။
အရုပ်များကို သယ်ဆောင်နိုင်ရေးအတွက် အဝတ်အစားများများ မယူရန် ကလေးများက မိဘများကို ပြောတတ်ကြောင်း အသက် ၁၆ နှစ်အရွယ်ကျောင်းသား မောင်ဖြိုးက ပြောသည်။
“ဇန်နဝါရီလမှာ စစ်ကြောင်းတခုက ရွာကိုဝင်စီးတော့ ကလေးတွေက အရုပ်တွေယူပြီး ပြေးကြတယ်” ဟုလည်း သူကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Yuzana ၏ Myanmar Children Treasure Toys Amid Bombs and Bullets ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
၂၀၂၂ အတွင်း စစ်ကောင်စီက ကလေးငယ် ၁၅၀ ကျော်ကို ရက်စက်စွာသတ်ဖြတ်
စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ထန်တလန်ရှိ စာသင်ကျောင်းများ ယာယီပိတ်
ဒီပဲယင်းက ရွာ ၁၉ ရွာကို စစ်တပ် မီးရှို့၊ ဒေသခံ ၃၀ ကျော် ဖမ်းထား