“ဒီမှာ ရောက်နေတာကြာနေပါပြီ။ ၁၀ နှစ်နီးပါးရှိနေပြီ။ ဒီလောက်ထိ စာရွက်စာတမ်းဖိုး ပေးရတာမျိုး မကြုံဖူးဘူး။ အရမ်းကျပ်တည်းတယ်။ အရမ်းမွန်းကျပ်ရတယ်။ ဒီနိုင်ငံမှာနေတာက ရေကအစ ဝယ်သောက်ရတာလေ။ ဝင်ငွေဆိုတာက နေ့တိုင်းလှုပ်ရှားနေမှ” ဟု ထိုင်းနိုင်ငံ မဟာချိုင်တွင် ၁၀နှစ်နီးပါးနေထိုင်ပြီး အလုပ်လုပ်ကိုင်နေသူတဦးက ရင်ဖွင့်လာသည်။
သူပြောသည့် စာရွက်စာတမ်းဖိုးဆိုသည်မှာ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ပြီး အလုပ်လုပ်ခွင့် ရရန် လျှောက်ထားရသည့် ပန်းရောင်ကတ်၊ CI စာအုပ်၊ Work Permit၊ ဗီဇာ စသည့် အထောက်အထားများအတွက် ဖြစ်သည်။
အဆိုပါ အထောက်အထား ကုန်ကျစရိတ်များအတွက် ထိုင်းနိုင်ငံ၏ ပျမ်းမျှအနိမ့်ဆုံးလုပ်ခလစာနှင့် တွက်လျှင်ပင် ရရှိသော တနှစ်ဝင်ငွေ၏ ၃ ပုံ ၁ ပုံ နီးပါးကို ပြန်လည် အသုံးပြုနေရခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာမှာ ခရိုင်တခုနှင့် တခုမတူညီသော်လည်း အသစ်ပြဌာန်း လိုက်သော ဥပဒေအရ တရက်လျှင် အမြင့်ဆုံး ၃၅၄ ဘတ်မှ အနိမ့်ဆုံး ၃၂၈ ဘတ်ရရှိသည်။ တရက်လျှင် ပျမ်းမျှဝင်ငွေ ဘတ် ၃၃၀ ခန့်ဖြင့် တွက်ပါက တစ်နှစ်ဝင်ငွေမှာ ဘတ်တစ်သိန်းကျော် သာရှိရာ ယခုအခါ အထောက်အထားကုန်ကျစရိတ်အတွက် ပျမ်းမျှအားဖြင့် ဘတ် ၃၀၀၀၀ ကျော် ကုန်ကျနေခြင်း ဖြစ်သောကြောင့် တစ်နှစ်ဝင်ငွေ၏ သုံးပုံ တပုံ၊ လေးလ လုပ်စာခန့်ကို ပြန်လည် အသုံးပြုနေရခြင်း ဖြစ်သည်။
အကျိုးဆောင်တဦးက “ပန်းရောင်ကတ်ပေါက်ဈေးက အပြင်ပေါက်ဈေးဆိုရင် ၁ သောင်း ၄ ထောင်ကနေ ၁ သောင်း ၆ ထောင်ပေါက်ဈေးရှိတယ်။ ပန်းရောင်ကတ်လုပ်ထားပြီးသား နိုင်ငံကူးလက်မှတ်စာအုပ်အနီရှိထားရင် ဗီဇာတုံးထုခပဲကုန်တယ်။ မရှိလို့ CI စာအုပ်အစိမ်း ထုတ်မယ်ဆိုရင် သူ့အတွက် ကုန်ကျစရိတ်က ဘတ် ၆ ထောင်အထက်မှာရှိတယ်။ ဒါတွေပြီးသွားလို့ ဗီဇာ ၁ နှစ်၊ Work Permit ၁ နှစ် ထပ်တိုးဖို့ဆိုရင် အနည်းဆုံး ၇ ထောင်နှင့် ၉ ထောင်ကြားထဲမှာ ရှိတယ်။ အဲဒါတွေ အားလုံးပေါင်း ကုန်ကျစရိတ်က ဘတ် ၃ သောင်းအထက်မှာရှိတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင် လုပ်ကိုင်ရန် လိုအပ်သော အထောက်အထားများအတွက် တရားဝင် ပြဌာန်းထားသော ဥပဒေများအရ ယင်းသို့ မကုန်ကျသော်လည်း လက်တွေ့တွင်မူ အဆင့်ဆင့်သော လုပ်ဆောင်မှုများအတွက် အချိန်မပေးနိုင်ခြင်းနှင့် ဘာသာစကား အခက်ခဲများကြောင့် ပွဲစားများကိုသာ အားကိုးနေကြရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားတဦးက “ အလုပ်သမားတွေမှာ စာရွက်စာတမ်းဖိုးနဲ့တင် လှုပ် မရတော့ဘူး။ အရင် ဒေါ်အောင်ဆန်းစုကြည်ခေတ်ကဆို စာအုပ်ဖိုးက ဘတ် ၁ထောင်ကျော် လောက်လေး ပေးရတာကနေ အခုက ၁ သောင်းကျော်တောင် မကတော့ဘူး။ ၁ သောင်း ၂ သောင်းကုန်တဲ့အထိပဲ။ စာအုပ်သက်တမ်းကိုလည်း အပြည့်အဝ မနေရဘူး။ တရောင် (ပန်းရောင်ကတ်) က သက်တမ်းမကုန်သေးဘူး။ နောက် တရောင် (အစိမ်းရောင် CI ကတ်) ပြောင်းခိုင်းပြန်ပြီ” ဟု ပြောသည်။
ယင်းကဲ့သို့ အဆင့်ဆင့်လုပ်ကိုင်နေရသောကြောင့် အချိန်အားဖြင့်လည်း ပိုကုန်ပြီး ပေးဆောင်ရသည့် ကုန်ကျစရိတ်များမှာ ပိုမိုများပြားလာသလို ပွဲစားများကလည်း စရိတ်များကို တိုး၍ တောင်းခံလာကြကြောင်း၊ ယင်းကဲ့သို့ ဖြစ်သင့်သည့်ပမာဏထက် များစွာ ကုန်ကျ နေရခြင်းသည် ပွဲစားများနှင့် ထိုင်းမြန်မာသံရုံးတွင် အဓိက တာဝန်ရှိကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများက ထောက်ပြပြောဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျပ်တည်းလာပြီး အလုပ်အကိုင်ရှားပါးမှု ၊ မလုံခြုံမှုများကြောင့် အလုပ်လက်မဲ့ဖြစ်သွားကြသည့် နိုင်ငံအတွင်းရှိ အလုပ်သမားများမှာ ရရာ အလုပ်လုပ်ကိုင်ရန် ပြည်ပနိုင်ငံများသို့ ထွက်ခွာကြရသည်။
ပြည်ပနိုင်ငံဆိုရာတွင် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ခွာသူ အများဆုံးဖြစ်ပြီး စစ်တပ် အာဏာသိမ်းထားသည့် ၂နှစ်အတွင်း ထိုင်းနိုင်ငံတွင်းသို့ တရားဝင် သွားရောက်အလုပ်လုပ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေမှာ ၄သိန်းကျော်ခန့်ရှိနေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ကို ကိုးကား၍ မြန်မာအလုပ်သမားရေး ဆောင်ရွက်နေသူများက ပြောသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည်ဆိုပါက နည်းလမ်း ၂ လမ်းအနက် တခုမှာ ထိုင်း -မြန်မာ နှစ်နိုင်ငံသဘောတူညီချက် (MoU ) စနစ်ဖြစ်သည်။
MoU ဖြင့် အလုပ်လုပ်ကိုင်မည်ဆိုလျှင် မြန်မာပြည်ရှိ တရားဝင်အေဂျင်စီတွင် အမည်စာရင်း ပေးသွင်း၍ လျှောက်ထားပါက ဗီဇာ ၂ နှစ် ၊ အလုပ်လုပ်ကိုင်ခွင့် ၂နှစ်ရရှိပြီး ထိုင်းနိုင်ငံရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်ခွင့် ရမည်ဖြစ်သည်။
ပုံမှန်အားဖြင့် MoU လုပ်ငန်းစဉ်အရ မြန်မာအလုပ်သမားတဦးလျှင် ထိုင်းဘတ် ၂၀,၀၀၀ ဝန်းကျင် (ကျပ် ၁၇ သိန်းကျော်) ခန့် ကုန်ကျနိုင်ပြီး လမ်းစရိတ်၊ ထောက်ခံစာနှင့် အခြားကုန်ကျစရိတ်များ လည်းရှိကာ လုပ်ငန်းခွင်အရောက် ရက် ၉၀ ခန့် ကြာမြင့်မည်ဖြစ်သည်။
နောက်ထပ်နည်းလမ်းတခုမှာ တရားမဝင်နည်းလမ်းဖြင့် ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာပြီး အထောက်အထားမဲ့များကို ထိုင်းအစိုးရမှ တရားဝင်လုပ်ပေးသည့် ပန်းရောင်ကတ်ဟုခေါ်သည့် နေထိုင်အလုပ်လုပ်ခွင့်လက်မှတ်များကို သတ်မှတ်ကာလများဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။
အဆိုပါ ပန်းရောင်ကတ်အတွက် ထိုင်းအစိုးရမှ တရားဝင်သတ်မှတ်ထားသည့် ကုန်ကျစရိတ်မှာ လျှောက်လွှာတင်ခ အလုပ်သမားတဦးလျှင် ဘတ် ၁၀၀ နှင့် အလုပ်လုပ်ကိုင်ခွင့် စာအုပ်အတွက် ဘတ် ၉၀၀ စုစုပေါင်း ဘတ် ၁၀၀၀ သာ ပေးချေရမည်ဖြစ်သော်လည်း လက်တွေ့တွင်မူ ဘတ် ၁ သောင်းခွဲဝန်းကျင် (ကျပ် ၁၀ သိန်းကျော်) ပေးဆောင်နေကြရသည်။
ပန်းရောင်ကတ်ရရှိပြီး နိုင်ငံကူးလက်မှတ် စာအုပ်အနီရှိပါက မြန်မာသံရုံးတွင် ဗီဇာတုံးထုရန်သာ လိုအပ်ပြီး စာအုပ်အနီမရှိပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ( CI) စာအုပ်အစိမ်းကို ပြုလုပ်ရမည်ဖြစ်သည်။ ပန်းရောင်ကတ်နှင့် CI စာအုပ်( အစိမ်း)ရှိမှသာလျှင် တရားဝင်အလုပ်သမားအဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်သည်။
အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ရရှိပြီးသူများမှာ E- Work Permit ဟုခေါ်သည့် QR Code ရရှိပြီး အဆိုပါ ကုတ်ဖြင့် CI စာအုပ် ထုတ်ယူနိုင်မည်ဖြစ်သည်။ ယင်းQR Code အတွက် ယခင်က ဘတ် ၃၁၀ ပေးသွင်းရာမှ နောက်ပိုင်းတွင် ဘတ် ၇၁၀၊ ယခုအခါ ဘတ် ၁၀၁၀ ထိ တိုးမြင့်လာပြီး ထိုငွေကြေးများကို ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ မြန်မာအလုပ်သမားဝန်ကြီး ဌာနနှင့် CI စခန်း များကို တင်ဒါယူထားသည့် အေဂျင်စီတို့မှ ခွဲတမ်းချ ယူကြခြင်း ဖြစ်ကြောင်း သိရသည်။
CI စာအုပ် လုပ်ရာတွင်လည်း တရားဝင်ကုန်ကျစရိတ်မှာ ဘတ် ၁၀၁၀ သာရှိသော်လည်း လက်တွေ့တွင် အလုပ်သမားတဦးလျှင် CI စာအုပ်လုပ်ခြင်း၊ သက်တမ်းတိုးခြင်းများအတွက် ပွဲစားများကို ဘတ်ငွေ ၈ ထောင်၊ ၉ ထောင်မှ ဘတ် ၁ သောင်းနီးပါးထိ ပေး၍ လုပ်ဆောင် နေကြရသည်။
အဆိုပါ ကုန်ကျစရိတ်များမှာ ထိုင်းနိုင်ငံအတွင်း ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေသူများအတွက်ပင် အဆင်ပြေသည့် ငွေကြေးပမာဏမဟုတ်သည့်အတွက် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါး၍ လာရောက် ကြသည့်သူများ အတွက်ဆိုလျှင် ပို၍ဆိုးသည့် ကုန်ကျစရိတ်ဖြစ်နေကြောင်း အလုပ်သမားတချို့က ဆိုသည်။
မြန်မာ ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) မဟာချိုင်ရှိ အလုပ်သမား တာဝန်ခံ ကိုဇော်က “သက်သက်လုပ်စားနေတာပေါ့။ ငွေပေါက်ကို ဘယ်လိုရမလဲဆိုတာကိုပဲ၊ အလုပ်သမားထု ဘယ်လိုအဆင်ပြေမလဲဆိုတာကို မတွေးဘူး။ ဘယ်လိုပိုက်ဆံရှာရမလဲဆိုတာပဲ လိုက်ရှာနေတာ။ ထိုင်းအစိုးရကအရင်ကဆိုရင် မြန်မာဘက်နဲ့ ဘယ်လိုသက်သာအဆင်ပြေအောင် လုပ်ပေးရမလဲဆိုတာကို တိုင်ပင်ဆွေးနွေးတယ်။ မြန်မာဘက်ကလည်း အဲဒီလိုပဲသွားတယ်။ အခုကျတော့ အဲဒီလိုမဟုတ်ဘဲ အစစအရာရာ ခက်ခဲသွားတာပေါ့ဗျာ” ဟု ပြောသည်
ထိုသို့ ကုန်ကျစရိတ်မြင့်မားမှုကြောင့် အလုပ် လုပ်ကိုင်ခွင့်လက်မှတ်များ လုပ်ကိုင်နိုင်ခြင်း မရှိသေးသည့် အလုပ်သမားများလည်း ဒုနှင့်ဒေးရှိနေသေးကြောင်း၊ ယင်းကဲ့သို့ အထောက်အထားကတ် မရှိသည့်အတွက် အလုပ် မရရှိသလို အလုပ်ရပါကလည်း သတ်မှတ်လစာ မရရှိဘဲ နှိမ်ပေးခြင်း၊ လုပ်ငန်းခွင်ထိခိုက်ပါက တာဝန်ယူမှု မရှိခြင်း၊ အလွယ်တကူ အလုပ်ဖြုတ်ပစ်ခြင်းများကို ကြုံတွေ့ကြရကြောင်း အလုပ်သမားရေးဆောင်ရွက်သူများထံမှ သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံ၏ အလုပ်သမားလိုအပ်ချက် နှင့် မြန်မာအလုပ်သမားစုပြုံရောက်ရှိနေခြင်းကြောင့် လုပ်ငန်းခွင်များတွင် ယခင်ကဲ့သို့ ကောင်းမွန်သည့် ဝင်ငွေမရရှိကြတော့ဘဲ မငတ်ရုံတမယ်သာ စားသောက်နေထိုင်နေရကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအမျိုးသမီးတဦးဆိုသည်။
၎င်းက “ရတဲ့ပိုက်ဆံနဲ့ စာအုပ်ဖိုးနဲ့ဆိုတော့ ထိုင်းရောက်တဲ့ အလုပ်သမားတော်တော်များများ ဒီကာလအတွင်းမှာ အကြွေးတော်တော် တင်နေကြတယ်။ ကျမတို့တွေ ဒီလိုခက်ခဲမှ ပြည်တွင်းကို ပံ့ပိုးမှုမပေးနိုင်မှာလေ။ သူတို့လည်း စားရတယ်။ တချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ ကျမတို့ကို နာနာရိုက်နေတယ်လို့ပဲ ခံစားရတယ်။ ဘာဖြစ်လို့လဲ ကျမတို့ဘက်က ပေးရလေ သူတို့ အိတ်ထဲ ဝင်လေ ကျမတို့ဘက်က အင်အားဆုတ်ယုတ်လာလေပေါ့။ အဓိက က မိသားစုကိုလည်း မပံ့ပိုးနိုင်ဘူး” ဟု ပြောသည်။
စစ်အာဏာသိမ်းခြင်းအပါအဝင် စစ်ကောင်စီ၏ မူဝါဒအလွဲများကြောင့်တိုင်းတပါးရောက်ရှိနေသည့် မြန်မာအလုပ်သမားများအပေါ် ရိုက်ခတ်မှုများမှာ ပို၍ဆိုးရွားသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။
ကိုဇော်က “ကျနော်တို့ မြန်မာနိုင်ငံ အမြန်ဆုံးအေးချမ်းမှပဲ ဒီကိစ္စကြီးက ပြေလည်မယ်ထင်တာပဲ။ မငြိမ်းချမ်း မချင်းကတော့ အလုပ်သမားထုက ပြည်တွင်းကနေ ထွက်လာရမှာပဲ။ အမှန်တော့ ၂၀၂၁ ခုနှစ်မှာ မင်းအောင်လှိုင်သာ အာဏာမသိမ်းခဲ့ရင် ထိုင်းနိုင်ငံရဲ့ အလုပ်သမားထုတဝက်လောက်က ပြန်ဖို့ စီစဉ်နေကြပြီ။ ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေ ပျက်စီးသွားရတယ်။ ပြည်တွင်းထဲက လူတွေ လျှံထွက်လာခဲ့တယ်။ မြန်မာပြည် စစ်မှန်တဲ့ ဒီမိုကရေစီရရင် ပြေလည်သွားမှာပါ။ အဲဒီအချိန်တွေကိုပဲ မျှော်လင့်တယ်” ဟု ပြောသည်။
မြန်မာသံရုံးအနေဖြင့်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ ဆန္ဒပြတောင်းဆိုမှသာလျှင် လာရောက်ဖြေရှင်းပေးပြီး တခြားသော အကူအညီများ ရရှိမှုမရှိတော့ကြောင်း အလုပ်သမားများမှ ဆိုသည်။
ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတဦးကမူ “ကျမတို့ဘဝတွေက ဝမ်းဝရုံလေး အသက်ရှု ချောင်ရုံလေးပဲရှိတယ်။ မြန်မာပြည်ဘက်က စစ်ဘေးရှောင်တွေ ပြည်သူတွေထက်စာရင်တော့ ထိုင်းရောက်မြန်မာတွေက ချောင်လည်ရုံလေးပဲ။ ဒါပေမယ့်လို့ မလှုပ်နိုင်တဲ့တနေ့ကျရင် သေမှာ” ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် စားဝတ်နေရေးကျပ်တည်းမှုများကြောင့် ထိုင်းနိုင်ငံထဲ့သို့ နယ်စပ် တရားမဝင် လမ်းကြောင်းများမှတဆင့် နေ့စဉ် ရာနှင့်ချီ၍ ဝင်ရောက်နေကြလျှက်ရှိကြောင်း ထိုလုပ်သားများကို ပို့ဆောင်ပေးနေကြသူများကိုယ်တိုင်က ဧရာဝတီသို့ပြောသည်။
မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံအတွင်း အောက်ခြေသိမ်း လုပ်ငန်းများတွင် ထိုက်သင့်သော လစာဖြင့် အလုပ်အကိုင် ရရှိကြသော်လည်း နေထိုင်၊ လုပ်ကိုင်ခွင့် အထောက်အထား စာရွက်စာတမ်းခများဖြင့် လုံးလည် ချာလည်လိုက်နေကြရသည်။
မဟာချိုင်မြို့နယ်တွင် ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်နေသည့် ကိုသန်းလင်းဦး က “အခုက သမင်မွေးရင်း ကျားစားရင်းဖြစ်နေတာ။ ကျနော်တို့ လုပ်အားခတွေ အိမ်ပြန်မပို့နိုင်တော့ဘူး။ ပန်းရောင်ကတ်ဖိုး၊ CI ဖိုးနဲ့တင် ကုန်နေတယ်။ ပွဲစားတွေ၊ စစ်ကောင်စီနဲ့ ထိုင်းကို လာလုပ်ကျွေးနေသလိုဖြစ်နေတယ်။ ကျနော်တို့ အခွင့် အရေးကို ကာကွယ်ပေးမယ့်သူမရှိဘူးဖြစ်နေတယ်ဗျာ” ဟု ဧရာဝတီသို့ ပြောသည်။
You may also like these stories:
ထိုင်းရောက် မြန်မာလုပ်သားများအတွက် CI လက်မှတ် ထပ်မံ လုပ်ပေးမည်
ထိုင်းရောက် မြန်မာများအား CI ကတ် ထုတ်ပေးခြင်း စစ်ခေါင်းဆောင်၏ ဆွေမျိုးကုမ္ပဏီ လုပ်ခွင့်ရ
ထိုင်းအစိုးရက အထောက်အထားမဲ့များအတွက် လက်မှတ်ထုတ်ပေးမည်
စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို
အလိမ်ခံရသည့် မြန်မာလုပ်သား ၅ ထောင်ကျော်အရေး ထိုင်းအစိုးရ ဝင်ဖြေရှင်း