စစ်တပ်က အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးနီးပါး ဆန့်ကျင်တော်လှန်ကြရာ မြို့နှင့် ကျေးလက် တောရွာများပါမကျန် စစ်မီးများ တောက်ကာ မငြိမ်မသက် ဖြစ်နေသော်လည်း ရခိုင်ပြည်နယ်တွင်မူ အတန်သင့်တည်ငြိမ်မှု ရှိသည်ဟု ဆိုရမည်
ထိုသို့ ဖြစ်ရခြင်းမှာလည်း စစ်တပ်က အာဏာမသိမ်းမီ ၃လခန့်အလိုတွင် ဂျပန်နိုင်ငံဆာဆာကာဝါ ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ရက္ခိုင်တပ်တော်(AA) အပစ်အခတ်ရပ်စဲရေး ရယူခဲ့သည် အကျိုးကျေးဇူး ဖြစ်၏။
အာဏာ မသိမ်းမီက ရခိုင်ပြည်အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့သော်လည်း လွှတ်တော်ရှိနေသဖြင့် လူထုကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များကလည်း စစ်ရှောင်များအရေးကို တတ်နိုင်သလောက် ကူညီမှု ပေးနိုင်ခဲ့သည်။
နိုင်ငံရေးဇတ်ခုံတွင်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ရခိုင်အမျိုးသားပါတီ ( ANP )အနေဖြင့် တခဲနက် ထောက်ခံမှု ရခဲ့သလို တောင်ပိုင်းမြို့နယ်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီက အားကောင်းခဲ့ကာ နိုင်ငံရေး သမားများ အချင်းချင်း သူနိုင်ကိုယ်နိုင် အားပြိုင်မှုများ ကိုလည်း မြင်တွေ့ခဲ့ရသည်။
သို့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု နောက်ပိုင်း ထိုအခင်းအကျင်းတို့မှာ ပျောက်ဆုံးသွား ခဲ့ပြီး အရင်ကတည်းက စစ်တပ်ဖိနှိပ်မှုကို ခံနေရသည့် ရခိုင်လူထုအများစုမှာ ပါတီနိုင်ငံရေးထက် တော်လှန်ရေး လမ်းစဉ်ကို သာ ပိုမို အားထားလာကြသည်။
အစောပိုင်းကာလက ရက္ခိုင့်တပ်တော် (AA) ခေါင်းဆောင်များမှာ အာဏာသိမ်းမှု အပေါ် မည်သို့မျှ သဘောထားဟန် မပြုခဲ့ရာ ပြည်နယ်အတွင်း CDM လှုပ်ရှားမှုများကိုပင် အလိုမရှိကြောင်း ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ( PDFs ) ပေါ်ပေါက်လာသောအခါ အခြေခံစစ်သင်တန်းပေးခြင်း ၊ ချင်းမျိုးနွယ်စု တော်လှန် ရေး အင်အားစုများကို လက်နက်ထောက်ပံ့ပေးခြင်းများ ပြုလုပ်လာသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) နှင့်လည်း ဆွေးနွေးမှု လမ်းကြောင်းများ ပွင့်လာခဲ့သည်။
အာဏာသိမ်းကာလ ရခိုင့်နိုင်ငံရေး
စစ်ကောင်စီသည် အာဏာသိမ်းကာလ သက်တမ်း ၂ နှစ် ပြည့်သည့်အချိန် နိုင်ငံပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင် ပြဌာန်းလိုက်ပြီး နိုင်ငံတော် အာဏာအရပ်ရပ်ကို ဆက်လက်ဆုပ်ကိုင်ရန် ၆ လ သက်တမ်း ထပ်တိုး ရယူခဲ့သည်။
ထိုမတိုင်ခင်ကတည်း NLD အစိုးရလက်ထက်က နိုင်ငံတော်ပုန်ကန်မှုဖြင့် နှစ်ရှည် ထောင်ဒဏ်ချမှတ်ထား သော ရခိုင်နိုင်ငံ ရေး သမားတဦးဖြစ်သူ ဒေါက်တာအေးမောင်အား ၂၀၂၂ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် ပြန်လွှတ်ပေးပြီး ရခိုင်တွင် ပါတီနိုင်ငံရေးကို အသက်သွင်းရန် ကြိုးစားခဲ့လာသည်ကို တွေ့ရသည်။
လက်ရှိ ရခိုင့်နိုင်ငံရေးပါတီကြီး ၃ခုမှာလည်း စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲ အပေါ် သဘော ထားအမြင်များ ကွဲလွဲလျှက်ရှိပြီး ဒေါက်တာအေးမောင်မှ လွဲ၍ ကျန် နိုင်ငံရေးပါတီများကမူ စိတ်ဝင်စားမှု နည်းပါးလျှက် ရှိသည်။
ရခိုင့်ဦးဆောင်ပါတီ (AFP ) ဥက္ကဌ ဒေါက်တာအေးမောင်က လက်ရှိ ပြဌာန်းလိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေသည် တင်းကျပ်သည့် ဥပဒေဖြစ်သော်လည်း နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် နိုင်ငံရေးပါတီ၏ အခန်းဏ္ဍမှာ အရေးပါသလို ရွေးကောက်ပွဲမှာလည်း ထွက်ပေါက်တခုဖြစ်သည်ဟု ယုံကြည်လက်ခံထား ကြောင်းဆိုသည်။
“တိုင်းရင်းသားလူမျိုးတွေကို အခြေခံတဲ့ ပြည်နယ်ပါတီတွေကတော့ တကယ်လို့ ရွေးကောက်ပွဲဟာ လက်ရှိ နိုင်ငံရေး အကျပ်အတည်းရဲ့ ထွက်လမ်းလို့ ယုံကြည်လက်ခံရင်တော့ အကျပ်အတည်းဆိုတာ ဟုတ်တယ်။ အကျပ်အတည်းကို ကျော်လွှားဖို့ နည်းဗျူဟာအရ တိုင်းရင်းသား ပါတီတွေကို ချဉ်းကပ်နိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ အေးမောင်သည် ဦးကျော်မြင့် ဦးဆောင်သည့် နှင်းဆီပါတီ ပြန်လည်ထူထောင်ရပ်တည်ရေး တွေ့ဆုံအကြံပေးခဲ့ သူဖြစ်ပြီး ၎င်း၏ ပါတီကိုလည်း ရခိုင်ပြည်နယ်အခြေစိုက် ပါတီအဖြစ်သာ မှတ်ပုံတင်မည် ဖြစ်သော်လည်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပလက်ဝကဲ့သို့ ဒေသများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းမည်ဟု ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “နိုင်ငံရေးအားဖြင့် ပြောနိုင်ဆိုနိုင်တဲ့ နိုင်ငံရေးပလက်ဖောင်းတခု လိုအပ်တယ်။ မိမိတို့ အမျိုးသား များရဲ့ Identity ကို တင်ပြဖို့၊ ပြည်ထောင်စုသားအားလုံး သိအောင်၊ ကိုယ့်လူမျိုးတွေလည်း နားလည်အောင် အဲဒီသဘော အရ မှတ်ပုံပြန်တင်ရန် လိုအပ်တယ်လို့ ဆုံးဖြတ်တယ်” ဟု ဆိုသည်။
သို့သော် ဒေါက်တာအေးမောင်၏ ပါတီဟောင်းဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP ) ပါတီကမူ လက်ရှိ အခြေအနေပေါ် မူတည်ပြီး စစ်ကောင်စီ၏ ဆောင်ရွက်ချက်များကို သတိကြီးကြီးထားကာ စောင့်ကြည့်နေသည့်ကာလ ဖြစ်၍ ရွေးကောက်ပွဲ ဝင်မဝင်ကို မဆုံးဖြတ်နိုင်သေးကြောင်း ဆိုသည်။
ANP ၏ နိုင်ငံရေး၊ မူဝါဒရေးရာ ကော်မတီဝင် ဦးထွန်းအောင်ကျော်က “ပြည်သူအတွက် အကျိုးရှိမယ် ဆိုရင် နိုင်ငံရေးအရ အနှစ်သာရ အကျိုးရှိရှိ လုပ်ရမယ်။ သို့သော် အလွန်တရာ လုပ်ပိုင်ခွင့်တွေကို တင်းကျပ် ကန့်သတ်ထားမယ် ဆိုရင်တော့ ပြည်သူတွေ အတွက်လည်း အကျိုးဖြစ်မထွန်းနိုင်ဘူးဆိုရင် နိုင်ငံရေး ပါတီတွေအနေနဲ့ တမျိုးတဖုံ စဉ်းစားကြလိမ့်မယ်လို့ ယူဆပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကမူ စစ်ခေါင်းဆောင်ပြဌာန်းလိုက်သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသည် စစ်အာဏာရှင် သက်တမ်းရှည်ရန်နှင့် ရာသက်ပန် နိုင်ငံကို အုပ်ချုပ်သွား မည့် အစီအစဉ်တခု ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ထိုသို့ အာဏာရှင်များ သက်ဆိုးရှည်စေမည့် ဥပဒေများ အောက်တွင် ပါတီမှတ်ပုံတင်ခြင်း မပြုလုပ်သလို ရွေးကောက်ပွဲဝင်ရန် အစီအစဉ်လည်း မရှိကြောင်း ပြောသည်။
ဦးမျိုးကျော်မှာ စစ်ကောင်စီက ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသဖြင့် တိမ်းရှောင်နေရသလို တောင်ကုတ်မြို့နယ် ALD ပါတီ ခေါင်းဆောင် ဦးကျော်ကျော်လင်းနှင့် သံတွဲမြို့နယ် ALD ပါတီမှ ဦးညီလေးတို့မှာ လည်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံထားရသည်၊ ထို့အတူ ရခိုင့်ဦးဆောင်ပါတီ ( AFP ) ပါတီမှ ဒုဥက္ကဌ ဦးကျော်ဇောဦး နှင့် ကျောက်ဖြူမြိုနယ်မှ ပါတီဗဟိုကော်မတီဝင် ဦးကျော်လွှင်တို့ ၂ ဦးမှာလည်း ရက္ခိုင့်တပ်တော် ( AA ) ထံတွင် ဖမ်းဆီးခံထားရပြီး လက်ရှိ အချိန် အထိ ပြန်လွတ်လာခြင်း မရှိသေးပေ။
ရခိုင်တိုက်ပွဲများအတွင်း စစ်တပ်က အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှိုခြင်းစသည့် စစ်ရာဇဝတ်မှုများအပေါ် နိုင်ငံရေးပါတီများက မည်သည့်ကိစ္စကိုမျှ ဝင်ရောက်မဖြေရှင်းနိုင်မှုကြောင့် လူထုအနေဖြင့် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို စိတ်ဝင်စားမှုမရှိတော့သလို ပါတီနိုင်ငံရေးကို ယုံကြည် မှုမရှိသဖြင့် ပါတီဝင်များ ပင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ( ULA / AA ) ထံသို့ ဝင်ရောက် တာဝန်ထမ်း ဆောင်မှုများလည်း ရှိခဲ့သည်။
သို့သော် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ရခိုင်များအားလုံး လက်နက်ကိုင်တော်လှန်ရေး နောက်သို့ လိုက်နေသည်မှာ ပြောဖို့ ခက်ကြောင်း၊ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ လိုအပ်ကြောင်း လက်ရှိ အကျပ်အတည်းကို ဖြတ်ကျော်ရန် လူထုကသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း သုံးသပ်သည်။
စစ်ကောင်စီက AAနှင့် လူထုကို ပစ်မှတ်ထားသည့် ပိတ်ဆို့မှုများ
ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်နီးပါးဖြစ်ခဲ့သော AA နှင့် တိုက်ပွဲတွင် စစ်ကောင်စီသည် မြေပြင် စစ်ရေး ရှုံးနိမ့်ခြင်း၊ လူထုထောက်ခံမှု လုံးဝ မရှိတော့ခြင်း အခြေအနေများကြောင့် AA အား အကျပ်ရိုက်စေရန်နှင့် ဒေသခံတို့ ဒုက္ခရောက်စေရန် ရခိုင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့် အခြေခံ စားသောက်ကုန် များကို ကန့်သတ်ပိတ်ဆို့ခဲ့သောကြောင့် ရခိုင်ပြည်နယ်အတွင်း ဆေးဝါးများ ပြတ်လပ်လာမှုနှင့်အတူ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။
စစ်ကောင်စီသည် ရန်ကုန်- စစ်တွေ ကားလမ်းမကြီး အပါအဝင် ပြည်နယ်တခုလုံးရှိ ကုန်းလမ်းနှင့် ရေလမ်းများကို ၂၀၂၂ ခု စက်တင်ဘာဆန်းပိုင်းကလည်း ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားခဲ့သည်။
တကျော့ပြန် တိုက်ပွဲများနှင့် နယ်စပ်က စစ်ကောင်စီစခန်းများ ကျဆုံးခြင်း
သုံးနှစ်နီးပါး မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့ကြသော စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့သည် နှစ်ဖက် စစ်ပန်းမှုနှင့် အတူ ဂျပန်အထူးသံတမန် မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ပေးမှုဖြင့် ၂၀၂၁ ခုနှစ်ဆန်းပိုင်းတွင် ပထမအကြိမ် အပစ်ရပ်စဲ ထားခဲ့သည်။
သို့သော်လည်း အောက်ခြေတွင် စစ်ရေးတင်းမာမှုများ မကြာခဏ ဖြစ်ပေါ်မှုနှင့်အတူ တကျော့ပြန် ထိတွေ့ တိုက်ပွဲများ လည်း ဖြစ်ပွားခဲ့ရာ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် AA တို့သည် မြန်မာ- ဘင်္ဂလား ဒေ့ရှ်- အိန္ဒိယ သုံးနိုင်ငံ နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီသည် နေ့ရော ညပါ တိုက်လေယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့သော်လည်း ခြေကုပ်အထိုင်စခန်းများ ကျဆုံးခဲ့ရသည်။
မြန်မာ- ဘင်္ဂလာဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင် (၄၀) စခန်း၊ ဝေဘာတောင်စခန်း၊ မီးတိုက်ဗျူဟာကုန်း၊ ကြိမ်ချောင်း- ဂုပ္ပီ တောင်ကျော်လမ်း စခန်းများ အပါအဝင် မောင်တောမြို့နယ်အတွင်းက စခန်းကြီး ၊ စခန်းငယ် ၃၀ နီးပါးအထိ စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း စစ်ရေးအကဲခတ်များက ဆိုသည်။
မောင်တောမြို့နယ်အတွင်း တိုက်ပွဲတွင် နယ်စပ်က တောင်ပြို ဗျူဟာကုန်း ၊ ခမောင်းဆိပ်ဗျူဟာ ကုန်းနှင့် ကြိမ်ချောင်းစခန်း ၃ ခုသာ ကျန်ရှိပြီး တခြားသောစခန်းများ အားလုံးနီးပါးကို ထပ်မံ လက်လွှတ်ခဲ့ရသည်။
ယင်းအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ၏ ရှေ့တန်းစခန်းများ ဖြစ်သည့် အဘောင်သား၊ ကြက်ယက်ကိုင်း၊ သကာချောင်း၊ သူဌေးကုန်း၊ မြိတ်ဝ၊ သံထောင်စသည့်စခန်းများကိုလည်း လက်လွှတ်ခဲ့ရသည်။
ရသေ့တောင်မြို့နယ် မယူကမ်းဒေသဖွံဖြိုးရေး အသင်းဥက္ကဌ ဦးမောင်စောဝင်းက “လက်ရှိ အနေအထားမှာတော့ AA ကတော့ နယ်မြေစိုးမိုးထားတယ်။ စစ်တပ်က ကျဆုံးသွားတဲ့ နယ်စပ်က စခန်းတွေကိုလည်း ပြန်ပြီးတော့ ဘာမှမလုပ်နိုင် သေးဘူး။ ဒေသတွင်း စီးပွားရေး ၊ လူမှုရေးရာ ကိစ္စတွေမှာတော့ အာဏာသိမ်းတဲ့ နောက်ပိုင်းကတည်း ပိုဆိုးလာတာပဲရှိ တယ်။ နယ်ဘက်က လူတွေအများစုက စစ်ရှောင်စခန်းကနေ မပြန်နိုင်သေးဘူး။ တချို့ကလည်း ရွာအနီးမှာ စစ်တပ်ဗျူဟာ ထိုင်ထားတဲ့အတွက် ဘာမှ လုပ်ကိုင်စားသောက်လို့ မရတော့ဘူး”ဟုဆိုသည်။
လူဖမ်းပွဲများ
စစ်ကောင်စီတပ်သည် AA တပ်စခန်းများ ၊ ULA အုပ်ချုပ်ရေးရုံးများကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမပြုဘဲ အရပ်သားများကို ပစ်မှတ်ထားကာ လူဖမ်းပွဲများ ပြုလုပ်ခဲ့သည့်အတွက် နှစ်ဖက် အပြန်အလှန် ဖမ်းဆီးမှုများလည်း မြင့်တက်ခဲ့သည်။
တောင်ကုတ်မြို့နယ်တွင် သွားဘက်ဆိုင်ရာ ဆရာဝန်အပါအဝင် အရပ်သား ၂၀ နီးပါးကို မတရားအသင်း ဆက်သွယ်မှုဖြင့် ဖမ်းဆီးခဲ့သလို သံတွဲမြို့နယ်အတွင်းက ခရိုင်စာတိုက်မှူး အပါအဝင် အရပ်သား ၃၀ ဦးထက် မနည်းကို ဖမ်းဆီးခဲ့သည်။
ကျောက်ဖြူမြို့နယ်တွင်လည်း ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးမှူးစသည့် ဌာဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံလူထုအပါအဝင် လူပေါင်း ၃၀ ကျော်နှင့် မောင်တောမြို့နယ်၊ ကျောက်တော်မြို့နယ် ၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်များမှ အုပ်ချုပ်ရေးမှူးများအပါအဝင် အရပ်သားပြည်သူများကို AA နှင့် ပတ်သက် ဆက်နွယ်မှု ရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်။
စစ်ကောင်စီထံ ဖမ်းဆီးခံထားရသည့် အရပ်သားစုစုပေါင်း ၃၂၄ ဦးအထိ ရှိနေပြီး ၎င်းတို့ထဲမှ ၈၅ ဦး ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း အများစုမှာ ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်း ၂၀၂၂၊ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောကြားခဲ့သည်။
တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီက ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ၊ ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခြင်း ၊ ဖမ်းဆီး သတ်ဖြတ်ခြင်းတို့ကြောင့် ကျောက်တော် ၊ မြောက်ဦး ၊ မောင်တော ၊ ပုဏ္ဏားကျွန်း ၊ မင်းပြား စသည့်မြို့နယ်များမှ အရပ်သား ၃၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၇၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ဒုတိယအကြိမ် အပစ်ရပ်
ပြီးခဲ့သော ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက စစ်တွေ- ပုဏ္ဏားကျွန်း အကြား ကားလမ်းမပေါ်တွင် စစ်ကောင်စီ ရိက္ခာတင်ကား ၁ စီးအား AAက ကြားဖြတ် တိုက်ခိုက်ပြီး ဖမ်းဆီးခဲ့ရာ စစ်ကောင်စီတပ်က အဆိုပါ ကားလမ်းမအနီးရှိ ဆင်အင်းကြီး ရွာသား ၉ ဦးနှင့် ဒီပါရုံရွာသား ၂ ဦးကို သတ်ဖြတ်ပြီး နေအိမ်များကို ဝင်ရောက် မီးရှိုခဲ့သည်။
ယင်းဖြစ်ရပ် ပြီးနောက် AA တပ်ဖွဲ့ဝင်များက စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းမပေါ်အထိ တက်လာက စစ်တွေနှင့် ၂၅ မိုင်ခန့် အကွာ ပုဏ္ဏားကျွန်းမြို့၏ တခုတည်းသော အခြေစိုက်တပ် ခမရ ( ၅၅၀ ) တပ်ရင်းကိုပါ ဝိုင်းပတ် ပိတ်ဆို့ထားပြီး စစ်ကောင်စီကလည်း စစ်တွေမြို့ကို နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ မြို့ဝင် ၊ မြို့ထွက် အားလုံး ပိတ်ဆို့ခဲ့သည်။
ယင်းကဲ့သို့ နှစ်ဖက်တပ်ဆိုင်ထားသည့် အခြေအနေတွင် စစ်ကောင်စီဘက်မှလည်း အကျပ်ရိုက် နေသလို တဖက်တွင် လမ်းကြောင်း ထွက်ပေါက် အားလုံး ပိတ်ဆို့ ခံထားရသည့် ရခိုင်လူထု အတွက်လည်း ဘက်ပေါင်းစုံမှ အခက်အခဲများ ဖြစ်ပေါ်နေသည်။
ထို့ကြောင့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဂျပန်အထူးသံတမန် မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ပေးမှု ဖြင့် ဒုတိယအကြိမ် နှစ်ဖက် ယာယီ အပစ်ရပ်စဲ ခဲ့ကြသည်။
ယာယီ အပစ်ရပ်စဲပြီးနောက်ပိုင်း စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင်း ရေလမ်း ၊ ကုန်းလမ်းများကို ပြန်လည်ဖွင့်ပေးခဲ့ပြီး စစ်ရေး ပဋိပက္ခကြောင့် ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက နုတ်ထွက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြန်လည် တာဝန်ထမ်းဆောင်ရန် ULA / AA က တိုက်တွန်းခဲ့သည်ကိုလည်း တွေ့ရသည်။
ရခိုင်ပြည်နယ်ရဲ့ ရွေးကောက်ပွဲ အလားလာ
စစ်ကောင်စီသည် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်က ရခိုင်ပြ ည်နယ်အတွင် မဲစာရင်များပြု စုရန် အိမ်ထောင်စု စာရင်များ ကောက်ယူနေသော်လည်း ပြည်သူများစိတ်မဝင်စားသလို မည်သည့်အဖွဲ့အစည်း မည်သူကမှလည်း အနှောက်အယှက် ပေးခြင်းမရှိ၊ အလားတူ နိုင်ငံရေးပါတီ များအနေဖြင့် လည်း မည်သည့် လှုပ်ရှားမှုမှ မတွေ့ရပေ။
ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်မှု အခြေအနေနှင့် ပတ်သက်၍ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “အခု ရွေးကောက်ပွဲ မဲစာရင်းကောက်ယူနေတယ်။ အနှောင့်အယှက်ပေးတာ ဘာမှမရှိဘူး။ AA ကခွင့်ပြုပေးထားတယ်။ ဒီလိုမျိုး ခွင့်ပြုပေးထားတဲ့ အတွက် ရွေးကောက်ပွဲကာလမှာ AA က ခွင့်ပြုလိမ့်မယ်လို့ မှတ်ယူလို့ ရမှာ မဟုတ်ဘူး။ အဲဒီလို အခြေ အနေမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လို သဘောထားမလဲဆိုတာ ရှိမယ်။ နောက်တခုက AA နဲ့ စစ်တပ်ကြားမှာ နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ အပစ်ရပ်စဲမှု ပျက်စီးမှု ရှိမရှိ ၊ တိုက်ပွဲကာလသို့ ဝင်ရောက်သွားမှု ရှိ ၊ မရှိ ဆိုတဲ့ အချက်တွေ အပေါ်မှာပဲ မူတည်မယ် ထင်တယ်”ဟု သုံးသပ်သည်။
ရခိုင်လူထုသည် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု မရှိတော့ဘဲ ရွေးကောက်ပွဲ ကျင်းပရန် စစ်ကောင်စီ၏ အားထုတ်မှုကို AA ခေါင်းဆောင်များက မည်သို့ သဘောထားမလဲ ဆိုသည်ကိုသာ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။
ရသေ့တောင်မြို့နယ် မယူကမ်းဒေသဖွံဖြိုးရေး အသင်းဥက္ကဌ ဦးမောင်စောဝင်းက ရွေးကောက်ပွဲကို ရခိုင်လူထုက လုံး၀ စိတ်ဝင်စားမှု မရှိတော့ကြောင်း၊ No Vote သမားများနိုင်ကြောင်း၊ နိုင်ငံရေး ၊ စီးပွားရေး ဘာမျှ တိုးတက် မလာသည့်အခါ လူထုက ရွေးကောက်ပွဲကို ပြဿနာလို့သာ မြင်လာကြကြောင်း ဧရာဝတီသို့ ပြောသည်
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ( ALD ) ပါတီမှ ဦးမျိုးကျော်က “အခု ရခိုင်ပြည် နိုင်ငံရေး တော်လှန်ရေး အခြေအနေကတော့ တပ်တော် (AA) အပေါ်မှာ အများကြီး အခြေတည်တယ်လို့ မှတ်ချက်ပြုချင်ပါတယ်။ ကိစ္စရပ်တွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ သူတို့တွေ ကိုင်တွယ်နိုင်မှသာ ရခိုင်နိုင်ငံရေးဟာ အလားအလာ ကောင်းမယ်လို့ မြင်ရတယ်။ အကိုင်အတွယ် မတတ်ရင် တပ်တော် (AA) ကိုယ်တိုင်က ဒီ “ ဝဲဂယက် ”မှာ သူတို့ပါ မျောပါသွားနိုင်တယ် ” ဟု သုံးသပ်ပြောသည်။
You may also like these stories:
စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းကို AA ထိန်းချုပ်ထားပြီလား
ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်