၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သူ ကိုဂျင်မီ (ခ) ကိုကျော်မင်းယုသည် မတရားသည့် စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ရင်း နွေဦးတော်လှန်ရေးအတွင်း ကြွေလွင့်သွားခဲ့ရပြီ ဖြစ်သော်လည်း ၎င်းအတွက် ရည်စူးသော အထိမ်းအမှတ် စာကြည့်တိုက်လေးတခုကမူ လွတ်မြောက်နယ်မြေတနေရာတွင် ရှင်သန်နေသည်။
ကိုဂျင်မီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော် အပါအဝင် အခြားသော ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့နှင့်အတူ ရန်ကုန်မြို့ရှိ အင်း စိန်အကျဉ်းထောင်တွင်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ ကြိုးပေးကွပ်မျက်မှုကြောင့် ၂၀၂၂ ဇူလိုင်လတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားရသည့် ကိုဂျင်မီအတွက် ရည်စူးပြီး ကရင်ပြည်နယ် တနေရာရှိ အာဏာ သိမ်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသော မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အခြေစိုက်စခန်းတွင် “ကိုဂျင်မီ” ဟု အမည်ပေးထားသည့် စာကြည်တိုက်လေးတခု ဖွင့်ထားသည်။
MSDF တပ်စခန်းသည် တောင်ကြောနှင့် လျှိုမြောင်တခုအား ဖြန့်ခွဲနေရာယူထားပြီး စာကြည့်တိုက်ကိုမူ တောင်ကြောထိပ်က ဒညင်းပင်များ အုံ့ဆိုင်းနေသည့် စစ်ရေးပြကွင်းအရှေ့ရှိ မြေပြန့်လေးတွင် တည်ဆောက်ထားသည်။
စာကြည့်တိုက်သည် ၁၀ ပေ ပတ်လည်သာ ကျယ်ဝန်းသည့် အဆောက်အအုံကို တောင်ထန်း (ထန်းလက်) ဖြင့် မိုးကာထားပြီး အမိုးအား အစိမ်းရောင်မိုးရေခံ တာလပတ်ဖြင့် သပ်ရပ်စွာ ထပ်မိုးထားသည်။ မျက်နှာစာကိုလည်း အစိမ်းရောင် ဆေးသုတ်ထားသဖြင့် တဲစိမ်းစိမ်းကလေး တလုံးပုံစံ ဖြစ်နေသည်။
စာကြည့်တိုက်နား နီးလာသည်နှင့် တဲမျက်နှာစာက သစ်သားပေါ် အပြာရောင်စာလုံးများဖြင့် ရေးထိုးထားသည့် “ကိုဂျင်မီ စာကြည့်တိုက်” ဆိုသော ဆိုင်းဘုတ်လေးကို ထင်ရှားစွာ မြင်နိုင်သည်။
ယင်းဆိုင်းဘုတ် စာလုံးဒီဇိုင်းကို ကိုဂျင်မီ့၏ အရင်းနှီးဆုံးသူငယ်ချင်းတဦး ဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်က ရေးထိုးပေးခဲ့ခြင်း ဖြစ်သည်။
စာကြည့်တိုက် ကြမ်းပြင်ကို ဝါးကပ်ခင်းထားပြီး ဝါးကပ်၏အပေါ်တွင် အစိမ်းရောင်ပိုက်ဖျာတချပ် ခင်းထားသည်။ စာကြည့်တိုက် အဝင်ဝ၏ မျက်နှာချင်းဆိုင်နံရံတွင် အကန့် ၆ ကန့်ပါ ဝါးဖြင့်လုပ်ထားသည့် စာအုပ်စင်တစင်ရှိပြီး စာအုပ်စင်၌ နိုင်ငံရေးစာအုပ်၊ ဝတ္ထုနှင့် ဘာသာပြန်စာအုပ်များ ရှိသည်။
စာကြည့်တိုက်ကို မတရား သတ်ဖြတ်ခံရသည့် ကိုဂျင်မီအား လူအများ အမှတ်ရနေစေရန် ရည်ရွယ်ပြီး ကိုဂျင်မီ စာကြည့်တိုက်ဟု အမည်ပေးထားခြင်း ဖြစ်ကြောင်း MSDF စခန်း၏ အထွေထွေ ကြီးကြပ်ထိန်းသိမ်းရေး တာဝန်ယူ ထားသူ အသက် ၂၅ နှစ်အရွယ် ရဲဘော်ကျန်ရစ်က ပြောသည်။
၎င်းက “ဦးဂျင်မီရဲ့ စိတ်ဓာတ်ကိုလည်း လေးစားတယ်။ ကျနော်တို့ နိုင်ငံအပေါ်မှာထားတဲ့ သူ့ရဲ့ ခိုင်မာတဲ့ သစ္စာတရား တွေကို လေးစားတယ်။ သူက သူလုပ်မယ်ဆိုတဲ့အရာကို အဆုံးအထိ လုပ်ဆောင်သွားတယ်ပေါ့။ လမ်းမှန်မှန်နဲ့သွား တယ်။ လမ်းကို ဘယ်တော့မှ ကောက်သွားတာ မရှိဘူး။ ကွေးသွားတာ မရှိဘူး။ နိုင်ငံရေးလုပ်ခဲ့တဲ့ သက်တမ်းတ လျှောက် လုံးဝ ရိုးဖြောင့်တယ်။ ဦးဂျင်မီ စာကြည့်တိုက်လို့ နာမည်ပေးရတာလည်း ကဗျာဆရာ ကိုအေမွန်တို့နဲ့ တိုင်ပင် ဆွေးနွေးပြီး စာကြည့်တိုက်နာမည် ပေးဖြစ်သွားတာပေါ့” ဟု ရှင်းပြသည်။
စာကြည့်တိုက်ကို ၂၀၂၂ ဩဂုတ်လ ၈ ရက် ၈ လေးလုံး အရေးတော်ပုံ ၃၄ နှစ်ပြည့်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သက်တမ်းမှာ ၇ လခန့်သာ ရှိသေးသည်။
စာကြည့်တိုက်ကို ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၆ နာရီမှ ညနေ ၄ နာရီထိ ဖွင့်ပြီး တယောက်လျှင် တအုပ်နှုန်းဖြင့် တပတ်ကြာ အခမဲ့ ငှားပေးကြောင်း MSDF စခန်း၏ အထွေထွေ ကြီးကြပ်ထိန်းသိမ်း ရေး တာဝန်ခံ ရဲဘော်ကျန်ရစ်က ရှင်းပြသည်။
စာကြည့်တိုက်တွင် MSDF တပ်ဖွဲ့ဝင်များအပြင် MSDF စခန်းဝန်းကျင်ရှိ အခြား ပြည်သူ့ကာကွယ်ရေးတပ် (PDF) စခန်းများမှ တပ်ဖွဲ့ဝင်များကလည်း လာရောက် စာအုပ်ငှားလေ့ ရှိသည်ဟု ဆိုသည်။
ထူးခြားသည်က စာကြည့်တိုက်တွင် စာကြည့်တိုက်မှူး မရှိပေ။
စာကြည့်တိုက်ပေါ်က စားပွဲတလုံးတွင် ဗလာစာအုပ် ချထားပြီး စာအုပ်ငှားသူက ၎င်း၏ အမည်၊ တပ်ရင်းတပ်ဖွဲ့အမည်၊ နေ့စွဲနှင့် ငှားသွားသည့် စာအုပ်အမည်ကို ရေးသွားရသည်။ စာအုပ် လာပြန်အပ်ချိန်တွင် မိမိမှတ်ထားခဲ့သည့် အငှားစာရင်းကို မင်ဖြင့် ကိုယ်တိုင် ပြန်ဖျက်ရသည်။
MSDF စခန်း၏ အထွေထွေ ကြီးကြပ်ထိန်းသိမ်းရေး အဖွဲ့ဝင်များက တလတခါ စာကြည့်တိုက် အငှားစာရင်းကို ပြန်လည် စစ်ဆေးသည့်အခါ၌ စာအုပ်ငှား ရက်လွန်သွားသူများရှိလျှင် စာအုပ်လိုက်တောင်းရလေ့ရှိကြောင်း ရဲဘော် ကျန်ရစ်က ဆိုသည်။
၎င်းက “ကျနော်တို့ တပ်စခန်းထဲမှာတော့ မဖြစ်မနေ လာအပ်ကြပါတယ်။ အပြင်က လာငှားတဲ့သူတွေကတော့ စာအုပ် ငှားပြီး မေ့သွားတာ ရှိတယ်။ ရှေ့တန်းမသွားခင် စာအုပ်ဖတ်တယ်။ စာအုပ်တွေ အပ်ဖို့မေ့ကျန်ခဲ့တာတွေ ရှိတယ်။ ကျနော်တို့က စာအုပ်တွေ လာမအပ်ရင်တော့ လိုက်တောင်းရတာပေါ့ဗျာ” ဟု ပြောသည်။
စာကြည့်တိုက်လေးတွင် ကိုဂျင်မီ၏ နာမည်ကျော်စာအုပ်များ ဖြစ်သော “ဝဲဩဃမှာ တေးသံပြိုင်လို့” ကဲ့သို့ ဝတ္ထု စာအုပ်များအပြင် စာရေးဆရာ TIM ၏ အင်းနားချိုင်း၊ ဦးပုကလေးရေးသည့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ် များ၊ မင်းသိင်္ခ၏ ဘာဘာ ဘာမှမသိဘူး ကဲ့သို့ ဝတ္ထုများ၊ မွန်တော်လှန်ရေးခေါင်းဆောင် နိုင်ပန်းသာ၏ တော်လှန်ရေး မှတ်တမ်းကဲ့သို့ စာအုပ်များ၊ မွန်ဘာသာစကားလေ့လာသည့် စာအုပ်များလည်း ရှိသည်။
စာကြည့်တိုက်က ပိုင်ဆိုင်သည့် စာအုပ် ၁၀၀ ခန့် ရှိသော်လည်း စာအုပ်ကို အကုန်မထုတ်ဘဲ ဆယ်ဂဏန်းခန့်သာ စာအုပ်စင်တွင် တင်ထားလေ့ရှိသည်။ တင်ထားသည့် စာအုပ်များအား စာဖတ်သူ အတော်များများ ဖတ်ပြီး၍ ရိုးလာ သည့်အခါမှသာ သိမ်းထားသည့် စာအုပ်များနှင့် လဲလှယ်ပေးလေ့ ရှိကြောင်း ရဲဘော်ကျန်ရစ်က ပြောသည်။
စာကြည့်တိုက်သည် လက်ရှိကာလအထိ လူ ၁၀၀ ကျော်အား စာအုပ်ငှားပေးထားပြီး အဖတ်အများဆုံး စာအုပ်များမှာ နိုင်ငံရေးစာအုပ်များ ဖြစ်ကြောင်း ရဲဘော်ကျန်ရစ်က “ငှားတာကတော့ ပေါင်းစုံပဲပေါ့။ အများဆုံးဖတ်တာက နိုင်ငံရေး ဖြစ်တဲ့ ဒီမိုကရေစီအကြောင်းတို့၊ ဖက်ဒရယ်အကြောင်းတို့ ငှားပြီး ဖတ်ကြတာများတယ်” ဟု ဆိုသည်။
စာကြည့်တိုက်အတွက် အဓိက အခက်အခဲမှာ စာအုပ်သယ်ယူရ မလွယ်ကူခြင်း ဖြစ်သည်။ စာအုပ်များကို မြန်မာပြည် အတွင်းမှ သယ်ယူသည့်အခါ စစ်ကောင်စီ၏ လုံခြုံရေးတင်းကျပ်သော စစ်ဆေးရေးဂိတ်များကို ဖြတ်ကျော်ရသဖြင့် နိုင်ငံရေးစာအုပ်များ တွေ့ရှိပါက ဖမ်းဆီးစစ်ဆေး ခံရနိုင်သည်။
ထို့ကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်ဆေးမှုတင်းကျပ်သည့် ကာလများတွင် စာအုပ်များကို ချက်ချင်းသယ်မရဘဲ ၁ လကျော်၊ ၂ လ ကြာသည်ထိ အချိန်စောင့်ဆိုင်းပြီး အစစ်အဆေး လျော့နည်းသည့် ကာလများတွင်မှ သယ်ထုတ်ရ သည်။
ကိုဂျင်မီ စာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် ကူညီပေးနေသည့် ကဗျာဆရာ ကိုအေမွန်က “စာအုပ်က အဲဒီကို ရောက်ဖို့ မလွယ်ဘူးဗျ။ ပြည်တွင်းကနေ ကျနော်တို့ သယ်ရတဲ့အခါမှာ တနေရာမှာ စုရသေးတယ်။ ပြီးရင် ကျနော်တို့ က စာအုပ်တွေ ထပ်နေမှာစိုးလို့ ပြန်စစ်ရသေးတယ်။ ခက်ခက်ခဲခဲ သယ်ရတာဖြစ်တဲ့အတွက် တချို့က အိမ်ရှင်းသလို၊ စာအုပ်စင် ရှင်းသလိုမျိုး လှူတတ်တယ်။ အဲဒါမျိုးကတော့ နည်းပါတယ်။ အဲဒီလို ဖြစ်မှာစိုးလို့ စိစစ်ပြီး ကျကျနနသယ်ရ တယ်။ ကိုယ်နဲ့သယ်တဲ့ ကယ်ရီရှိတဲ့ရက်ကို စောင့်ရတယ်။ ကယ်ရီက တောထဲအထိ လာရတာဆိုတော့ သူအဆင်ပြေ မယ့်ရက်ကို ကိုက်ပြီး ကျကျနန လုပ်ရတာပေါ့” ဟု ဆိုသည်။
အချို့စာအုပ်များကိုမူ ထိုင်းနိုင်ငံသို့ ဦးစွာပို့ဆောင်ရပြီး ထိုင်းနိုင်ငံမှတဆင့် နယ်စပ်ဖြတ်ကျော်ကာ တောတွင်းစခန်းထိ ရိက္ခာအထောက်အပံ့များ လာပို့မည်သူနှင့် ချိတ်ဆက်၍ သယ်ယူရမှုများလည်း ရှိကြောင်း ၎င်းက ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ဆိုရင် ၈ လေးလုံးအမီ စာကြည့်တိုက် ဖွင့်ချင်တော့ တချို့စာအုပ်တွေ ဆိုရင် မိုးတွင်း ကြီးထဲ သယ်ရတယ်။ တချို့စာအုပ်တွေဆိုရင် စာအုပ်ထောင့်စွန်းလေးတွေမှာ ရေတွေစိုလာတာတွေ ရှိတယ်။ အခု တော့လည်း စာကြည့်တိုက်က အဆင်ပြေနေပါပြီ” ဟု ဆိုသည်။
ကိုဂျင်မီ့ စာကြည့်တိုက်မှ မကြာခဏ စာအုပ်ငှားဖတ်လေ့ရှိသည့် MSDF တပ်ဖွဲ့ဝင် အသက် ၂၄ နှစ်အရွယ် ရဲဘော် ဖိုးသားကလည်း MSDF တပ်ဖွဲ့တွင် စာကြည့်တိုက်လေး ရှိနေသဖြင့် တပ်ဖွဲ့ဝင်များအတွက် မပျင်းရဘဲ ဗဟုသုတ ရှာဖွေလေ့လာနိုင်သည့် အခွင့်အရေးတရပ် ရှိနေကြောင်း ပြောပြသည်။
၎င်းက “မသိသေးတဲ့အရာတွေ၊ ဗဟုသုတတွေ ရှာဖွေလို့ရတယ်ပေါ့။ ကိုယ်က ဖတ်ပြီးရင်လည်း ကိုယ်ဖတ်ထားတဲ့ အကြောင်းအရာတွေကို ဝိုင်းဖွဲ့စကားပြောပြီး အသိပညာ ဖလှယ်လို့ရတယ်” ဟု ဆိုသည်။
ရဲဘော်ဖိုးသားက ၎င်းအနေဖြင့် တာဝန်အားလပ်ချိန်များတွင် စာကြည့်တိုက်မှ စာအုပ်ငှားလေ့ရှိပြီး လက်ရှိအချိန်ထိ စာအုပ်ပေါင်း ၃၀ ခန့် ဖတ်ထားကြောင်း၊ ၎င်း ဖတ်ထားသည့် စာအုပ်များထဲမှ သဘောကျသည့် စာပိုဒ်များကိုလည်း ဗလာစာအုပ်အလွတ်တခုဖြင့် ရေးမှတ်လေ့ရှိကြောင်း ပြောပြသည်။
၎င်းက “အဓိကကတော့ စခန်းမှာရှိတဲ့အချိန်ဆို စာအုပ်ဖတ်ဖြစ်တယ်။ ဖုန်းတွေဘာတွေ ပေးမသုံးဘူးပေါ့။ လိုင်းအခက် အခဲရယ်၊ လုံခြုံရေးကြောင့်ရယ်ပေါ့။ အားတဲ့အချိန်မှာ စာအုပ်တွေပဲ ဖတ်ဖြစ်တယ်။ များသောအားဖြင့် ကဗျာတို့၊ ဝတ္ထု တိုတို့ ဖတ်ပါတယ်။ ကဗျာတွေ၊ အက်ဆေးတွေပေါ့။ ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူလိုဟာမျိုးတွေ ဖတ်ဖြစ်တယ်” ဟု ဆိုသည်။
MSDF စခန်း၏ အထွေထွေ ကြီးကြပ်ထိန်းသိမ်းရေး တာဝန်ယူထားသည့် ရဲဘော်ကျန်ရစ်ကလည်း တပ်ဖွဲ့ဝင်များ အနေဖြင့် စစ်တိုက်ခြင်း၊ နောက်တန်းပြန်ကာ နားခြင်းများဖြင့် မလုံလောက်ဘဲ မည်သည့်အတွက်ကြောင့် လက်နက် ကိုင်တော်လှန်ရေး လုပ်နေရသည်ဆိုခြင်းကိုလည်း ရှင်းရှင်းလင်းလင်း သိရန်လိုအပ်ကြောင်း ဆိုသည်။
ထိုသို့ သိမြင်နိုင်ရန်အတွက် တော်လှန်ရေးခေါင်းဆောင်များ၊ နိုင်ငံရေးကျွမ်းကျင်သူများ၏ ဟောပြောဆွေးနွေးချက်များ ကို နားထောင်ရန်လိုပြီး ယင်းဟောပြောချက်များကို နားထောင်နိုင်ရေး အခြေခံဗဟုသုတ လိုအပ်ကြောင်း ၎င်းက ရှင်းပြသည်။
အခြေခံဗဟုသုတ ကြွယ်ဝရန် စာဖတ်ခြင်းသည် အရေးပါသည့် အလေ့အထတရပ်ဖြစ်ပြီး တပ်ဖွဲ့ဝင်များ ဗဟုသုတ ရှာဖွေနိုင်ရန် ရည်ရွယ်ကာ ယခုကဲ့သို့ စာကြည့်တိုက် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းလည်း ရဲဘော်ကျန်ရစ်က ပြောသည်။
၎င်းက “ကျနော်တို့က စစ်တိုက်မယ်။ ရှေ့တန်းသွားမယ်။ ပြန်လာမယ်။ အိပ်မယ်စားမယ် လုပ်လို့မရဘူး။ နိုင်ငံရေး အပြောင်းအလဲ ဘယ်လို ဖြစ်လာနိုင်သလဲ။ စကစဘက်က အခုဆိုရင် ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေတာ ရှိတယ်။ ERO တွေနဲ့ တွေ့ဆုံတာတွေ ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး လေ့လာဖို့ဆိုရင် ကျနော်တို့မှာ အထွေထွေဗဟုသုတ ရှိဖို့လို တယ်။ မရှိရင် ကျနော်တို့က ဒီဟာရဲ့ အနက်အဓိပ္ပာယ်ကို သိမှာမဟုတ်ဘူး။ သိဖို့အတွက် လေ့လာရတယ်။ စာဖတ်ရ တယ်” ဟု ဆိုသည်။
ရဲဘော်ကျန်ရစ်က ၎င်းအနေဖြင့် စစ်အာဏာရှင်အားတော်လှန်ရေး လုပ်ငန်းများ လုပ်ဆောင်ရင်း တဖက်တွင်လည်း ရဲဘော်များ အထွေထွေဗဟုသုတ ရှာဖွေနိုင်ရန် စာအုပ်ငှားပေးသည့်အလုပ်ကို ဆက်လက် လုပ်ဆောင်သွားမည်ဟု လည်း ဆိုသည်။
“လိုအပ်နေတဲ့ စာအုပ်တွေရနိုင်ဖို့ တတ်နိုင်သမျှ ရှာဖွေနေတာ ရှိတယ်။ စာအုပ်တွေကိုလည်း ထပ်ဖြည့်သွားမယ်။ စာကြည့်တိုက်လေးက ကျနော်တို့အတွက် ကောင်းကျိုးတွေ အများကြီး ရှိတယ်ပေါ့။ ကျနော်တို့နေရာက အမြဲတမ်း အင်တာနက် ရနေတာ မဟုတ်ဘူး။ ဒါကြောင့် ပြင်ပ အထွေထွေဗဟုသုတ ဆိုတာလည်း ဒီထဲမှာ နည်းတယ်။ တော် လှန်ရေးပြီးတဲ့အခါ ကျနော်တို့ဘဝ အနာဂတ်အတွက် ဘာလုပ်ချင်သလဲ ဆိုတာမျိုးတွေက စာအုပ်ထဲက ရှာဖွေလို့ရတယ်။ ဒီအတွက် ကျနော် ဆက်လုပ်သွားမယ်” ဟု ရဲဘော်ကျန်ရစ်က သူ့ခံယူချက်ကို ပြောပြသည်။
ကရင်ပြည်နယ် လေးကေ့ကော်တွင် တော်လှန်ရေးရဲဘော်များ ပထမဆုံးဖွင့်သည့် စာကြည့်တိုက်ဟု ဆိုနိုင်သော စာကြည့်တိုက်မှာ နွေဦးတော်လှန်ရေးကာလ အစောပိုင်းတွင် နေပြည်တော်၌ ရဲတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည့် မမြသွဲ့သွဲ့ခိုင်ကို ရည်စူးသည့် စာကြည့်တိုက် ဖြစ်သည်။
လေးကေ့ကော်ကို စစ်ကောင်စီတပ်များ ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီးနောက်တွင် ယင်းစာကြည့်တိုက်မှာ ပျက်စီးသွား ခဲ့ပြီ ဖြစ်ကြောင်း ကရင်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ကရင်ပြည်နယ်တွင် ကိုဂျင်မီ စာကြည့်တိုက်ကဲ့သို့ပင် ကဗျာဆရာမောင်ဆောင်းခ ဦးဆောင်သည့် ဗမာပြည်သူ့လွတ် မြောက်ရေးတပ် (BPLA) က ဖွင့်ထားသော စာကြည့်တိုက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) က ဖွင့်ထားသော ဖန်မီးအိမ်စာကြည့်တိုက် စသည့် စာကြည့်တိုက်များလည်း ရှိသည်။
ယင်းစာကြည့်တိုက်များနှင့်အတူ ကိုဂျင်မီ့အတွက် အမှတ်တရ စာကြည့်တိုက်လေးသည်လည်း တော်လှန်ရေး ရဲဘော်များအတွက် သုတ၊ ရသ စသည့် ဉာဏခွန်အားများပေးရန် ဆက်လက် တည်ရှိနေဦးမည်ဟု မျှော်လင့်ရပေသည်။ ။
You may also like these stories:
People of the Year 2022 သို့မဟုတ် ၂၀၂၂ ခုနှစ်ထဲက ထင်ရှားသူများ
ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါ ၄ ဦးအတွက် ဆွမ်းကပ်သူများ တိုက်ပိတ်ခံရ
ကြီးကျယ်မြင့်မြတ်တဲ့ သေဆုံးခြင်းများစွာနဲ့ နိုင်ငံတော်
ကြိုးပေးခံရတဲ့ လှိုင်သာယာက အညတရ သူရဲကောင်းနှစ်ဦး