ဆောင်းပါး

ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၁

ကိုးကန့်တရုတ်

ကိုးကန့်ဆိုသည်နှင့် တရုတ်လူမျိုးဟု ပြေးမြင်ကြသည်သာဖြစ်၏။ ကိုးကန့်တို့သည် တရုတ်ပြည် မင်မင်းဆက် ကျရှုံးပြီးနောက် မင်မင်းဆက်အား သစ္စာခံသူ အဆက်အနွယ်များက နန်ကျင်းမှ ယူန်ပြည်နယ်ကို ကျော်ဖြတ်၍ လက်ရှိ ကိုးကန့်ဒေသတွင် အခြေစိုက်သူများဟုဆိုကြ၏။ ကိုးကန့်ဒေသ တာရွှေထန်သို့ ၁၇၃၉ ခုနှစ်တွင် ယန်ရှင်းဆိုက် ဦးစီးသည့်မိသားစုများ စတင်အခြေချသည်။ (ကိုးကန့်တို့၏ မူလဇာတိသည် စစ်ချွမ်း‌ပြည်နယ်မှဟု ဆိုကြသည်ကိုလည်း‌ တွေ့ရ၏။)

ထိုမှစ၍ ယန်မိသားစုက ကိုးကန့်တွင် စတင်အခြေချသူနှင့် အုပ်ချုပ်သူများ ဖြစ်လာခဲ့၏။ ၁၈၄၀ ပြည့်နှစ်တွင် ယန်ရှင်းဟွာ၏မျိုးဆက် ယန်ကော့ဟွာ လက်ထက်တွင် ကိုးကန့်မြို့စားအဖြစ် ချင်မင်းဆက်က စတင် အသိအမှတ်ပြုခဲ့သည်။ ထိုအချိန်ထိ ကိုးကန့်သည် ချင်အင်ပါယာတွင်း၌ ရှိသည်ဟုဆိုရမည်။ ယန်ကော့ဟွာကို ဆက်ခံသည့် ယန်ကော့ကျင် လက်ထက်တွင် ဗမာပြည်ကို သိမ်းပိုက်ခဲ့သည့် ဗြိတိသျှအစိုးရနှင့် စတင်ဆက်ဆံသည်ကို တွေ့ရ၏။ ဗြိတိသျှအစိုးရက အထက်ဗမာပြည်ကို သိမ်းပိုက်ပြီးနောက် ၁၈၉၇ ခုနှစ် တရုတ်နှင့် ဗြိတိသျှအစိုးရ သဘောတူစာချုပ်အရ ကိုးကန့်ဒေသအား ဗြိတိသျှဘားမား လက်အောက်ခံအဖြစ် တရုတ်အင်ပါယာက အသိအမှတ်ပြုခဲ့သည်။

သမိုင်းကြောင်းကို ကြည့်ပါက ကိုးကန့်မြို့စားနယ်အဖြစ် အသိအမှတ်ပြုခံရသည်မှာ နှစ် ၂၀၀ နီးပါးရှိခဲ့ပြီး ဗြိတိသျှဘားမားလက်အောက် မြန်မာပြည်နယ်နိမိတ်အတွင်း ပါခဲ့သည်မှာ ၁၂၆ နှစ် ရှိခဲ့ပြီဖြစ်၏။

ထိုစဉ်ကစ၍ ကိုးကန့်ဒေသသည် ဗြိတိသျှဘားမား လက်အောက်ခံ ရှမ်းစော်ဘွားနယ်တခုဖြစ်သော သိန္နီမြောက်ပိုင်းစော်ဘွား နယ်အတွင်းမှ ကိုးကန့်မြို့စားနယ်တခု ဖြစ်လာခဲ့၏။ ဒုတိယကမ္ဘာစစ်ပြီးစ ကာလတွင် ကိုးကန့်တို့၏ တောင်းဆိုမှုကြောင့် ဗြိတိသျှတို့က ကိုးကန့်နယ်အား သီးခြားစော်ဘွားနယ်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ဤသမိုင်းကြောင်းကို ကြည့်ပါက ကိုးကန့်မြို့စားနယ်အဖြစ် အသိအမှတ်ပြုခံရသည်မှာ နှစ် ၂၀၀ နီးပါးရှိခဲ့ပြီး ဗြိတိသျှဘားမားလက်အောက် မြန်မာပြည်နယ်နိမိတ်အတွင်း ပါခဲ့သည်မှာ ၁၂၆ နှစ် ရှိခဲ့ပြီဖြစ်၏။

ကိုးကန့်ဒေသ

ကိုးကန့်ဒေသသည် မြန်မာပြည်၏အရှေ့မြောက်ဘက် ရှမ်းပြည်နယ်၏ မြောက်ပိုင်းတွင် ရှိသည်။ ကိုးကန့် ဒေသအများစုမှာ တောင်တန်းထူထပ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ ပေ ၃,၀၀၀ ခန့် အမြင့်ရှိသည်။ အမြင့်ဆုံးတောင်မှာ အမြင့်ပေ ၇,၆၀၀ ခန့်ရှိသည်။ ပေ ၅,၀၀၀၊ ပေ ၆,၀၀၀ ရှိသော တောင်များလည်း မနည်းလှပေ။ တကျော့ပြန် ကိုးကန့်စစ်ပွဲကာလက နာမည်ကြီးခဲ့သော လုန်ထန်တောင်ကြော၊ ပွိုင့် ၂၀၂၂ ခေါ် နန်ထင်မင်စမ်း ခေါ် ကောင်းကင်ဘုံ တောင်ဘက်တံခါးပေါက်ဟု အမည်ရသော တောင်များသည် ပေ ၆,၀၀၀ ကျော်မြင့်သော တောင်များဖြစ်သည်။ ကိုးကန့်ဒေသ၌ လောက်ကိုင်၊ ယန်လုံကျိုက် တကြောတွင်သာ မြေပြန့်ရှိ၏။

MNDAA တပ်ဖွဲ့ဝင်များ / Global Times

အကျဉ်းဆိုရလျှင် ကိုးကန့်ဒေသသည် ကွန်လုံ၏မြောက်ဘက် သံလွင်မြစ်နှင့်တရုတ်နယ်စပ်ကြားရှိ ကျဉ်မြောင်းပြီး တောတောင်ထူထပ်သည့်ဒေသ ဖြစ်၏။ တောင်တန်းများပေါ်တွင် ရေရှားပါ၏။ စိုက်ပျိုးရန် ခက်ခံသည့်ဒေသ ဖြစ်သည်။ ထို့ကြောင့် ဘိန်းစိုက်ပျိုးရာဒေသ ဖြစ်ခဲ့၏။

ကိုးကန့်တွင် ကိုးကန့်တရုတ်ဒေသခံ အများစုနေထိုင်ပြီး ဒုတိယအများစုမှာ ပလောင်လူမျိုးများဖြစ်ကာ ကျန်လူမျိုးများမှာ အနည်းစုဖြစ်သည်။ ကိုးကန့်တရုတ်တို့သည် တရုတ်စကားပြောကြသည် ဆိုသော်လည်း ဒေသိယအသံ သိသိသာလွှမ်းမိုး၍ တဘာသာအသံထွက်နေ၏။ ပုံမှန် တရုတ်စံစကားကိုသာ ပြောတတ်သူများ နားလည်နိုင်ခြင်း မရှိပေ။ ထို့ကြောင့်လည်း ကိုးကန့်စကားဟု အလွယ်ပြောဆိုကြ၏။ သို့သော်လည်း စာကမူ တရုတ်စာကို အသုံးပြုကြသည်။ လက်ရှိ နယ်စပ်ဒေသကုန်သွယ်ရေး ဖွင့်လှစ်ခြင်း၊ လောက်ကိုင်၌ ကာစီနိုရုံများ ပေါ်လာခြင်း၊ ကြံစိုက်ပျိုးမှု များပြားလာခြင်းတို့နှင့်အတူ ကိုးကန့်ဒေသတွင် ရွှေ့ပြောင်းလုပ်သားများစွာ ဝင်ရောက်လာသည်ကို တွေ့ရ၏။

လက်ရှိကာလတွင် ကိုးကန့်ဒေသခံလူဦးရေသည် မများလှပေ။ လားရှိုး၊ မန္တလေး၊ ရန်ကုန် အစရှိသည့် ရေကြည်ရာမျက်နုရာသို့ ပြောင်းရွှေ့ကြသူများ၊ စစ်ပွဲများကြောင့် ပြောင်းရွေ့ကြရသူများကြောင့် ကိုးကန့်နယ်အတွင်း လူဦးရေ လျော့ကျလျက်ရှိ၏။ တသိန်းအောက်တွင်သာ ရှိမည်ဟု ခန့်မှန်းရ၏။

ချုပ်၍ ဆိုရလျှင် ကိုးကန့်တောင်တန်းဒေသသည် တောထောင်ထူထပ်၏။ စိုက်ပျိုးမြေ ခက်ခဲ၏။ ရေရှားပါး၏။ ကိုးကန့်လူဦးရေလည်း နည်းပါး၏။ ကိုးကန့်သားတို့သည် တောတောင်ထူထပ်သော ထိုဒေသတွင် ကောက်ရိုးဖိနပ်၊ မြက်ဖိနပ်စီး၍ ပင်ပန်းကြီးစွာ အသက်မွေးပြီး ရပ်တည်ခဲ့ကြရ၏။ ၁၉၇၅ ခုနှစ်အထိ ကိုးကန့်ဒေသ၏ ရိက္ခာဖူလုံမှုမှာ တနှစ်လျှင် ၇ လခန့်သာ ရှိ၏။ ကျန် ၅ လအတွက် ပြောင်းဖူးကြမ်းများကို ကြိတ်၍ရသည့် ပြောင်းထမင်းဖြင့် ဖြတ်သန်းရ၏။ သို့သော် ထိုသို့သော ကိုးကန့်‌ဒေသနှင့် ပတ်သက်၍လည်းကောင်း၊ ကိုးကန့်၏ ကိုယ်ပိုင်လက္ခဏာနှင့် ပတ်သက်၍လည်းကောင်း အခက်အခဲအမျိုးမျိုးကြား၊ စစ်ပွဲအမျိုးမျိုးကြားမှ ကိုးကန့်သားတို့ ကျားကုတ်ကျားခဲ ရပ်တည်ဖက်တွယ်မှုကမူ ထူးခြားမှုတခုဟု ဆိုရမည်။

ကိုးကန့်သားတို့သည် တောတောင်ထူထပ်သော ထိုဒေသတွင် ကောက်ရိုးဖိနပ်၊ မြက်ဖိနပ်စီး၍ ပင်ပန်းကြီးစွာ အသက်မွေးပြီး ရပ်တည်ခဲ့ကြရ၏။ ၁၉၇၅ ခုနှစ်အထိ ကိုးကန့်ဒေသ၏ ရိက္ခာဖူလုံမှုမှာ တနှစ်လျှင် ၇ လခန့်သာ ရှိ၏။ ကျန် ၅ လအတွက် ပြောင်းဖူးကြမ်းများကို ကြိတ်၍ရသည့် ပြောင်းထမင်းဖြင့် ဖြတ်သန်းရ၏။

ကိုးကန့်စော်ဘွားနှင့် ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့

အစဉ်အလာအားဖြင့် ကိုးကန့်ဒေသသည် ၁၉၅၉ ခုနှစ် စော်ဘွားများ အာဏာစွန့်လွှတ်ရသည်အထိ ကိုးကန့်စော်ဘွားက အုပ်ချုပ်ပြီး ကိုးကန့်စော်ဘွား၏ အုပ်ချုပ်ရေးအား အထောက်အကူပြုရသည့် ကိုးကန့် ကာကွယ်ရေးတပ် ရှိ၏။ ကိုးကန့်စော်ဘွားနှင့် ကိုးကန့်ကာကွယ်ရေးတပ်သည် ကိုးကန့်ဒေသအား နှစ်ပေါင်းရာနှင့်ချီ၍ အုပ်ချုပ်ခဲ့ကြ၏။

ရှမ်းပြည်အရှေ့မြောက်ပိုင်းက ကိုးကန့်ဒေသပြ မြေပုံ/SCMP

၁၉၅၉ ခုနှစ် စော်ဘွားများ အာဏာစွန့်ရသည်မှစ၍ ကိုးကန့်တို့ ပုန်ကန်မှုစတင်၏။ အဓိက ကိုးကန့်စော်ဘွားနှင့် သူ၏ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်ကြ၏။ ပုန်ကန်မှုစပြီး များမကြာမီ ဂျင်မီယန်း၊ အော်လစ်ယန်းစသည့် ကိုးကန့်စော်ဘွားမိသားစုက ပုန်ကန်မှုကို စွန့်ခွာသွားခဲ့ကြ၏။ သို့သော် ကိုးကန့်ကာကွယ်ရေးခေါင်းဆောင် ဖုန်ညီအစ်ကိုကမူ မစွန့်လွှတ်ခဲ့ပေ။

ကိုးကန့် ပုန်ကန်မှုကို စတင်စဉ်က ကိုးကန့်ကာကွယ်ရေး ခေါင်းဆောင်များမှာ ဖုန်ကြားရှင်၊ ဖုန်ကြားဖူ ညီအစ်ကိုများဖြစ်ကြပြီး ကိုးကန့်ဒေသ ဟုန်စစ်ထိုးဟော်ရွာ (ကျောက်တုံးနီရွာ) မှ ဖြစ်ကြ၏။ ဖုန်ကြားရှင်တို့ ကိုးကန့်ကာကွယ်ရေးတပ်များသည် ကိုးကန့်စော်ဘွားနွယ်များ ပုန်ကန်မှုကို စွန့်ခွာပြီးနောက် ကိုးကန့်နှင့်တရုတ်နယ်စပ်တွင် ခက်ခဲစွာရပ်တည်ခဲ့ကြသည်။

၁၉၆၇ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ အောင်သွယ်ပေးမှုကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ချိတ်ဆက်မိခဲ့ပြီး ဗကပ ပြည်သူ့တပ်မတော် တပ်ဖွဲ့ဝင်များအဖြစ် ပါဝင်တိုက်ခိုက်ရန် သဘောတူခဲ့ကြ၏။

၁၉၆၇ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ အောင်သွယ်ပေးမှုကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ချိတ်ဆက်မိခဲ့ပြီး ဗကပ ပြည်သူ့တပ်မတော် တပ်ဖွဲ့ဝင်များအဖြစ် ပါဝင်တိုက်ခိုက်ရန် သဘောတူခဲ့ကြ၏။ သို့သော် ထိုစဉ်ကတည်းက ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခြင်းမပြုရန် ဆုံးဖြတ်ထားခဲ့ကြ၍ ဗကပ က သူတို့အား ဒီမိုကရေစီပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ပေးခဲ့၏။ ဤသို့ဖြင့် ဖုန်ကြားရှင်နှင့် ကိုးကန့်တို့သည် ၁၉၆၈ မှစ၍ ဗကပ၊ ပြည်သူ့တပ်မတော် တပ်ဖွဲ့ဝင်များ ဖြစ်လာခဲ့သကဲ့သို့ ကိုးကန့်ဒေသသည်လည်း ဗကပ၊ အရှေ့မြောက်စစ်ဒေသ လက်အောက်ခံ ကိုးကန့်ခရိုင် ဖြစ်သွားခဲ့၏။

ကိုးကန့်နှင့် လော်စစ်ဟန်

ဖုန်ကြားရှင်တို့ ဗကပနှင့်ပေါင်းသွားသည်ကို ရင်ဆိုင်ရန် မြန်မာစစ်တပ်ကလည်း ကိုးကန့်သားတဦးကို ကာကွယ်ရေးတပ် ဖွဲ့စည်းစေပြီး ပြန်လည်ရင်ဆိုင်ခဲ့သည်။ ထိုသူက အစဉ်အလာအားဖြင့် ကိုးကန့်စော်ဘွား အုပ်ချုပ်ရေး၊ လက်နက်ကိုင် ကာကွယ်ရေးတို့တွင် မပါဝင်ခဲ့သော်လည်း ကိုးကန့်စီးပွားရေး၊ ကုန်သွယ်မှုတို့တွင် အရေးပါသည့် လော်စစ်ဟန်ဖြစ်၏။ ကိုးကန့်ထွက် ဘိန်းများကို ထိုင်းနယ်စပ်သို့ ပေးပို့ကုန်သွယ်နေသည့် လော်စစ်ဟန်သည် သူ၏စီးပွားရေးအရ မြန်မာစစ်တပ် ထိန်းချုပ်နယ်မြေများကို ဖြတ်သန်း သယ်ဆောင်နေသည်ဖြစ်ရာ မြန်မာ့စစ်တပ်နှင့် ပူးပေါင်းပြီး ကိုးကန့်ကာကွယ်ရေး တပ်ဖွဲ့တဖွဲ့အဖြစ် ရပ်တည်ခဲ့၏။

လောက်ကိုင်မြို့တွင်းတနေရာ

ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်အဖြစ်နှင့် ဘိန်းကုန်ကူးမှုလုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်ခဲ့သည်။ သူသည် ၁၉၇၀ ပြည့်လွန်များတွင် အာရှမူးယစ်ဈေးကွက်၌ နာမည်ကြီးသူတယောက်ဖြစ်သည်။ ရွှေတြိဂံမှ ဘိန်းဘုရင်ဟု လူသိများ၏။ မြန်မာစစ်တပ်အနေနှင့် ဗကပ ထိန်းချုပ်ရာ ကိုးကန့်ဒေသကို ပြန်လည်ရင်ဆိုင် ထိုးဖောက်ရန် လော်စစ်ဟန် ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်သော်လည်း လော်စစ်ဟန်က သူ၏ ကာကွယ်ရေးတပ်ဖွဲ့ကို ကြီးအောင်တည်ဆောက်ပြီး ထိုင်းနယ်စပ်သို့ ဘိန်းကုန်ကူးရာတွင် အသုံးပြုသည့်အပြင် နိုင်ငံတကာ မူးယစ်ဆေးလောကတွင်လည်း နာမည်ထွက်လာသည်ဖြစ်ရာ နောက်ဆုံး၌ သူ၏ ကာကွယ်ရေးတပ်ကို ဖျက်သိမ်း၍ လက်နက်အပ်ရန် မြန်မာစစ်တပ်က ညွှန်ကြားခဲ့၏။

လော်စစ်ဟန်လည်း ထိုင်းနယ်စပ်သို့ ထွက်ပြေးရာမှ ၁၉၇၃ ခုနှစ်၊ ဩဂုတ်လတွင် ထိုင်း၌ အဖမ်းခံခဲ့ရ၊ မြန်မာပြည်သို့ ပြန်လည်လွှဲပြောင်းပေးခံရပြီး နိုင်ငံတော်ပုန်ကန်မှုနှင့် သေဒဏ်ပေးခံရသည်။ သို့သော် ၁၉၈၀ တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွတ်လာခဲ့၏။ ဤကား ကိုးကန့်၏ အခြားမျက်နှာစာတခု ဖြစ်၏။

ကိုးကန့်ပုန်ကန်မှု

၁၉၈၉ ခုနှစ်၊ မတ်လတွင် ဖုန်ကြားရှင်ခေါင်းဆောင်သည့် ကိုးကန့်တို့ ဗကပအား စတင်ပုန်ကန်ခဲ့သည်။ ကိုးကန့်ဒေသတွင်သာမက သံလွင်မြစ်အနောက်ခြမ်းရှိ ဗကပမြောက်ပိုင်း ဗျူရိုလက်အောက်ခံ မုံးကိုး-ဖောင်းဆိုင်ဒေသ၊ မုံးယား-မုံးဟောင်ဒေသများကိုပါ ထိန်းချုပ်နိုင်ခဲ့၏။ ပုန်ကန်သော ကိုးကန့်တပ်အား တရုတ်ဘာသာဖြင့် ထုန်မုန်ကျွင်း (မြန်မာပြည် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – MNDAA) ဟု ပြောင်းလဲခေါ်ဆိုခဲ့၏။

မြန်မာစစ်တပ်ကလည်း အော်လစ်ယန်း၊ လော်စစ်ဟန်စသည့် အစိုးရထိန်းချုပ်မှု အောက်တွင်ရှိသည့် ကိုးကန့်များမှတဆင့် ဆက်သွယ်ပြီး အပစ်အခတ်ရပ်စဲခဲ့၏။ ကိုးကန့်ဒေသအား ရှမ်းပြည်နယ်အထူးဒေသ ၁ အဖြစ် ၁၉၈၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် သတ်မှတ်ပေးခဲ့၏။

မြန်မာစစ်တပ်ကလည်း အော်လစ်ယန်း၊ လော်စစ်ဟန်စသည့် အစိုးရထိန်းချုပ်မှု အောက်တွင်ရှိသည့် ကိုးကန့်များမှတဆင့် ဆက်သွယ်ပြီး အပစ်အခတ်ရပ်စဲခဲ့၏။ ကိုးကန့်ဒေသအား ရှမ်းပြည်နယ်အထူးဒေသ ၁ အဖြစ် ၁၉၈၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် သတ်မှတ်ပေးခဲ့၏။ သို့နှင့် ဖုန်ကြားရှင်နှင့် အင်အား ၂,၇၀၆ ယောက်သည် ကိုးကန့်အထူးဒေသ ၁ အဖြစ် စတင်ရပ်တည်ခဲ့၏။ ကိုးကန့်ပုန်ကန်ပြီးနောက် အခြားအဖွဲ့များလည်း ဆက်တိုက် ပုန်ကန်ကြရာ အရှေ့မြောက်ဗကပ ပြိုကွဲသွားခဲ့ခြင်းနှင့်အတူ ကိုးကန့်နှင့် ဖုန်ကြားရှင်လည်း လူသိများခဲ့၏။

ဘိန်း၊ မူးယစ်ဆေးဝါးနှင့် ကိုးကန့်

ကိုးကန့်တောင်တန်းများသည် ဘိန်းနှင့်ပြောင်းဖူးသာ စိုက်ပျိုးဖြစ်ထွန်းသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ခေါင်လွန်းသည့် ကိုးကန့်ဒေသတွင် ယခင်ခေတ်အခါများက မည်သည့်အကူအညီမှ မရရှိခဲ့ရာ ကိုးကန့်သားများအတွက် ဘိန်းစိုက်ပျိုးခြင်းသည် ပုံမှန် အသက်အမွေးဝမ်းကြောင်း ဖြစ်လာ၏။ ဒေသခံကိုးကန့်သားများအဖို့ ဘိန်းကိုရောင်း၍ ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်၊ အသုံးအဆောင်များ ပြန်လည် ဝယ်ယူဖြည့်တင်းရသည်။ ဒေသတွင်း၌လည်း ဘိန်းဈေးက ကောင်းလှသည် မဟုတ်ပေ။ ဘိန်းစိုက်သူများအဖို့ ပုံမှန်စားဝတ်နေရေး ဖြေရှင်းနိုင်ရုံသာဖြစ်၏။

ကွယ်လွန်သူ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ကို ကိုးကန့်ကလေးငယ်များနှင့်အတူ တွေ့ရစဉ်

သို့သော် ၁၉၇၀ ပြည့်နှစ် ဝန်းကျင်မှစ၍ ထိုင်းနယ်စပ်သို့ ဘိန်းကုန်ကူးသည့် လုပ်ငန်းသည် အကျိုးအမြတ် များပြားသည့်လုပ်ငန်းဖြစ်ရာ ဘိန်းကုန်သည် တဦးချင်းရော၊ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးရော ပါဝင်လုပ်ကိုင်သည့် လုပ်ငန်းဖြစ်လာရာ မြန်မာစစ်တပ်နှင့်ပေါင်းသည့် ကိုးကန့်နှင့် မြန်မာစစ်တပ်ကို ခံတိုက်ခဲ့သည့် ကိုးကန့်တို့ပါ ထိုစီးပွားရေးတွင် ပါဝင်ခဲ့၏။

MNDAA အပစ်ရပ်ထားပြီးနောက် MNDAA ရော အကျိုးဆောင် ကိုးကန့်အဖွဲ့များကိုပါ နဝတ က အထူးအခွင့်အရေး ပေးထားသည်ဖြစ်ရာ ဘိန်းနှင့်ဘိန်းဖြူချက်လုပ်ငန်းများ၊ ဘိန်းထွက်သည့်ဒေသများကို ထိန်းချုပ်ထားသည့် MNDAA သည် ဒေသတွင် ကြီးထွားလာခဲ့၏။ အထူးစီးပွားရေး အခွင့်အရေးများနှင့် ဘိန်းစိုက်ခွင့်ကိုလည်း နဝတ က တရားမဝင် ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ကိုးကန့်နှင့် ဆက်စပ်ဒေသများတွင် တနှစ်အတွင်း ဘိန်းချက်စက်ရုံ ၁၇ ခုထက်မနည်း ပေါ်ပေါက်လာခဲ့သည်ဟု မှတ်တမ်းများအရ သိရ၏။

နောက်ပိုင်းတွင် ဓာတုဆေးဝါးများမှ ချက်လုပ်သည့် ယာမဆေး၊ မြင်းဆေး၊ ခေါင်းခါဆေး၊ ရေခဲဆေး စသည့် မူးယစ်ဆေးဝါး ဆေးမျိုးစုံ ပေါ်ပေါက်လာသည်။ ဘိန်းဖြူချက်လုပ်ခြင်းသည် ဒေသတွင်း ဘိန်းစိုက်ပျိုးမှုကို အခြေခံသော်လည်း ဓာတုမူးယစ်ဆေး ချက်လုပ်ခြင်းသည် ပြည်ပမှတင်သွင်းသည့် ဓာတုဆေးဝါးများပေါ် တည်မှီလာ၏။

ကိုးကန့်အပါအဝင် တောင်ပေါ်သားအချို့တွင် တွေ့ရသည့်အယူအဆမှာ တောင်ပေါ်တွင် ပင်ပန်းဆင်းရဲစွာဖြင့် တောင်ယာစိုက်ပျိုးခြင်း ကဲ့သို့သော အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်ပြီး ဘဝကို ဆင်းဆင်းရဲရဲ ဖြတ်သန်းမည်လော၊ သို့တည်းမဟုတ် သေတနေ့၊ မွေးတနေ့ သဘောထားစွန့်စားပြီး မူးယစ်ဆေးဝါး လုပ်ငန်းလုပ်ကာ ချမ်းသာကြွယ်ဝအောင် ပြုလုပ်မည်လောဆိုသည့် စဉ်းစားမှုဖြစ်၏။

တရုတ်ဘာသာ စကားဖြင့် “ပုဖာ စီး၊ ဖာခူး” ဟုဆိုကြ၏။ မြန်မာဘာသာဖြင့် “သေမှာမကြောက်၊ ဆင်းရဲမွဲတေမှာပဲ ကြောက်တယ်” ဆိုသည့် အဓိပ္ပာယ်ရ၏။ မြန်မာလို “သေလျှင်မြေကြီး ရှင်လျှင်ရွှေထီး” ဟု ဆိုရမည်။ ကြမ်းတမ်းစွာ အသက်မွေးဝမ်းကြောင်းရသည့် အခြေအနေတွင် ထွက်ပေါ်လာသည့် အယူအဆဖြစ်၏။

တရုတ်ဘာသာ စကားဖြင့် “ပုဖာ စီး၊ ဖာခူး” ဟုဆိုကြ၏။ မြန်မာဘာသာဖြင့် “သေမှာမကြောက်၊ ဆင်းရဲမွဲတေမှာပဲ ကြောက်တယ်” ဆိုသည့် အဓိပ္ပာယ်ရ၏။ မြန်မာလို “သေလျှင်မြေကြီး ရှင်လျှင်ရွှေထီး” ဟု ဆိုရမည်။ ကြမ်းတမ်းစွာ အသက်မွေးဝမ်းကြောင်းရသည့် အခြေအနေတွင် ထွက်ပေါ်လာသည့် အယူအဆဖြစ်၏။

မြန်မာစစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း များစွာရှိသည့် ရှမ်းပြည်တွင် လက်နက်ကိုင် အဖွဲ့အစည်းတိုင်းနှင့် ပူးပေါင်း၍ လုပ်၍ရသည့် စီးပွားရေးလုပ်ငန်းဖြစ်၏။ ထို့ပြင် ဤမူးယစ်ဆေးဝါးလုပ်ငန်းများမှ အရင်းအနှီးရှာပြီးနောက် အခြားစီးပွားရေး လုပ်ငန်းများသို့ ကူးပြောင်းရန်လည်း ရည်ရွယ်ကြသည်ဖြစ်ရာ မူးယစ်ဆေးဝါးလုပ်ငန်းကို အဖွဲ့အစည်းတခုအတွက်၊ မိသားစုတစုအတွက်၊ လူတဦးတယောက်အတွက် ကြီးမားသောအရင်းအနှီးကို လွယ်ကူမြန်ဆန်စွာ ရနိုင်သည့် လုပ်ငန်းအဖြစ် ရွေးချယ်ကြသည်။ သို့ဖြစ်ရာ ကိုးကန့်ဟုဆိုလျှင် ဘိန်း၊ မူးယစ်ဆေးဝါးနှင့် တွဲမြင်ကြ၏။

MNDAA ၏ အကွဲအပြဲများ

ဘိန်းနှင့် မူးယစ်ဆေးဝါး လုပ်ငန်းသည် အကျိုးအမြတ်ကြီးသကဲ့သို့ အပြိုင်အဆိုင်လည်း ကြီးမားသည်။ ထို့ပြင် လုပ်ပိုင်ခွင့်အာဏာသည်လည်း အရေးပါသည်ဖြစ်ရာ MNDAA အတွင်း ဂိုဏ်းအုပ်စုပြိုင်ဆိုင်မှု ကြီးမားလာပြီး အကွဲအပြဲများ ဖြစ်ပေါ်လာ၏။ အဓိကအားဖြင့် ဖုန်ကြားရှင် ညီအစ်ကိုများနှင့် ယန်မူလျန် ညီအစ်ကိုများကြား ပဋိပက္ခသည် ထိပ်ရောက်လာပြီး အချင်းချင်းထိပ်တိုက်တွေ့ဆုံကြသည်။ အပြန်အလှန် အာဏာသိမ်းရန် ကြိုးပမ်းလာခဲ့ကြရာ ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်ကြား သုံးနှစ်ကာလအတွင်း MNDAA ကိုးကန့်ခေါင်းဆောင်မှုအတွင်း ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်ခဲ့၏။

ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင် (ဝဲမှ တတိယ)၊ သူ့သားမက် စိုင်းလင်း (ဝဲမှ ပဉ္စမ) တို့အား ၁၉၉၀ ပြည့်များနှောင်းပိုင်းကာလ စစ်ခေါင်းဆောင် သန်းရွှေနှင့် ထောက်လှမ်းရေးမှူး ခင်ညွန့်တို့နှင့်အတူ

ထိုအကျိုးဆက်၏ ရလဒ်အဖြစ် ၁၉၉၅ ခုနှစ်တွင် တွေ့ရသည်မှာ ဖုန်ကြားရှင်ညီအစ်ကိုတို့ ကိုးကန့်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့၏။ ယန်မူလျန်ညီအစ်ကိုနှင့် ၎င်းတို့အား ထောက်ခံသူများ ကိုးကန့်ဒေသမှ ထွက်ခွာခဲ့ရသည်။

သို့သော် ကိုးကန့်အကွဲအပြဲအပေါ် အခွင့်ကောင်းယူ၍ အနှစ် ၂၀ ကျော် မြန်မာစစ်တပ် ဝင်ရောက်နိုင်ခြင်းမရှိသည့် ကိုးကန့်ဒေသတွင်းသို့ မြန်မာစစ်တပ်များ ဝင်ရောက်အခြေချ တပ်စွဲထားနိုင်ခဲ့၏။ MNDAA ခွဲထွက်စဉ်က ချုပ်ကိုင်ထားနိုင်ခဲ့သည့် သံလွင်မြစ်အနောက်ခြမ်း မုန်းကိုးဒေသကိုလည်း မုန်ဆာလ ဦးဆောင်သည့် ကချင်အမျိုးသားရေးအခြေပြု မုံးကိုးကာကွယ်ရေးတပ်မတော် (MDA) က ခွဲထွက်ပြီး ချုပ်ကိုင်သွားနိုင်ခဲ့သည်ကို တွေ့ရ၏။ MNDAA အနေနှင့် သံလွင်အနောက်ခြမ်း မုံးကိုးဒေသကို စွန့်လွှတ်လိုက်ရ၏။

ထို့ပြင် နိုင်ငံရေးအရ အရေးပါသည့်အချက်မှာ MNDAA တပ်ဖွဲ့အတွင်း ကိုးကန့်၏ ကိုယ်ပိုင်လက္ခဏာကို သီးသန့်ရပ်တည် ထိန်းသိမ်းလိုသူများနှင့် မြန်မာစစ်တပ်နှင့်ပူးပေါင်းရပ်တည်ရန် စဉ်းစားသူများ စတင်၍ သိသိသာသာ သဘောထားကွဲလွဲလာသည်ကို တွေ့ရ၏။

နိုင်ငံရေးအရ အရေးပါသည့်အချက်မှာ MNDAA တပ်ဖွဲ့အတွင်း ကိုးကန့်၏ ကိုယ်ပိုင်လက္ခဏာကို သီးသန့်ရပ်တည် ထိန်းသိမ်းလိုသူများနှင့် မြန်မာစစ်တပ်နှင့်ပူးပေါင်းရပ်တည်ရန် စဉ်းစားသူများ စတင်၍ သိသိသာသာ သဘောထားကွဲလွဲလာသည်ကို တွေ့ရ၏။

ထို့နောက်တွင် နာမည်ဆိုးနှင့်ကျော်ကြားလှသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အဖတ်ဆယ်ရန်အတွက် ကိုးကန့်ဒေသတွင်း ဂျပန်အကူအညီဖြင့် ပန်းဂျုံစိုက်ပျိုးခြင်း၊ တရုတ်တို့၏ နယ်စပ်ဒေသတလျှောက် ဘိန်းပပျောက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်း၊ ‌ကိုးကန့်၏ မြေပြန့်ဒေသများတွင် ကြံစိုက်ပျိုးရေး ထွန်းကားလာခြင်း၊ ချင်းရွှေဟော်အခြေပြု နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ထွန်းကားလာခြင်း၊ လောက်ကိုင်အခြေပြု ကာစီနိုကစားဝိုင်းများ ထွန်းကားလာခြင်းတို့ကို တွေ့ရ၏။ ယေဘုယျအားဖြင့် ၁၉၉၅ ခုနှစ်မှစ၍ ၂၀၀၉ ခုနှစ်အထိ ၁၄ နှစ်တာကာလသည် ကိုးကန့်ဒေသတွင် အတန်ငယ်တည်ငြိမ်ပြီး ထူးထူးခြားခြား မရှိခဲ့ပေ။

၂၀၀၉ ခုနှစ် ကိုးကန့်

၂၀၀၉ ခုနှစ်သည် ကိုးကန့်နှင့် MNDAA အတွက် ထူးခြားသည့် အပြောင်းအလဲကို တွေ့ခဲ့ရသည့်နှစ် ဖြစ်၏။ မြန်မာစစ်တပ်က အခြား တိုင်းရင်းသားအဖွဲ့များနည်းတူ MNDAA အား ဖျက်သိမ်းပြီး မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန်၊ အထူးဒေသ ၁ ဆိုသည်ကို ဖျက်သိမ်း၍ လောက်ကိုင်နှင့်ကုန်းကြမ်းမြို့နယ် နှစ်ခု၊ ချင်းရွှေဟော်နှင့် မော်ထိုက်မြို့နယ်ခွဲ နှစ်ခုပါသော ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ် ပြောင်းလဲဖွဲ့စည်းရန်၊ တပ်ဖျက်ပြီးပါက ၂၀၀၈ အခြေခံဥပဒေအတိုင်း ရွေးကောက်ပွဲတွင် ပါဝင်ရန် တွန်းအားပေး ဆွေးနွေးလာခဲ့၏။ ထို့ကြောင့် ကိုးကန့်အဖွဲ့အတွင်း မတူသောအမြင်များ၊ သဘောထားကွဲလွဲမှုများ အတိအလင်း ပေါ်ပေါက်လာခဲ့တော့၏။

ဖုန်ကြားရှင်နှင့် သူ့ကို ထောက်ခံသူများကမူ မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်ရေးကို လက်သင့်မခံခဲ့သဖြင့် မြန်မာစစ်တပ်နှင့် တင်းမာမှုမြင့်တက်လာ၏။ တကယ်တမ်း ကိုးကန့်နယ်တွင်းသို့ မြန်မာစစ်တပ်မှ အင်အားသုံး၍ ဝင်ရောက်ရှင်းလင်းသည်မှာ အခြားအကြောင်းပြချက်နှင့် ဖြစ်သည်။ တခုမှာ မူးယစ်ဆေးဝါးစက်ရုံ ရှိသည်ဟူသော အကြောင်းပြချက်နှင့် ဖြစ်သည်။ ဒုတိယတခုမှာမူ လက်နက်စက်ရုံရှိ၍ ဖြစ်သည်။ ထိုလက်နက်စက်ရုံမှ လက်နက်များကို တရုတ်ပြည်ရှိ အစွန်းရောက်အဖွဲ့များထံ ပေးပို့သည်ဟူသောစွဲချက်နှင့် တရုတ်အစိုးရဝန်ကြီးတဦးက တိုင်ကြား၍ အင်အားသုံးဖြေရှင်းရသည်ဟု ဆိုခဲ့သည်။

ဘိန်းရာဇာဟောင်း လော်စစ်ဟန်နှင့် သူ့သား စတီဗင်လောတို့ကို ၂၀၀၇ ခုနှစ် ရန်ကုန်လေဆိပ်ဖွင့်ပွဲတွင်အတူတကွတွေ့ရစဉ်

မြန်မာစစ်ဘက်မှ တပ်မ ၃ ခုခန့် အင်အားသုံး၍ ဝင်ရောက်ရှင်းလင်းရာ အချိန်တိုအတွင်း ဖုန်ကြားရှင်တို့ ထိုဒေသမှ ဆုတ်ခွာပေးရသည်။ ဤသို့ဖြင့် ကိုးကန့်စော်ဘွား အာဏာလက်လွှတ်ပြီးကတည်းက မြန်မာအစိုးရကို လက်နက်ကိုင်အံတုခဲ့ပြီး အနှစ် ၅၀ နီးပါး ကိုးကန့်ဒေသကို ထိန်းချုပ်နိုင်ခဲ့သော ဖုန်ကြားရှင်တို့ ကိုးကန့်ဒေသအား လက်လွှတ်လိုက်ရတော့သည်။

ယခင် MNDAA မှ ပယ်ဆောက်ချိန်၊ လျူကော်ရှီး၊ ဝေရှောင်ရင်၊ ဝေစမ်း အစရှိသူများကမူ မြန်မာစစ်တပ်နှင့် ပူးပေါင်းခဲ့ပြီး သူတို့ထိန်းချုပ်မှုအောက်ရှိ ကိုးကန့်လက်နက်ကိုင်တပ်များကို ကိုးကန့်နယ်ခြားစောင့် တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၏။ သူတို့ကမူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်များအဖြစ် ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ပြီး ကိုးကန့်ဒေသကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ အဖြစ်လည်းကောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသကော်မတီဝင်များ အဖြစ်သော်လည်းကောင်း ဆက်လက်ရပ်တည်ခဲ့ကြ၏။

၂၀၀၉-၂၀၁၀ အခြေအနေများအရ ဖုန်ကြားရှင်နှင့် MNDAA သည် ပြန်မလာတမ်း ပြီးဆုံးသွားပြီဟု အများက ယူဆရသည့်အခြေသို့ ရောက်ရှိသွား၏။

ဖုန်ကြားရှင်နှင့် သူ့ကိုထောက်ခံသူများကမူ ‘ဝ’ နယ်နှင့် မိုင်းလားဒေသသို့ ပြောင်းရွှေ့အခြေချကြ၏။ ကိုးကန့်စစ်ဘေးဒုက္ခသည် သောင်းဂဏန်းခန့်သည်လည်း ဖုန်ကြားရှင်၏ သားမက် စိုင်းလင်း အုပ်ချုပ်သည့် မိုင်းလားဒေသသို့ ပြောင်းရွှေ့အခြေချခဲ့ကြသည်။ သို့ဖြစ်ရာ ၂၀၀၉-၂၀၁၀ အခြေအနေများအရ ဖုန်ကြားရှင်နှင့် MNDAA သည် ပြန်မလာတမ်း ပြီးဆုံးသွားပြီဟု အများက ယူဆရသည့်အခြေသို့ ရောက်ရှိသွား၏။

တဖက်ကဆိုလျှင် ၁၉၈၉ ခုနှစ် ဗကပမှ ခွဲထွက်ပြီးနောက် မြန်မာစစ်တပ်၏ မျက်နှာသာပေးခြင်းခံခဲ့ရသော MNDAA အနေဖြင့် ၁၉၉၂-၁၉၉၅ အတွင်း မြန်မာစစ်တပ် ကိုးကန့်ဒေသတွင် ဝင်ရောက်အခြေချမှုကို ခံခဲ့ရသည့်အပြင် ၂၀၀၉ ခုနှစ်တွင် ကိုးကန့်ဒေသတွင်းမှ မြန်မာစစ်တပ်၏ မောင်းထုတ်ဖယ်ရှားခြင်းကို ခံခဲ့ရ၏။ သို့ဖြစ်ရာ MNDAA သည် မြန်မာစစ်တပ်နှင့် ကမ္ဘာမကြေ ရန်သူဖြစ်သွားတော့၏။

ဆက်လက်ဖော်ပြပါမည်။

(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)

You may also like these stories:

မြန်မာနှင့် တရုတ်ကြား ညပ်နေသော ကိုးကန့်

ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု

ဖုန်ကြားရှင် သို့မဟုတ် မြန်မာစစ်တပ်အတွက် မြင်းကောင်းတစီး ဖြစ်ခဲ့သူ

MNDAA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အသေအဆုံးများ

စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် ၄

Loading