တနေ့တွင် သစ်ရွက်များ၊ ပိတ်စများနှင့် လက်လုပ်ဆိုးဆေးများဖြင့် လှပသော သဘာဝဒီဇိုင်းများကို ဖန်တီးသည့် သဘာဝ ဆေးဆိုးပန်းရိုက် လုပ်ကိုင်နေရမည်ဟု ကိုရဲနိုင် မည်သည့်အခါကမျှ မစဉ်းခဲ့ဖူးပေ။
လက်ရှိအခြေအနေသည် လွန်ခဲ့သော ၂ နှစ်က လက်ထိပ်များ၊ တိုင်ကြားစာများ၊ ရာဇဝတ်သားများ၊ တရားရုံးများ၊ လက်နက်များနှင့်လုပ်ကိုင်ရသည့် သူ၏ဘဝနှင့် လွန်စွာကွဲပြားခြားနားနေသည်။
ပဲခူးတိုင်း တောင်ငူခရိုင်မှ ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်သော ကိုရဲနိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် သူလုပ်နေရသည့်အလုပ်သည် ထင်မှတ်မထားလောက်အောင် ပြောင်းလဲသွားပြီးနောက် ၆ နှစ်ကြာ လုပ်ကိုင်ခဲ့သည့်အလုပ်ကို စွန့်ခွာလိုက်သည်။
“ကလေးဘဝကတည်းက ရာဇဝတ်မှု စုံစမ်းစစ်ဆေးပြီး ရာဇဝတ်သားတွေကို ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင် ဖြစ်ချင်ခဲ့တယ်” ဟု ကိုရဲနိုင်က ရဲတပ်ဖွဲ့ထဲ ဝင်ရောက်ဖြစ်ပုံကို ရှင်းပြခဲ့သည်။
တည်ငြိမ်မှုထိန်းသိမ်းရန် “ဥပဒေနှင့်အညီ” နိုင်ငံကို ထိန်းချုပ်လိုက်သည်ဆိုသည့် စစ်တပ်၏ပြောကြားချက်ကို သူ ကနဦးတွင် ယုံကြည်ချင်ခဲ့ကြောင်း ပြောသည်။
စစ်ဗိုလ်ချုပ်များ၏ စကားများသည် အလိမ်အညာများသာ ဖြစ်ကြောင်း သဘောပေါက်လာပြီး အရပ်သားများအပေါ် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို မြင်ရသောကြောင့် အသက် ၂၈ နှစ်အရွယ် ရဲဒုတပ်ကြပ် ကိုရဲနိုင်သည် စစ်တပ်အောက်တွင် အလုပ်မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် နောက်ပိုင်းတွင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးပြီး စွဲချက်အတုများတင်ရန် စစ်အရာရှိများက ရဲအရာရှိများကို အမိန့်ပေးခြင်း၊ လူသတ်သော စစ်သားများကို ဖုံးကွယ်ပေးရခြင်း၊ ဒီမိုကရေစီလမ်းကြောင်း ပြန်လည်လျှောက်လှမ်းရန် တောင်းဆိုသော ဆန္ဒပြသူများကို သတ်ဖြတ်ခြင်းတို့ကို တွေ့မြင်လာရသည်။
စစ်ကောင်စီတပ်များက ပစ်သတ်လိုက်သောကြောင့် သေဆုံးသည့် ဆန္ဒပြသူတဦး၏ အလောင်းကို စစ်သားများ လာရောက်မယူမီ မိသားစုသို့ပြန်ပေးရန် ဆေးရုံတရုံသို့ အပြေးအလွှား သွားရောက်ရသည့် ဖြစ်ရပ်တခုကို ကိုရဲနိုင်က ပြန်ပြောပြသည်။ ထိုသို့ ပစ်သတ်ခံရသူသည် သူ၏ဇနီးနှင့် မောင်နှမဝမ်းကွဲတော်စပ်ပြီး အသက် ၂၀ သာရှိသေးသော တက္ကသိုလ်ကျောင်းသားတဦး ဖြစ်သည်။
စစ်ဗိုလ်ချုပ်များ၏ စကားများသည် အလိမ်အညာများသာ ဖြစ်ကြောင်း သဘောပေါက်လာပြီး အရပ်သားများအပေါ် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို မြင်ရသောကြောင့် အသက် ၂၈ နှစ်အရွယ် ရဲဒုတပ်ကြပ် ကိုရဲနိုင်သည် စစ်တပ်အောက်တွင် အလုပ်မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ရာထူးကို စွန့်လွှတ်လိုက်ပြီး လူထု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လိုက်သည်။
သူနှင့် သူ့ဇနီးသည် ရဲတန်းလျားမှ ထွက်ခွာလာပြီး လွတ်မြောက်ဒေသသို့ ထွက်ပြေးကြကာ ထိုနေရာတွင် လပေါင်း များစွာနေထိုင်ပြီး စစ်ကောင်စီတပ်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။
နောက်ဆုံးတွင် ဇနီးဖြစ်သူ ကျန်းမာရေးကြောင့် အိမ်နီးချင်းနိုင်ငံသို့ မဝင်ရောက်ရမီအထိ လူငယ် ခုခံတော်လှန်ရေးသမားများကို စစ်ရေးလေ့ကျင့်ပေးရန်အတွက် အခြား CDM ရဲအရာရှိများ၊ စစ်သားများနှင့်လည်း ပူးပေါင်းလုပ်ဆောင်ခဲ့သည်။
သူ၏ဇနီးသည် ကျန်းမားရေးဝန်ကြီးဌာန ဝန်ထမ်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် တပတ်ကြာသောအခါ CDM လှုပ်ရှားမှုနှင့် ပူးပေါင်းပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သည်။
စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စာရင်းများအရ အာဏာသိမ်းပြီးနောက် ပြည်သူ့ဝန်ထမ်း ၄ သိန်းကျော်သည် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးရန် ငြင်းဆန်ပြီး CDM လှုပ်ရှားမှုတွင် ပါဝင်သည်။ စစ်သား ၃ ထောင်နီးပါးနှင့် ရဲတပ်ဖွဲ့ဝင် ၇ ထောင်နီးပါးသည် စစ်အုပ်ချုပ်ရေးကို အာခံပြီး ဘက်ပြောင်းလာခဲ့သည်။
HAM-Collections ကို တည်ထောင်သူ မကောက်သည် သူ၏ ပထမဆုံးရင်သွေးအတွက် ကိုယ်ဝန်အရင့်အမာ ရှိနေချိန်တွင် စစ်ကောင်စီက လိုက်လံဖမ်းဆီးသောကြောင့် ထွက်ပြေးလာရသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီတဦး ဖြစ်သည်။
စစ်ကောင်စီ၏ ဖမ်းဆီးမှုများသည် CDM အဖွဲ့ဝင်များနှင့် မိသားစုများကို ပစ်မှတ်ထားကြောင်း သိသောကြောင့် ကိုရဲနိုင်နှင့် သူ၏ဇနီးတို့သည် သူတို့၏ဆွေမျိုးရင်းခြာများ ဖမ်းဆီးခံရမည့်အန္တရာယ် ကျရောက်မည်ကို စိုးရိမ်ပြီး အဆက်အသွယ်ဖြတ်ထားသည်။
“CDM လှုပ်ရှားမှုမှာ ပူးပေါင်းပြီးတော့ နှစ်ယောက်စလုံးမှာ အလုပ်မရှိတော့ဘဲ လခ မရတော့လို့ တော်တော်ခက်ခဲခဲ့တယ်” ဟု သူကပြောသည်။
ပထမပိုင်းတွင် ၎င်းတို့ဇနီးမောင်နှံ နှစ်ဦးသည် အသက်မွေးရန် ကျပမ်းအလုပ်များကို လုပ်ကိုင်ရသည်။ ထို့နောက်တွင် ကိုရဲနောင်သည် HAM-Collections က ပြုလုပ်ပေးသည့် သဘာဝ ဆေးဆိုးပန်းရိုက် သင်တန်းတခု တက်ရောက်ခဲ့သည်။ သဘာဝ ဆေးဆိုးပန်းရိုက်လုပ်ခြင်း ဆိုသည်မှာ ပိတ်စပေါ်တွင် ပုံသဏ္ဍန်များ ရေးဆွဲခြင်း၊ အရောင်ဆိုးခြင်းနှင့် အမှတ်သင်္ကေတများကို အပင်များ၊ အရွက်များနှင့် ပန်းပွင့်များကို အသုံးပြု ဆေးဆိုးပန်းရိုက် လုပ်ခြင်းဖြစ်သည်။
HAM (Heroes Assist Migrants) အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ဒေသများမှ CDM သမားများနှင့် ရွှေ့ပြောင်း အခြေချများအတွက် အလုပ်အကိုင် ဖန်တီးပေးရန် ၎င်းတို့ကို သဘာဝ ဆေးဆိုးပန်းရိုက် ပြုလုပ်နည်း၊ ဇာထိုးပန်းထိုး ပြုလုပ်ခြင်းနှင့် သဘာဝ လက်လုပ်ဆပ်ပြာ ပြုလုပ်ခြင်းတို့ကို သင်ကြားပေးနေသည့် အဖွဲ့အစည်းတခု ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်ဘဝမှ သဘာဝ ဆေးဆိုးပန်းရိုက် အနုပညာရှင်ဖြစ်လာသော ကိုရဲနိုင်က အလုပ်သစ်ဖြင့် အသက်မွေးဝမ်းကျောင်းနေစဉ် အဝတ်များ၊ ပိတ်စများပေါ်တွင် ဖန်တီးနိုင်သည့် ထူးခြားပြီး မှာကြားသူ စိတ်ကြိုက် လုပ်ဆောင်ပေးသော ဒီဇိုင်းများကို လွန်စွာစွဲငြိလာကြောင်း ပြောသည်။
“သဘာဝ ဆေးဆိုးပန်းရိုက် အဝတ်အစားတွေကို လူတိုင်းက နှစ်သက်ကြတယ်။ အဲဒီအလုပ်က စိတ်ဖိစီးမှုကင်းဝေးပြီး ငြိမ်းချမ်းတယ်လို့ ကျနော်ခံစားရတယ်” ဟု ကိုရဲနိုင်က ပြောသည်။
HAM-Collections ကို တည်ထောင်သူ မကောက်သည် သူ၏ ပထမဆုံးရင်သွေးအတွက် ကိုယ်ဝန်အရင့်အမာ ရှိနေချိန်တွင် စစ်ကောင်စီက လိုက်လံဖမ်းဆီးသောကြောင့် ထွက်ပြေးလာရသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီတဦး ဖြစ်သည်။
သူနှင့် သူ၏ မိတ်ဆွေတဦးတို့သည် HAM ကို လွန်ခဲ့သောနှစ် မေလက စတင်ထူထောင်ခဲ့ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာသော ငွေကြေးအကျပ်အတည်း ရင်ဆိုင်နေရသူများအတွက် ဝင်ငွေရမည့် နည်းလမ်းများနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကူအညီများ ပေးသည်။
“လက်မှုပစ္စည်းထုတ်လုပ်ခြင်းဟာ အာရုံစူးစိုက်မှု၊ စိတ်တည်ငြိမ်မှုနဲ့ တီထွင်ဆန်းသစ်မှုကို အားပေးတဲ့ တချိန်တည်းမှာပဲ ပတ်ဝန်းကျင်အပေါ် အဆိုးမြင်မှု လျှော့ချပေးတယ်” ဟု မကောက်က ပြောသည်။ သူသည် ပစ္စည်းဟောင်းများကို ပြန်လည်ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းနယ်ပယ်တွင် အသေးစား စီးပွားရေးလုပ်ငန်းများကို လေ့ကျင့်ပေးခဲ့ဖူးသည်။
၈ လတာကာလအတွင်း HAM-Collections သည် CDM သမား ၃၂ ဦးနှင့် ရွှေ့ပြောင်းအခြေချ ၄၂ ဦးအတွက် အသက်မွေးဝမ်းကျောင်း ပညာသင်တန်း ၈ ခု ဖွင့်လှစ်ခဲ့သည်။
အဝေးရောက်များအတွက် ဥပဒေနှင့် လုံခြုံရေး ပြဿနာများသည် အဖွဲ့အစည်းအတွက် အခက်အခဲဖြစ်စေပြီး အဖွဲ့ဝင်များ အဖမ်းခံရသောအခါ လုပ်ငန်းလည်ပတ်မှုစရိတ်များ မြင့်တက်လာသည်။
မကောက်က ထိုအသက်မွေးဝမ်းကျောင်းပညာ သင်တန်းသည် သပိတ်မှောက် ပြည်သူ့ဝန်ထမ်းများ ရေရှည် ရပ်တည် ရှင်သန်နိုင်ရေး ၎င်းတို့ကို “ငါးမပေးဘဲ ငါးမျှားနည်းသင်ပေးသော သင်တန်း” ဖြစ်ကြောင်း ပြောသည်။
စိုးရိမ်ပူပန်မှုများနှင့် အခက်အခဲများကို ခံစားရပြီးနောက် HAM ၏ လက်မှုပညာသင်တန်းက သူ့အတွက် မျှော်လင့်ချက်များကို ပေးခဲ့ကြောင်း ၁၅ နှစ်ကြာ အလုပ်လုပ်ပြီးမှ အလုပ်ထွက်ပြီး စစ်ကောင်စီအရာရှိများ၏ နှောက်ယှက်မှုကြောင့် ထွက်ပြေးလာသည့် ကျောင်းဆရာမတဦးက ဧရာဝတီသို့ ပြောသည်။
သင်တန်းပြီးဆုံးပြီးနောက် “ဒီလက်မှုပစ္စည်းတွေ လုပ်ရတာ စိတ်သက်သာရာ ရစေတယ်” ဟု သူကပြောသည်။
HAM သည် သင်တန်းသားများနှင့် သင်တန်းဆင်းများ၏ လက်မှုပစ္စည်းများကို ဆိုင်များ၊ ရန်ပုံငွေပွဲများတွင်လည်း ကူညီရောင်းချပေးသည်။ HAM သည် ပြီးစီးသည့် လက်ရာအလိုက် ငွေပေးချေပြီး ရောင်းချရငွေ ၃၀ ရာခိုင်နှုန်းကို စစ်ဘေးရှောင်များအတွက် လှူဒါန်းသည်။
သင်တန်းသားများ ၎င်းတို့ဖာသာ လက်မှုပစ္စည်းများထုတ်လုပ်ပြီး ဝင်ငွေရသည်ကို မြင်ရသောကြောင့် ကြည်နူးရကြောင်း တည်ထောင်သူ မကောက်က ပြောသည်။ အချို့သင်တန်းသားများသည် သင်တန်းပြီးဆုံးပြီးနောက် ကိုယ်ပိုင် ကုန်အမှတ်တံဆိပ်များပင် စတင်ထူထောင်ပြီးကြောင်း သူကပြောသည်။
HAM နှင့် အလုပ်လုပ်သောကြောင့် တလလျှင် ဘတ် ၂,၅၀၀ မှ ၃,၀၀၀ အထိ (အမေရိကန်ဒေါ်လာ ၇၂ ဒေါ်လာမှ ၈၆ ဒေါ်လာအထိ) ရကြောင်း ကိုရဲနိုင်က ပြောသည်။
ယခင်က သူနှင့် သူ့ဇနီးသည် စက်ရုံတရုံတွင် နေ့စဉ်အချိန်ကြာမြင့်စွာ ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး လုပ်အားခ အနည်းငယ်သာ ရသည်။ အထည် ၁၀၀ ခန့်မှ မလိုအပ်သည့်အရာများကို လက်ဖြင့်ဖယ်ရှားပေးပြီး ဘတ် ၂၀ (၁,၆၈၀ ကျပ်) ရကြောင်း၊ အထည် ၄၀၀ ပြီးရန် ၁၀ နာရီခန့် လုပ်ရကြောင်း သိရသည်။
သူ ယခု လုပ်နေသည့် အဖွဲ့အစည်းသည် ရောင်းချရသည့် ဝင်ငွေများကို စစ်ဘေးရှောင်များအား လှူသောကြောင့် ယခုအလုပ်သစ်သည် သူ၏ဝင်ငွေမှတဆင့် တော်လှန်ရေးကို အထောက်အကူပြုကြောင်း ပြောသည်။
HAM သည် လွန်ခဲ့သောလတွင် အရည်အသွေး ထိန်းသိမ်းခြင်းနှင့် ဈေးကွက်ရှာဖွေခြင်း သင်တန်းတခု ပို့ချခဲ့ပြီး ယခုနှစ် နှောင်းပိုင်းတွင် နောက်ထပ်သင်တန်းများ ဖွင့်လှစ်ရန် စီစဉ်ထားသည်။
သို့သော် အဝေးရောက်များအတွက် ဥပဒေနှင့် လုံခြုံရေး ပြဿနာများသည် အဖွဲ့အစည်းအတွက် အခက်အခဲဖြစ်စေပြီး အဖွဲ့ဝင်များ အဖမ်းခံရသောအခါ လုပ်ငန်းလည်ပတ်မှုစရိတ်များ မြင့်တက်လာသည်။
“ကျမတို့ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲက လုံခြုံရေး ပြဿနာပဲ” ဟု မကောက်က ပြောသည်။ ထိုသို့သော ပြဿနာများကို ရှောင်ရှားရန်အတွက် သင်တန်းတည်နေရာကို ရွှေ့ပြောင်းခြင်းအားဖြင့် HAM က တုံ့ပြန်ဆောင်ရွက်ရသည်။
အချို့သော သင်တန်းသားများက ၎င်းတို့ကို လခစားများအဖြစ် ခန့်အပ်ရန် ပြောဆိုကြသော်လည်း လတ်တလော ရန်ပုံငွေ လွန်စွာကျပ်တည်းနေကြောင်း သူကပြောသည်။
သို့သော် ၎င်းတို့၏ ထုတ်ကုန်များကို ရောင်းချပြီးချိန်အထိ စောင့်စရာမလိုဘဲ ငွေများကြိုတင်ပေးချေနိုင်အောင် စီစဉ်ထားကြောင်း မကောက်က ပြောသည်။
“ကျမတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲမျိုးစုံရှိပေမယ့် လက်ရှိအချိန်အထိတော့ ကျော်လွှားနိုင်တုန်းပဲ။ ဒါကြောင့် အားလုံးအနေနဲ့ စိတ်ဓာတ်ဆက်လက်ခိုင်မာပြီး တော်လှန်ရေး အောင်မြင်သည်အထိ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ကျမ တိုက်တွန်းတယ်” ဟု သူကပြောသည်။
ရဲတပ်ဖွဲ့ဝင်ဟောင်း ကိုရဲနိုင်သည် HAM ၏ သင်တန်းဆရာ အစီအစဉ်ကို တက်ရောက်ခဲ့ပြီး သူ၏ သဘာဝ ဆေးဆိုးပန်းရိုက် နည်းများကို အခြား CDM သမားများနှင့် ရွှေ့ပြောင်းအခြေချများအား မျှဝေနေသည်။
ထိုသို့ ပြန်လည် သင်ကြားပေးသောကြောင့် သူ့အတွက် အပိုဝင်ငွေရရှိပြီး ယခုအခါ သူသည် CDM အစီအစဉ်အရ စင်ပြိုင် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ ငွေကြေးအထောက်အပံ့လည်း ရရှိနေပြီဖြစ်သည်။
သို့သော် သူသည် လုံခြုံရေးနှင့် အနာဂတ်အတွက် စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်။ သူနှင့် သူ့ဇနီးတို့ နှစ်ဦးလုံးသည် ပုံမှန်ဝင်ငွေ မရှိသေးပေ။
“ဒါပေမယ့် CDM လှုပ်ရှားမှုမှာ ပါဝင်ရလို့ ကျနော် ဘယ်တော့မှ နောင်တမရဘူး” ဟု သူကပြောသည်။
ကျန်းမာရေးလုပ်သား CDM သမား သူ၏ဇနီး မဖူးပွင့်ကလည်း ၎င်းတို့သည် လိပ်ပြာသန့်သန့်ဖြင့် နေထိုင်နိုင်ကြောင်း၊ တော်လှန်ရေးအတွက် စတေးခဲ့ကြသည့် အခြားသူများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ အခက်အခဲသည် အရေးမပါကြောင်း ပြောသည်။
မဖူးပွင့်သည် အမျိုးသမီးများ အခွင့်အရေးအတွက် လုပ်ကိုင်နေသော အဖွဲ့အစည်းတခုဖြစ်သည့် Women Lead Resource Center (WLRC) တွင် စက်ချုပ်သင်တန်းတက်ပြီးနောက် လက်ချုပ်အိတ်များကို မကြာသေးမီက စတင်ထုတ်လုပ်သည်။
စစ်ကောင်စီ၏အမိန့်များကို မနာခံဘဲ ပြည်သူများနှင့်အတူ ရပ်တည်သောကြောင့် ခင်ပွန်းသည်အတွက် ဂုဏ်ယူကြောင်းလည်း သူကပြောသည်။
“ကျမ လူရွေးတာမှန်တယ် … ရှင့်ကို ကျေးဇူးတင်တယ်” ဟု မဖူးပွင့်က HAM အလုပ်ရုံတွင် သဘာဝ ဆေးဆိုးပန်းရိုက် အိပ်ရာခင်းတခု ပြုလုပ်ပေးပြီး ပြန်လာသည့် ခင်ပွန်းသည်ကို ပြောသည်။
“ဒီ စစ်အာဏာရှင်စနစ်ကို အတူဖြုတ်ချပြီး အောင်ပွဲရရင် အိမ်ပြန်ကြမယ်လို့ အားလုံးကို ကျမ ပြောချင်ပါတယ်” ဟု မဖူးပွင့်က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Khin Nadi ၏ Dyeing for Myanmar’s Revolution: CDM Cop and Others Find New Skills for New Life ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories :
CDM နှင့် ပတ်စ်ပို့ ဖျက်သိမ်းခံရသူများကို ပစ်မှတ်ထားစောင့်ကြည့်ရန် စစ်ကောင်စီ ညွှန်ကြား
စစ်ကောင်စီကို ဒူးမထောက်တဲ့ CDM ကျန်းမာရေး ဝန်ထမ်းများ
CDM မြို့နယ်တရားသူကြီး ဒေါ်သင်ဇာမြနှင့် စကားစမြည်
အခက်ခဲကြား ရုန်းကန်နေရပေမယ့် အာဏာရှင်ကို အဆုံးထိ တော်လှန်မယ်