တကျော့ပြန် ကိုးကန့်စစ်ပွဲ
၂၀၀၉ ခုနှစ် မြန်မာစစ်ဘက်မှပြုလုပ်သော စစ်ဆင်ရေးအပြီး ကိုးကန့်တပ်ဖွဲ့ MNDAA သည် ကိုးကန့်ဒေသမှ ပျောက်ကွယ်သွားသည်။ ထို့ကြောင့် MNDAA အား အမြစ်ပြတ် ချေမှုန်းနိုင်လိုက်ပြီးဟု ဆိုကြသည်။ သို့သော် ကိုးကန့်အဖွဲ့သည် လက်လျှော့ စွန့်လွှတ်မသွားကြပေ။ MNDAA ကိုးကန့်တပ် ဖွဲ့ရေးကို ပြန်လည်လုံးပမ်းခဲ့ကြ၏။ ၂၀၁၃ နှစ် ကုန်ခါနီးတွင် မုံးကိုး၊ ဖောင်းဆိုင်၊ မုံးယား၊ မုံးဟောင်း စသည့် ကိုးကန့်နှင့်ဆက်စပ်နေသည့် သံလွင်မြစ် အနောက်ဘက်ကမ်း၌ ကိုးကန့် MNDAA တပ်ဖွဲ့ငယ်များ၏ လှုပ်ရှားမှုများကို စတင်တွေ့ရှိလာရသည်။
သို့သော် ၂၀၁၅ ခုနှစ်တွင် အားကောင်းမောင်းသန်ဖြင့် ကိုးကန့်ဒေသ၌ ပြန်ပေါ်လာမည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ပေ။ ၂၀၁၅ နှစ်ဆန်းတွင် ဖုန်ကြားရှင် ပြန်လာမည့်သတင်းကို တရုတ်တို့ထုတ်ဝေသည့် Glooble Times တွင် ပါလာသည်။ ကိုးကန့်ဒေသခံများအဆိုအရ ဖုန်ကြားရှင် ပြန်လာမည်ဆိုသည့်သတင်း ကိုးကန့်ဒေသတွင် ပျံ့နှံ့နေသည်မှာ တနှစ်ခန့်ရှိပြီဟုဆိုရာ ၂၀၁၄ တနှစ်လုံး ကိုးကန့်အဖွဲ့သည် ကိုးကန့်ဒေသအား ထိုးဖောက်စည်းရုံးနေပုံရ၏။
ကိုးကန့်ဒေသခံများအဆိုအရ ဖုန်ကြားရှင် ပြန်လာမည်ဆိုသည့်သတင်း ကိုးကန့်ဒေသတွင် ပျံ့နှံ့နေသည်မှာ တနှစ်ခန့်ရှိပြီဟုဆိုရာ ၂၀၁၄ တနှစ်လုံး ကိုးကန့်အဖွဲ့သည် ကိုးကန့်ဒေသအား ထိုးဖောက်စည်းရုံးနေပုံရ၏။
သို့နှင့် ၂၀၁၅ ဖေဖော်ဝါရီ ၉ ရက်မှစ၍ ကိုးကန့်ဒေသတွင် စစ်ပွဲများ ပြန်လည်စတင် ဖြစ်ပွားတော့သည်။ ဤအကြိမ် ပြန်ဝင်လာသော ကိုးကန့်အဖွဲ့သည် တပ်မဟာ ၂၁၁ နှင့် တပ်မဟာ ၃၁၁ ဟူသည့် တပ်မဟာ နှစ်ခုနှင့် လက်အောက်ခံတပ်ရင်း ရှစ်ရင်း ပါသည်ဟု ဆိုသည်။ ခန့်မှန်းခြေအရ တပ်ရင်း တရင်းလျှင် အင်အား ၁၅၀ မှ ၂၀၀ အထိရှိနိုင်ရာ စုစုပေါင်းအင်အား ၁၂၀၀ မှ ၁၆၀၀ အထိ ရှိနိုင်သည်။ ထို့ပြင် အုပ်ချုပ်မှု၊ ဆေးအဖွဲ့၊ ထောက်ပို့၊ ဆက်သွယ်ရေး စသည့် စစ်လက်ရုံးအဖွဲ့များပါ ပေါင်းပါက အင်အား ၁၅၀၀ မှ ၂၀၀၀ ကြား ရှိနိုင်သည်ဟု ဆိုရမည်။
ယခုတကြိမ် ကိုးကန့်တပ်ဖွဲ့ စုစည်း ဖွဲ့စည်းသည့်အင်အားမှာ လှည့်ပတ် စစ်ကစားနိုင်သည့် အင်အားဖြစ်ပေရာ ကိုးကန့်ဒေသတွင်း လေးလခန့် တိုက်ပွဲကြီးငယ်များစွာ ဖြစ်ခဲ့သည်။ ကိုးကန့်တပ်ဖွဲ့သည် လက်နက်ငယ်မျိုးစုံ တပ်ဆင်နိုင်သော်လည်း လက်နက်ကြီး တပ်ဆင်နိုင်ပုံမရပေ။ ၎င်းတို့သုံးစွဲသည့်လက်နက်များတွင် ၆၀ မမ မော်တာနှင့် ၄၀ မမ ပခုံးထမ်း လောင်ချာတို့သာ အကြီးဆုံးဖြစ်ပုံရသည်။ မည်သို့ဖြစ်စေ MNDAA သည် စနစ်တကျ စုဖွဲ့ပြီး ကိုးကန့်ဒေသသို့ ပြန်လည်ထိုးဖောက်ဝင်ရောက်ခဲ့၏။
ကိုးကန့်အဖွဲ့နင့်အတူ TNLA နှင့် AA တို့မှ အင်အားအချို့ ပါဝင်ကူညီတိုက်ခိုက်သည်ဟု ဆို၏။ မြန်မာစစ်ဘက်မှလည်း အင်အား တစထက်တစ တိုးဖြည့်သည်။ ၂၀၁၅ မေလကုန် တိုက်ပွဲများ ငြိမ်သွားသည့်အချိန်ထိ တပ်ရင်း ၇၀ ကျော်ခန့် ကိုးကန့် စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည်။ သို့နှင့် လောက်ကိုင်၊ ကုန်းကြမ်း၊ တရုတ်နှင့် ကိုးကန့်ဒေသ နယ်စပ်တလျှောက်ရှိ မြင့်မားသောတောင်ကုန်းများတွင် မြန်မာစစ်တပ်နှင့် MNDAA ကြား တိုက်ပွဲများပြင်းထန်ခဲ့သည်။
ကွေ့ကောက်တွန့်လိမ်နေသော နယ်စပ်တကြော၌ မြန်မာစစ်ဘက်မှ လက်နက်ကြီးကျည်များ၊ လေယာဉ်မှကြဲသော ဗုံးများ တရုတ်ပိုင်နက်ထဲကျသည်ဟူ၍ မကြာခဏ သံတမန်ရေး အငြင်းပွားမှုဖြစ်ခဲ့၏။ တကြိမ်တွင်မူ လေယာဉ်ဗုံးကြဲမှုကြောင့် တရုတ်ပြည် လင်စန်းခရိုင်တွင်းရှိ တရုတ်အရပ်သား ငါးဦးသေ၍ ကိုးဦး ဒဏ်ရာရရှိခဲ့၏။ နောက်ဆုံး ၂၀၁၅ ခုနှစ် မေလထဲတွင် တရုတ်အစိုးရမှ နယ်စပ်တလျှောက် လေယာဉ်ပျံသန်းမှု ပိတ်ပင်ကြောင်းနှင့် ထိုနယ်စပ်တွင် ကျည်အစစ်နှင့် စစ်လေ့ကျင့်ရေးများကို အချိန်အကန့်အသတ်မရှိ ပြုလုပ်သွားမည်ဟု ကြေညာလိုက်သည်။ ထိုအချိန်မှစ၍ မြန်မာစစ်ဘက်၏ ထိုးစစ်များရော ကိုးကန့်အဖွဲ့၏ တိုက်ခိုက်မှုများပါ အရှိန်လျော့ကျ ရပ်တန့်သွားတော့၏။
စစ်ပွဲအကျအဆုံးများနှင့် ပတ်သက်၍ နှစ်ဖက်စလုံးမှ အတိအကျ မထုတ်ပြန်ကြချေ။ သို့ရာတွင် နှစ်ဖက်ကြေညာချက်များ၊ မြေပြင်သတင်းများအရ ကျဆုံးဒဏ်ရာရရှိသူ ရာဂဏန်းချီ၍ရှိမည်ဟု ခန့်မှန်းကြပါသည်။ စစ်ပွဲအတွင်း အရပ်သားဒုက္ခသည်ဦးရေ ၆၀,၀၀၀ ကျော်အထိရှိလာပြီး လားရှိုးဘက်သို့လည်းကောင်း၊ တရုတ်ပြည်နယ်စပ်သို့လည်းကောင်း ထွက်ပြေးသွားကြသည်။ စစ်ဘေးဒုက္ခသည်များ ကျန်ရစ်ခဲ့သော နေအိမ်အများအပြား ဖျက်ဆီးခံရပြီး အရပ်သား ၁၀၀ ခန့်သေဆုံးမှုရှိ၏။ အရပ်သားများ ထိခိုက်ပျက်စီးဆုံးရှုံးမှု ကြီးမားသည်ဟု ဆိုရပါမည်။
တကျော့ပြန် ကိုးကန့်စစ်ပွဲအတွင်း MNDAA သည် တရုတ်စစ်တပ်နှင့် တရုတ်လူထု၏ စာနာထောက်ထားမှုကို ရရှိသည်
ထိုစစ်ပွဲအတွင်း မြန်မာစစ်ဘက်အနေနှင့် ကိုးကန့်အဖွဲ့အား အမြစ်ပြတ်ချေမှုန်း၍ မရခဲ့သကဲ့သို့ ကိုးကန့် MNDAA အနေနှင့်လည်း လောက်ကိုင်၊ ကုန်ကြမ်းဒေသများအား ပြန်မရသော်လည်း နယ်စပ်ဒေသရှိ တောင်ကုန်းများတွင် ခြေကုပ်ယူခြင်း၊ သံလွင်မြစ်အနောက်ဘက်ကမ်းရှိ တောတောင်ထူထပ်သည့်ဒေသများတွင် လှည့်လည်လှုပ်ရှား အခြေချခြင်းဖြင့် ခြေကုပ်တနေရာရရှိခဲ့သည်။ ထို့ပြင် တကျော့ပြန် ကိုးကန့်စစ်ပွဲအတွင်း MNDAA သည် တရုတ်စစ်တပ်နှင့် တရုတ်လူထု၏ စာနာထောက်ထားမှုကို ရရှိသည်ကို တွေ့ရသည်။
တကျော့ပြန့် ကိုးကန့်စစ်ပွဲနှင့် အပြောင်းအလဲ
၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲအပြီး MNDAA အတွင်း နိုင်ငံရေးနှင့် စစ်ရေးအမြင် အပြောင်းအလဲများကို တွေ့ရ၏။ ကိုးကန့်ခေါင်းဆောင်တဦးဖြစ်ခဲ့သူ ဖုန်ကြားဖူက “လူမျိုးကြီး မလွတ်မြောက်ရင် လူမျိုးငယ်လည်း မလွတ်မြောက်နိုင်ဘူး” ဆိုသည့် မော်စီတုန်း၏ ပြောကြားချက်သည် မှန်သည်ဟုမှတ်ချက်ပြုခဲ့၏။ MNDAA အနေနှင့် ကိုးကန့်လွတ်မြောက်ရေးနှင့် ပတ်သက်၍ သူတို့အထီးတည်း တိုက်ခိုက်နေ၍မရနိုင်ဘဲ မဟာမိတ်အင်အားစုများ တည်ဆောက်ရမည်ကို နိုင်ငံရေးအရ အသိအမှတ်ပြုခဲ့၏။
သို့ဖြစ်ရာ UNFC, FPNCC တို့တွင် ပါဝင်ခဲ့သည့်အပြင် AA, TNLA တို့နှင့် စစ်ရေးမဟာမိတ်ဖွဲ့မှုကို အခိုင်အမာ ပြုလုပ်လာခဲ့၏။ ၎င်းတပ်ဖွဲ့များကို လက်နက်အကူအညီ ပေးခြင်းများပြုလုပ်ပြီး ဆက်ဆံရေးခိုင်မာအောင် ပြုလုပ်ခဲ့သကဲ့သို့ စစ်ရေးအရလည်း ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်ခဲ့၏။ လက်နက်ကိုင်တိုက်ပွဲအတွင်း လက်တွေ့ကျသည့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးစားလာခဲ့၏။ ယခင် ဗကပ ကာလက တဖွဲ့တည်းဖြစ်ခဲ့သော UWSA, NDAA မိုင်းလားတို့နှင့်လည်း သွေးချင်းညီနောင် ဆက်ဆံရေးကို တိုးမြှင့်ခဲ့သည်။ သို့သော် ပြည်မရှိအင်အားစုများနှင့် ဆက်ဆံရေးကမူ အလှမ်းဝေးနေဆဲဖြစ်သည်။
တဖက်တွင် စစ်ရေးအရလည်း ကိုးကန့်ဒေသတွင်း တခုတည်း၌သာ စစ်ရေးလှုပ်ရှားမှုပြုလုပ်ပါက လှုပ်ရှားမှုခွင် ကျဉ်းမြောင်းသည်ဖြစ်ရာ ယခင် ဗကပ ဒေသလည်းဖြစ်၊ ကိုးကန့်ခွဲထွက်စဉ်ကာလက အထူးဒေသ ၁ အဖြစ် သတ်မှတ်ခဲ့သည့် သံလွင်မြစ်အနောက်ခြမ်းတွင်ပါ လှုပ်ရှားရန် ဆုံးဖြတ်ခဲ့သည်ကို တွေ့ရ၏။
သို့နှင့် မူရင်းကိုးကန့်ဒေသအတွင်း ဟုန်အိုင်၊ ချင်ရွှေဟော်အနီး နန့်ဖာတောင်၊ မော်ထိုက်၊ ကုန်ကြမ်း ပတ်လည်တွင် တပ်မဟာ ၃၁၁ အား ခွဲဖြန့်လှုပ်ရှားစေသည်။ တပ်မဟာ ၂၁၁ အား မူပန် (သိန္နီ) ခရိုင်တွင် ခွဲဖြန့်ပြီး ကွန်လုံ၊ သိန္နီ ကားလမ်း၏ တောင်မြောက်တွင် လှုပ်ရှားစေခဲ့၏။ ထို့နောက် တပ်မဟာ ၅၁၁ အား ထပ်မံဖွဲ့စည်းပြီး မုံးကိုးခရိုင်ဟု သတ်မှတ်သည့် မုံးကိုး၊ ဖောင်းဆိုင်၊ မုံးပေါ်ကြီး၊ မုံးယား၊ မုံးဟောင်ဒေသများတွင် ခွဲဖြန့်လှုပ်ရှားစေသည်။ ထို့နောက် ကွတ်ခိုင်ခရိုင်တွင် လှုပ်ရှားရန် တပ်မဟာ ၆၁၁ ကို ဖွဲ့စည်းခဲ့၏။
ပါတီ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ စစ်ဦးစီချုပ်လည်းဖြစ်၊ အုပ်ချုပ်ရေးကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဖုန်တရွှင် (ဖုန်ကြားရှင်း၏သား) ၏ ခေါင်းဆောင်မှုလည်း ခိုင်မာလာသည်ကို တွေ့ရ၏။ ကိုးကန့် MNDAA ၏ စစ်အင်အားမှာလည်း ယခုအခါ အနည်းဆုံး ၅၀၀၀ နှင့်အထက် ရှိမည်ဟုလည်း ခန့်မှန်းရ၏။
ထိုခရိုင်များကို ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီတွင် ထည့်သွင်းခဲ့၏။ ထို့တူ MNDAA အနေနှင့် နိုင်ငံရေးဌာန၊ စစ်ဦးစီးဌာန၊ ထောက်ပံ့ရေးဌာန၊ အမြောက်တပ်ရင်းတို့ကိုပါ တိုးချဲ့ဖွဲ့စည်းထားခဲ့သည်ကို တွေ့ရ၏။ သို့နှင့် ကိုးကန့်တို့၏ မြန်မာနိုင်ငံ အမှန်တရားနှင့်မျှတမှု အမျိုးသားပါတီ (MTJNP)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA )၊ မြန်မာနိုင်ငံရှမ်းပြည်နယ် အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီတို့၏ ဖွဲ့စည်းတည်ဆောက်မှုများအား စနစ်တကျ အချိန်ယူလုပ်ဆောင်လာခဲ့၏။
ပါတီ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ စစ်ဦးစီချုပ်လည်းဖြစ်၊ အုပ်ချုပ်ရေးကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဖုန်တရွှင် (ဖုန်ကြားရှင်း၏သား) ၏ ခေါင်းဆောင်မှုလည်း ခိုင်မာလာသည်ကို တွေ့ရ၏။ ကိုးကန့် MNDAA ၏ စစ်အင်အားမှာလည်း ယခုအခါ အနည်းဆုံး ၅၀၀၀ နှင့်အထက် ရှိမည်ဟုလည်း ခန့်မှန်းရ၏။
ကိုးကန့်၏ ရုန်းကန်မှု
၂၀၁၅ ခုနှစ် ဆွေးနွေးပွဲများအတွင်း ဦးဖုန်ကြားရှင်အနေဖြင့် မြန်မာပြည်တွင်း ကြိုက်သည့်နေရာ လာနားပါဟု သမ္မတ ဦးသိန်းစိန်က ဖိတ်ခေါ်ခဲ့သည်ကို တွေ့ရ၏။ ဆိုလိုသည်မှာ မြန်မာစစ်တပ်အနေနှင့် ဖုန်ကြားရှင်းအား လော်စစ်ဟန်ကဲ့သို့ စီးပွားရေးသမားသက်သက်အဖြစ် ပြောင်းလဲရပ်တည်စေလိုသည်။ ထိုသို့ရပ်တည်ပါက မြန်မာစစ်တပ်အနေနှင့် အပြည့်အဝ ကူညီပေးမည်ဟု ဆိုလိုရင်းဖြစ်၏။
၂၀၀၉ ခုနှစ်ကာလကလည်း မြန်မာစစ်တပ်က ဖုန်ကြားရှင်အား ပအိုဝ်းမှ ဦးအောင်ခမ်းထီ၊ ကချင်မှ ဇခုံတိန့်ယင်းတို့ကဲသို့ မြန်မာစစ်တပ်၏ လက်အောက်ခံ ပြည်သူ့စစ် သို့မဟုတ် နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်စေလိုခဲ့၏။ သို့သော် နှစ်ကြိမ်လုံး ငြင်းပယ်ခဲ့၏။ ဖုန်ကြားရှင် မိသားစုအနေနှင့် မြို့ပေါ်တက်၍ စီးပွားရေးသမားအဖြစ်သာ ရပ်တည်ပါက လော်စစ်ဟန်မိသားစုထက် နိမ့်ပါးမည်မဟုတ်ပေ။
ထို့ပြင် ကိုးကန့်သားထဲမှ မြန်မာစစ်တပ်နှင့် ပူးပေါင်းသွားသူများရှိသော်လည်း ဖုန်ကြားရှင် မိသားစုသည်လည်းကောင်း၊ သူတို့အားထောက်ခံသည့် ကိုးကန့်သားများသည်လည်းကောင်း၊ ကိုးကန့်၏ ကိုယ်ပိုင်လက္ခဏာနှင့် လွတ်လပ်မှုအတွက် ကြံ့ကြံ့ခံရပ်တည်ခြင်းသည် အံဩဖွယ်ဖြစ်၏။
အကြောင်းမှာ ကိုးကန့်ဒေသဆိုသည်မှာ သေးငယ်သည့်အပြင် တောတောင်ထူထပ်၏။ လူဦးရေမှာ တသိန်းဝန်းကျင်သာ ရှိသည်။ သို့သော်လည်း MNDAA နှင့် ကိုးကန့်သားများ၏ ကိုယ်ပိုင်လက္ခဏာနှင့် ကိုယ်ပိုင်အုပ်ချုပ်မှုအတွက် အံတုရပ်ခံမှုမှာ အံ့ဩဖွယ်ဖြစ်၏။ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ လူမျိုးတမျိုး၏ ရှင်သန်ရပ်တည်မှုသည် သူတို့ရုန်းကန်ကြိုးစားမှုပေါ်တွင် တည်သည်ဟုဆိုရမည်။ မြန်မာစစ်တပ်သည် အရွယ်ငယ်သော်လည်း အဆိပ်ပြင်းသည့်ကိုးကန့်နှင့် ရင်ဆိုင်နေရသည်။
ကိုးကန့်နှင့် မြန်မာစစ်တပ်ကြား ပဋိပက္ခတွင် လက်ရှိ မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်လည်း ရေစက်ဆိုးပါသည်။ ၂၀၀၉ ခုနှစ် ဖုန်ကြားရှင်တို့အား ကိုးကန့်မှ တပ်အင်အားသုံး၍ ဖယ်ရှားစဉ်က ထိုစစ်ဆင်ရေးကို ဦးစီးသည့် ကာကွယ်ရေးနှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) တာဝန်ယူသူမှာ မင်းအောင်လှိုင် ဖြစ်သကဲ့သို့ ၂၀၁၅ ခုနှစ် ကိုးကန့်အား အလုံးအရင်းစစ်ဆင်သည့် ကာကွယ်ရေးဦးစီးချုပ်မှာလည်း မင်းအောင်လှိုင်ပင်။
ကိုးကန့်နှင့် မြန်မာစစ်တပ်ကြား ပဋိပက္ခတွင် လက်ရှိ မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်လည်း ရေစက်ဆိုးပါသည်။ ၂၀၀၉ ခုနှစ် ဖုန်ကြားရှင်တို့အား ကိုးကန့်မှ တပ်အင်အားသုံး၍ ဖယ်ရှားစဉ်က ထိုစစ်ဆင်ရေးကို ဦးစီးသည့် ကာကွယ်ရေးနှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) တာဝန်ယူသူမှာ မင်းအောင်လှိုင် ဖြစ်သကဲ့သို့ ၂၀၁၅ ခုနှစ် ကိုးကန့်အား အလုံးအရင်းစစ်ဆင်သည့် ကာကွယ်ရေးဦးစီးချုပ်မှာလည်း မင်းအောင်လှိုင်ပင်။
၂၀၀၉ တိုက်ပွဲကာလအတွင်း ကိုးကန့်များစွာ စစ်ဘေးဒုက္ခသည်အဖြစ် တရုတ်ပြည်ထံ ဝင်ပြေးကြသည်။ မြန်မာစစ်တပ်က ကိုးကန့်ဒေသကို ထိန်းချုပ်နိုင်ပြီးနောက် ကိုးကန့်များစွာ နယ်သစ်ပယ်သစ်သို့ ပြောင်းရွှေ့မှု အများအပြားဖြစ်ခဲ့သည်။ ကိုးကန့်လူဦးရေ ထောင်သောင်းချီ၍ မိုင်းလားဒေသသို့ ပြောင်းရွှေ့အခြေချကြပြီး အချို့က ‘ဝ’ ဒေသသို့ ပြောင်းရွှေ့အခြေချကြ၏။
၂၀၁၅ စစ်ပွဲအတွင်း အရပ်သားဒုက္ခသည်ဦးရေ ၆၀၀၀၀ ကျော် (ကိုးကန့်လူဦးရေ၏ တဝက်ကျော်) အထိ ရှိခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများမှာ လားရှိုးဘက်သို့ ပြေးကြ၏။ ဒေသခံအများစုမှာ တရုတ်ပြည်တွင်းသို့ ရောက်ရှိသွားကြသည်။ စစ်ဘေးဒုက္ခသည်များ ကျန်ရစ်ခဲ့သော နေအိမ်အများအပြား ဖျက်ဆီးခံရပြီး အိမ်တွင်းရှိ ပစ္စည်းများ ဆုံးရှုံးမှုရှိခဲ့၏။ အိမ်ရှေ့ခန်းရှိ ထိုင်ခုံ၊ တီဗီမှ စ၍၊ မီးဖိုးချောင်ရှိ ထမင်းအိုး၊ အိုးခွက်ပန်းကန်မှစ၍ မြန်မာစစ်တပ်က ယူငင်သွားသည်ကို ကြုံခဲ့ရ၏။
ခိုင်လုံသည့်သတင်းများအရ အရပ်သား ၁၀၀ ခန့် သေဆုံးမှုရှိပြီး စိုက်ပျိုးထားသည့် ကြံခင်း ဧက ၄ သောင်းခန့် မီးရှို့ဖျက်ဆီးခံရသည်ဟု ဆိုသည်။ အရပ်သားများ ထိခိုက်ပျက်စီးဆုံးရှုံးမှု ကြီးမားသည်ဟု ဆိုရပါမည်။ တရုတ်အစိုးရ နိုင်ငံခြားရေးဌာနကပင် မြန်မာပြည်တွင်းရှိ တရုတ်လူမျိုးများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန် ထုတ်ပြန်ခဲ့ရ၏။ ဤသို့သော အခြေအနေအောက်တွင် မြန်မာစစ်တပ်သည် ၎င်း၏စစ်တပ်မှ ဗိုလ်မှူးချုပ်အဆင့် အရာရှိတဦးကို အရေးယူပြခဲ့၏။
ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်ကုန်ထိ ရှစ်နှစ်လုံးလုံး MNDAA အား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်ပြုရန် ငြင်းပယ်ခဲ့ပြီး လက်နက်ချရမည်ဟု ဆိုခဲ့သည့် မြန်မာစစ်တပ်ခေါင်းဆောင်မှာလည်း မင်းအောင်လှိုင် ဖြစ်၏။ ၂၀၀၉ နှင့်၂၀၁၅ စစ်ပွဲများတွင်း ကိုးကန့်အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ကိုးကန့်အရပ်သားပိုင် ပစ္စည်းများကို လုယက်ယူငင်ခဲ့သည့်အပြင် ကိုးကန့် MNDAA အဖွဲ့အစည်းအား အသိအမှတ်မပြုဘဲ လက်နက်ချရမည်ဟု အချိန်ကာလကြာရှည်စွာ တောင်းဆိုခဲ့သည့် မင်းအောင်လှိုင်နှင့် MNDAA ကြားတွင် ကမ္ဘာမကြေသည့် ရေစက်ဆိုးဖြစ်နေခဲ့သည်။ ထို့ကြောင့်လည်း MNDAA သည် မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်အား ကျားကုတ်ကျားခဲ၊ မာမာထန်ထန်တုန့်ပြန်နေခဲ့ပုံရသည်။
နွေဦးတော်လှန်ရေးနှင့် MNDAA
၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး စကတည်းက လူထုလှုပ်ရှားမှုကို ထောက်ခံကြောင်း MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ကြေညာချက်များကို တွေ့မြင်နေရသော်လည်း လက်တွေ့လှုပ်ရှားမှုများကို ထုတ်ဖော်ခြင်း မရှိခဲ့ပေ။ သို့သော် ၂၀၂၂ ခုနှစ် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် အသုဘအခမ်းအနားတွင် AA စစ်ဦးစီးချုပ်က ဦးဖုန်ကြားရှင်ပေးသည့် သေနတ်အလက် ၁၀၀ နှင့် သူတို့ ရခိုင်ကို စဝင်ခဲ့ရသည်ဟူသော ပြောကြားချက်သည် နွေဦးတော်လှန်ရေးတွင် လက်နက်ခဲယမ်းလိုအပ်နေသည့် ပြည်မလက်နက်ကိုင် အင်အားစုများအတွက် အထူးစိတ်ဝင်စားဖွယ်ဖြစ်ခဲ့၏။
ထို့ပြင် ဦးဖုန်ကြားရှင်၏ အသုဘအခမ်းအနားတွင် ကရင်နီမှ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ခေါင်းဆောင် ခွန်ဘီတူးနှင့် အဖွဲ့တက်ရောက်သည်ကို တွေ့ခဲ့ပြီး MNDAA အပါ မြောက်ပိုင်းသုံးဖွဲ့နှင့် KNDF ကြား ဆက်ဆံရေးကို စတင်တွေ့ခဲ့ရ၏။ ထို့ပြင် မောင်ဆောင်းခ ဦးစီးသည့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) သည်လည်း KNU တပ်မဟာ ၅ နယ်မြေတွင် စတင် သင်တန်းပေးနေသော်လည်း သူတို့အား MNDAA အပါအဝင် မြောက်ပိုင်းသုံးဖွဲ့က အကူအညီပေးနေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်ကို တွေ့ရ၏။
ဦးဖုန်ကြားရှင်၏ အသုဘအခမ်းအနားတွင် ကရင်နီမှ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ခေါင်းဆောင် ခွန်ဘီတူးနှင့် အဖွဲ့တက်ရောက်သည်ကို တွေ့ခဲ့ပြီး MNDAA အပါ မြောက်ပိုင်းသုံးဖွဲ့နှင့် KNDF ကြား ဆက်ဆံရေးကို စတင်တွေ့ခဲ့ရ၏။ ထို့ပြင် မောင်ဆောင်းခ ဦးစီးသည့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) သည်လည်း မြောက်ပိုင်းသုံးဖွဲ့က အကူအညီပေးနေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
၂၀၂၂ ခုနှစ်အတွင်းတွင် NUG လက်အောက်ခံ ရှမ်းမြောက် PDF သည်လည်း MNDAA နှင့် ပူးပေါင်းလှုပ်ရှားနေသည်ဟု ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရ၏။ သို့သော် NUG နှင့် MNDAA ကြား ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြသခဲ့ခြင်း မရှိပါ။
သတင်းထုတ်ပြန်ခဲ့သည့်အပြင် အများစိတ်ဝင်စားခဲ့သည်မှာ ၂၀၂၃ နှစ်ဆန်းတွင် ပြုလုပ်ခဲ့သည့် MNDAA တပ်မဟာ ၆၁၁ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ပွဲဖြစ်၏။ ထိုအခမ်းအနားကို ၂၀၂၃ ဇန်နဝါရီလ ၁ ရက်နေ့တွင် ရှမ်းမြောက်ရှိ တပ်မဟာ ၆၁၁ ဌာနချုပ်တွင် ပြုလုပ်ခဲ့၏။ ထိုအခမ်းအနားသို့ MNDAA ဒုစစ်ဦးစီးချုပ် ယန်ကွမ်းဟွာ တက်ရောက်ခဲ့ပြီး အရာရှိစစ်သည် ၁၂၂၈ ဦးတက်ရောက်ခဲ့၏။ ထိုအခမ်းအနားတွင် ဖက်ဒရယ်အလံ လွှင့်တင်ခဲ့ပြီး တပ်မဟာ ၆၁၁ အားလည်း တိုင်းရင်းသားတပ်မဟာဟု ခေါ်ဆိုခဲ့သည်ကို တွေ့ရ၏။ မူလက တပ်မဟာ ၆၁၁ အား ကွတ်ခိုင်ခရိုင်တွင် လှုပ်ရှားရန် ဖွဲ့စည်းခဲ့သော်လည်း လက်ရှိ နွေဦးတော်လှန်ရေးအင်အားစုများ ပေါ်ထွက်သည့်အချိန်တွင် အခြေအနေအချိန်အခါနှင့် ကိုက်ညီအောင် ပြောင်းလဲလိုက်ပုံရ၏။
အင်အားထောင်ချီသော ထိုတပ်သားများသည် မည်သည်အင်အားစုများနည်းဟု စူးစမ်းကြည့်ရာ အများစုမှာ ကိုးကန့်အပါအဝင် ရှမ်းမြောက်မှ ဒေသခံ တိုင်းရင်းသားများ မဟုတ်ကြဘဲ နွေဦးတော်လှန်ရေးမှ ထွက်ပေါ်လာသော အင်အားစုများဖြစ်သည်ဟု သိရ၏။
AA တပ်ဖွဲ့ဝင်များကမူ စောစွာကပင် MNDAA နှင့် ပူးတွဲတည်ရှိခဲ့ပြီးဖြစ်၏။ နောက်ထပ် အင်အားစုများမှာ ကရင်နီပြည်နယ်မှ KNDF အင်အားစုများ၊ မောင်ဆောင်းခတို့၏ BPLA မှ အင်အားစုများ၊ PLA မှ အင်အားစုများ၊ ရှမ်းမြောက် PDF များ ပါဝင်ကြသည်ကို တွေ့ရ၏။ PLA မှာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဖြစ်၏။ ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ အနွယ်ဖြစ်ပြီး ရွှေဘိုခရိုင် ဗကသ ကျောင်းသားများကို အခြေခံဖွဲ့ စည်းထားသည်ဟု သိရ၏။ MNDAA သည် သူပုန်ကန်ခဲ့သော ကွန်မြူနစ်များအား နွေဦးတော်လှန်ရေးတွင် ပြန်လည်လေ့ကျင့် ကူညီပေးနေသည့် ကြီးမားသော အလှည့်အပြောင်းကို တွေ့ရ၏။
MNDAA ၏ လက်နက်တပ်ဆင်မှုမှာလည်း တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရင်းဖွဲ့စည်းပုံအတိုင်း လိုအပ်သည့် လက်နက်အမျိုးအစားများကို စနစ်တကျ တပ်ဆင်ပေးနိုင်သည်ကို တွေ့ရ၏။ ထောင်နှင့်ချီသော စစ်အင်အားကို တချိန်တည်း လက်နက်တပ်ဆင်ပေးမှုကို ကိုးကန့်တို့ပြုလုပ်ခဲ့၏။
ထို့ပြင် MNDAA သည် ၂၀၂၃ ခုနှစ်အတွင်း နောက်ထပ်သင်တန်းတခုအား PLA, BPLA, MRDA ခေါ် ဗိုလ်နဂါးတပ်ဖွဲ့နှင့် Local PDF နှစ်ဖွဲ့မှ အင်အား ၇၀၀ နှင့်အထက်အား သင်တန်းပေးရန် ပြင်ဆင်လျက် သို့မဟုတ် စတင်သင်တန်း ပေးနေပြီဖြစ်သည်ဟု သိရ၏။ လေ့ကျင့်ပြီးသား အင်အား တထောင်ကျော်သည်လည်း စစ်မြေပြင်တွင် ကွင်းဆင်းလျက်ရှိပြီဟု သိရ၏။
သို့ဖြစ်ရာ MNDAA သည် နွေဦးတော်လှန်ရေးအင်အားစု တထောင်ကျော်ကို လေ့ကျင့် လက်နက်တပ်ဆင်ပေးထားပြီး နောက်ထပ် တထောင်နီးပါးအားလည်း စုဖွဲ့လေ့ကျင့်ရန် ပြင်ဆင်နေသည်။ ထိုအင်အားစုများအတွက် စစ်ဝတ်စုံ၊ ရိက္ခာ၊ ဆေးဝါး၊ သင်တန်းစရိတ်၊ လက်နက်ခဲယမ်းတန်ဖိုးတို့ကို တွက်ဆကြည့်ပါက ကြီးမားသည့် ဘတ်ဂျက်ငွေပမာဏကို အသုံးပြုလျက်ရှိပြီး ဖက်ဒရယ်ရည်မှန်းချက်နှင့် တိုင်းရင်းသား မဟာမိတ်ရည်မှန်းချက်ကို ဖော်ဆောင်နေသည်ဟု ဆိုရမည်။
MNDAA သည် နွေဦးတော်လှန်ရေးအင်အားစု တထောင်ကျော်ကို လေ့ကျင့် လက်နက်တပ်ဆင်ပေးထားပြီး နောက်ထပ် တထောင်နီးပါးအားလည်း စုဖွဲ့လေ့ကျင့်ရန် ပြင်ဆင်နေသည်။ ထိုအင်အားစုများအတွက် စစ်ဝတ်စုံ၊ ရိက္ခာ၊ ဆေးဝါး၊ သင်တန်းစရိတ်၊ လက်နက်ခဲယမ်းတန်ဖိုးတို့ကို တွက်ဆကြည့်ပါက ကြီးမားသည့် ဘတ်ဂျက်ငွေပမာဏကို အသုံးပြုလျက်ရှိသည်။
MNDAA သည် လိုအပ်သည့် ဘတ်ဂျက်ပမာဏနှင့် လက်နက်ခဲယမ်းရရှိနိုင်သည့် အင်အား၊ အဆက်အသွယ်နှင့် နောက်ခံတောင့်တင်းသည်ကို ဖော်ပြသကဲ့သို့ ၎င်း၏ ကြီးမားသည့် နိုင်ငံရေးရည်မှန်းချက်ကိုလည်း ဖော်ပြနေ၏။ MNDAA ကိုးကန့်တို့သည် နွေဦးတော်လှန်ရေးအတွင်း ၎င်းတို့၏ ပါဝင်မည့်အခန်းကဏ္ဌအား ရွေးချယ်ထားပုံရ၏။
ကိုးကန့်နှင့် MNDAA သည် အရွယ်ငယ်သော်လည်း သူ၏ကြီးမားသော ရည်ရွယ်ချက်၊ လုပ်ငန်းကြီး လုပ်နိုင်စွမ်းအရ နွေဦးတော်လှန်ရေးတွင် သူ၏ နိုင်ငံရေး၊ စစ်ရေးခြေလှမ်းများ၊ စစ်ရေးမဟာမိတ်ဖွဲ့မှုများကို အခိုင်အမာ တည်ဆောက်လျက်ရှိသည်။ ကိုးကန့်ဒေသ၏ ကိုယ်ပိုင်လက္ခဏာနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အထီးတည်း ရုန်းကန်ခဲ့ရာမှ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပေါင်းစပ်စုဖွဲ့သည့် လမ်းကြောင်းပေါ်သို့ ရောက်လာ၏။ ဤသည်မှာ ကိုးကန့် MNDAA အတွက် အလှည့်အပြောင်းတခုလည်းဖြစ်သည်။
တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနက် KIA ပြီးလျှင် နွေဦးတော်လှန်ရေးအဖွဲ့များနှင့် နိုင်ငံရေးနှင့် စစ်ရေးအရ ဆက်ဆံမှု၊ ပေါင်းစပ်မှုရှိသည့်အဖွဲ့ ဖြစ်လာ၏။ ဤအချက်သည် ကိုးကန့်အတွက်သော်လည်းကောင်း၊ နွေဦးတော်လှန်ရေးအင်အားစုများအတွက်သော်လည်းကောင်း အပြန်အလှန်အကျိုးရှိသည့် အခြေအနေတရပ် ပေါ် ပေါက်လာ၏။
ထို့ပြင် MNDAA တွင် စုစည်းနေသည့် ပြည်မအင်အားစုအနက် NUG ကွပ်ကဲမှုအောက်ရှိ PDF မှာ အင်အား ရာဂဏန်းသာ ရှိ၏။ ကျန်အင်အား ထောင်ဂဏန်းမှာ NUG နှင့် ဆက်ဆံမှုရှိသော KNDF, BPLA, MRDA တို့နှင့် NUG နှင့်တိုက်ရိုက်ဆက်ဆံမှု မရှိသည့် PLA တို့ ဖြစ်သည်။ ပြောရလျှင် NUG တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် မရှိသည့်အင်အားစုက အများစုဖြစ်၏။
ထို့ပြင် MNDAA နှင့် စစ်ရေးမဟာမိတ်ဖြစ်သော AA နှင့် TNLA နယ်မြေတွင်လည်း ကျောင်းသားလက်ရုံး တပ်တော် (SAF)၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ / ပြည်သူ့လွတ်လပ်ရေး တပ်တော် (PIO/PIA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF)၊ ပြည်သူ့တော်လှန်ရေး အင်အားစု (အနောက်ပိုင်းဒေသ)၊ ဆိုရှယ်ဒီမိုကရက်တစ်တပ်ဦး (SDF)၊ လူ့ဘောင်သစ်လူငယ်စသည့် NUG ၏ ကွပ်ကဲမှုအောက်တွင် မရှိသည့် အင်အားစုများလည်း ရှိနေသေး၏။ ထိုအင်အားစုများမှာ တဖွဲ့ချင်းအင်အား မများလှသော်လည်း ပေါင်းစုလိုက်လျှင် အင်အားမနည်းလှပေ။ ထို့ကြောင့် MNDAA ၏ ပြည်မလက်နက်ကိုင် အင်အားစုများနှင့် စုဖွဲ့နေသော စစ်ရေးတပ်ပေါင်းစုသည် တမျိုးတဘာသာ စုဖွဲ့လာနိုင်သည့် အခြေအနေတွင် ရှိ၏။
MNDAA ၏ အဆိုပါ အင်အားစုစည်းမှုကို တရုတ်လိုလားသည့် အင်အားစု စုဖွဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲမှုရှိနိုင်ပါသည်။ သို့သော် နွေဦးတော်လှန်ရေး အင်အားစုများကို လက်နက်တပ်ဆင်ခြင်းမှာ တရုတ်တို့သဘောထား မဖြစ်နိုင်ပေ။
MNDAA သည် တရုတ်နှင့်ကင်း၍ မရပေ။ NUG, နွေဦးတော်လှန်ရေး အင်အားစုများနှင့် တောင်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများသည် အမေရိကန်၊ အနောက်တိုင်း အင်အားစုများနှင့် ဆက်စပ်ပတ်သက်မှုရှိ၏။ အမေရိကန်နှင့် အနောက်၏ ဩဇာနှင့် အကူအညီများ တရုတ်နယ်စပ်သို့ ရောက်လာမည်ကို တရုတ်တို့ လက်ခံနိုင်ခြင်းမရှိပေ။ သို့ဖြစ်ရာ MNDAA အနေနှင့် ထိုအခြေအနေအောက်တွင် ပါးနပ်စွာ ဆောင်ရွက်နေပုံရ၏။ MNDAA ၏ အဆိုပါ အင်အားစုစည်းမှုကို တရုတ်လိုလားသည့် အင်အားစု စုဖွဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲမှုရှိနိုင်ပါသည်။ သို့သော် နွေဦးတော်လှန်ရေး အင်အားစုများကို လက်နက်တပ်ဆင်ခြင်းမှာ တရုတ်တို့သဘောထား မဖြစ်နိုင်ပေ။
သို့ဖြစ်ရာ MNDAA ကိုးကန့်နှင့်ပတ်သက်၍ ပြောရလျှင် သူတို့၏ ကိုယ်ပိုင်လက္ခဏာနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကျားကုတ်ကျားခဲ ရုန်းကန်နေသောအဖွဲ့ ဖြစ်၏။ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပတ်သက်နေသော အဖွဲ့ဖြစ်၏။ တရုတ်နယ်စပ်တွင်ရှိပြီး တရုတ်တို့နှင့် ဆက်စပ်ပတ်သက်နေသော အဖွဲ့ဖြစ်၏။ ၂၀၁၅ စစ်ပွဲတွင် တရုတ်စစ်တပ်နှင့် တရုတ်လူထု၏ စာနာမှုကို ရခဲ့သောအဖွဲ့ဖြစ်၏။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကြောင်းပြု၍ တရုတ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံမှုရှိသော အဖွဲ့ဖြစ်သည်။ မြောက်ပိုင်းအဖွဲ့များနှင့် နိုင်ငံရေး၊ စစ်ရေးမဟာမိတ်ဖွဲ့ထားသကဲ့သို့ နွေဦးတော်လှန်ရေး အင်အားစုအချို့နှင့် နိုင်ငံရေး၊ စစ်ရေးမဟာမိတ် တည်ဆောက်နေသော အဖွဲ့ဖြစ်၏။
ရှည်လျားသော သမိုင်းကြောင်းရှိပြီး အတွင်းပိုင်းအခြေအနေများကို အသေးစိတ်ကို သိရန်ခက်ခဲသဖြင့် အပ်ချမတ်ချ ပြောဆိုသုံးသပ်ရန် ခက်ခဲသော်လည်း ကိုးကန့် MNDAA သည် အရွယ်ငယ်သော်လည်း အဆိပ်ပြင်း၏။ ကိုးကန့် MNDAA ၏ နွေဦးတော်လှန်ရေး ကာလအတွင်း နိုင်ငံရေးနှင့်စစ်ရေး ခြေလှမ်းများမှာ စိတ်ဝင်စားဖွယ်ရာဖြစ်၏။
ပြီးပါပြီ။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၁
မြန်မာနှင့် တရုတ်ကြား ညပ်နေသော ကိုးကန့်
ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု
ဖုန်ကြားရှင် သို့မဟုတ် မြန်မာစစ်တပ်အတွက် မြင်းကောင်းတစီး ဖြစ်ခဲ့သူ
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် ၄
ရှမ်းနှင့်ရခိုင်မှ အချိန်မရွေးပေါက်ကွဲနိုင်သည့် “လက်နက်အသင့်ငြိမ်းချမ်းရေး”