မြန်မာနိုင်ငံတဝှမ်း လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများကို နည်းလမ်းမျိုးစုံဖြင့် ကျူးလွန်နေသော အာဏာ သိမ်းစစ်တပ်သည် ယခု မတ်လဆန်းပိုင်းတွင် စစ်ရာဇဝတ်မှုမြောက်သော လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ထပ်မံ ကျူးလွန်ခဲ့ပြန်သည်။
မတ်လ ၁ ရက်တွင် အင်အား ၇၀ ဝန်းကျင်ရှိသော စစ်ကောင်စီ စစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ရွှေလီ ကျေးရွာအုပ်စုရှိ တာတိုင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာဒေသကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်၊ ဒေသခံ အမျိုးသမီး ၃ ဦး အပါအဝင် ၁၇ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ထွက်ပေါ်လာသော ဓာတ်ပုံမှတ်တမ်းများက အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု ကို ဖော်ပြနေပြီး ဒေသခံများ၏ ပြောပြချက်အရလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အမျိုးသားများကို စိတ်ကြိုက် ရိုက် နှက်နှိပ်စက်ပြီးမှ သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခြင်းနှင့် အမျိုး သမီးများကို အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီးမှ ပစ်သတ်ခဲ့သည့် အခြေအနေများကို သိရှိရသည်။
လူသတ်စစ်ကြောင်းကို ခြေရာကောက်ခြင်း
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ တပ် သားများ လေကြောင်းချီစစ်ဆင်ရေး ထွက်ခွာလာပြီးနောက် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ပိုင်းတွင် ၎င်းတို့၏ စစ်ဆင်ရေးကို စတင်ခဲ့သည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သည် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ကို နယ်မြေလုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ စီမံကွပ်ကဲရသော တိုင်းစစ်ဌာနချုပ် ဖြစ်သည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သည် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ကို နယ်မြေလုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ စီမံကွပ်ကဲရသော တိုင်းစစ်ဌာနချုပ် ဖြစ်သည်။
အဆိုပါစစ်ကြောင်း၏ စစ်ဆင်ရေးအစတွင် အရာတော်မြို့နယ်ထဲမှ မလဲသာကျေးရွာကို စစ်ရဟတ်ယာဉ်များဖြင့် ဝင်ရောက် စီးနင်းပြီး ကျေးရွာစာသင်ကျောင်းနှင့် ဆေးရုံတို့ကို မီးရှို့ဖျက်ဆီးခဲ့သလို မင်းရွာနှင့် ကန်ရင်းရွာတို့ကိုလည်း ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက ဖေဖော်ဝါရီ ၂၆ ရက် တွင် ထုတ်ပြန်ထားသည်။
ထိုမှတဆင့် အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ်အစပ်ရှိ ကန်တော်ကျေးရွာသို့ စစ်ကြောင်း ထပ်မံထိုးခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ် (PDF)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲမှာ နာရီနှင့်ချီ ကြာ မြင့်ပြီး ပြင်းထန်ခဲ့ခြင်းကြောင့် နှစ်ဖက်အကျအဆုံးများလည်း ရှိခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံခရိုင် တပ်ရင်း ၇) ခေါင်းဆောင် ကိုသက်ကြီးက ဧရာဝတီကို ပြောသည်။
ထိုတိုက်ပွဲကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံခရိုင် တပ်ရင်း ၇) နှင့်အတူ PDF တလုပ် (မြင်းခြံခရိုင် တပ်ရင်း ၂)၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁၊ GTR (စစ်ကိုင်းခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၂)၊ နယ်မြေခံ လက်နက်ကြီးအဖွဲ့၊ နယ်မြေခံ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ (LDF) များ စုပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ဒီစစ်ကြောင်းက တော်တော်ကို လေ့ကျင့်ရေး ပြည့်ဝထားတယ်။ တိုက်ရည်ခိုက်ရည်ကတော့ တော်တော်ကို အတွေ့အကြုံ များတယ်။ ကျနော်တို့ တော်လှန်ရေး နှစ်နှစ်အတွင်းမှာ ဒီတပွဲမှာမှ တကယ့်စစ်သားတွေနဲ့ တိုက်ရတာမျိုး ဖြစ်စေတယ်”
ကိုသက်ကြီးက “ဒီစစ်ကြောင်းက တော်တော်ကို လေ့ကျင့်ရေး ပြည့်ဝထားတယ်။ တိုက်ရည်ခိုက်ရည်ကတော့ တော်တော်ကို အတွေ့အကြုံ များတယ်။ ကျနော်တို့ တော်လှန်ရေး နှစ်နှစ်အတွင်းမှာ ဒီတပွဲမှာမှ တကယ့်စစ်သားတွေနဲ့ တိုက်ရတာမျိုး ဖြစ်စေတယ်” ဟု ပြောသည်။
ထို့ပြင် ၎င်းတို့၏ စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ သေဆုံးနေသည့်တိုင် စုဖွဲ့မှုကို ကစဉ့်ကလျား မဖြစ်သွားဘဲ ပို၍ ရဲတင်းစွာ တိုက်ပွဲဝင်သည့်ပုံစံများ ကြုံတွေ့ခဲ့ရကြောင်း၊ အဆိုပါစစ်ကြောင်း ဆုတ်ခွာသွားချိန် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါး သုံးစွဲထားသည့် ပစ္စည်းပစ္စယများကို တွေ့ရကြောင်းလည်း ၎င်း ကြုံခဲ့ရသည်များကို ပြောပြသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းသည် PDF တပ်ဖွဲ့ဝင် ၂ ဦးနှင့် ဓားစာခံအဖြစ် ဖမ်းဆီးထားသော ဒေသခံ လူငယ် ၂ ဦးကို ဦးခေါင်းဖြတ်ပြီး သတ်ဖြတ်ခဲ့သည်။
စစ်ကောင်စီဘက်ကလည်း ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စစ်ကောင်စီတပ်၏ တိုက်ပွဲ မဖြစ်ပွားမီ အင်အားနှင့် ကျေးရွာမှ ပြန်လည် ထွက်ခွာသွားချိန်တွင် တွေ့ရသော ကင်းထောက်ဒရုန်းများ၏ မှတ်တမ်းကို ကိုးကားပြီး ZERO ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။
ထို့နောက် မတ်လ ၁ ရက်တွင် ဧရာဝတီမြစ်နှင့် မူးမြစ်ဆုံသောနေရာ၌ တည်ရှိသော တာတိုင်ကျေးရွာကို ဝင်ရောက်စီးနင်း ကာ ကျေးရွာဒေသကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုကျော်ဇောနှင့် ဒေသခံ အမျိုးသမီး ၃ ဦး အပါအဝင် ၁၇ ဦးကို သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။
တာတိုင်ကျေးရွာသည် အိမ်ခြေ ၇၈ လုံး ရှိသည့် ဧရာဝတီမြစ်နှင့် မူးမြစ်ဆုံသောနေရာ၌ တည်ရှိသည့် စစ်ကိုင်းမြို့နယ် အတွင်းက ကျေးရွာတရွာ ဖြစ်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့ရာ ဒေသခံများမှာ ယာယီတဲများထိုးပြီး နေထိုင်နေရသည်။
“သူတို့ မနက်ခင်း ၃/၄ နာရီလောက်မှာ ဝင်လာပြီးတော့ ရွာကို စီးထားလိုက်တယ်။ အကုန်လုံးကို ဘုန်းကြီးကျောင်းထဲမှာ ထည့်ပိတ်ထားလိုက်ကြတယ်။ ရွာရဲ့ အနေအထားက ဘေးပတ်ပတ်လည်မှာ ယာခင်းတွေဆိုတော့ ခွေးတပ်ဘက်က အသာစီးသဘောမျိုးရပြီး ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ကပ်မရခဲ့တော့ဘူး”
ယင်းနေ့က အခြေအနေနှင့် ပတ်သက်ပြီး တာတိုင်ကျေးရွာ ဒေသခံတဦးက “သူတို့ မနက်ခင်း ၃/၄ နာရီလောက်မှာ ဝင်လာပြီးတော့ ရွာကို စီးထားလိုက်တယ်။ အကုန်လုံးကို ဘုန်းကြီးကျောင်းထဲမှာ ထည့်ပိတ်ထားလိုက်ကြတယ်။ ရွာရဲ့ အနေအထားက ဘေးပတ်ပတ်လည်မှာ ယာခင်းတွေဆိုတော့ ခွေးတပ်ဘက်က အသာစီးသဘောမျိုးရပြီး ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ကပ်မရခဲ့တော့ဘူး” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ စစ်ကြောင်းသည် တာတိုင်ကျေးရွာကို ၂၄ နာရီနီးပါး စီးနင်းထားပြီး ကျေးရွာသား ၇၀ နီးပါးကို ရွာဘုန်းကြီးကျောင်းတွင် ထိန်းသိမ်းစစ်ကြောခဲ့သည်။ မတ် ၂ ရက် နံနက်အစောပိုင်းတွင် ဓားစာခံ ၁၇ ဦးနှင့်အတူ ရွာအနောက်ဘက်မှ မြင်းမူ မြို့နယ်အတွင်းသို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။
အထက်ပါ ဒေသခံက “ဖမ်းဆီးထားတဲ့ အသက်ကြီးတဲ့ လူတွေကအစ အသေရိုက်နှက်၊ ဆဲဆိုတာတွေ လုပ်တယ်။ အမျိုးသမီးတွေကို နင်တို့ PDF တွေ ၁၅ ယောက်လောက် ကျပြီ။ နင်တို့တော့ မုဆိုးမတွေ ဖြစ်တော့မယ်ဆိုပြီး ပြောဆိုတာတွေ ရှိတယ်။ တော်တော် ဆိုးဆိုးဝါးဝါးကို လုပ်ထားတော့ အခု အဖမ်းခံရပြီး ပြန်လွတ်လာတဲ့ လူတချို့ဆိုရင် တနေ့လုံး တငိုငို တရယ်ရယ်နဲ့ စိတ်တောင် သိပ်မမှန်တော့ဘူး” ဟု ဆိုသည်။
ထိုစစ်ကြောင်း ကျေးရွာမှ ပြန်လည် ထွက်ခွာသွားပြီးနောက် ဒေသခံများနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ရွာအတွင်း ရှင်းလင်းရေးလုပ်ဆောင်ချိန် မတ်လ ၂၊ နံနက် ၉ နာရီ ဝန်းကျင်တွင် ကိုကျော်ဇော၏ အပိုင်းပိုင်းခုတ်ထစ်ထားခံရသော ရုပ် အလောင်းကို စတင်တွေ့ရှိခဲ့ပြီး နောက်ထပ် အမျိုးသားရုပ်အလောင်းတခုကိုလည်း တုံးတတုံးပေါ်တွင် လည်ပင်းအား လှီးဖြတ်ထားသည့်အတိုင်း တွေ့မြင်ခဲ့ကြရကြောင်း ရှင်းလင်းကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူများက ပြောသည်။
နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် မြင်းမူမြို့နယ်ထဲရှိ ညောင်းရင်းကျေးရွာ မရောက်မီ သရက်ခြံ တခုအတွင်း၌ ဓားစားခံအဖြစ် ခေါ်သွားခံရသူများထဲမှ ရုပ်အလောင်း ၅ လောင်း တွေ့ရှိခဲ့ပြီး နေ့လယ် ၃ နာရီဝန်းကျင်တွင် ညောင်ရင်းကျေးရွာအတွင်း၌ အမျိုးသမီး ရုပ်အလောင်း ၃ လောင်း အပါအဝင် ၉ လောင်းကို တွေ့ရှိခဲ့ကြသည်။
သတ်ဖြတ်ခံထားရသူများသည် သေနတ်ဖြင့် မပစ်သတ်မီ ဦးခေါင်း အပါအဝင် ကိုယ်ခန္ဓာများ ကြွေမွပျက်စီးသည်အထိ ရိုက်နှက်ခံထားခဲ့ရပြီး အမျိုးသမီးများကိုမူ အုပ်စုလိုက် မုဒိမ်းပြုကျင့်ထားသည့် လက္ခဏာများ တွေ့ရကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများက ထုတ်ဖော်ပြောဆိုသည်။
“သေတဲ့သူတွေရဲ့ ရုပ်အလောင်းကတော့ သေနတ်နဲ့ မပစ်သတ်ခင်မှာ ခေါင်းတွေကို အကုန်ရိုက်နှက် ထုရိုက်ထားတာ ပိန်ရှုံ့နေတာပါပဲ။ မမြင်ရက်စရာပါပဲဗျာ။ အမျိုးသမီးတွေကို မတော်မရော် လုပ်ထားတာတွေလည်း တွေ့ရတယ်။ အဲဒီလိုလုပ်ပြီး သတ်ထားတာ”
ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတဦးက “သေတဲ့သူတွေရဲ့ ရုပ်အလောင်းကတော့ သေနတ်နဲ့ မပစ်သတ်ခင်မှာ ခေါင်းတွေကို အကုန်ရိုက်နှက် ထုရိုက်ထားတာ ပိန်ရှုံ့နေတာပါပဲ။ မမြင်ရက်စရာပါပဲဗျာ။ အမျိုးသမီးတွေကို မတော်မရော် လုပ်ထားတာတွေလည်း တွေ့ရတယ်။ အဲဒီလိုလုပ်ပြီး သတ်ထားတာ” ဟု ပြောပြသည်။
တာတိုင်ကျေးရွာ ဖြစ်စဉ်၏ တရားခံများ
တာတိုင်ကျေးရွာ အပါအဝင် စစ်ကိုင်းတိုင်းရှိ အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ်အတွင်း လှည့်လည် သွားလာပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီ၏ မည်သည့် တပ်မ၊ တပ်ရင်းများက ကျူးလွန်ခဲ့သည် ဆိုခြင်းနှင့် ပတ်သက်၍ အတိအကျ ပြောနိုင်ရန် အခက်အခဲများစွာ ရှိနေသည်။
ထိုစစ်ကြောင်းနှင့် ပတ်သက်ပြီး မြေပြင်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (PDF)၊ လွတ်မြောက်လာသော ဒေသခံများ၏ ပြောဆိုချက်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ဖော်ပြောဆိုချက်များ ကွဲပြားလျက် ရှိသည်။
အရာတော်နှင့် မြင်းမူမြို့နယ်အတွင်းရှိ PDF များက ယခု စစ်ကြောင်းသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ၏ လက်အောက်ခံ တပ်မ ၃၃ ဖြစ်ပြီး တာတိုင်းကျေးရွာဒေသခံများနှင့် ကန်တော်ကျေးရွာဒေသခံများကမူ ၎င်းတို့ မြင်တွေ့ လိုက်သည့် စစ်ကောင်စီ တပ်သားများ၏ လက်မောင်းတံဆိပ်အရ တပ်မ ၅၅ နှင့် တပ်မ ၇၇ ဟု ပြောဆိုကြသည်။
အမှတ် (၅၅) ခြေမြန်တပ်မဌာနချုပ် (အတိုကောက် တမခ-၅၅) သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့တွင် တည်ရှိသည့် ခြေမြန်တပ်မဌာနချုပ်တခု ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် တပ်ချထားခဲ့ကာ ယခု အပစ်ရပ်ထားသောကြောင့် ထိုနယ်မြေမှ ဆွဲထုတ်ကာ စစ်ကိုင်းတိုင်းတွင် အားဖြည့်ခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။
အမှတ် (၅၅) ခြေမြန်တပ်မဌာနချုပ် (အတိုကောက် တမခ-၅၅) သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့တွင် တည်ရှိသည့် ခြေမြန်တပ်မဌာနချုပ်တခု ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် တပ်ချထားခဲ့ကာ ယခု အပစ်ရပ်ထားသောကြောင့် ထိုနယ်မြေမှ ဆွဲထုတ်ကာ စစ်ကိုင်းတိုင်းတွင် အားဖြည့်ခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။
အမှတ် (၇၇) ခြေမြန်တပ်မ ဌာနချုပ် (အတိုကောက် တမခ-၇၇) သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ပဲခူးတိုင်း၊ ပဲခူးမြို့တွင် တည်ရှိသည့် ခြေမြန်တပ်မဌာနချုပ်တခု ဖြစ်သည်။
စစ်ကိုင်းတိုင်းအတွင်း နယ်မြေလုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အဓိက တာဝန်ယူထားသော အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်တွင် အမှတ် (၃၃) ခြေမြန်တပ်မ၊ အမှတ် (၁၀၁) ခြေမြန်တပ်မနှင့် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှု (စကခ) စသည့် တိုက်ခိုက်ရေး ခြေမြန်တပ်မများ ရှိသည်။
အဆိုပါ ခြေမြန်တပ်မများနှင့် စကခသည် စစ်နယ်ဝန်း ပုံသေမရှိဘဲ ရန်သူအင်အားပေါ်မူတည်၍ လိုအပ်သလို စစ်ကစားနိုင်ရန် ဖွဲ့စည်းထားသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး မြန်မာစစ်တပ် (ကြည်း) က စစ်ဆင်ရေးကို တိုက်ရိုက်ကွပ်ကဲ စီမံလေ့ ရှိသည်။
လတ်တလော ရရှိထားသော အချက်အလက်များအရ တပ်မ ၃၃ ကို ဗိုလ်မှူးချုပ် ဝင်းကျော်သူက တပ်မမှူးအဖြစ် တာဝန် ယူထားပြီး တပ်မ ၁၀၁ တပ်မမှူးအဖြစ် ဗိုလ်မှူးချုပ် မျိုးဆက်အောင်က တာဝန်ယူထားကာ အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူးအဖြစ် ဗိုလ်မှူးချုပ် ကျော်ကျော်ဦးက တာဝန်ယူထားကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကမူ မြေပြင်သတင်းပို့ချက် ထောက်လှမ်းရေးသတင်းများအရ ထိုစစ်ကြောင်းသည် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတခုဖြစ်ပြီး နမခမှတဆင့် ရဟတ်ယာဉ်များဖြင့် စစ်ဆင်ရေး လုပ်ဆောင်မည့် မြင်းမူမြို့ နယ်သို့ သွားရောက်ခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကမူ မြေပြင်သတင်းပို့ချက် ထောက်လှမ်းရေးသတင်းများအရ ထိုစစ်ကြောင်းသည် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတခုဖြစ်ပြီး နမခမှတဆင့် ရဟတ်ယာဉ်များဖြင့် စစ်ဆင်ရေး လုပ်ဆောင်မည့် မြင်းမူမြို့ နယ်သို့ သွားရောက်ခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် တည်ရှိပြီး လက်အောက်ခံတပ်ရင်းများကို အများအားဖြင့် မန္တလေးတိုင်းနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း ဖြန့်ကျက်ခွဲထားလေ့ရှိသည်။
တပ်မ ၉၉ ကို အာဏာမသိမ်းမီ အရှေ့ပိုင်းနှစ်များတွင် တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး တာဝန်ယူထားပြီး လက်ရှိအချိန်တွင် မည်သူ တာဝန်ယူထားသည်ကိုမူ စုံစမ်း၍ မရသေးပါ။
CDM ဗိုလ်ကြီး ထက်မြက်က “အာဏာသိမ်း မဖြစ်ခင်တုန်းကတော့ တပ်မတွေ တော်တော်များများက သူတို့ရဲ့ ကွင်းပိုင်ပုံစံ မျိုးတွေ ရှိတယ်။ နယ်မြေခံတပ်မတွေ ရှိပေမယ့် လိုအပ်လို့ရှိရင် တခြားတပ်မတွေက ဝင်ထိုးတာတွေကတော့ ရှိတယ်။ အခု အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေက နေရာစုံ ဖြစ်လာတယ်။ တပ်ရဲ့ဖွဲ့စည်းပုံတွေက ဖရိုဖရဲ ဖြစ်လာတော့ အခုချိန် မှာ ဘယ်တပ်မကတော့မှ ကွင်းပိုင်ပုံစံမျိုး မဟုတ်နေတော့ဘူး” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့သော အခြေအနေများအပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ယူနီဖောင်းအပြည့်အစုံ မဝတ်ဆင်ခြင်းတို့ကြောင့်လည်း အကြမ်းဖက်မှုနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်သော စစ်ကောင်စီတပ်များ၏ တပ်ရင်း၊ တပ်မများအား အတိအကျ ခွဲခြားပြောဆိုရင် ခက်ခဲလာကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်များသည် အထက်အရာရှိများ၏ အမိန့်ပေးညွှန်ကြားချက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် စစ်အုပ်ချုပ်ရေး ကြေညာထားခံရသော စစ်ကိုင်းတိုင်းကို အဓိက တာဝန်ယူကိုင်တွယ်နေသည့် နမခ တိုင်းမှူးသည် အကြမ်းဖက် လုပ်ရပ်များအတွက် တာဝန်အရှိဆုံးဟု ပြောနိုင်သည်။
လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်ကောင်စီတပ်များသည် အထက်အရာရှိများ၏ အမိန့်ပေးညွှန်ကြားချက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် စစ်အုပ်ချုပ်ရေး ကြေညာထားခံရသော စစ်ကိုင်းတိုင်းကို အဓိက တာဝန်ယူကိုင်တွယ်နေသည့် နမခ တိုင်းမှူးသည် အကြမ်းဖက် လုပ်ရပ်များအတွက် တာဝန်အရှိဆုံးဟု ပြောနိုင်ကြောင်းလည်း CDM ဗိုလ်ကြီး ထက်မြက်က ပြောသည်။
လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးအဖြစ် စစ်တက္ကသိုလ် အပတ်စဉ် ၃၈ (DSA-38) ဆင်း ဗိုလ်ချုပ် သန်းထိုက်က တာဝန်ယူ ကွပ်ကဲလျက်ရှိပြီး ၎င်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးဌာနတွင် စစ်ဦးစီးပထမတန်း (G1) တာဝန်ထမ်းဆောင်နေစဉ် ၂၀၂၂ ဇန်နဝါရီ ၆ ရက်၌ နမခတိုင်းမှူး အဖြစ် ပြောင်းရွှေ့ခံရခြင်း ဖြစ်သည်။
အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်သည် ယခု တာတိုင်ကျေးရွာဖြစ်စဉ် အပါအဝင် ပြည်သူ ၅ ဦးနှင့်အထက် လူအစု လိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှု အမှုပေါင်း ၃၀ ကျော်ထိ ကျူးလွန်ထားပြီး ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ဖော် ပြောဆိုထားသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာစစ်တပ်သည် အထက်အောက် အမိန့်ပေးညွှန်ကြားမှု အဆင့်ဆင့်ဖြင့် စနစ်တကျ ဖွဲ့စည်းထား သော အဖွဲ့အစည်းတခု ဖြစ်ခြင်းကြောင့် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၏ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုဗိုလ်ချုပ်ကြီး တေဇကျော် စသည့် ထိပ်တန်း စစ်ဗိုလ်ချုပ် အားလုံး တာဝန်ခံရမည် ဖြစ်သည်။
You may also like these stories:
အာဏာသိမ်း စစ်တပ်က မုဒိမ်းကျင့် လူသတ်နေသည်
စစ်တပ်က သတ်သွားသည့် တာတိုင်ရွာဒေသခံ ၁၇ ဦး အလောင်း ပြန်တွေ့
စစ်ကောင်စီ ကျူးလွန်သည့် အစုအပြုံလိုက် သတ်ဖြတ်မှု ၃၂ ခု ရှိ
အာဏာတည်မြဲရေး ဘနဖူး သိုက်တူးမည့် ရာဇဝတ်ကောင် စစ်ကောင်စီ