ဆောင်းပါး

မိခင်သောကနှင့် တော်လှန်ရေး ဆုတောင်း

အသက် ၄၈ နှစ်ရှိပြီဖြစ်သော ဒေါ်စန်းစန်းအေးသည် သူ၏သား ၄ ဦးကို မတွေ့ရသည်မှာ ၂ နှစ်ကြာပြီ ဖြစ်သည်။ သား ၄ ဦးကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ဖမ်းဆီးပြီး ၎င်းတို့မကျူးလွန်ကြောင်း ငြင်းဆန်ခဲ့သည့် လူသတ်မှုတခုအတွက် သေဒဏ်ချခဲ့သည်။

ဒေါ်စန်းစန်းအေး၏ သား ၄ ဦးဖြစ်သော ကိုခိုင်မြဲ၊ ကိုအောင်မျိုးလင်း၊ ကိုနိုင်နိုင်နှင့် ကိုစိုးပြည့်အောင် တို့ကို အခြားသူ ၁၄ ဦးနှင့်အတူ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် လူတဦးကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် သတ်ဖြတ်သည်ဟု စွပ်စွဲခဲ့သည်။ ထိုအလောင်းကို မီးရှို့ခဲ့ကြောင်း စစ်ကောင်စီက ပြောသည်။

စစ်အာဏာသိမ်းပြီး ၂ လမပြည့်မီနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းနေချိန်တွင် ထိုလူသတ်မှု ဖြစ်ပွားခြင်းဖြစ်သည်။ လူသတ်မှုဖြစ်ပွားသောနေ့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သော ဆန္ဒပြသူ အနည်းဆုံး ၂၀ ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်။

ဖမ်းဆီးခံရပြီး တလကြာသောအခါ စစ်ကောင်စီ စစ်ခုံရုံးက ဒေါ်စန်းစန်းအေး၏ သား ၄ ဦးကို သေဒဏ်ချခဲ့သည်။ ယခုအခါ ၎င်းတို့ကို မွန်ပြည်နယ်မှ ကျိုက်မရောထောင်၊ ပဲခူးတိုင်းမှ တောင်ငူထောင်၊ မန္တလေးတိုင်းမှ မြင်းခြံထောင်နှင့် မန္တလေးမှ အိုးဘိုထောင်တို့တွင် သီးခြားစီ ချုပ်နှောင်ထားသည်။

သားများကို ဖမ်းဆီးချိန်မှစတင်ပြီး မတွေ့ရတော့ဘဲ အစားအသောက်များသာ ပေးပို့နိုင်သည်။ သုံးလတကြိမ် အစားအသောက်ပါဆယ် ပေးပို့နိုင်ရန်အတွက် အစားအသောက် ရောင်းချသူအဖြစ် သမီး၊ အကြီးဆုံး သားနှင့်အတူ ငွေစုဆောင်းရသည်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကိုဂျင်မီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် အပါအဝင် စစ်ကောင်စီဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်ပြီးနောက် သားများအတွက် အမြဲမပြတ် စိုးရိမ်ပူပန်နေရသည်။

သားများကို ဖမ်းဆီးချိန်မှစတင်ပြီး မတွေ့ရတော့ဘဲ အစားအသောက်များသာ ပေးပို့နိုင်သည်။ သုံးလတကြိမ် အစားအသောက်ပါဆယ် ပေးပို့နိုင်ရန်အတွက် အစားအသောက် ရောင်းချသူအဖြစ် သမီး၊ အကြီးဆုံး သားနှင့်အတူ ငွေစုဆောင်းရသည်။

“သူတို့ ၄ ယောက်ကို ကွပ်မျက်လိုက်တယ်လို့ ကြားတော့ ကျမ မစားနိုင် မအိပ်နိုင်ဖြစ်ရတယ်” ဟု ဧရာဝတီသတင်းဌာနသို့ ဒေါ်စန်းစန်းအေးက ပြောသည်။

မတ်လ ၁ ရက်နေ့အထိ စစ်ကောင်စီက လူပေါင်း ၁၄၄ ဦးကို သေဒဏ်ချမှတ်ထားပြီး ၎င်းတို့အား ကွပ်မျက်မည်ကို မိသားစုများ အမြဲမပြတ် စိုးရိမ်နေရသည်။

“ကျမသားတွေက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါရင်ပါမယ်။ ဒါပေမယ့် သူတို့ကို စွပ်စွဲထားသလို ရာဇဝတ်မှု မကျူးလွန်ခဲ့ဘူး။ အဲဒီ လူသတ်မှုဖြစ်တဲ့အချိန်မှာ သူတို့က အိမ်မှာပဲရှိနေတယ်” ဟု ဒေါ်စန်းစန်းအေးက ပြောသည်။

သား ၄ ဦး သေဒဏ်ချမှတ်ခံရသောကြောင့် သူသည် အတိုင်းမသိကြေကွဲစရာ ဖြစ်နေသည်။

“ကျမရဲ့သားတွေ အမြန်ဆုံး ပြန်လာပါစေလို့ ဆုတောင်းတယ်။ ကျမ နေ့တိုင်းဆုတောင်းတယ်” ဟု ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးမှ ပိုမိုများပြားလာသည့် မိခင်များသည် သတ်ဖြတ်ခံရသော၊ ထောင်ချခံရသော သို့မဟုတ် ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသော သားသမီး များအတွက် ပူဆွေးနေရသည်။

သမီး ၂ ဦး ဆုံးရှုံးခဲ့သော မိခင်

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ် မိုးဗြဲမှ မွေတော်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် သမီး ၂ ဦး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် စစ်ကောင်စီ၏အမြောက်ဆံ ထိမှန်သေဆုံးပြီးနောက် အသက် ၃၈ နှစ်အရွယ် ဒေါ်မော်နီကာသည် မကြာခဏ ဖျားနာနေသည်။

အသက် ၁၁ နှစ်အရွယ် အစ်မဖြစ်သူ မအန်ကောညက်နှင့်အတူ သေဆုံးစဉ်တွင် သူ၏အငယ်ဆုံးသမီး မလူစီယာသည် အသက် ၇ နှစ်သာရှိသေးသည်။ ထိုညီအစ်မများသည် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်စောစောတွင် သေဆုံးခြင်းဖြစ်သည်။

အသက် ၁၁ နှစ်အရွယ် အစ်မဖြစ်သူ မအန်ကောညက်နှင့်အတူ သေဆုံးစဉ်တွင် သူ၏အငယ်ဆုံးသမီး မလူစီယာသည် အသက် ၇ နှစ်သာရှိသေးသည်။

“ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရင် ဘေးကင်းမယ်လို့ ကျမတို့ကို အကြံပေးခဲ့တယ်။ စစ်တပ်က ဘုန်းကြီးကျောင်းကို မပစ်ဘူးလို့ ကျမတို့ထင်ထားတာ” ဟု ဒေါ်မော်နီကာက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

သို့သော် စစ်ကောင်စီ၏ အမြောက်ဆန်များသည် အရပ်သား ၃၀၀ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့သည်။ ထိုအရပ်သားများအနက် ဒေါ်မော်နီကာ၏ သမီးများအပါအဝင် ငါးဦးသေဆုံးပြီး တဒါဇင်နီးပါး ဒဏ်ရာရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များလက်တွင် သေဆုံးသူ ၃,၀၀၀ ကျော် ရှိခဲ့ပြီဖြစ်သည်။ ကယားပြည်နယ် ကဲ့သို့သော ခုခံတော်လှန်ရေး အမာခံဒေသမှ အရပ်သားများသည် လေကြောင်းမှ အမြောက်များဖြင့် ရမ်းသမ်းပစ်ခတ်ခံကြရသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း ကယားပြည်နယ်မှ စစ်ဘေးရှောင် အနည်းဆုံး ၁၃၀ ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ပြောသည်။

မလူစီယာနှင့် မအန်ကောညက် သေဆုံးခြင်းသည် သူတို့မိသားစုအတွက် လွန်စွာဝမ်းနည်းစရာဖြစ်သည်။ ထိုကလေးများသည် လိမ္မာသော ကလေးများဖြစ်ပြီး ၎င်းတို့သေဆုံးခြင်းကြောင့် ဖြေမဆည်နိုင်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

“ကျမ အရမ်းဝမ်းနည်းတယ်။ နေ့တိုင်းငိုရတယ်” ဟု ဒေါ်မော်နီကာက အသံတိမ်တိမ်ဖြင့် ပြောသည်။

ကျဆုံးသွားသည့် PDF တပ်ဖွဲ့ဝင်များ၏ မိခင်များ

ကလေး ၄ ဦး၏ အသက် ၄၃ နှစ်အရွယ်မိခင် ဒေါ်ခင်မျိုးမြင့်သည် သူ၏အကြီးဆုံးသား လွန်ခဲ့သော ကိုးလက ကျဆုံးရသည့်အကြောင်းပြောတိုင်း ငိုရသည်။ သူ၏သား ကိုဟိန်းဖြိုးဦးသည် စစ်ကိုင်းတိုင်းတွင် လှုပ်ရှားသည့် ဒေါင်းနက် ပြောက်ကျားတပ်ဖွဲ့ဝင်တဦး ဖြစ်သည်။

အသက် ၁၉ နှစ်အရွယ် ကိုဟိန်းဖြိုးဦးသည် စစ်အာဏာမသိမ်းမီက မကွေးတိုင်း၊ မြောင်မြို့နယ်တွင် ဖခင်ဖြစ်သူနှင့်အတူ ဟင်းသီးဟင်းရွက် ရောင်းချသည်။ သို့သော် အာဏာသိမ်းပြီး တနှစ်ကြာသောအခါ မိခင်ဖြစ်သူက တဦးတည်းသောသားဖြစ်သူ အသက်အန္တရာယ်အတွက် စိုးရိမ်သော်လည်း ကိုဟိန်းဖြိုးဦးသည် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် ခုခံတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းလိုက်သည်။

“ကျမ သူ့ကိုပြောတယ်။ အမေ့မှာ သားသမီး ၄ ယောက်ထဲမှာ သားတယောက်ပဲပါတယ်။ အမေ့ကို ရင်ကွဲအောင် မလုပ်ပါနဲ့လို့ ပြောတယ်။ သူက တော်လှန်ရေးအတွက် လုပ်စရာအများကြီးရှိတယ်လို့ ပြောတယ်” ဟု ဒေါ်ခင်မျိုးမြင့်က ပြန်ပြောင်းပြောပြသည်။

သားကြီးတယောက်အဖြစ် ကိုဟိန်းဖြိုးဦးသည် မိဘများကို ကူညီပြီး ညီမငယ်များကို ချစ်ခင်သူဖြစ်သည်။ သူသည် မိခင်နှင့်တွေ့သောအခါ ကလေးသဖွယ် ဖြစ်နေသော်လည်း စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန် စစ်ဆင်ရေးတိုင်းတွင် ပါဝင်ရန် လွန်စွာ စိတ်အားထက်သန်သည်ဟု သူ၏မိခင်က ပြောသည်။

၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် သူ၏ ခုခံတော်လှန်ရေး အင်အားစုသည် ပုလဲ-ဂန့်ဂေါလမ်းတွင် မြေမြှုပ်မိုင်း တိုက်ခိုက်မှုပြုလုပ်ပြီးနောက် စစ်ကောင်စီအမြောက်ဆန် ထိမှန်သေဆုံးသည်။ သူသည် ယင်းဖြစ်ရပ်မတိုင်မီ တပတ်ကမှ မြန်မာ-အိန္ဒိယ နယ်စပ်လေ့ကျင့်ရေးစခန်းမှ ပြန်လာခဲ့သည်။

ဒေါ်ခင်မျိုးမြင့်သည် သူ၏သားမသေဆုံးမီ တွေ့ခွင့်ရခဲ့သည်။ ကိုဟိန်းဖြိုးဦးသည် မသေဆုံးမီ မိခင်ဖြစ်သူ၏လက်ကို ဆုပ်ကိုင်ပြီး “အမေ” ဟု သုံးကြိမ်ခေါ်သွားခဲ့သည်။

ဒေါ်ခင်မျိုးမြင့်သည် သူ၏သားမသေဆုံးမီ တွေ့ခွင့်ရခဲ့သည်။ ကိုဟိန်းဖြိုးဦးသည် မသေဆုံးမီ မိခင်ဖြစ်သူ၏လက်ကို ဆုပ်ကိုင်ပြီး “အမေ” ဟု သုံးကြိမ်ခေါ်သွားခဲ့သည်။

“သားသမီးတွေက တော်လှန်ရေးအတွက် အရမ်းကို စိတ်အားထက်သန်တော့ မိဘတွေက ခွင့်လွှတ်ရမှာပဲ” ဟု ဒေါ်ခင်မျိုးမြင့်က ဧရာဝတီသတင်းဌာနသို့ မျက်ရည်စက်လက်ဖြင့် ပြောသည်။

ယခုအခါတွင် ဒေါ်ခင်မျိုးမြင့်သည် သား၏ လိုအင်ဆန္ဒကို သိသောကြောင့် တော်လှန်ရေးတွင် တဖက်တလမ်းမှ ပါဝင်ပေးနိုင်ရန် ကြိုးစားနေသည်။

“ကျမသား အသက်ပေးခဲ့ရတဲ့ကိစ္စ အောင်မြင်ပြီးမြောက်အောင် လုပ်ဖို့ ကျမ ဆုံးဖြတ်ထားတယ်။ ကျမသားရဲ့ တော်လှန်ရေးတပ်ဖွဲ့ ကျမတို့ဆီကိုလာတဲ့အခါတိုင်း သူတို့ကို အမြဲချက်ပြုတ်ကျွေးမွေးတယ်” ဟု သူကပြောသည်။

ကျဆုံးသွားသော ခုခံတော်လှန်ရေးသမားများ၏ မိခင်အများအပြားသည် သားဖြစ်သူများ အသက်ပေးခဲ့သည့် တော်လှန်ရေးကို ထောက်ကူရန် ဆုံးဖြတ်ထားသည်။

အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်မိုးသည် သားဖြစ်သူ ကိုသန်းထက်အောင်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဆုံးရှုံးခဲ့သည်။ သူသည် Monywa The Boys ခုခံတော်လှန်ရေးတပ်မှဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှ သူ၏ရွာတွင် ပျူစောထီးများ၏ ဖမ်းဆီးနှိပ်စက်ခံရပြီးနောက် ကျဆုံးခြင်းဖြစ်သည်။ အသက် ၂၄ နှစ်အရွယ် ကိုသန်းထက်အောင်သည် အူမကြီးကင်ဆာ ခံစားနေရသော်လည်း တော်လှန်ရေးတွင် မပါဝင်ဘဲနေရန် မည်သည့်အခါမျှ စဉ်းစားခြင်း မရှိခဲ့ပေ။

ကင်ဆာရောဂါကြောင့် အနားယူရန် ကိုသန်းထက်အောင်ကို သူ၏မိခင်နှင့် ခုခံတော်လှန်ရေးအင်အားစု ခေါင်းဆောင်များက တိုက်တွန်းခဲ့သော်လည်း ငြင်းဆန်ခဲ့သည်။ ခွဲစိတ်ပြီးနောက် နေအိမ်တွင် နာလန်ထလာသောအခါ သူ့တပ်ဖွဲ့သို့ပေးပို့ရန်အတွက် ရိက္ခာများကို စုဆောင်းပေးကြောင်း သူ၏မိခင်က ပြောသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်စောစောတွင် ကိုသန်းထက်အောင်နှင့် ညီအစ်ကို ဝမ်းကွဲတော်သူ ကိုထက်ခေါင်ဝေတို့ ရွာဘုန်းကြီးကျောင်းတွင် အိပ်နေစဉ် ပျူစောထီးများက ဖမ်းဆီးခဲ့သည်။ ၎င်းတို့ နှစ်ဦးကို ဘုန်းကြီးကျောင်းအတွင်း တနာရီခန့် ညှဉ်းပန်းနှိပ်စက် စစ်မေးပြီးနောက် ရွာအစွန်သို့ ခေါ်ဆောင်သွားခဲ့သည်။ အပိုင်းပိုင်းပြတ်နေသော သူတို့ နှစ်ဦး၏ အလောင်းများကို နောက်တနေ့တွင် ပြန်လည်တွေ့ရသည်။

“သူအဖမ်းခံရရင်တောင်မှ သူ့စခန်းအကြောင်း စစ်ကောင်စီတပ်တွေကို မပြောဘူးလို့ သူပြောခဲ့တယ်။ တော်လှန်ရေး ပြီးတဲ့အထိ လုပ်မယ်လို့ သူပြောတယ်။ သူပြန်လာရင် ပန်းတွေနဲ့ကြိုစေချင်တယ်လို့လည်း ပြောခဲ့တယ်” ဟု ဒေါ်ခင်မိုးပြောရင်း အသံများတုန်လာသည်။

“သူအဖမ်းခံရရင်တောင်မှ သူ့စခန်းအကြောင်း စစ်ကောင်စီတပ်တွေကို မပြောဘူးလို့ သူပြောခဲ့တယ်။ တော်လှန်ရေး ပြီးတဲ့အထိ လုပ်မယ်လို့ သူပြောတယ်။ သူပြန်လာရင် ပန်းတွေနဲ့ကြိုစေချင်တယ်လို့လည်း ပြောခဲ့တယ်” ဟု ဒေါ်ခင်မိုးပြောရင်း အသံများတုန်လာသည်။ ဒေါ်ခင်မိုးသည် ယခုအခါတွင် တော်လှန်ရေးကို ထောက်ပံ့ရင်း သားဖြစ်သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးနေသည်။

မိခင်များ၏ ဆန္ဒများ

ဧရာဝတီသတင်းဌာနက တွေ့ဆုံခဲ့သည့် မိခင်များအားလုံးက တော်လှန်ရေးအောင်မြင်ပြီး မြန်မာတွင် ဒီမိုကရေစီ ပြန်လည် ရရှိလိုကြသည်။ “ကျမသားက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကျဆုံးသွားတာ။ သူ့ရဲ့ အားထုတ်မှုတွေအတွက် ကျမဂုဏ်ယူတယ်” ဟု ဒေါ်ခင်မိုးက ဧရာဝတီသို့ ပြောသည်။

တော်လှန်ရေးအမြန်ဆုံး အောင်မြင်ရန်အတွက် တော်လှန်ရေးကို ထောက်ကူကြရန် ပြည်သူများကို သူက တိုက်တွန်းသည်။

ဒေါ်မော်နီကာကလည်း စစ်ကောင်စီလက်တွင် သူ၏သမီးများ သေဆုံးသကဲ့သို့ အရပ်သားများ ထပ်မံ မသေဆုံးရေးအတွက် တော်လှန်ရေး အောင်မြင်စေလိုသည်။

“ကျမခံစားရသလို ဘယ်သူမှ မခံစားစေချင်ဘူး” ဟု သူကပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Yuzana ၏ Myanmar’s Grieving Mothers Pray for Revolution’s Success ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

စစ်ပွဲပဋိပက္ခကြားက အမေတွေ

ကွပ်မျက်မှုကြောင့် ကျန်သေဒဏ်ချမှတ်ခံထားရသည့် နိုင်/ကျဉ်းများအရေး စိုးရိမ်နေ

ဒီမိုကရေစီတိုက်ပွဲဝင် အမျိုးသမီး စစ်သည်တော်များ

ဗုံးနဲ့ကျည်ဆံတွေကြားက ကစားစရာအရုပ်တွေကို တွယ်တာတဲ့ ကလေးတွေ

ပုခက်လွှဲတဲ့လက်တွေရဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ စကားသံများ

Loading