လွန်ခဲ့သော ၂ နှစ် တနင်္လာနေနံနက်တခုတွင် မြန်မာ့စီးပွားရေးနှင့် ယဉ်ကျေးမှုမြို့တော် ရန်ကုန်မှ ပန်းချီပြခန်းပိုင်ရှင်တဦးသည် ကိုဗစ်နိုင်တင်း ကန့်သတ်ပိတ်ဆို့မှု လပေါင်းများစွာအလွန် ပျော်ရွှင်မှု အခမ်းအနားအတွက် ကျဉ်းမြောင်းသော်လည်း အလင်းအားကောင်းသည့် အခန်းများကို ဧည့်သည်များအတွက် ပြင်ဆင်နေသည်။
သို့သော် မိတ်ဆွေတဦးထံမှ တုန်လှုပ်ခြောက်ခြားဖွယ် ဖုန်းခေါ်ဆိုမှုတခုက ထိုသမိုင်းဝင်နေ့ရက်ဖြစ်သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၏ တည်ငြိမ်မှုကို တစစီကြေမွသွားစေသည်။
မြို့တော်နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံကို စစ်တပ်ယာဉ်တန်းတခုက ဝင်ရောက် စီးနင်းပြီး ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချအာဏာသိမ်းကာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက် ၇၅ နှစ်၏ ၃ ပုံ ၂ ပုံကျော်ကို စစ်သားများက အုပ်ချုပ်ခဲ့သည့်နိုင်ငံတွင် စစ်အုပ်ချုပ်ရေးချမှတ်လိုက်သည်။
“ဘုရားရေ” ဟု ပန်းချီပြခန်းပိုင်ရှင်စိတ်ထဲမှ ပြောလိုက်သည်။ လုံခြုံရေးအတွက် သူ၏ အမည်ကို Radio Free Asia သို့ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
သူသည် ကလေးကိုလက်တဖက်ဖြင့် ခါးတစ်ခွ ချီထားရင်း နိုင်ငံရေးနှင့် ပတ်သက်သည့်၊ စစ်တပ်ကို ဝေဖန်သည်ဟု ယူဆနိုင်သည့် ပန်းချီကားများကို နံရံပေါ်မှ ချက်ချင်း စတင်ဖယ်ရှားကြောင်း တွေ့ဆုံမေးမြန်းခန်းတွင် သူကပြောသည်။
မြန်မာပြည်သူများသည် ကိုလိုနီခေတ်၊ ကြမ်းတမ်းသည့်စစ်အုပ်ချုပ်ရေးနှင့် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများ စသည့် ခက်ခဲကြမ်းတမ်းသည့် သမိုင်းတလျှောက်တွင် ခုခံတော်လှန်မှု ပုံစံတမျိုးအဖြစ် အနုပညာဖန်တီးသည့် အစဉ်အလာကို ပျိုးထောင်ခဲ့ကြသည်။
မြန်မာပြည်သူများသည် ကိုလိုနီခေတ်၊ ကြမ်းတမ်းသည့်စစ်အုပ်ချုပ်ရေးနှင့် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများ စသည့် ခက်ခဲကြမ်းတမ်းသည့် သမိုင်းတလျှောက်တွင် ခုခံတော်လှန်မှု ပုံစံတမျိုးအဖြစ် အနုပညာဖန်တီးသည့် အစဉ်အလာကို ပျိုးထောင်ခဲ့ကြသည်။
၂၀၁၀ ပြည့်နှစ်များ အစောပိုင်းတွင် ရုပ်ရှင်၊ စာပေနှင့် အခြားအနုပညာပုံစံများကို ဆင်ဆာဖြတ်တောက်မှု လျှော့ချလိုက်သောကြောင့် မြန်မာ အနုပညာဖန်တီးသူများသည် လက်ခံနိုင်သော သရုပ်ဖော်မှုနယ်နိမိတ်များကို စတင်စိန်ခေါ်လာပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှု အပြီးတွင် ထိုစွမ်းအင်ကို ဆန့်ကျင်ကန့်ကွက်မှု အနုပညာဖန်တီးရေးတွင် အသုံးပြုလာကြသည်။
ယခုအခါ မြန်မာတနိုင်ငံလုံးမှ တီထွင်ဆန်းသစ်သော အနုပညာဖန်တီးသူများသည် စစ်အုပ်ချုပ်ရေးကင်းမဲ့သည့် တိုတောင်းသောကာလအတွင်း ၎င်းတို့ရရှိခဲ့သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မျိုးကို ကာကွယ်ရန် တိုက်ပွဲဝင်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံကို ၂၀၁၆ ခုနှစ်မှ အာဏာသိမ်းသည့် အချိန်အထိ အုပ်ချုပ်ခဲ့သည်။ ထိုသို့အာဏာသိမ်းရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် တောင်ပြိုကမ်းပြိုအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာသောကြောင့် ဖြစ်သည်ဟု စစ်တပ်က ပြောသည်။
စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်နိုင်တင်း အကျပ်အတည်း နှစ်ခုနောက်ပိုင်းတွင် မြန်မာ အနုပညာရှင်များသည် စစ်ကောင်စီကို ခုခံတော်လှန်ရန် တိုက်ပွဲဝင်နေပြီး ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့လူမှုအသိုက်အဝန်းများကို အနုပညာမှတဆင့် ဆက်လက်ရှင်သန်အောင် လုပ်ဆောင်နေကြသည်။
၎င်းတို့နားလည်သော အနုပညာ
၂၀၁၆ ခုနှစ်တွင် Myanm/art gallery ကို ထူထောင်သူ နက်သာလီ ဂျွန်စတင်သည် အာဏာသိမ်းမှု ဖြစ်သည့်သတင်းကို ကြားရသောအခါ ရန်ကုန်ကို သို့မဟုတ် ထိုပန်းချီပြခန်း ဒါရိုက်တာရာထူးကို စွန့်လွှတ်ရန် ရည်ရွယ်ချက် မရှိပေ။
ထို့နောက် စစ်ကောင်စီကိုဆန့်ကျင်သည့် ကျယ်ပြန့်သော သပိတ်များနှင့် စစ်ကောင်စီချမှတ်သည့် အင်တာနက် ပိတ်ဆို့မှုကြောင့် ငွေသားပြတ်လပ်ပြီး စီးပွားရေးပြိုကွဲကာ ဂျွန်စတန်သည် သူ၏ဘဏ်စာရင်းမှ ငွေထုတ်ယူနိုင်ခြင်း မရှိတော့ပေ။ မြန်မာတွင် ပုံမှန်ဘဝအတိုင်း ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ဘဲ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အမေရိကန် ပြည်ထောင်စုသို့ ပြန်ရသည်။
အနုပညာရှင်များနှင့် နိုင်ငံအတွင်းတွင် လမ်းပွင့်နေဆဲဖြစ်သည့် တီထွင်ဆန်းသစ်ဖန်တီးမှု နယ်ပယ်များသည် စစ်အာဏာသိမ်းမှုအလွန် စီးပွားအကျပ်အတည်းကိုလည်း ခံစားနေရသည်။
ကျော်ကြားပြီး နိုင်ငံတကာအသိအမှတ်ပြု ပန်းချီဆရာအဖြစ် လက်ရာဈေးနှုန်းမြင့်မားသည့် ပန်းချီဆရာတဦးသည် ဘဝရပ်တည်ရှင်သန်ရေးအတွက် သူ၏ပန်းချီကားများကို ဈေးလျှော့ ရောင်းလိုက်ရကြောင်း အထက်ပါ ပန်းချီပြခန်းပိုင်ရှင်က ပြောသည်။ သူက ပန်းချီဆရာ၏ လက်ရာများကို ပြသသော်လည်း မည်သူဖြစ်သည်ကို အခြားသူများ သိသွားမည် စိုးရိမ်သောကြောင့် ပန်းချီဆရာ၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ကျော်ကြားပြီး နိုင်ငံတကာအသိအမှတ်ပြု ပန်းချီဆရာအဖြစ် လက်ရာဈေးနှုန်းမြင့်မားသည့် ပန်းချီဆရာတဦးသည် ဘဝရပ်တည်ရှင်သန်ရေးအတွက် သူ၏ပန်းချီကားများကို ဈေးလျှော့ ရောင်းလိုက်ရကြောင်း အထက်ပါ ပန်းချီပြခန်းပိုင်ရှင်က ပြောသည်။
အချို့ပန်းချီကား စုဆောင်းသူများသည် အခြေအနေကို အခွင့်ကောင်းယူပြီး မြန်မာပန်းချီများကို ဝယ်ယူကြကြောင်း ပြခန်းပိုင်ရှင်က ပြောသည်။ အများအားဖြင့် ထိုသို့သော ပန်းချီကားစုဆောင်းသူများက ပန်းချီဆရာအနေဖြင့် စစ်ကောင်စီက ထိန်းချုပ်ထားသည့် သမားရိုးကျ ဘဏ်ဝန်ဆောင်မှု အသုံးပြုရန် မလိုစေရေးအတွက် ငွေသားဖြင့်သာ ပေးချေသည်။
နိုင်ငံတွင်းမှ အခြားပန်းချီဆရာများသည် ပန်းချီဆရာများအဖြစ်သာမက တက်ကြွလှုပ်ရှားသူများအဖြစ်ပါ ဘေးကင်းစွာ လှုပ်ရှားနိုင်ရေးအတွက် အွန်လိုင်းတွင် အမည်မခံကြပေ။
ပန်းချီဆရာတဦးသည် လူမှုကွန်ရက်တွင် အမည်တခုဖြင့် နိုင်ငံရေးနှင့်မဆိုင်သည့် ပန်းချီကားများကို ရောင်းချပြီး လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုကို ထောက်ခံသည့် တော်လှန်ရေးနှင့် ပတ်သက်သည့် ပန်းချီလက်ရာများကို အခြားအမည်တခုဖြင့် ရေးဆွဲသည်ဟု ပန်းချီပြခန်းပိုင်ရှင်က ပြောသည်။
သို့သော် နိုင်ငံတွင်းတွင် စစ်ကောင်စီကို အမည်မဲ့ ဆန့်ကျင်ခြင်းသည်ပင် အန္တရာယ် ရှိသည်။ ထိုအမည်မဲ့ ပန်းချီဆရာသည် သူ၏နိုင်ငံရေး ပန်းချီလက်ရာများကို နိုင်ငံတကာ အဖွဲ့အစည်းတခုမှတဆင့် ရောင်းချပြီး ထိုအဖွဲ့အစည်းက ရောင်းရငွေကို ပန်းချီဆရာထံသို့ နိုင်ငံတွင်းမှ အဆက်အသွယ်များမှတဆင့် တိတ်တဆိတ် ပို့ပေးသည်။
“လူတိုင်းလူတိုင်း ဖိအားတွေ ခံစားနေရတယ်” ဟု ပန်းချီပြခန်းပိုင်ရှင်က ပြောသည်။ “အခြေအနေအပေါ် မူတည်ပြီး မြန်မာမှာနေထိုင်ဖို့ အစီအစဉ်ပြောင်းရတယ်၊ ဒါမှမဟုတ် နိုင်ငံကထွက်ဖို့ လုပ်ရတယ်” ဟုလည်း သူကပြောသည်။
အနုပညာသည် တော်လှန်ရေးအတွက်
Bart Was Not Here ဟု သိကြသည့် မြန်မာလူငယ်ပန်းချီဆရာသည် နိုင်ငံမှ ထွက်ခွာလာခဲ့သည့် ပန်းချီဆရာတဦး ဖြစ်သည်။
သူ၏ ပန်းချီဆရာဘဝ အစောပိုင်းတွင် စစ်အာဏာရှင်ဟောင်းများဖြစ်သော ဗိုလ်သန်းရွှေနှင့် ဗိုလ်နေဝင်း၊ အမျိုသားရေးအစွန်းရောက်ဘုန်းကြီး ဦးဝီရသူ အပါအဝင် နိုင်ငံရေးခေါင်းဆောင်များကို လှောင်ပြောင်သည့် ပုံများကို ရေးဆွဲခဲ့သည်။
အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် သူသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပေါ်ပေါက်လာသည့် နိုင်ငံတဝန်းကျယ်ပြန့်သော လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုနှင့် ကျဆုံးသွားသော တက်ကြွလှုပ်ရှားသူများကို ဂုဏ်ပြုပုံဖော်သည့် ဒီဂျစ်တယ် သရုပ်ဖော်ပုံများ ပြုလုပ်သည်။
Bart Was Not Here သည် ပြင်သစ်နိုင်ငံ၊ ပါရီရှိ Cité des Arts တွင် အနုပညာရှင် နေထိုင်ခွင့် ခြောက်လ ရရှိသောအခါ ရန်ကုန်မှ ထွက်လာခဲ့သည်။ ထိုနေထိုင်ခွင့် ကုန်ဆုံးသောအခါ အမေရိကန် ပြည်ထောင်စု၊ နယူးယောက် စီးတီးတွင် အခြေချရန် ဆုံးဖြတ်ခဲ့သည်။
“တောထဲက ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းလိုက်တဲ့ အနုပညာသမားတချို့ ရှိတယ်လို့ သိရတယ်။ နယ်စပ်ကလူတွေကိုလည်း ကျနော်သိတယ်။ ကျနော့်လိုပဲ ဘေးကင်းစွာထွက်လာပြီး အခု ဥရောပမှာ ရောက်နေတဲ့သူတွေလည်း ကျနော်သိတယ်” ဟု သူက ပြောသည်။
“တောထဲက အနုပညာရှင်တွေအတွက် စိတ်မကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ အနုပညာသမားဆိုတာ ဖန်တီးမှုတွေ လုပ်ဖို့ဖြစ်တယ်။ အခုတော့ လိုအပ်ချက်အရ သူတို့တွေက ဖျက်ဆီးမှုတွေ လုပ်နေရတယ်” ဟု ၎င်းကပြောသည်။
“တောထဲက အနုပညာရှင်တွေအတွက် စိတ်မကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ အနုပညာသမားဆိုတာ ဖန်တီးမှုတွေ လုပ်ဖို့ဖြစ်တယ်။ အခုတော့ လိုအပ်ချက်အရ သူတို့တွေက ဖျက်ဆီးမှုတွေ လုပ်နေရတယ်” ဟု ၎င်းကပြောသည်။
မြန်မာမှ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်လှုပ်ရှားရန် ၎င်းတို့၏ဖန်တီးမှုများကို အသုံးပြုသော လူငယ်အနုပညာသမား အများအပြားသည် နိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ပြီး အများစုသည် စစ်အာဏာသိမ်းပြီးနောက် အနုပညာရှင်များကို ခိုလှုံခွင့်၊ ပြည်ဝင်ခွင့်နှင့် လေ့လာသင်ယူရန် အခွင့်အလမ်းများ ပေးသည့် ပြင်သစ်သို့ ရောက်ရှိသွားသည်ဟု ဂျွန်စတန်က ပြောသည်။
ပန်းချီဆရာ ရီရှီထက်သည် Myanm/art တွင် ၂၀၂၀ ပြည့်နှစ်က တကိုယ်တော်ပြပွဲ ပြုလုပ်ခဲ့ပြီး ထိုပြပွဲတွင် အရှေ့တောင်အာရှ ဒဏ္ဍာရီများမှ ထင်ရှားသူများကို သရုပ်ဖော်သည့် အသက်ဝင်လှသော သူ၏ ပန်းချီကားများသည် လိင်ကွဲပြားမှုနှင့် လိင်မှုဆိုင်ရာ အစဉ်အလာ အတွေးအခေါ်ကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်။
အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် သူသည် ယဉ်ကျေးမှုဆိုင်ရာ ထင်ရှားသူများနှင့် သင်္ကေတများ ဆက်လက်ရေးဆွဲသော်လည်း ယခုအခါတွင် မြန်မာစစ်တပ်၏ ကြီးမားသော ရက်စက်ကြမ်းကြုတ် အမြတ်ထုတ်မှုများကို ဝေဖန်သည့် ရည်ရွယ်ဖြင့် ဆက်လက်ရေးဆွဲနေသည်။
Bart Was Not Here ကဲ့သို့ပင် သူသည် စစ်အာဏာသိမ်းမှုနောက်ပိုင်း မကြာမီမှာပင် ပြင်သစ်နိုင်ငံတွင် နေထိုင်ခွင့်ယူခဲ့သည်။
သူသည် ရန်ကုန်မှ မထွက်ခွာမီ အချိန်အနည်းငယ်အလိုတွင် Mitigate Art နှင့် တွေ့ဆုံမေးမြန်းရာ၌ “အားလုံး ဘာမှမရှိတော့ဘူး။ တနေ့တနေ့ ဆက်လက် ရှင်သန်နေရတာလောက် ဆိုးတာ ဘာမှ မရှိဘူး” ဟု ပြောခဲ့သည်။
အပြောင်းအလဲအတွက် စည်းရုံးလှုံ့ဆော်ရန်နှင့် အာဏာအလွဲသုံးစားမှုကို တော်လှန်ရန်အတွက် မြန်မာပြည်သူများက အနုပညာကို အသုံးပြုနေသည်မှာ ဗြိတိသျှကိုလိုနီခေတ် ၁၉၀၀ ပြည့်နှစ်များကပင် ဖြစ်ကြောင်း PEN America ၏ အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်တွင် မြန်မာတနိုင်ငံလုံးမှ နိုင်ငံသားများသည် စစ်အုပ်ချုပ်ရေးကို ပြစ်တင်ရှုတ်ချရန် တီထွင်ဖန်တီးမှုလက်ရာများတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် သင်္ကေတများကို အသုံးပြုပြီး ထိုအစဉ်အလာကို ဆက်လက် သယ်ဆောင်ကြသည်။
သမိုင်းကြောင်းအရ ကြည့်ပါက မြန်မာစစ်အာဏာရှင်များသည် အနုပညာလက်ရာများနှင့် တီထွင်ဆန်းသစ်မှုများကို ပစ်မှတ်ထားလေ့ရှိကြောင်း ပန်းချီပြခန်းပိုင်ရှင် ဂျွန်စတင်က ပြောသည်။
စစ်အုပ်စုကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဦးဆောင်ဆန့်ကျင်သည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအတွင်း ၎င်းတို့ ပန်းချီကားများတွင် အနီရောင်နှင့် အဝါရောင်များပါသည့် ပန်းချီဆရာများကို အာဏာပိုင်များက စောင့်ကြည့်ကြောင်းနှင့် အာဏာပိုင်များက ထိုသို့သော ပန်းချီကားများသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသည့် သင်္ကေတဖြစ်သည်ဟု ယူဆကြသည်။
ပိုမိုလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဒီမိုကရက်တစ်အနာဂတ်အတွက် မျှော်လင့်ချက်ရှိသော ဆယ်စုနှစ်တခုအတွင်း လူလားမြောက်လာသည့် မြန်မာလူငယ်မျိုးဆက်သည် ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ရှေ့တန်းမှ ပါဝင်လာသည်။
လူငယ်အနုပညာရှင်များသည် နိုင်ငံရေးအရ ပါဝင်ရန် ၎င်းတို့၏ အနုပညာကို အသုံးပြုနေပြီး မိခင်နိုင်ငံမှ ထွက်ခွာရန် ဖိအားကို ခံစားနေရသည်။
“ဖေဖော်ဝါရီလ ၁ ရက်နေ့နဲ့ နောက်ပိုင်း မြန်မာမှာရှိနေတုန်း ကျမကို တုန်လှုပ်စေတာက ဂျန်ဇီ (Gen Z) တွေက တော်လှန်ရေးကို စိတ်ကူးအနုပညာတွေ အသုံးပြု လှုံ့ဆော်တာ ဘယ်လောက်အရေးကြီးတယ် ဆိုတာပဲ” ဟု ဂျွန်စတန်က ပြောသည်။
“Bart က အမှန်တရားကိုမပြောဘဲ လှပနေတဲ့ပန်းချီကားတွေကို စိတ်ကုန်နေတဲ့ မျိုးဆက်ကပဲ။ ဒါပေမယ့် အဲဒီ (ပို အသက်ကြီးပြီး အစဉ်အလာဆန်တဲ့) အနုပညာသမားများတွေဟာ ဆင်ဆာဖြတ်တောက်ခံလာရတာ ကာလကြာမြင့်ပြီ ဖြစ်တာကြောင့် သူတို့ဟာ စိတ်ကူးတွေနဲ့ မတူညီတဲ့အကြောင်းအရာတွေနဲ့ ဆက်လက်ရှင်သန်အောင် လုပ်ကြရတယ်” ဟု ၎င်းက ပြောသည်။
လူငယ်တော်လှန်ရေး အနုပညာရှင်များ ထွက်ခွာသွားကြသော်လည်း စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံအတွင်း အနုပညာမြင်ကွင်းများ ကွယ်ပျောက်မှုကို ဖြစ်ပေါ်စေခြင်းမရှိဘဲ ထိုသို့ဖြစ်ရန် အလှမ်းဝေးကြောင်း ဂျွန်စတန်က ပြောသည်။
“စစ်အာဏာသိမ်းမှုက လူတွေ အနုပညာခံစားမှု ပုံစံနဲ့ အနုပညာအပေါ် သူတို့ထားတဲ့ အလေးထားမှုကိုတောင်မှ ပြောင်းလဲပစ်လိုက်တယ်။ သူတို့က အနုပညာကို ပိုမိုအလေးအနက်ထားလာကြတယ်။ အနုပညာသမားရဲ့ဘဝဟာ ကျမတို့လူအဖွဲ့အစည်းကို ထင်ဟပ်လို့ လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုတွေအတွက် အရမ်းအရေးပါတယ်။ ခံစားမှုတွေနဲ့ ပြည်သူတွေစိတ်ခံစားမှုကို အမှန်တကယ်ဖြစ်စေတဲ့ ကြီးမားတဲ့အရွေ့ကို ဖော်ပြတယ်” ဟုလည်း ၎င်းကပြောသည်။
တော်လှန်သောလုပ်ရပ်အဖြစ် ပြန်လည်ပြင်ဆင်ခြင်း
စစ်တပ်၏ သွေးချောင်းစီးသတ်ဖြတ်မှုများနှင့် အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ ရန်ကုန်တွင် လျော့နည်းလာသောအခါ ပြည်သူများသည် ၎င်းတို့၏ အတွေးများ၊ ခံစားချက်များနှင့် စိတ်ဒဏ်ရာများကို စူးစမ်းလေ့လာရန် ဖန်တီးမှု ထွက်ပေါက် လိုအပ်ကြောင်း ပန်းချီပြခန်းပိုင်ရှင် ဂျွန်စတန်က သဘောပေါက်သည်။
စစ်တပ်၏ သွေးချောင်းစီးသတ်ဖြတ်မှုများနှင့် အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ လျော့နည်းလာသောအခါ ပြည်သူများသည် ၎င်းတို့၏ အတွေးများ၊ ခံစားချက်များနှင့် စိတ်ဒဏ်ရာများကို စူးစမ်းလေ့လာရန် ဖန်တီးမှုထွက်ပေါက် လိုအပ်ကြောင်း ပန်းချီပြခန်းပိုင်ရှင် ဂျွန်စတန်က သဘောပေါက်သည်။
စိတ်ပညာနှင့် အနုပညာနောက်ခံ ရှိသောကြောင့် သူသည် အခမဲ့ အနုပညာကုထုံး ပြပွဲများကို ဒေသလူမှုအသိုက်အဝန်းအတွက် ဖွင့်လှစ်ပေးသည်။ မြန်မာနိုင်ငံသည် နိုင်ငံရေး အကျပ်အတည်းအတွင်း ဆက်လက်ကျဆင်းနေချိန်တွင် ထိုလုပ်ငန်းများကို စိတ်ဝင်စားသူ၊ တက်ရောက်သူ တိုးလာပြီး နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတခု၏ အကူအညီဖြင့် တိုးချဲ့လုပ်ဆောင်လာနိုင်ခဲ့သည်။
တဖြည်းဖြည်းဖြင့် ပန်းချီပြခန်းသည် ဂေဟာတခုသဖွယ် ဖြစ်လာကြောင်း သူကပြောသည်။
“ကျမ ဘယ်မှတောင် သွားလို့မရတော့ဘူး” ဟု သူပြောသည်။ “အနုပညာကုထုံးက ကျမရဲ့ ပရဟိတ လုပ်ငန်းတွေထဲက တခုပဲဖြစ်ပြီး ဒီလုပ်ငန်းရဲ့ မိခင်တယောက်ဖြစ်တဲ့ ကျမက လူမှုအသိုက်အဝန်းအတွက် လုပ်ပေးနိုင်တဲ့ တစုံတခုပါပဲ” ဟု ဂျွန်စတန်က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် သူသတိထားမိသည့် အကြီးမားဆုံး အံ့သြစရာကိစ္စမှာ တီထွင်ဖန်တီးမှုရှိသော ဖွင့်ဟမှုများအပြင် မြန်မာနိုင်ငံတဝန်းမှ အနုပညာသမားများနှင့် ဒေသခံများ၏ ခံနိုင်ရည်နှင့် အခြေအနေနှင့်လိုက်လျောညီထွေ နေထိုင်နိုင်မှုတို့ဖြစ်ကြောင်း ၎င်းကပြောသည်။
“ဒါက အခုလောလောဆယ် အမှန်တကယ်လိုအပ်တဲ့ အခြေအနေဖြစ်တယ်လို့ ကျမထင်တယ်” ဟု သူ၏ ပြခန်းတွင် ပြသနေသည့် နိုင်ငံရေးနှင့်မဆိုင်သော ပန်းချီကားများနှင့်ပတ်သက်ပြီး ဂျွန်စတန်က ပြောကြားသည်။ “ဆက်လက် ရပ်တည်ရှင်သန်ဖို့လိုတယ်၊ ရှိနေရမယ်၊ ဖန်တီးမှုလည်း ရှိနေရမယ်” ဟု သူကပြောသည်။
မြန်မာအနုပညာရှင်များနှင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်များအတွက် ပန်းချီကားများကို အွန်လိုင်းတွင် ပြသရောင်းချခြင်းများ ပြင်သစ်၊ ထိုင်းနှင့် သြစတြေးလျအပါအဝင် အခြားနိုင်ငံအများအပြားတွင် ပေါ်ပေါက်လာသည်။
Bart Was Not Here ကဲ့သို့သော ဘဝနှင့် အာမခံချက်ရှိသည့် အသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ခဲ့ရသော ပန်းချီဆရာအချို့က ၎င်းတို့နှင့် သက်ဆိုင်သည့် နေရာ၊ ၎င်းတို့ ဆက်သွယ်နိုင်သည့် ဘဝတူပန်းချီဆရာများနှင့် တီထွင်ဖန်တီးမှုရှိရှိ ထပ်မံစိန်ခေါ်နိုင်မည့်၊ စိန်ခေါ်ခံနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေနေကြောင်း ပြောသည်။
“ဒီကိစ္စက ကျနော့်မှာရှိတာကို ခင်ဗျားဘယ်လိုယူမလဲနဲ့ ပိုမိုကောင်းမွန်တဲ့ ပုံစံတခုဖြစ်လာအောင် လေ့လာဖို့၊ ဒါမှမဟုတ် တခြားပန်းချီဆရာတွေနဲ့ တွေ့ဆုံဖို့ ဒါမှမဟုတ် ကျနော် ဆက်လက် တိုးတက်နိုင်တဲ့ လူမှုအသိုက်အဝန်းတခု ပေးနိုင်ဖို့ အခွင့်အလမ်း ပေးနိုင်မလားဆိုတဲ့ကိစ္စ ဖြစ်တယ်” ဟု ၎င်းကပြောသည်။
(RFA မှ Amy Lee နှင့် Nawar Nemeh တို့၏ Myanmar’s artists strive to survive ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
စစ်အာဏာသိမ်းမှုအောက်က တော်လှန်အနုပညာရှင်များ
ထုံးသုတ် ဖျက်ဆီးခြင်းခံလိုက်ရတဲ့ Street Art
ပန်းချီဈေးကွက် ပန်းချီကားအတုများဖြင့် ပြည့်လျှံနေ
အနုပညာဖန်တီးမှုတွေ ဆိတ်သုဉ်းသွားတော့မလား
နိုင်ငံရေး သရော်ချက် ကာတွန်းများနဲ့ ဟန်လေး