ဆောင်းပါး

ရက်ကန်းသံတွေ ဆိတ်သုဉ်းသွားတဲ့ အညာ

“လက်ခတ်သံ လက်ခတ်သံ မလေး လက်ခတ်သံ၊ လက်ခတ်သံ လက်ခတ်သံ ပျိုလေး လက်ခတ်သံ လက်ခတ်သံကျွန်းပိုသား သောင်းတိုင်က ကြားသလေလေ့” တေးရေး စိန်ဝေလျှံ ရေးသားတဲ့ “မလေး လက်ခတ်သံ” ဆိုတဲ့ သီချင်းကို ကြားရတဲ့အခါတိုင်းမှာ ရိုးရာဓလေ့အရ ကျေးလက်ဒေသတွေမှာ ရက်ကန်းခတ်ကြတဲ့ အမျိုးသမီးတွေကို မြင်ယောင်မိကြမှာ ဖြစ်သလို ရက်ကန်းနဲ့ အညာဒေသဆိုတာ ခွဲလို့ မရပါဘူး။

မြန်မာတနိုင်ငံလုံးကို ဖြန့်ချိနေတဲ့ ချည်ထည် ပိုးထည် ရက်ကန်းထည်တွေဆိုတာ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေမှာ အဓိက လုပ်ကိုင်နေကြတာပါ။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းက မန်ကျည်းအုပ်ရွာလေးမှာ ကြမ္မာဂြိုဟ်ဆိုး မဝင်ခင် အထိတော့ ရက်ကန်းခတ်သံ တညံညံနဲ့ စည်ကားနေခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအားကောင်းလှတဲ့ အညာဒေသ စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အစွမ်းကုန် နှိမ်နင်းဖို့ကြိုးစားရာမှာတော့ ဒီရွာလေးဟာလည်း အခြားရွာတွေနည်းတူ စစ်ကောင်စီရဲ့ အကြမ်းဖက် မီးရှို့ခြင်းကို ၂ ကြိမ်တိုင်တိုင် ခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ကျေးရွာ နှစ်ရွာ ဆက်သွယ်ထားတဲ့ ကြည်-ဘုရားထွက်ရွာ အပါအဝင် မန်ကျည်းအုပ်ရွာ၊ မကြီးဇောက်ရွာ၊ မင်းတဲကုန်းရွာ၊ ကံပြားရွာ၊ ပန်းပုရွာနဲ့ သိမ်ဘာရွာ စတဲ့ကျေးရွာ ၈ ရွာရဲ့ နေအိမ် ၁၀၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက မီးရှို့ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ ၂၁ရက်မှ ၂၃ ရက်နေ့အတွင်း မီးရှို့ခံခဲ့ရသည့် ရွှေဘိုမြို့နယ် ထူးကြီးရွာမှ ရက်ကန်းစင်များ

အဲ့ဒီလို မီးရှို့ ဖျက်ဆီးခံရတဲ့ အိမ်တွေနဲ့အတူ ရိုးရာ လက်ရက်ကန်းစင်ပေါင်း တထောင်ကျော်နဲ့ စက်ရက်ကန်းစင်ပေါင်း တစ်ရာကျော်လည်း ပျက်စီးခဲ့ရပါတယ်။

ရွာလုံးကျွတ်မီးရှို့ခံလိုက်ရတဲ့ မန်ကျည်းအုပ်ရွာစုထဲက အသက် ၅၈ နှစ်အရွယ် ဒေါ်ကြေးမုံ (အမည်လွှဲ) က “သူတို့ (စကစ) လာတယ်ဆိုတော့ ကျမတို့က အသက်လုပြေးရတာ။ ကျမက ရက်ကန်းစင် ၃ စင်ရှိတယ်။ အရင်ကတော့ သမီးတွေကို အမွေပေးဖို့ပဲ။ အခုတော့ ဘာမှ မရှိတော့ဘူး၊ သမီးတွေလည်း ရွာနဲ့ အိမ်မီးရှို့ခံရပြီးကတည်းက ရန်ကုန်ကို တက်ပြီး အလုပ်သွားလုပ် ရတော့တာပဲ။ ကျုပ်တို့လည်း အခုမီးလောင်သွားတော့ ငုတ်တုတ်ထိုင်နေရတယ်” လို့ပြောပါတယ်။

ဒေါ်ကြေးမုံတယောက် နှစ်ပေါင်း ၂၀ လောက် ခါးချိအောင် ရက်ကန်းခတ်ရင်း ကြိုးစားရှာဖွေ စုဆောင်းခဲ့တဲ့ ငွေကြေးနဲ့ အိမ်လေးကို ပြင်ဆောက်ထားတာတောင် သိပ်မကြာလှသေးပါဘူး။ ခုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်ကြောင့် အိမ်၊ စပါးကျီအပါအဝင် ရက်ကန်းစင်တွေ အားလုံး ပြာပုံအတိ ဖြစ်ခဲ့ရပါပြီ။

ရိုးရာ ယဉ်ကျေးမှုလုပ်ငန်းဖြစ်တဲ့ ရက်ကန်းလုပ်ငန်းကို လုပ်ကိုင်ရင်း သားသမီးတွေကို လက်ဆင့်ကမ်း အမွေပေးမယ်ဆိုတဲ့ ဒေါ်ကြေးမုံရဲ့ စိတ်ကူးမျှော်လင့်ချက်တွေဟာလည်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် မီးရှို့မှုတွေကြောင့် နာရီပိုင်းအတွင်း ပျောက်ကွယ်လို့ သွားခဲ့ရပါတယ်။

၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ ၂၁ရက်မှ ၂၃ ရက်နေ့အတွင်း မီးရှို့ခံခဲ့ရသည့် ရွှေဘိုမြို့နယ် ထူးကြီးရွာမှ ရက်ကန်းစင်များ

အရင်က ရိုးရိုးတောင်သူအလုပ်သာ လုပ်ကိုင်ခဲ့ပေမယ့် သမီးတွေ မွေးလာပြီးနောက်ပိုင်းမှာတော့ သမီးတွေ ရှေ့ရေးအတွက်ဆိုပြီး ခင်ပွန်းသည်က လက်ရက်ကန်းစင်တခုကို စ ထောင်ပေးခဲ့တာပါ။ ရက်ကန်းလုပ်ငန်းနဲ့ အကျိုးပေးတဲ့အတွက် လက်ရက်ကန်းစင် တစင်ကနေ စခဲ့လိုက်တာမှာ နောက်ပိုင်း စက်ရက်ကန်းစင် ၂ စင် ထပ်ဝယ်နိုင်ပြီး စုစုပေါင်း ၃ စင်တောင် ရှိနေပါပြီ။ စီးပွားရေး အတန်အသင့်ချောင်လည်ပြီး သမီး၂ ယောက်ကလည်း အိမ်ရဲ့ စီးပွားရေးကို ကူညီလုပ်ကိုင်ရင်း မိသားစု စုစုစည်းစည်း နေထိုင်ခဲ့ရာကနေ ခုတော့ မိသားစုလည်း တကွဲတပြား ဖြစ်ခဲ့ရပါပြီ။

လက်ရက်ကန်းစင် တခုကို ကျပ် ၁၀ သိန်း ဝန်းကျင်နဲ့ စက်ရက်ကန်းစင် တခုကို အမျိုးအစားပေါ် မူတည်ပြီး ကာလပေါက်ဈေးနဲ့ဆို ကျပ်သိန်း ၇၀ မှ ၁၀၀ ဝန်းကျင်ထိ ရှိတာကြောင့် ခုလို ပိုင်ဆိုင်သမျှတွေ အကုန် မီးရှို့ခံလိုက်ရတဲ့ အချိန်မှာ လုပ်ငန်း ပြန်လည်စတင်ဖို့ဆိုတာ မလွယ်ကူပါဘူး။

၎င်းက “စပါးတိုက်ရော၊ အိမ်ရောဆို ကာလတန်ဖိုး သိန်း ၄၀၀ ကျော်ပါသွားတာ။ အိမ်သား (အမျိုးသား) ကတော့ တမှိုင်မှိုင်နဲ့ နေတာပဲ။ အခုတော့ မသေအောင် သူ့ကို ထမင်းစား၊ ဘာစား အသက်မသေအောင် ပြောရပဲ”လို့ ဆိုပါတယ်။

ပြာပုံက လွဲလို့ ဘာမှမကျန်တော့တဲ့ ခြံလေးထဲ တဲထိုးနေထိုင်ရင်း ဒေါ်ကြေးမုံတို့ လင်မယား နှစ်ယောက်တည်း ဖြစ်သလို ချက်ပြုတ်စားသောက်ပြီး စစ်ကြောင်းဝင်လာရင် ပြေးဖို့အတွက် အသင့်ပြင်ထားပြီး နေနေရပါတယ်။

“ညနေတိုင်ဆို ထမင်းလေး စောစောချက်ပြီး ပုန်းဖို့ ပြေးဖို့ရာလေး ပြင်နေရတာပဲ။ ရွာမှာ ဝယ်စားရတဲ့ ပစ္စည်းကျတော့လည်း ကျပ် ၂၀၀ တန်ရင် ကျပ် ၃၀၀ လောက်ပေးရတယ်။ ၃၀၀ တန်ရင် ၅၀၀ ပေးရတာပဲ။ အဲ့လို ဈေးကြီးနဲ့ ဝယ်စားရတာပဲ”လို့ သူက ပြောပါတယ်။

ဒေါ်ကြေးမုံတို့ နေထိုင်ရာ ဒီပဲယင်းမြို့နယ်ထဲက ရက်ကန်းထည်တွေဟာ မြို့ပေါ်အထည်ဒိုင်တွေက အော်ဒါမှာတဲ့ ရွှေချည်၊ ငွေချည် အထည်တွေ ခတ်ရသလို ရိုးရိုးခတ်တဲ့ ရက်ကန်းထည်တွေကိုတော့ မုံရွာနဲ့ ရွှေဘိုမြို့နယ်မှာရှိတဲ့ အထည်ဒိုင်တွေကို ပို့ပြီး ရောင်းချကြတာပါ။

စစ်ကိုင်းတိုင်းအတွင်းရှိ ရက်ကန်းလုပ်တဲ့ရွာတွေက ပိုးထည် ချည်ထည် ၊ ရိုးရာ ချိတ်လုံချည် တွေသာမက ပုဆိုးကြမ်း၊ အမျိုးသား၊ အမျိုးသမီးဝတ် ချည်ထည်၊ ကချင်ရိုးရာ ချည်ထည်၊ ချင်းရိုးရာ ချည်ထည်တွေနဲ့ တိုင်းရင်းသား ချည်ထည်တွေ ကို အဆင်စုံ၊ ဒီဇိုင်းစုံ ခတ်လုပ်သလို ရလာတဲ့ အထည်တွေကို မြို့မှာရှိတဲ့ အထည်ဒိုင်တွေမှာ သွင်းတာဖြစ်ပြီး လက်ရက်ကန်းက ဈေးလည်း ပိုကြီးသလို အမျိုးသမီး ဝမ်းဆက် တစုံရဖို့ပင် ၃/၄ ရက်လောက် အချိန်ပေးရပါတယ်။

ပုံမှန်အားဖြင့် စပါးရိတ်သိမ်းပြီးလို့ တောင်သူလုပ်ငန်းနားတဲ့ ဒီအချိန်အခါမျိုးမှာ ဒေါ်ကြေးမုံတို့ ရွာက အမျိုးသမီး အပျို၊ အအို အရွယ်မျိုးစုံက ရက်ကန်းလုပ်ငန်းကို ပြောင်းလဲ လုပ်ကိုင်တာကြတာဖြစ်ပြီး ကာလအားဖြင့်တော့ မတ်လကနေ ဇွန်လအထိက ရက်ကန်းခတ်တဲ့ကာလ ဖြစ်ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ ဒေါ်ကြေးမုံတို့ရွာ အပါအဝင် စစ်ကိုင်းတိုင်းအတွင်းက ရက်ကန်းလုပ်ကိုင်ရာ ဒေသတွေမှာ လုပ်ကိုင်စရာ ရက်ကန်းစင်တွေ မီးရှို့ခံရတဲ့အတွက် ပြာပုံတွေကြားထဲမှာပဲ စစ်ကြောင်းသံကို နားစွင့်ရင်း ကျီးလန့်စာစားဘဝကို ဖြတ်သန်းနေရတာပါ။

၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ ၂၁ရက်မှ ၂၃ ရက်နေ့အတွင်း မီးရှို့ခံခဲ့ရသည့် ရွှေဘိုမြို့နယ် ထူးကြီးရွာမှ ရက်ကန်းစင်များ

စစ်ကောင်စီဟာ သူတို့ကို တော်လှန်တိုက်ခိုက်တဲ့ ပြည်သူတွေကို နှိမ်နင်းတဲ့နေရာမှာ “ကြွက်မနိုင် ကျီမီးနဲ့ရှို့” ဆိုသလို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို မနိုင်ရင် ရွာတွေထဲကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ရွာလုံးကျွတ်မီးရှို့တာ၊ ပြည်သူပိုင် ပစ္စည်းတွေကို မြင်သမျှ၊ တွေ့သမျှ ယူဆောင်သွား တဲ့အပြင် မယူဘဲ ကျန်ခဲ့တဲ့ အိမ်၊ အဆောက်အဦ၊ ပစ္စည်း အကုန်လုံးကို ပြာဖြစ်အောင်အထိကို မီးရှို့ သွားကြတာပါ။

လွတ်လပ်သော သုတေသနအဖွဲ့တခု ဖြစ်တဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းများအရ ယခုနှစ် ဇန်နဝါရီလအထိ စစ်ကိုင်းတိုင်းအတွင်း နေအိမ်အလုံးပေါင်း ၄၃,၂၉၂ လုံးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ခုချိန်ထိအောင် စစ်ကောင်စီဘက်က မစိုးမိုးနိုင်တဲ့ စစ်ကိုင်းတိုင်းကို စစ်အုပ်ချုပ်ရေး ကြေညာပြီး တကြိမ်ထက် တကြိမ် ခပ်ကြမ်းကြမ်း စစ်ကြောင်းထိုးလာတဲ့ ခုနောက်ပိုင်းမှာတော့ နေအိမ်၊ သာသနိကအဆောက်အအုံ၊ လယ်ယာလုပ်ငန်းသုံး စက်တွေနဲ့ စပါးကျီတွေသာမက မြန်မာ့ရိုးရာ ယဉ်ကျေးမှု လက်မှုလုပ်ငန်း တခုဖြစ်တဲ့ ရက်ကန်းရုံတွေလည်း ပါသွားတာ ဖြစ်ပါတယ်။

အလားတူပဲ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ဝန်းကျင်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး မီးရှို့ ဖျက်ဆီးမှုတွေ ကြောင့် ရက်ကန်းလုပ်ငန်းနဲ့ ၈၀ ရာခိုင်နှုန်း အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ရွှေဘိုမြို့နယ်က ထူးကြီးကျေးရွာက လက်ရက်ကန်း၊ စက်ရက်ကန်းပေါင်း ၂၀၀ ကျော် မီးထဲ ပါသွားခဲ့ပါတယ်။

S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင်တဦးက “ဒီနယ်က ရက်ကန်းကို အဓိကထားလုပ်တဲ့ နယ်ဖြစ်တယ်။ စီးပွားရေးက အဲ့ဒါပဲ။ ၈၀ ရာခိုင်နှုန်းက ရက်ကန်းနဲ့ အသက်မွေးကြတာ ဖြစ်တယ်။ ကျနော်တို့ တောင်သူဆိုတာက မှ စပါးမီးရှို့ခံရတာက ဒီတနှစ်ပဲ ပါသွားမှာ။ ဒါကျတော့ ဒီပစ္စည်းနဲ့ ရပ်တည်နေရတော့ ဒါကို မီးရှို့သွားတော့ တောင်သူထက်ကို အခြေအနေက ပိုဆိုးသွားတာ”လို့ ပြောပါတယ်။

နာမည်ကျော်ကြားတဲ့ ဆိပ်ခွန်ထည်တွေ ရက်လုပ်တဲ့ ဒေသဖြစ်တဲ့ ရွှေဘိုမြိုနယ်က ဒေသတွေအပြင် ခင်ဦး၊ ဒီပဲယင်း၊ ဝက်လက် စတဲ့ ဒေသ‌တွေဟာ မီးရှို့ခံရတာကြောင့် ရိုးရာလက်မှုလုပ်ငန်းတွေ ပျောက်ကွယ်မယ့် အရေးနဲ့ ရင်ဆိုင်နေရပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ရိုးရာ လက်မှုချည်ထည်တွေ၊ ရွေချည်၊ ငွေချည်ထည်တွေ အပါအဝင် ဆိပ်ခွန်ထည်တွေ ရက်လုပ်တဲ့ ရက်ကန်းစင်တွေ မီးရှို့ခံရတာ ထောင်ကျော်နီးပါး ရှိနေပြီး မြေပြင်စာရင်း တိတိကျကျ မကောက်နိုင်သေးတာကြောင့် ဒီထက်သာ ပိုများဖို့ ရှိနေတာပါ။

သူပိုင်တဲ့ ရက်ကန်းစင်ရော၊ အိမ်ရော မီးရှို့ခံလိုက်ရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် တဦးက “ရွာမှာတော့ အသက်ကြီးတဲ့သူတွေပဲ ကျန်ခဲ့တာပေါ့။ အားလုံးက ထွက်သွားကြပြီ။ ဒီလို ထွက်သွားတာ ရိုးရာ လက်မှုလုပ်ငန်းတခု ပျက်စီး သွားတာပဲ။ ပညာသည်တွေပါ လုပ်စရာ အလုပ်မှ မရှိတော့တာ”လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ ၂၁ရက်မှ ၂၃ ရက်နေ့အတွင်း မီးရှို့ခံခဲ့ရသည့် ရွှေဘိုမြို့နယ် ထူးကြီးရွာမှ ရက်ကန်းစင်များ

အခုချိန်မှာ ရက်ကန်းလုပ်ငန်းကို လုပ်ကိုင်တဲ့ လူငယ်လူရွယ်တွေဟာ အိမ်အပါအဝင် ရက်ကန်းစင် တွေပါ မီးရှို့ ခံရတာကြောင့် ရန်ကုန်၊ မန္တလေး မြို့ကြီးတွေနဲ့ ပြည်ပနိုင်ငံတွေကို ရရာလုပ်ငန်း လုပ်ဖို့ ထွက်သွားကြရပါပြီ။

စစ်ကိုင်းမြို့ပေါ်ရှိ ပိုးထည်လုပ်ငန်းရှင်တဦးက “ကျမတပည့်လေးတွေစင်တွေဆို မီးထဲ ပါသွားတာ တွေရှိတယ်။ ကျမဆိုလည်း ရက်ကန်းရက်တဲ့ ရွာကို ပေးပြီး (အော်ဒါအပ်ထားတဲ့ အထည်များ) မီးလောင်လို့ ပါသွားတာလည်း ရှိတယ်။ အခုဆို ရက်ကန်းကို ပြန်လုပ်ဖို့ အရင်းအနှီးမရှိတော့တဲ့ သူတွေ အများကြီးပဲ။ ဒီလို ရိုးရာအမွေအနှစ်ဖြစ်တဲ့ ရက်ကန်းရုံတွေ ဖျက်ဆီးခံရတဲ့ အပေါ် စိတ်မကောင်း ဖြစ်ရတယ်။ အခုဆို အထည်တွေက တော်တော်ပါးသွားပြီ။ အလုပ်သမားလည်း ရှားသွားပြီ”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်း ကြောင့်လည်း ဝင်ငွေနည်းတဲ့ ရက်ကန်းလုပ်ငန်းအစား ခေါင်းရွက်ဗျက်ထိုး ဈေးရောင်းတာတွေ၊ နိုင်ငံခြား ထွက်တာတွေနဲ့ မြို့ပေါ်မှာ အိမ်အကူသွားရောက် လုပ်ကိုင်တာတွေကြောင့်လည်း ရက်ကန်းပညာကိုသင်တဲ့သူက နည်းသွားတယ်လို့ သူက ဆိုပါတယ်။

ရက်ကန်း ပညာတက်မြောက်အောင် သင်ယူမယ်ဆိုရင် နှစ်နဲ့ချီပြီး သင်ယူရတာဖြစ်ပြီး ခုလို ရက်ကန်းစင်တွေကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးတာက သူတို့ရဲ့ဘဝကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပဲလို့ ရက်ကန်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းလုပ်သူတွေက ပြောပါတယ်။

အခုချိန်မှာတော့ အညာဒေသမှာ ညအခါ လသာသာမှာ ကြားရတဲ့ ရက်ကန်းခတ်သံတွေဟာ ဆိတ်သုဉ်းလို့ သွားခဲ့ရပါပြီ။

You may also like these stories:

တာတိုင်ရွာက လူသတ်မုဒိမ်းမှု ဘယ်သူ့မှာ တာဝန်ရှိသလဲ

ဒီပဲယင်းကို အာဏာသိမ်းတပ်က လေကြောင်း စစ်ဆင်ရေးလုပ်၊ ဒေသခံများ ထွက်ပြေး

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကောင်စီ မီးတိုက်ရှို့

မုံတိုင်ပင်ရွာတွင် အလောင်းများ ထပ်တွေ့၊ သတ်ခံရသူ ၃၀ ကျော် ရှိလာ

Loading