ထိုတဲကလေးသည် ပျက်စီးလွယ်သည့် ထန်းတဲကလေးတလုံးမျှသာ ဖြစ်သော်လည်း ဒေါ်သီတာနှင့် မိသားစုအတွက် တစုံတရာနှစ်သိမ့်မှုပေးနိုင်ပြီး ကောက်ရိုးပုံအနီးတွင် အမိုးအကာမရှိ နေရခြင်းထက် ပိုမိုကောင်းမွန်သည်။ အသက် ၄၄ နှစ်အရွယ် ကျောင်းဆရာမ၊ ကလေး နှစ်ဦးမိခင် ဒေါ်သီတာသည် စစ်ကိုင်းတိုင်းမှ စစ်ကောင်စီ ဆန့်ကျင်တော်လှန်ရေး အမာခံဒေသ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကျေးရွာတွင် နေထိုင်သည်။
ခုခံတော်လှန်ရေး အင်အားစုများကို ထောက်ခံမှု မရှိစေရန်အတွက် စစ်ကောင်စီတပ်များက လွန်ခဲ့သော ဒီဇင်ဘာလတွင် မီးရှို့တိုက်ခိုက်ဖျက်ဆီးမှု အရှိန်မြှင့်လိုက်သောအခါ သူသည် ကျပ်ငွေသိန်း ၁၀၀ ခန့်တန်ပြီး အတန်အသင့်ကျယ်ကာ သာယာသည့် သူ၏နေအိမ်ကို ဆုံးရှုံးခဲ့သည်။
လွတ်လပ်သော သုတေသီများအဖွဲ့ Data for Myanmar ၏ စာရင်းများအရ စစ်ကိုင်းတိုင်းတွင် နေအိမ်ပေါင်း ၄၃,၀၀၀ ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုအရေအတွက်သည် တနိုင်ငံလုံးတွင် မီးရှို့ဖျက်ဆီးခံရသည့် အိမ်အရေအတွက်၏ ၈၀ ရာခိုင်နှုန်းရှိသည်။ ဒီပဲယင်းမြို့နယ်သည် စစ်ကိုင်းတိုင်းတွင် ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ အရပ်သားနေအိမ်ပေါင်း ၆၀၁၈ လုံး မီးရှို့ခံရသည်။
အိမ်ထောင်စု ၃၀၀ ကျော်ရှိသော ဒေါ်သီတာတို့နေသည့် လက်ယက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် တကြိမ်၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် တကြိမ် မီးရှို့ပြီး အိမ်အလုံးပေါင်း ၂၅၀ နီးပါး ပျက်စီးသွားသည်။ သူ၏အိမ် မီးလောင်သွားသောအခါ မိသားစုအတွက် ကုတင်တလုံးသာ ကျန်သည်။ အိမ်ကိုလည်း ပြန်လည် မတည်ဆောက်နိုင်တော့သောကြောင့် ကောက်ရိုးပုံဘေးတွင် နေရသည်။
“သူတို့ (စစ်ကောင်စီစစ်သား) တွေကြောင့် ဆုံးရှုံးမှုတွေ အများကြီး၊ စိတ်ဒဏ်ရာတွေ အများကြီး ကျမတို့ ခံစားရတယ်” ဟု ဒေါ်သီတာက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“သူတို့ (စစ်သား) တွေကြောင့် ဆုံးရှုံးမှုတွေ အများကြီး၊ စိတ်ဒဏ်ရာတွေ အများကြီး ကျမတို့ ခံစားရတယ်” ဟု ဒေါ်သီတာက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ဒေါ်သီတာနှင့် အခြားရွာသူရွာသားများသည် ပြည်တွင်းပြည်ပမှ မြန်မာပြည်သူများ၏ အကူအညီဖြင့် ဖေဖော်ဝါရီလတွင် တန်ဖိုးနည်း ထန်းတဲများကို တည်ဆောက်နိုင်ခဲ့ကြသည်။ ထိုကဲ့သို့သော ထန်းတဲများသည် စစ်ကိုင်းတိုင်းတွင် တိုးပွားနေသည့် အိုးအိမ်မဲ့ အရပ်သားများအတွက် ခိုလှုံရာ အခြားပုံစံတမျိုး ဖြစ်လာနေသည်။ မတ်လ ဒုတိယပတ်အထိ လက်ယက်ကုန်းကျေးရွာမှ စစ်ကောင်စီ မီးရှို့ခံရသော နေအိမ် ၂၅၀ အနက် အချို့အတွက် ထိုသို့သောထန်းတဲ ၃၁ လုံးကို အလှူရှင်များက တည်ဆောက်ပေးပြီးဖြစ်သည်။
ထန်းတဲ သို့မဟုတ် အညာမြေမှ တကျော့ပြန် အိမ်များ
ထန်းပင်နှင့် ထန်းတဲသည် မြန်မာကျေးလက်၏ ဝိသေသလက္ခဏာဖြစ်ရုံသာမက ဗမာအများစုနေထိုင်သည့် မြန်မာနိုင်ငံအလယ်ပိုင်းမှ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ပါဝင်သည့် အညာဒေသ၏ သင်္ကေတအဖြစ် သတ်မှတ်ကြသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက အညာသူအညာသားများသည် ထန်းရွက်များဖြင့် တည်ဆောက်ထားသည့် အိမ်များတွင် နေထိုင်ကြသော်လည်း နှောင်းခေတ်များတွင် ၎င်းတို့သည် ပိုမိုခိုင်ခံ့သည့်ပစ္စည်းများကို သုံးလာကြပြီး ထန်းတဲများတွင် နေထိုင်သူ အနည်းငယ်သာရှိတော့သည်။ သို့သော် ယနေ့တွင် ထန်းတဲငယ်များကို မြန်မာနိုင်ငံ အလယ်ပိုင်း၊ အထူးသဖြင့် စစ်ကိုင်းတိုင်းတွင် ပို၍ပို၍ တွေ့လာရသည်။
“ငွေရှိပြီး အိမ်ပြန်ဆောက်နိုင်တဲ့သူတွေတောင်မှ သူတို့အိမ်တွေကို စစ်တပ်က နောက်တခါလာပြီး မီးရှို့မှာစိုးရိမ်လို့ ထန်းတဲတွေမှာပဲ နေတော့တယ်” ဟု ဒီပဲယင်းမြို့နယ် မူးကတွင်းကျေးရွာမှ ဒေသခံတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
မူးကတွင်းကျေးရွာသည် လက်ယက်ကုန်း ကျေးရွာအနီးတွင် တည်ရှိပြီး စစ်ကောင်စီ၏ မကြာသေးမီက မီးရှို့တိုက်ခိုက်ခံနေရသည့် ဒေသတွင် ပါဝင်သည်။ ထိုရွာတွင် မိသားစု ၃၀၀ ကျော်ရှိပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ မီးရှို့တိုက်ခိုက်မှုများကြောင့် အိမ်ပေါင်း ၁၆၄ လုံး မီးရှို့ဖျက်ဆီးခံရသည်။ ယခုအခါ ထိုကျေးရွာတွင် ထန်းတဲ ၁၄ လုံးကို ပြည်တွင်းပြည်ပ အလှူရှင်များအကူအညီဖြင့် အရပ်သားစစ်ဘေးရှောင်များကို ကူညီနေသည့် S&C ပညာရေးနှင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ (S&C Educational and Emergency Rescue Team) ၏ လှူဒါန်းမှုဖြင့် တည်ဆောက်ထားပြီး ဖြစ်သည်။
ထန်းတဲများ တည်ဆောက်ပုံ
၁၅ ပေ မှ ၁၈ ပေ အထိ ကျယ်ပြီး ထန်းလက်၊ ဝါး၊ သစ်တို့နှင့် တည်ဆောက်ထားသော ထန်းတဲများသည် လူ ငါးဦးအတွက် အကာအရံပေးရန် လုံလောက်သည်။ တဲတလုံးအတွက် ကုန်ကျစရိတ်သည် ကျပ် ၂ သိန်းခန့် ဖြစ်သည်။ ဒေါ်သီတာကဲ့သို့သော သူများသည် နေအိမ်ပြည်လည် တည်ဆောက်ရန် မတတ်နိုင်သောကြောင့် S&C နှင့် ပုဂ္ဂလိက အလှူရှင်များက ကျခံပေးသည်။
ထန်းတဲများဆောက်ရန် ရွေးချယ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ အမိုးအတွက် ထန်းရွက်များ ရရှိရန်လွယ်ကူသောကြောင့် ဖြစ်သော်လည်း အသုံးပြုမှု အလွန် များပြားလာသောကြောင့် ရှားပါးလာကြောင်း၊ တဲများ တည်ဆောက်ရန် အချိန်မကုန်ကြောင်း S&C ကိုယ်စားလှယ် ကိုစိုးမိုးအောင် ပြောသည်။ S&C အဖွဲ့သည် အကူအညီပေးရေးလှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းမှ အိုးအိမ်မဲ့သွားသူများအတွက် ထန်းတဲများကို လွန်ခဲ့သောနှစ်က စတင်တည်ဆောက်ပေးခဲ့သည်။
၁၅ ပေ မှ ၁၈ ပေ အထိ ကျယ်ပြီး ထန်းလက်၊ ဝါး၊ သစ်တို့နှင့် တည်ဆောက်ထားသော ထန်းတဲများသည် လူ ငါးဦးအတွက် အကာအရံပေးရန် လုံလောက်သည်။ တဲတလုံးအတွက် ကုန်ကျစရိတ်သည် ကျပ် ၂ သိန်းခန့် ဖြစ်သည်။
S&C အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသခံများအတွက် တဲအိမ် ၁,၀၀၀ လှူဒါန်းရန် ရည်ရွယ်ထားသည်။ ယခုအခါ စစ်ကိုင်းတိုင်းမှ မြို့နယ်များအတွက် တဲအိမ် ၄၀၀ ကျော် လှူဒါန်းပြီးဖြစ်သည်။
“ကျနော်တို့ ရည်မှန်းချက်က သင့်တင့်တဲ့ဈေးနှုန်းနဲ့ အမြန်ဆုံး တည်ဆောက်ပေးဖို့ပဲ။ ဒါကြောင့် ဒေသတွင်းမှာ အလွယ်တကူရတဲ့ ထန်းရွက်တွေကို ရွေးချယ်လိုက်တာ” ဟု ကိုစိုးမိုးအောင်က ရှင်းပြသည်။
ထန်းရွက်တရွက်တန်ဖိုးမှာ ၁၂၀ ကျပ်ဖြစ်ပြီး ဝါးတလုံးလျှင် ၉၀၀ ကျပ် ကုန်ကျသည်။ တဲတလုံး တည်ဆောက်ရန် ထန်းရွက် ၃၀၀ ခန့်နှင့် ဝါးလုံး ၃၇ လုံး လိုအပ်သည်။ အများအားဖြင့် ကျေးရွာသူ ကျေးရွာသားများသည် ထန်းရွက် အမိုးမိုးပြီး မီးလောင်ရာမှ ကျန်ရစ်သော သွပ်ပြားများကို အကာအရံအဖြစ် အသုံးပြုကြသည်။ သို့သော် အချို့ ကျေးရွာသူကျေးရွာသားများသည် အပူဒဏ်လျှော့ချရန် သွပ်ပြားအစား ဝါးနှင့်သစ်များ အသုံးပြုကြသည်။
ညောင်ကြီးကုန်းကျေးရွာမှ အသက် ၄၈ နှစ်ရှိပြီဖြစ်သော ဒေါ်မြင့်သည် ကျဉ်းမြောင်းလှသော တဲအိမ်တွင် နေရမည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ခဲ့ပေ။ သူသည် စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်မှုကြောင့် အရာရာဆုံးရှုံးခဲ့သည့် စစ်ကိုင်းတိုင်းမှ ကျေးရွာသူကျေးရွာသားများအနက် တဦးဖြစ်သည်။
“သူတို့က ကျမတို့ရွာကို လက်နက်ကြီးတွေနဲ့ပစ်လို့ ကြောက်လန့်တကြား ထွက်ပြေးရတာ။ ဘာမှတောင် မယူလာနိုင်ဘူး” ဟု လွန်ခဲ့သော ဒီဇင်ဘာလက စစ်ကောင်စီ စီးနင်းတိုက်ခိုက်မှုအကြောင်း ဒေါ်မြင့်က ပြန်ပြောပြသည်။
အိမ်ခြေ ၇၀ ခန့်ရှိသော ညောင်ကြီးကုန်းကျေးရွာတွင် မီးမလောင်ဘဲ ကျန်ရစ်သည့်အိမ် ၇ လုံးသာ ရှိတော့သည်။
ဒေါ်မြင့်သည် နှစ်ပေါင်းများစွာ ဟင်းသီးဟင်ရွက်ရောင်းပြီး စုဆောင်းငွေဖြင့် တည်ဆောက်ထားသည့် ပျဉ်ထောင်အိမ်ကို ဆုံးရှုံးခဲ့သည်။ ယခုအခါတွင် ကလေး လေးဦးနှင့်အတူ ထန်းတဲတခုတွင် နေထိုင်ရသည်။
“အခုကျတော့ မြေကြီးပေါ်မှာ နေရတာဆိုတော့ အရင်အိမ်နဲ့တော့ လုံးဝမတူဘူး။ ပြီးတော့ အရမ်းလည်း ကျဉ်းတယ်” ဟု ဒေါ်မြင့်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ဒေါ်မြင့်နှင့် စစ်ကိုင်းဒေသခံများသည် ၎င်းတို့အတွက် ထန်းတဲများတည်ဆောက်ရန် ငွေကြေးလှူဒါန်းသူများကို ကျေးဇူးတင်ကြသည်။
“အခုလို ခက်ခဲတဲ့အချိန်မှာ ကူညီတာကို အရမ်းကျေးဇူးတင်တယ်။ တချိန်တည်းမှာပဲ အရင်လို ကျမတို့အိမ်ကို ပြန်ဆောက်ဖို့ မလွယ်တော့လို့ ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းတယ်” ဟု ဒေါ်မြင့်က ပြောသည်။
စစ်ကိုင်းတိုင်းသည် စစ်ကောင်စီ၏ မီးရှို့တိုက်ခိုက်မှုကို အပြင်းထန်ဆုံး ခံစားရသောဒေသဖြစ်သောကြောင့် S&C သည် ထန်းတဲများ တည်ဆောက်ပေးရန် ဒေသခံများထံမှ တောင်းဆိုမှု အများအပြားရရှိထားသည်။ သို့သော် အချို့ဒေသခံများက ထန်းတဲအစား တာပေါ်လင်တဲများ တောင်းခံကြောင်း ကိုစိုးမိုးအောင်က ပြောသည်။
တာပေါ်လင်တဲများ၏ အားသာချက်
စစ်ကောင်စီတပ်များက အကြိမ်ကြိမ် ထပ်မံဝင်ရောက်စီးနင်း မီးရှို့မည်ကို စိုးရိမ်သည့် ကျေးရွာသူကျေးရွာသားများက သယ်ဆောင်ရန်လွယ်ကူသည့် တာပေါ်လင်တဲများ လှူဒါန်းပေးရန် တောင်းဆိုကြသည်။
စစ်ကောင်စီတပ်များက အကြိမ်ကြိမ် ထပ်မံဝင်ရောက်စီးနင်း မီးရှို့မည်ကို စိုးရိမ်သည့် ကျေးရွာသူကျေးရွာသားများက သယ်ဆောင်ရန်လွယ်ကူသည့် တာပေါ်လင်တဲများ လှူဒါန်းပေးရန် တောင်းဆိုကြသည်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှ အိုးအိမ်မဲ့အချို့သည် မြန်မာစေတနာရှင်များ၏ လှူဒါန်းမှုများဖြင့် ဆောင်ရွက်နေသည့် ပရဟိတအဖွဲ့တခုဖြစ်သော Helping Hands (ကမ်းလင့်လက်များ) အဖွဲ့က လှူဒါန်းသည့် တာပေါ်လင်တဲများတွင် နေထိုင်ကြသည်။ ထိုအဖွဲ့ကို ပြည်ကြီးတံခွန် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင် ဆရာတော် အဂ္ဂဝံသက အဖမ်းမခံရမီ အချိန်အထိ ဦးဆောင်ခဲ့သည်။ ဆရာတော်ကို မတ်လအစောပိုင်းတွင် စစ်ကောင်စီက မဖမ်းဆီးမီ ထိုအဖွဲ့သည် မြောင်မြို့နယ်နှင့် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် နယ်စပ်တွင် တာပေါ်လင်တဲပေါင်း ၄၈ လုံး တည်ဆောက်ပေးခဲ့သည်။
တာပေါ်လင်တဲ တလုံးလျှင် ကျပ် ၁ သိန်းခွဲကုန်ကျပြီး တဲတလုံးလျှင် လူ ရှစ်ယောက်မှ တဒါဇင်အထိ နေနိုင်ကြောင်း Helping Hands အဖွဲ့က ပြောသည်။
“သူတို့အိမ်တွေကို စစ်တပ်က နှစ်ကြိမ်၊ သုံးကြိမ် မီးရှို့ခံရတော့ တချို့ဒေသခံတွေက အမိုးအကာမရှိဘဲ မြေကြီးပေါ်မှာပဲ နေထိုင်ကြတယ်။ ဒါကြောင့် ဆရာတော်က ပြည်သူတွေ နေဒဏ်၊ မိုးဒဏ် မခံရအောင် တာပေါ်လင်တဲတွေ ဆောက်ပေးတာ” ဟု ဆရာတော်နှင့်အတူ မြောင်ဒေသခံများအတွက် တာပေါ်လင်များ လှူဒါန်းခဲ့သူ အမျိုးသမီး ခုခံတော်လှန်ရေးသမား ကျားခင်စိန်က ပြောသည်။
မြောင်မြို့နယ်၊ မရိုးကုန်းကျေးရွာမှ အိုးအိမ်မဲ့ဒေသခံများအတွက် ထန်းတဲများ တည်ဆောက်ပေးရန် စီစဉ်နေစဉ် ဆရာတော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အလှူရှင်များအတွက် စိန်ခေါ်မှုများ
လွန်ခဲ့သောနှစ်က ထန်းရွက်ထန်းလက်များကို အလွယ်တကူရသော်လည်း စစ်ကောင်စီက မီးရှို့တိုက်ခိုက်မှု အများအပြား လုပ်နေသောကြောင့် ထန်းရွက်လိုအပ်ချက် လွန်စွာများပြားနေကြောင်း ဒေသခံ ပရဟိတအဖွဲ့များက ပြောသည်။
လွန်ခဲ့သောနှစ်က ထန်းရွက်ထန်းလက်များကို အလွယ်တကူရသော်လည်း စစ်ကောင်စီက မီးရှို့တိုက်ခိုက်မှု အများအပြား လုပ်နေသောကြောင့် ထန်းရွက်လိုအပ်ချက် လွန်စွာများပြားနေကြောင်း ဒေသခံ ပရဟိတအဖွဲ့များက ပြောသည်။
“စစ်တပ်က မီးရှို့တိုက်ခိုက်တာ အရှိန်မြင့်လာတော့ ရွာသားတွေအတွက် ထန်းရွက် အလုံအလောက် မရတော့ဘူး။ အဲဒါကြောင့် သံထည်တွေသုံးဖို့ စဉ်းစားနေပေမယ့် ဒါက ထန်းတဲထက် ငွေပိုကုန်တယ်” ဟု S&C မှ ကိုယ်စားလှယ် ကိုစိုးမိုးအောင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ယခုအခါ စစ်ကိုင်းတိုင်းတွင် အိုးမဲ့အိမ်မဲ့ လွန်စွာများပြားနေသောကြောင့် တဲအိမ်များကို အလုံအလောက် ဆောက်မပေးနိုင်ကြောင်း ၎င်းကပြောသည်။ ကုလသမဂ္ဂ၏ အဆိုအရ ယခုနှစ် မတ်လ ၆ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှ အရပ်သား ၇၂၆,၈၀၀ သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။ ၎င်းတို့သည် အနီးရှိ သစ်တောများတွင် နေထိုင်ကြပြီး စစ်ကောင်စီတပ်များ ထွက်ခွာသွားမှသာ ရွာသို့ပြန်သော်လည်း အိုးအိမ်များ ပျက်စီးဆုံးရှုံးသွားသည်ကိုသာ တွေ့ကြုံရသည်။
ဒေါ်ချစ်သည် စစ်ကောင်စီ စီးနင်းတိုက်ခိုက်မှုကြောင့် အဝတ်တထည်ကိုယ်တခုဖြင့် ထွက်ပြေးရသည့် အရပ်သားများအနက် တဦးဖြစ်သည်။ လက်ယက်ကုန်းကျေးရွာသူ အသက် ၇၅ နှစ်ရှိပြီဖြစ်သော ဒေါ်ချစ်သည် သူ၏ ပျဉ်ထောင်အိမ်ကို လွန်ခဲ့သော ဒီဇင်ဘာလက ဆုံးရှုံးခဲ့သည်။ လက်ရှိတွင် သူသည် ယခုလအတွင်း အလှူရှင်တဦးက လှူဒါန်းထားသည့် ထန်းတဲတခုတွင် အငယ်ဆုံးသား၏ မိသားစုနှင့်အတူ နေထိုင်နေသည်။
“အလှူရှင်တွေက ကျမတို့အတွက် စားစရာလှူတယ်။ အခု တဲအိမ်ကျဉ်းကျဉ်းလေးမှာ နေရတယ်။ ကျမတို့တဲကို သွပ်ပြားတွေနဲ့ကာထားတာ။ အရမ်းပူတယ်” ဟု ဒေါ်ချစ်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ဒေါ်မြင့်သည် စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့် သူ၏ နှစ်ထပ်ပျဉ်ထောင်အိမ်ကို သတိရနေသည်။ သူ၏သား သုံးဦးသည် အခြားကျေးရွာသားများကဲ့သို့ ကိုယ်ပိုင်လယ်ယာမရှိသည့် လက်လုပ်လက်စားများ ဖြစ်သောကြောင့် ထိုအိမ်ကို ပြန်လည်တည်ဆောက်ရန် မလွယ်တော့ကြောင်း သူကပြောသည်။
“ဖြစ်နိုင်ရင်တော့ အိမ်ကို ပြန်ဆောက်ချင်တယ်” ဟု ဒေါ်ချစ်က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Yuzana ၏ Donated Huts Provide Modicum of Shelter for Victims of Myanmar Junta Arson Attacks ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
မီးရှို့ခံနေရသော တောင်သူလယ်သမားနေ့
ရွှေဘိုမြို့နယ်ရှိ ရက်ကန်းရုံ ရာနှင့်ချီ မီးရှို့ ဖျက်ဆီးခံရ
စစ်ကောင်စီ မီးရှို့တာ နေအိမ် ၅ သောင်းခွဲကျော် ရှိပြီ