သားရေ …
သားငယ်ငယ်က စစ်တပ်ထဲကို အရမ်းဝင်ချင်ခဲ့တာနော်။ အဖေ မှတ်မိသေးတယ်။ မန္တလေးကားကြီးကွင်းမှာ အရုပ်သည်က အရုပ်မျိုးစုံနဲ့ လာဆွဲဆောင်နေတာတောင် သေနတ်ရုပ်မပါလို့ တခြားအရုပ်လေးတွေကို သား လှည့်တောင်မကြည့်တာမို့ အရုပ်သည်က “ခင်ဗျားတို့က ကလေးကို ခြောက်ထားတာကိုးဗျ” လို့တောင် အပြောခံရဖူးသေးတယ်လေ။
အဲဒီလောက် သေနတ်ကြိုက်တဲ့သား …၊ ကစားတဲ့ အချိန်တိုင်းမှာလည်း စစ်တိုက်တမ်းကလွဲရင် အခြားဘာမှ မကစားတဲ့သား …၊ အဲသလောက်တောင် စစ်တပ်ကိုကြိုက်တဲ့သား …။
အခုချိန်မှာ စစ်ထဲကို ဝင်ချင်တဲ့စိတ် ရှိ၊ မရှိ အဖေမသိတတ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်မှာ “ပြည်ထောင်စုတပ်မတော်” ဆိုတာ ပေါ်ပေါက်လာခဲ့ရင် ပြင်ဆင်သင့်တာတွေ ပြင်နိုင်အောင်၊ သားလည်း သိထားသင့်တာတွေ သိထားနိုင်အောင် ဒီစာကို အဖေရေးတာ ပါသားရေ။ သို့သော် ခုချိန်ကာလမှာတော့ ဒီလူတွေလက်ထဲမှာ တပ်ကို ပြင်နိုင်မယ်မထင်တာတော့ ဝန်ခံပါရဲ့ သားရေ။
မြန်မာပြည်မှာ အာဏာသိမ်းတယ်ပဲဆိုဆို၊ အာဏာထိန်းတယ်ပဲပြောပြော ဒီမိုကရေစီအစိုးရကို ဖြုတ်ချခံရတာ အခုခါမှာ နှစ်နှစ်ကျော်ပြီပေါ့။ အခုချိန်မှာ ကမ္ဘာ့အဆင့် ၄၀ ကျော်၊ စစ်သည်အင်အား လေးသိန်းခွဲလို့ ကြွေးကြော်နေတဲ့ မြန်မာ့တပ်မတော်ဟာ အမှန်တကယ် စစ်ထွက်နိုင်တဲ့အင်အားက ကြွေးကြော်ထားတာထက် ၁၀ ရာခိုင်နှုန်းတောင် မရှိလောက်တော့ပါဘူး။ ဒီလိုဖြစ်သွားရတာ အကြောင်းတွေ အများကြီးရှိတယ်သား။
အခုချိန်မှာ ကမ္ဘာ့အဆင့် ၄၀ ကျော်၊ စစ်သည်အင်အား လေးသိန်းခွဲလို့ ကြွေးကြော်နေတဲ့ မြန်မာ့တပ်မတော်ဟာ အမှန်တကယ် စစ်ထွက်နိုင်တဲ့အင်အားက ကြွေးကြော်ထားတာထက် ၁၀ ရာခိုင်နှုန်းတောင် မရှိလောက်တော့ပါဘူး။
စစ်သားတွေ စုဆောင်းရ ခက်လာပြီ။ တိုက်ပွဲတွေဟာ မလိုအပ်ဘဲ တိုက်နေရတယ်လို့ တချို့စစ်သားတွေက ရှုမြင်လာကြသလို တချို့တွေကလည်း ရှေ့မှာတော့လက်မှတ်တွေထိုး၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တည့်အောင်ပေါင်း၊ အောက်ခြေစစ်သားတွေကိုတော့ ထိုးကျွေးခံနေရတယ်လို့ ရှုမြင်လာကြပြီ။
တိုက်နေတဲ့စစ်ပွဲတွေဟာလည်း အရှုံးတွေများလာပြီ။ တိုက်ပွဲကျသူ အရေအတွက်ကလည်း နိစ္စဓူဝကြားနေရတာ ကြောက်ခမန်းလိလိ။ တပ်မတော်ရဲ့ အရည်အသွေးဟာလည်း နိုင်ငံတကာတပ်မတော်တွေနဲ့ မပြောနဲ့၊ အိမ်နီးချင်းနိုင်ငံတွေကိုတောင် ထစ်ကနဲဆို ထချကြည့်၊ ကွဲမယ့်ကိန်း ပဲသားရေ။ လက်နက်တွေ အများကြီးဝယ်တယ်။ တင့်ကား၊ အမြောက်၊ လေယာဉ်၊ သင်္ဘော၊ ရေငုပ်သင်္ဘောကအစ အများကြီးဝယ်တာပါပဲ။ စာရွက်ပေါ် တပ်တော်ဝင် လက်နက်အင်အားတွေက သိပ်ကြီးမားတယ်။
ဒါပေမဲ့ မြေပြင်မှာတော့ တပ်မတော်ဟာ ‘ခြင်းကျားတပ်’ လို့တောင် ခေါ်ဝေါ်ခံရလောက်အောင် အထောက်အပံ့ပစ္စည်းတွေ ရှားပါးလှတယ်။ အစားအသောက်ဆိုလည်း ရိက္ခာတွေဟာ အောက်ခြေအဆင့်အထိ ပြည့်ပြည့်ဝဝ မရောက်တာ ထင်ရှားလွန်းတယ်။ စုတ်ပြတ်နေတာပါပဲ။ ဒီတော့ ဒီတပ်မတော်က စစ်သားမျိုး စိတ်ဓာတ်အင်အားတွေ ယိမ်းယိုင်လာတာ ဘာများဆန်းဦးတော့မလဲ။
အဖေတို့ စစ်သားခေတ်မှာ ဘယ်တော့မှမမေ့နိုင်တဲ့ ဆောင်ပုဒ်ကြီးတခုရှိတယ်။
“ငါ့သားများ စစ်ထဲဝင်ရင်လေ …။ သူ့ကို ပြောလိုက်စမ်းပါကွာ။ စစ်တပ်ဆိုတာ အမှန်တကယ်သာ လိုက်နာနိုင်မယ်ဆိုရင် တကယ့် ယောကျာ်းကောင်း ယောကျာ်းမြတ်တွေကို မွေးထုတ်ပေးတဲ့ကျောင်းကြီးပေါ့” တဲ့။
စစ်တပ်တွေရဲ့ အဝင်ဝမှာ၊ စစ်ကျောင်းတွေရဲ့ အဝင်ဂိတ်တွေမှာ အဲဒီဆိုင်းဘုတ်ကြီးက ဟည်းဟည်းထလို့။ အဖေ ငယ်ငယ်တုန်းက တပ်ဂိတ်ဝကိုဖြတ်တိုင်း သူငယ်ချင်းတွေနဲ့ ဟာသအဖြစ် ပြောဖူးတယ်။
“စစ်တပ်ဆိုတာ အမှန်တကယ်သာ လိုက်နာနိုင်မယ်ဆိုရင် … လို့ ရေးထားတော့ အမှန်တကယ် မလိုက်နာနိုင်ဘူးဆိုရင် တကယ့် ယောကျာ်းဆိုး လူဆိုးတွေကို မွေးထုတ်ပေးတယ်လို့ ဆိုလိုတာလားပဲဟ” လို့။
တကယ်တော့ အဲဒီတုန်းက သူငယ်ချင်းအချင်းချင်း ဟာသအဖြစ် ပြောကြတာပါသားရယ်။ အခုတော့ တကယ်လို့တောင် ပြောရလေမလားပဲ။ အဲဒါကြောင့် အဖေ့သား စစ်ထဲမဝင်တော့ဘူးဆိုရင်တောင် တချိန်မှာ စစ်တပ်ကို ပြင်ဆင်ပြောင်းလဲပေးနိုင်တဲ့ အနာဂတ်ရဲ့ သားကောင်းတယောက်အဖြစ် တထောင့်တနေရာက ပါဝင်ပေးပါလို့ အဖေတိုက်တွန်းပါရစေသား။
ဘာပဲဖြစ်ဖြစ် အဲဒီအခြေအနေမျိုးတွေကြောင့် အောက်ခြေစစ်သားတွေတင်မက အရာရှိအဆင့်တွေကပါ ဖြစ်သလို ရုန်းကုန်ကြတော့ ခိုင်မာတဲ့အဖွဲ့အစည်းတခု ဖြစ်ပေသည့်တိုင် အခုတော့ နာမည်ဆိုးနဲ့ သမိုင်းတင်ရတော့မယ့် အခြေအနေပါပဲ သားရေ။
ဘာပဲဖြစ်ဖြစ် အဲဒီအခြေအနေမျိုးတွေကြောင့် အောက်ခြေစစ်သားတွေတင်မက အရာရှိအဆင့်တွေကပါ ဖြစ်သလို ရုန်းကုန်ကြတော့ ခိုင်မာတဲ့အဖွဲ့အစည်းတခု ဖြစ်ပေသည့်တိုင် အခုတော့ နာမည်ဆိုးနဲ့ သမိုင်းတင်ရတော့မယ့် အခြေအနေပါပဲ သားရေ။
အဖေတို့တွေ ခေတ်တုန်းကတော့ကွယ်၊ တပ်မှူးတယောက်ဆိုတာ တကယ့်ကို စမတ်ကျကိုးကွယ့်။ ဒီဘက်ခေတ်မှာတော့ တော်တော်လေး စုတ်ချာသွားပြီ။ တပ်က သွားနေတဲ့လမ်းကြောင်းကလည်း မူဝါဒမတည်ငြိမ်ဘဲ အကြီးအကဲတယောက် ပြောစကားနောက်ကိုပဲ လိုက်နေတဲ့ပုံဖြစ်နေတော့ တပ်က တာဝန်ရှိသူတွေခမျာ ကြုံတဲ့အကွေ့ တွေ့တဲ့တက်နဲ့ လှော်ရသပေါ့ သားရယ်။ တပ်ထဲမှာတုန်းက ဧရာဝတီတိုင်းမှာ တာဝန်ကျတဲ့ သူငယ်ချင်းတယောက်က ပြောဖူးတယ်။ “တပ်ကို အထက်လူကြီးတွေ လာစစ်ရင် စာရွက်စာတမ်းတွေချည်း ပြင်မထားနဲ့ယောက်ဖရေ။ အရေးကြီးတာက ပုစွန်ခြောက်” တဲ့။ ခုတော့ တကယ်လည်း အဲသလို ဖြစ်နေတာကိုးကွယ့်။
တပ်ရဲ့အင်အားကလည်း တပ်တော်တွေက တပ်ရင်းတရင်းကို ရှေ့တန်းထွက်နိုင်တဲ့အင်အား ၃၀၀-၃၅၀ လောက်။ ဒါပေမဲ့ တချို့တပ်ရင်းတွေက ၆၀ လောက်ပဲ ရှိတော့မှာပေါ့လေ။ အင်အားတွေကတော့ မညီမျှနိုင်တော့ဘူးပေါ့။ ရှေ့လျှောက် မလွယ်လှပါဘူးလေ။ ရဲဘော်သစ်ဆိုတာကလည်း စုဆောင်းဖို့ မလွယ်ကူ။ ပြေး လေးပြေးနဲ့ ပြေးသမျှကို ပြန်ဖာထေးဖို့ကလည်းခက်၊ နောက်ပိုင်းဝင်လာသမျှကလည်း သတ်မှတ်ထားတဲ့ ပညာအရည်အချင်းက မပြည့်။ ရေ၊ လေ တွေကမှ တော်ဦးမယ်။ ခြေလျင်ကတော့ စစ်သားဝယ်ရတဲ့ ငွေကြေးကလည်း မနည်း။
တပ်ရင်းရန်ပုံငွေ ဆိုတာကလည်း ဦးပိုင်ကို အကုန်အပ်ထားရတာ။ ဦးပိုင်က ပြန်ထုတ်ပေးတဲ့ အမြတ်ကိုပဲ သုံးလို့ရတာဆိုတော့ အခုခေတ်တပ်ရင်းမှူးတွေ လည်ပတ်ဖို့ မလွယ်လှပါဘူး သားရေ။ အဲသလို ပြောလို့ အဖေ့ကို သားက ဦးပိုင်ကငွေ ပြန်ထုတ်သုံးပေါ့လို့ ပြောချင်ပြောနေဦးမယ်။ တကယ်တော့ “ဦးပိုင်စုငွေ ကြက်သောက်ရေ၊ နတ်အိုးရွှေချ ပြန်မရ” ဆိုသလိုမျိုးပဲ။ အမြတ်နဲ့ရအောင်သုံး၊ လောက်အောင်သုံးပဲ။ ဒီခေတ်က တကယ်မလွယ်ဘူး။
အဲဒီတော့ တပ်ကအရာရှိတွေခမျာ နည်းလမ်းပေါင်းစုံသုံး ငွေရှာနေကြရတယ်။ တပ်ကလည်း မထွက်နိုင်၊ မထွက်ရဲဆိုတော့ကွယ်။ တပ်ပြေးတွေ စာရင်းမပြဘူး။ လစာထုတ်ယူရတယ်။ တချို့တပ်တွေမှာ စက်သုံးဆီ သုံးစွဲရတဲ့လက်နက်တွေ၊ တင့်တွေ ပျက်နေပေမဲ့ အပျက်စာရင်းမပြဘူး။ ဆီထုတ်တယ်။ တကယ်တော့လည်း အဲဒါက အရိုးရှင်းဆုံးနည်းလမ်းပဲ။ ဒီထက်ရှုပ်တာတွေ ရှိသေးတယ်။
ပိုက်ဆံကို နည်းမျိုးစုံနဲ့ရှာရတယ်။ ပြောရတာ သိပ်မကောင်းလှပါဘူးကွယ်။ ဒီတော့ ရေတပ်က သင်္ဘောတွေကို စီးပွားရေးလုပ်ငန်းလို့ သဘောထားကြတယ်။ လေတပ်ကလည်း လေယာဉ်တွေကို စီးပွားရေးလို့ပဲ သဘောထားနေကြရတယ်။ ခြေလျင်တပ်တွေကလည်း နိုင်ငံတော်ကို စီးပွားရေးလို့ပဲ သဘောထားနေပေကြတယ်။ မြင်ရတာ စိတ်မချမ်းသာလှဘူးကွယ်။ နောင်တချိန် သားတို့ ပါဝင်တဲ့ခေတ်မှာ ပြင်နိုင်ကောင်းပါရဲ့ကွယ်။
သား တခါက မေးဖူးတယ်။ အဖေ မှတ်မိသေးတယ်။ စစ်သားတွေက ကြောက်တတ်သလားတဲ့။ အဲဒီတုန်းက အဖေ့မှာ တကယ်အဖြေမရှိပါဘူး။ ပြန်လည်း မဖြေချင်ခဲ့ဘူး။ အခု အဲဒါလေးကို နည်းနည်းဖြေချင်တယ်။ စစ်သားတွေလည်း ကြောက်တတ်တယ်။ သို့သော် အဖေတို့ခေတ်နဲ့ ဒီခေတ်စစ်သားတွေ ကြောက်ရပုံချင်းတော့ မတူဘူး။
ဒီခေတ်စစ်သားတွေကတော့ ဘာကိုကြောက်လို့ ကြောက်ရမှန်းမသိတဲ့ အခြေအနေကို ကြောက်ကြတာကွယ့်သားရဲ့၊ နားရှုပ်သွားပလား သား။ ဆိုလိုတာကကွယ်။ စစ်သားတွေဟာ ဘာကိုကြောက်လို့ ကြောက်ရမှန်းမသိတဲ့ အခြေအနေမျိုးကို ကြောက်တတ်အောင် အလိုလို ရိုက်သွင်းခံထားရလို့ပဲ သား။ တကယ်တော့လည်း ၁၇ နှစ်၊ ၁၈ နှစ် အရွယ်လေးတွေလေ။ သင်တန်းတွေမှာ ရိုက်သွင်းလိုက်တယ်။ အဲဒီ အရွယ်မှာ ရိုက်သွင်းလိုက်တဲ့ အသိက ပြန်ရုန်းထွက်ဖို့ ခက်တယ်ကွယ့်။
ဥပမာ သားရယ်။ အဖေတို့ သင်တန်းကျောင်းမှာတုန်းက စစ်လက်ရုံးရွေးတဲ့အခါမှာ ခြေလျင်၊ ခြေမြန် မလျှောက်ဘဲ လေတို့၊ ရေတို့၊ သံချပ်ကာတို့၊ ဆက်သွယ်ရေးတို့၊ အမြောက်တို့၊ အဲသလို လက်ရုံးတပ်ကို လျှောက်တဲ့သူတွေဆိုရင် အဖေတို့လို ခြေလျင်လျှောက်တဲ့သူတွေက “မင်းတို့က နဖူးမှာ အနီပဲ စည်းမယ့်ကောင်တွေ၊ ငါတို့က နဖူးမှာ ရွှေပတ်ပတ်မယ့်သူတွေ၊ နိုင်ငံတော် အုပ်ချုပ်မယ့်သူတွေကွ … ဘာ ညာ” စသဖြင့် အချင်းချင်း စကြ နောက်ကြတာပါပဲ။
ဆိုလိုတာက နဖူးမှာ အနီပဲ စည်းတဲ့သူဆိုတာ ရာထူးရရင် အမြင့်ဆုံး ဗိုလ်မှူးချုပ်ပေါ့။ ခြေလျင်အဖွဲ့တွေကတော့ တပ်ချုပ်တို့၊ ဘာတို့ ဖြစ်နိုင်တယ်ပေါ့လေ၊ အဲသလိုမျိုး။ ဒါပေမဲ့ ခုချိန်မှာ သိလာတာက အဲဒါက အမှားကြီးကွယ့်။ အဲဒီတုန်းက အပျော်သဘော စတာ နောက်တာပေမဲ့ အဲသလို ခြေလျင်ရောက်ရင် နိုင်ငံ အုပ်ချုပ်ရတဲ့သူ ဖြစ်နိုင်တယ်လို့ အစွဲကြီးနဲ့ အလွဲကြီး လွဲခဲ့တာကိုး။
ဆိုလိုတာက နဖူးမှာ အနီပဲ စည်းတဲ့သူဆိုတာ ရာထူးရရင် အမြင့်ဆုံး ဗိုလ်မှူးချုပ်ပေါ့။ ခြေလျင်အဖွဲ့တွေကတော့ တပ်ချုပ်တို့၊ ဘာတို့ ဖြစ်နိုင်တယ်ပေါ့လေ၊ အဲသလိုမျိုး။ ဒါပေမဲ့ ခုချိန်မှာ သိလာတာက အဲဒါက အမှားကြီးကွယ့်။ အဲဒီတုန်းက အပျော်သဘော စတာ နောက်တာပေမဲ့ အဲသလို ခြေလျင်ရောက်ရင် နိုင်ငံ အုပ်ချုပ်ရတဲ့သူ ဖြစ်နိုင်တယ်လို့ အစွဲကြီးနဲ့ အလွဲကြီး လွဲခဲ့တာကိုး။
တကယ်ဆို တပ်က နိုင်ငံတော်ကို အုပ်ချုပ်မယ်ဆိုတာကြီးကိုက ယူဆချက် အမှားကြီးလို့ အဖေတို့ မှန်းဆမသိတတ်နိုင်တဲ့ အခြေအနေတခုကိုတောင် ရောက်ခဲ့တာကိုး သားရဲ့။ အဲဒီတော့ ကိုယ့်အတွက်ကိုယ်ပဲ စဉ်းစားတတ်တဲ့အကျင့်နဲ့ ဉာဉ်က ဦးဆောင်လေတော့ စစ်သားဟာ ဘာကို ကြောက်လို့ကြောက်ရမှန်းမသိတဲ့ အခြေအနေကို ကြောက်တတ်လာရော သားရေ။
အဲဒီတော့ လူကြီးအလိုမီအောင်လည်း လိုက်မလုပ်နိုင်၊ ပြေးလည်းမပြေးရဲ။ နောက်တခုကွယ်၊ လူဆိုတာ ပတ်ဝန်းကျင်အသစ်နဲ့ တွေ့ထိမှလည်း အတွေးအခေါ်က အရွေ့ရှိတာကိုးကွယ့်။ တပ်မှာက ပတ်ဝန်းကျင်အသစ်နဲ့ တွေ့ထိခွင့်မရဘူး။ ပုံစံမျိုးစုံနဲ့ ကန့်သတ်ခံထားရတာ။ ဆိုရှယ်မီဒီယာသုံးတာကအစ၊ တပ်ပြင်ထွက်ခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ ထုတ်ဖော်ခွင့်မပြောနဲ့ လွတ်လပ်စွာ တွေးချင်ရင်တောင် တွေးရုံပဲတွေးလို့ရမယ် သားရေ၊ ထုတ်မပြောမိစေနဲ့။ လွတ်လပ်စွာတွေးခွင့်ပါ ထပ်ဆုံးရှုံးသွားနိုင်သကွ။
နောက်တခုက ဘာသာရေး။ လွတ်လွတ်လပ်လပ် မတွေးတဲ့သူ၊ တွေးရမှာကို သေရမှာလောက် ကြောက်တဲ့သူ၊ ယုတ္တိရှိ မရှိ မချင့်ချိန်တဲ့သူတွေဆိုတာ တပ်ထဲတင်မဟုတ် အပြင်မှာလည်း ရှိတော့ရှိနေကြတာပါပဲ။ အဲသလို လူမျိုးက ပညာပါမတတ်တော့ဘူး သို့မဟုတ် ပညာတတ်သည့်တိုင် ယုံကြည်မှု သဒ္ဓါလွန်ကဲတတ်တယ်ဆိုရင် သူတို့ကို အလွယ်ကူဆုံး ထိန်းချုပ်လို့ရနိုင်တာ ဘာသာရေးလို့ သား သေသေချာချာ မှတ်ပါလေသားရယ်။ အဲသလို ဘာသာရေး၊ လူမျိုးရေး၊ အမိန့်ဆိုတာတွေနဲ့ ကန့်သတ်လိုက်တဲ့အခါ တပ်ထဲကအများစုဟာ မိမိကျင်လည်ရာကနေ ဘယ်မှ ရုန်းမထွက်နိုင်တော့ဘူးပေါ့ကွယ်။
ဘာနဲ့တူနေသလဲဆိုတော့ အဖေတို့ ငယ်ငယ်တုန်းက အိမ်မှာမွေးဖူးတဲ့ စီပီကြက်တွေလိုပေါ့ကွယ်။ စီပီဆိုတာ မျိုးက အလွန်ဆုံးမွေးထားနိုင်ရင် ၄၅ ရက်ပေါ့။ သူ့ထက် ရက်ကျော်သွားရင် သခင်က အစာမကျွေးနိုင်တော့ဘူး။ ရှုံးတော့မှာလေ။ အသက်ကသာ ၄၅ ရက်၊ အကောင်ကြည့်လိုက်တော့ တပိဿာခွဲ၊ နှစ်ပိဿာလောက်က အသာလေးရယ်။ ဒါပေမဲ့ စီပီက စီပီပဲ သားရယ်။ အကောင်သာကြီးပေမဲ့ အသံကတော့ ကြက်ပေါက်သံပဲ ထွက်ရှာသကိုးကွယ့်။
နောက်တခုက ကြက်ဆိုတာက မြေကြီးထဲက အစာကိုယက်ပြီး စားတဲ့အမျိုးလေ။ သမံတလင်းပေါ် အစာပက်ထားရင်တောင် မစားဘူး။ ခြံထဲကနေ အပြင်ရောက်သွားရင်လည်း ပြန်ဖမ်းဖို့ခက်တဲ့အမျိုး။ သူ့ဖာသာ လွတ်လွတ်လပ်လပ် မြေကြီးထဲကနေယက်ပြီး အစာရှာတတ်တဲ့ကောင်တွေ။ ဟော … အဲဒီ အမျိုးကနေ စီပီလို့လည်း ဖြစ်လာရော၊ အစာကိုလည်း ယက်မစားတတ်တော့ဘူး။ အခွင့်သင့်လို့ ခြံအပြင် ရောက်ရင်လည်း အပြင်မှာ ရှာမစားတတ်တော့ဘူးကွယ့်။ ၄၅ ရက်နဲ့ သေကာမှသေရော၊ အပြင်မှာ မစားတတ်တော့ ခြံထဲ အတင်းခေါင်းပြန်တိုး ဝင်ရရှာတာကိုး။
အဲသလိုပဲ စစ်ဗိုလ်စစ်သားဆိုတာလည်း စီပီကြက်နဲ့ နင်လား ငါလားပါပဲ။ အပြင်မှာ ရှာမစားတတ်တော့ အပြင်ရောက်ဖို့ အခွင့်ကြုံရင်တောင် သေကာမှသေရော။ အထဲကို အတင်းခေါင်းပြန်တိုး ဝင်ရတာကိုးကွယ့်။ ခြွင်းချက်နဲ့ စီပီယောင်ဆောင်တဲ့သူတွေတော့ ရှိသပေါ့ကွာ၊ ဗိုလ်သင်တန်းကို ခါတော်မီလာတက်။ တပ်ရင်းတပ်ဖွဲ့တွေလည်းရောက်ရော ကိုယ်ပိုင်နံပါတ် မင်မခြောက်ခင် အရပ်ဘက်ပြောင်းပြေးကြတဲ့ စီပီအတုတွေလည်း ရောနေတာပေါ့ကွာ။ သားတို့ပြောကြတဲ့ မိုးကျရွှေကိုယ်ဆိုပါစို့။ နောင်ကျရင်တော့ အဲဒီအကြောင်းလေး ထပ်ပြောပါဦးမယ်။ မိုးကျရွှေကိုယ်နဲ့ မိုးမကျတကျရွှေကိုယ်တွေ အကြောင်းပေါ့ကွာ။
သူငယ်ချင်းတွေက ပြောကြတယ်။ ဦးသန်းရွှေက သိပ်ဉာဏ်ကောင်းတာပဲတဲ့။ အဖေလည်း အရင်က လက်ခံခဲ့ပါတယ်။ အဲ … အခုလည်း ဉာဏ်ကောင်းတယ်ဆိုတာတော့ မငြင်းပါဘူး။ သို့သော် သူ့ဉာဏ်ကောင်းတာကြောင့် တပ်မတော်ရော တိုင်းပြည်ရော အခုအခြေအနေ ရောက်ရတယ်လို့ အဖေမြင်တာပဲ။ သူဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးခဲ့တယ်။ ဒါပေမဲ့ သူရေးခဲ့တာကြီးက အဘက်ဘက်က Deadlock တွေအပြည့်နဲ့ ရေးခဲ့တာကိုး။
အဲဒီ ဖွဲ့စည်းပုံက နိုင်ငံတော်သမ္မတသည် … လို့ ဘယ်နေရာကပဲ စပြီးရေးရေး တပ်က သဘောမတူရင် ဘာမှလုပ်မရအောင် ရေးထားခဲ့တာ။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အာဏာ သုံးခုစလုံးမှာလည်း တပ်က ဝင်ပါလို့ရအောင် ရေးထားခဲ့တာ။ ပုဒ်မအတော်များများကို အာဏာရပါတီက ပြင်လို့မရဘူး။ ခက်တာက ဘယ်ပါတီမှလည်း ပြင်လို့မရဘူး။ ယုတ်စွမဆုံး တပ်က သူရေးတဲ့ဥပဒေကို သူ့ဖာသာတောင် ပြင်လို့မရတဲ့ ပုဒ်မတွေ အများကြီး။ အဲဒါက Deadlock ပဲ။ အမှားပဲ သားရေ။
ပြောင်းသင့်တဲ့ အချိန်၊ ပြင်သင့်တဲ့အရာတွေဟာ ခေတ်ကတောင်းဆိုလာရင် ပြောင်းရပြင်ရတာပါပဲ။ ဒါကိုသိသိကြီးနဲ့ အဲသလို ရေးပစ်ခဲ့တော့ တိုင်းပြည်က ငါးပါးမှောက်တာပေါ့ကွယ်။ ပိုဆိုးတာက အာဏာသိမ်းစရာမလိုဘဲ အာဏာရနေတဲ့ ဖွဲ့စည်းပုံကြီးကိုင်ပြီး အာဏာသိမ်းလိုက်တဲ့ကိစ္စပဲ။
လုပ်နိုင်မယ်လို့ထင်တယ်၊ ငါ့လက်ထက်ရောက်ရင် ဘယ်လိုပြင်လိုက်မယ်လို့ အားခဲထားပေမဲ့ ပြင်မယ့်အဖွဲ့အစည်းကိုက အောက်ခြေမှာ ဖွဲ့စည်းပုံနဲ့စိတ်ဓာတ်ရေးရာက ယိုင်နဲ့နဲ့ရယ်။ မြေပြင်မှာ တကယ်လုပ်ခဲ့ကိုင်ခဲ့ရသူတွေက အသိဆုံးပါပဲ။ အခုတော့ တိုင်းပြည်လည်း ကြားထဲက ကြေရောပေါ့ကွယ်၊ လူတယောက် အာဏာရူးတာနဲ့။ ဘာပဲဖြစ်ဖြစ် သားတို့ပါတဲ့ ခေတ်တခေတ်ရောက်ရင်တော့ အဖေပြောတာလေးတွေကို မှတ်သားထားပြီး ပြင်နိုင်သမျှ ပြင်ပေးပါသားရေ။
လက်ရှိခေတ်မှာတော့ စစ်ဗိုလ်စစ်သား ရာခိုင်နှုန်းအတော်များများက ရေဘူးပေါက်တာ မလိုချင်ဘူးတို့၊ အမျိုး ဘာသာ သာသနာတို့၊ မြေမျို၍လူမျိုးမပျောက်တို့၊ ဦးနှောက်ယိုစီးမှုတို့ဆိုတဲ့ မရိုးနိုင်တဲ့ဂျင်းတွေ ဝါးခဲ့ကြသူတွေချည်းပဲ။ လော့ဂျစ်ကျ၏ မကျ၏ ထူးထွေစဉ်းစားနေစရာ မလိုဘဲ “လုပ်ထုံးလုပ်နည်း” ဆိုတာချည်းကိုပဲ ဦးထိပ်ပန်ဆင်ရင်း “တပ်မတော်သားဆိုတာ စစ်ဘက်ဥပဒေရော အရပ်ဘက်ဥပဒေကိုပါ လိုက်နာကြရတာကွ” ဆိုပြီး တလွဲဆံပင်ကောင်းနေကြတုန်းပဲ သားရေ။
လက်ရှိခေတ်မှာတော့ စစ်ဗိုလ်စစ်သား ရာခိုင်နှုန်းအတော်များများက ရေဘူးပေါက်တာ မလိုချင်ဘူးတို့၊ အမျိုး ဘာသာ သာသနာတို့၊ မြေမျို၍လူမျိုးမပျောက်တို့၊ ဦးနှောက်ယိုစီးမှုတို့ဆိုတဲ့ မရိုးနိုင်တဲ့ဂျင်းတွေ ဝါးခဲ့ကြသူတွေချည်းပဲ။
ပြောသာပြောရတာပါကွာ။ တပ်မှာက ဥပဒေတို့ ပုဒ်မတို့ ဆိုတာ အပြင်နဲ့ နည်းနည်းကွာတယ်။ ဘယ်လို ကွာသလဲဆိုတော့ ပြောင်းပြန်ကွာတာ။ အပြင်မှာ လူတယောက်က ဥပဒေချိုးဖောက်မိတယ်ဆိုရင် သူ့အဆင့်အတိုင်း အရေးယူနိုင်ဖို့ ပုဒ်မ၊ ပြစ်မှု၊ ပြစ်ဒဏ် စသဖြင့် အဆင့်ဆင့်သွားတာပေါ့ကွယ်။ တပ်မှာကတော့ အရေးယူဖို့ ကိစ္စတခု ပေါ်လာရင် ပြစ်ဒဏ်က အရင်လာတယ်။ အဲဒီပြစ်ဒဏ်နဲ့ညီတဲ့ ပြစ်မှုကိုရှာပြီး အဲဒီပြစ်မှုနဲ့ညီတဲ့ ပုဒ်မကိုတပ်လိုက်တာပဲ။ အဲဒီတော့ ပြစ်ဒဏ်ဘယ်လောက် ကျမလဲဆိုတာ “ဆရာ့စိတ်ထဲမှာပဲ ရှိတဲ့ကိစ္စ” ကွ။
ဒါကြောင့် ဒီခေတ် စစ်သားတွေ ရုန်းထွက်သွားကြတယ်၊ ရုန်းထွက်နိုင်ကြတယ်ဆိုရင် တော်တော်ကို လေးစားရမှာပဲ သားရေ။ ငယ်တဲ့သူက ကြောက်လို့မရုန်း၊ အလယ်ကလူက အခွင့်အရေးလေး လက်တဆုပ်စာကို မက်လို့မရုန်း၊ အပေါ်ကလူက အကုန်ခွအုပ်နေရတဲ့အရသာကို သိနေလို့မရုန်း ဆိုရင်ဖြင့် စစ်တပ်ဟာ အဖတ်ဆယ်စရာ ရှာလို့ရမယ်ကို မထင်ဘူးသားရေ။
သားရေ …။ တချိန်မှာ တကယ်ပြင်ရမှာမို့၊ တပ်ကို ပြင်စရာတွေများနေလို့ ဒါတွေ ရှင်းပြ ပြောပြနေရတာပါ သား။ စစ်သားဟောင်း တယောက်က တပ်ကို စေတနာရှိနေသေးလို့ ပြင်ဖို့ အချန်မီသေးကြောင်း သတိပေးတဲ့ သဘောဖြစ်သလို သားနဲ့အတူ သားတို့မျိုးဆက်သစ်တွေ အခွင့်သာချိန်မှာ တပ်ကိုရော၊ တိုင်းပြည်ကိုပါ ဝိုင်းပြီးပြုပြင်စေချင်တဲ့ စေတနာကြီးကြီးနဲ့ သားတို့ပခုံးပေါ် အထုပ်တင်ပေးနေမိတာကိုတော့ ခွင့်လွှတ်ပါကွယ်။
အရမ်းကြီး မမျှော်လင့်ပေမဲ့ကွယ်၊ တပ်က တို့ရဲ့ ရဲဘော်တွေ တွေးတတ်၊ မြင်တတ်၊ သိတတ်စေချင်တယ်။ စစ်သားရုပ် ထွက်စေချင်တယ်။ တပ်က လူကြီးတွေ သူတို့အမှားတွေကို မြင်စေချင်၊ ပြင်စေချင်တယ်။ ကိုယ်ချင်းစာစေချင်တယ်။ အရိုးစွဲနေတာတွေကို အမှန်လို့ မှတ်ထားတာထက် ခွဲခြမ်းစိတ်ဖြာစေချင်တယ်။ မှန်မှမှန်ရဲ့လားလို့ သံသယစိတ်လေး ထားစေချင်တယ်။
ဗိုလ်လောင်းဘဝတုန်းကလိုပေါ့။ ထမင်းစားပြီးရင် ဘုမသိ ဘမသိ ထွေး (ထမင်းပန်းကန်) ထောင့်မှာ ထမင်းတလုပ်စာ ချန်ပစ်ခဲ့ရမယ်လို့ သတ်မှတ်ထားတယ်ကွယ်။ အဲဒါကို အဖေ့ဂါဒီယန် ဂျူနီယာ တယောက်က “ဘာလို့ ထမင်းတလုပ် ချန်ခဲ့ရတာလဲ။ ဗိုလ်လောင်းတွေ အများကြီးဆို ထမင်းတွေအများကြီး အလကားဖြစ်မှာပေါ့” လို့ မေးဖူးတယ်။ အဖေက ပြန်ဖြေတယ် “အဲဒါ အစဉ်အလာပဲလို့”။ တကယ်တော့ အဖေ ပြန်ဖြေခဲ့တာ အမှားကြီးကွ။ အခုချိန် အဲဒီဂျူနီယာကို တောင်းပန်ချင်ပေမဲ့ လူ့လောကထဲ မရှိရှာတော့ပါဘူးလေ။ သူသာရှိရင်လည်း အခု အဖေပြောတဲ့စကားမျိုးတွေ သူပြောနေရှာမယ်ထင်ပါရဲ့။
နားဦးမယ် သားရေ။
အဖေ့စာကြောင့် တွေးစရာရပါစေ။
(စာရေးသူသည် အငြိမ်းစား စစ်အရာရှိတဦးဖြစ်သည်။)
You may also like these stories:
ပဒေသရာဇ် စစ်ဘုရင်စိတ်ပေါက်နေသည့် မြန်မာဗိုလ်ချုပ်များ
“အဆံချောင် မိစ္ဆာ” မြန်မာစစ်ဗိုလ်ချုပ်များ
အာဏာတည်မြဲရေး ဘနဖူး သိုက်တူးမည့် ရာဇဝတ်ကောင် စစ်ကောင်စီ
ဆွေမျိုး မိတ်ဆွေ ကောင်းစားရေးနှင့် စစ်ဗိုလ်ချုပ်များ
ရက်စက်ကြမ်းကြုတ်သော စစ်တပ် အက်ကြောင်း မထတော့ပြီလော
စစ်ကောင်စီ၏ နောက်ဆုံးခံတပ် သို့မဟုတ် နေပြည်တော်