စွမ်းရည်ပြည့်ဝသော ခေတ်မီတပ်မတော် (Standard Army) ဖြစ်ရေး စစ်ခေါင်းဆောင်တို့ ကြွေးကြော်ခဲ့ကြသော်လည်း လက်ရှိ နိုင်ငံတဝှမ်း ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်လှသည့် စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုး ဖောက်မှု များက စစ်တပ်၏သရုပ်အမှန်ကို မီးမောင်းထိုးပြလျက် ရှိသည်။
ကိုလိုနီခေတ်မတိုင်မီ မြန်မာဘုရင်များလက်ထက် ကြီးကျယ်ခမ်းနားသော တော်ဝင်လက်နက်ကိုင်တပ်အဖြစ် အဓိပ္ပာယ် ဆောင်ကာ ‘တပ်မတော်’ ဟု ခေါ်ဝေါ်သမုတ်ခဲ့သည့် စစ်တပ်သည် မျက်မှောက်ခေတ်တွင် စစ်အာဏာရှင်များ၏ အသုံးချခံ လက်ကိုင်တုတ်သာသာ လက်နက်ကိုင်အဖွဲ့သာ ဖြစ်လို့နေသည်။
စစ်တပ်ကို ၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် အားလုံးက“စစ်ခွေး” ဟု ခေါ်ဝေါ်ကာ ခုခံတွန်းလှန် တိုက်ခိုက်နေကြသည်။
ပြည်သူလူထုအပေါ် အကြမ်းဖက်ကျူးလွန်မှုများအပြင် စစ်ခေါင်းဆောင်များ၏ ကိုယ်ကျိုးစီးပွားဦးစားပေးမှု၊ တပ်တွင်း အကျင့်ပျက်ခြစားမှုနှင့် ခွဲခြားဆက်ဆံမှုများကြောင့် အာဏာရှင်များလက်အောက်တွင် Standard Army တခု ဖြစ်မလာ နိုင်တော့ကြောင်း အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး ပြည်သူ့ဘက်ရပ်တည်ခဲ့သည့် CDM စစ်သည်အချို့က ထောက်ပြသည်။
CDM ဗိုလ်ကြီး ယဉ်ပပထွန်းက “တပ်မတော်ရဲ့ စံနှုန်းတွေက တဖြည်းဖြည်းနဲ့ ကျလာပြီးတော့ ဒီအဖွဲ့အစည်းဟာ ဘယ်လိုမှ Standard Army မဖြစ်နိုင်ဘူးလို့ မြင်တယ်။ အခုဆို ပိုဆိုးတာပေါ့။ အာဏာသိမ်းပြီးတဲ့နောက်မှာ ပိုပြီးတော့ ပေါ်လွင်သွား တာပဲ။ ပြည်သူတွေ ကြားထဲမှာလည်း ပိုပြီးပေါ်လွင်သွားတယ်။ အရည်အချင်းရှိလား၊ မရှိလားဆိုတာကို” ဟု ဆိုသည်။
ယေဘူယျအားဖြင့် ခေတ်မီတပ်မတော် တည်ဆောက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ်နှင့် ခေတ်မီစစ်ပစ္စည်းများ ပြည့်စုံမှု သည် အဓိကဟု ဆိုသော်လည်း အရည်အချင်းပြည့်ဝပြီး စိတ်ဓာတ်၊ ခံယူချက်အပြည့်ဖြင့် နိုင်ငံတကာစံနှုန်းများ၊ ဥပဒေများ ကို နားလည်ကာ လိုက်နာကျင့်သုံးနိုင်မှုများကလည်း စစ်တပ်တွင် ကင်းမဲ့နေသည်။
စစ်ခေါင်းဆောင်များသည် စစ်သည်သစ်များရရှိရေး လုပ်ဆောင်ရာတွင် အရည်အချင်းကို ဦးစားမပေးတော့ဘဲ အရေ အတွက်ကိုသာ ဦးစားပေးတော့ကြောင်းကို ၆ တန်းအောင်မှသည် ၄ တန်းအောင်ထိ အဆင့်နှိမ့်ချခေါ်ယူနေသည့် စစ်တပ် ၏ တရားဝင် စစ်သားသစ်စုဆောင်းရေး ခေါ်ယူမှုများက ပညရေးရေချိန်ချို့တဲ့မှုကို မီးမောင်းထိုးပြနေသည်။
ထို့ပြင် အကျင့်ပျက် စစ်အရာရှိတချို့ ကလည်း ၎င်းတို့ရာထူးတက်ရေးကိုသာကြည့်ပြီး တပ်သားသစ်များကို ရသည့်နေရာမှ ငွေပေးဝယ်ယူ စုဆောင်းမှုများလည်း ပြုလုပ်လျက် ရှိသည်။
CDM ဗိုလ်ကြီး ကောင်းသူဝင်းက “ရဲဘော်သစ်ရရှိဖို့ဆိုပြီး လေးတန်းအောင်ဆိုတဲ့အဆင့်၊ တကယ်တော့ လေးတန်အောင် ဆိုပေမယ့် စာမတတ်တဲ့သူတွေကိုပါ ထပ်ပြီးတော့စုတယ်။ အဲဒီလူတွေက စစ်တပ်ထဲရောက်ရှိတဲ့အချိန်မှာ အရည်အချင်း မှာ အများကြီးနိမ့်ပါးတယ်။ သင်ကြားပို့ချရမှာလည်း အခက်အခဲတွေရှိတယ်။ အဲဒီလိုတွေ ဖြစ်ခဲ့တဲ့အတွက် Standard Army ဖြစ်အောင် ကြိုးတော့ကြိုးစားတယ်။ ဒါပေမဲ့ အများကြီးအခက်အခဲလည်း ရှိတယ်။ ဆက်ပြီးသွားသင့်တဲ့အချိန်မှာ ဆက်ပြီးတော့မတွန်းနိုင်ဘဲ တဖြည်းဖြည်း ပြန်ဆုတ်ဆုတ်လာတယ်” ဟု ပြောသည်။
ပိုမိုဆိုးဝါးသည့်အချက်မှာ ပြည်သူကိုကာကွယ်ရမည့် စစ်သည်များက ပြည်သူများအပေါ် မည်သို့မည်ပုံ နှိပ်စက်သတ်ဖြတ်ဖူး ကြောင်းကိုပင် ဂုဏ်တုဂုဏ်ပြိုင် ဝင့်ကြွားပြောဆိုကြသည်ထိ ခံယူချက်များ ရှိနေသည်ကို တွေ့ရသည်။
ထို့ပြင် စစ်ခေါင်းဆောင်များ၏ ကိုယ်ကျိုးစီးပွားရှာမှုနှင့် အကျင့်ပျက်ခြစားမှုများ၊ ခွဲခြားဆက်ဆံမှုများကြောင့် တပ်တွင်းစည်း လုံးညီညွတ်ရေးကိုလည်း ထိခိုက်စေခဲ့ကြောင်း စစ်တပ်အရာရှိဟောင်းတချို့က ထောက်ပြသည်။
တပ်တွင်း ရာထူးတိုးများတွင် အရည်အချင်းအလိုက် ဦးစားပေးရမည် ဖြစ်သော်လည်း အကြီးတန်းအရာရှိများနှင့် နီးစပ်သူ များအား ဦးစားပေးခြင်း၊ တပ်ဆေးရုံများတွင် အရာရှိများ၏ မိသားစုများကိုသာ ဂရုစိုက်ကုသပေးပြီး စစ်သည်မိသားစုများ အား လျစ်လျူရှုပစ်ထားခြင်း စသည့် ခွဲခြားဆက်ဆံမှုများကလည်း ရှိနေပြန်သည်။
အထူးသဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာကိုတပ်မက်ကာ မောက်မာသူ၊ ကိုယ်ကျိုးစီး ရှားသူ ဖြစ်ရုံသာမက သက်ပြည့်ပင်စင် ယူရမည့်အချိန်၌ပင် တပ်ချုပ်ရာထူးမှ ဆင်းမပေးဘဲ အကြွင်းမဲ့အာဏာရှင် အကြီး အကဲအဖြစ် စစ်ဥပဒေ၊ စည်းမျဉ်းများကိုပင် ပြင်ဆင်ခဲ့သည်။
ဗိုလ်ကြီး ယဉ်ပပထွန်းက “ကိုယ်ကျိုးစီးပွားအတွက် လုပ်လာတာတွေက မင်းအောင်လှိုင်လက်ထက်မှာ အများကြီးပဲ။ တခြားအာဏာရှင်တွေထက် သူက ကိုယ်ကျိုးစီးပွားပိုရှာတဲ့သူလို့ ကျမကတော့ သုံးသပ်တယ်။ ဘာလို့လဲဆို တပ်ပိုင်မြေ တော်တော်များများမှာဆိုရင် သူ့ရဲ့ကိုယ်ကျိုးစီးပွား ဆေးရုံတွေဆောက်တာတို့၊ မိုင်တဲလ်ရုံးချုပ်တွေလုပ်တာတို့။ အဲဒီ အတွက်ကြောင့် သူတို့တပ်တွင်းစည်းလုံးမှုကိုလည်း မတည်ဆောက်နိုင်ဘူး။ ခေါင်းဆောင်မှုကိုလည်း မတည်ဆောက်နိုင် ဘူး” ဟု ပြောသည်။
ထိုသို့ အကြောင်းအချက်များအပြင် အာဏာသိမ်းပြီး အကြမ်းဖက်ကျူးလွန်မှုများကြောင့် စစ်တပ်အပေါ် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုနှင့် သင်တန်းပေးလေ့ကျင့်မှုများ၊ နည်းပညာပိုင်းဆိုင်ရာ သင်ကြားပေးမှုများလည်း ရပ်ဆိုင်းသွားခဲ့ရာ ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရေး မျှော်လင့်ချက်မှာ ပိုမိုမှေးမိန်သွားခဲ့ပြီ ဖြစ်ကြောင်းလည်း စစ်တပ်အရာရှိဟောင်းတချို့က ဆိုသည်။
CDM ဗိုလ်ကြီး ကောင်းသူဝင်းက “အဓိကတော့ ခေါင်းဆောင်ပိုင်းတွေက အာဏာသိမ်းလိုက်တယ်။ ဒီလိုအခြေအနေတွေ ဖြစ်သွားတဲ့အတွက် Standard Army တည်ဆောက်ဖို့မှာ လမ်းစဉ်လည်းမရှိဘူး။ ကျန်တဲ့ပြည်ပနိုင်ငံတွေကပေးနိုင်တဲ့ အတတ်ပညာတွေပဲဖြစ်ဖြစ်၊ စစ်ပစ္စည်းကိရိယာတွေပဲဖြစ်ဖြစ် ထောက်ပံ့တဲ့လမ်းကြောင်းတွေကလည်း အများကြီးရပ်ဆိုင်း သွားတယ်ပေါ့နော်။ အဲဒီလိုရပ်ဆိုင်းသွားတဲ့အတွက် သူတို့လုပ်ချင်တဲ့ Standard Army ကို ဒီမှာရှိနေတဲ့ စစ်ခေါင်းဆောင် တွေရဲ့ လုပ်ဆောင်မှုကြောင့်ပဲ ရပ်ဆိုင်းသွားတယ်” ဟု ပြောသည်။
စစ်ခေါင်းဆောင်များသည် စစ်တပ်ကို နိုင်ငံ၏တောင့်တင်းခိုင်မာအားကောင်းသည့် တခုတည်းသောအဖွဲ့အစည်းအဖြစ် ပြောဆိုလေ့ရှိပြီး နိုင်ငံရဲ့အုပ်ထိန်းသူ(Guardian)၊ အမျိုးသားနိုင်ငံရေးဦးဆောင်သူအဖြစ်လည်း နေရာယူပြောတတ်ပြန်သည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က “အမိနိုင်ငံတော်နှင့် လူမျိုးအပေါ်တွင် မည်သည့်သစ္စာဖောက်မှုမျိုးကိုမဆို မကျူးလွန်ဘဲ သစ္စာစောင့်သိခဲ့သည့် တပ်မတော်ဖြစ်သည်နှင့်အညီ နိုင်ငံနှင့်လူမျိုးအပေါ်တွင် အကျိုးအမြတ်ရယူရန်မကြိုးပမ်းဘဲ ပေးဆပ် ရေးကိုသာ အစဉ်တစိုက်ဦးတည်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း” ၇၆ နှစ်မြောက်တပ်မတော်နေ့တွင် ပြောဆိုခဲ့ဖူးသည်။
အာဏာသိမ်းပြီး မကြာမီ ပြောဆိုခဲ့သည့် ထိုစကားလုံးများသည် အာဏာသိမ်းကာလနှစ်နှစ်ကျော်အတွင်း စစ်တပ်က ပြည်သူများအပေါ် အကြမ်းဖက်ကျူးလွန်နေမှုများနှင့် လုံးဝဆန့်ကျင်ကွဲလွဲနေပြီး ပြည်သူကိုသစ္စာဖောက်ကာ အာဏာကို လက်နက်ကိုင်အဓမ္မရယူကာ တိုင်းပြည်အပေါ် ဂုတ်သွေးစုပ်ရင်း စစ်ခေါင်းဆောင်များ၏ မိသားစုများသာ ပို၍ပို၍ ချမ်းသာ ကြွယ်ဝလာကြသည်သာ ပကတိအရှိတရား ဖြစ်လာသည်။
မြန်မာနိုင်ငံသမိုင်းတွင် ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်ခဲ့သည့် မတ်လ ၂၇ ရက်ကို ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သော်လည်း ၁၉၅၅ ခုနှစ်တွင် တပ်မတော်နေ့ဟု အမည်ပြောင်းလဲခဲ့သည်။
ထိုလုပ်ရပ်ကပင် ဖက်ဆစ်တော်လှန်ရေးတွင် အများပြည်သူနှင့် အခြားသောနိုင်ငံရေးအင်အားစုများပါဝင်ခဲ့သည့် သမိုင်းပုံ ရိပ်ကိုမှေးမိန်စေရန်နှင့် စစ်တပ်၏အခန်းကဏ္ဍအား ပိုအလေးသာစေရန် အမည်ပြောင်းလဲခြင်းအဖြစ် တိုင်းရင်းသားပြည်သူ အများစုက နားလည်ခဲ့ကြသည်။
လက်ရှိတွင် ရွေးကောက်ပွဲအနိုင်ရ အရပ်သားအစိုးရအား မဲစာရင်းမှားယွင်းမှုအကြောင်းပြ ဖြုတ်ချပြီး အာဏာသိမ်းထား သည့် စစ်တပ်သည် ၎င်းတို့အာဏာ ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက် ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းတို့ဖြင့် စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်ကာ အကြမ်းဖက်အဖွဲ့အစည်းတခုအသွင် ပုံပေါ်လာနေပြီ ဖြစ်သည်။
ထို့ကြောင့် စစ်ခေါင်းဆောင်များပြောသည့် စွမ်းရည်ပြည့်ဝသော ခေတ်မီတပ်မတော် (Standard Army) ဖြစ်ရေးသည် အလိမ်အညာ စကားလုံးမျှသာဖြစ်ပြီး လက်တွေ့တွင်မူ တပ်မတော်ဟုပင် မခေါ်ထိုက်တော့သည့် တိုင်းပြည်အလုံးစုံ ပျက်သုဉ်းရေးဖန်တီးနေသော အကြမ်းဖက်အာမီအဖြစ်သာ ဦးတည်နေတော့သည်။
You may also like these stories:
ပဒေသရာဇ် စစ်ဘုရင်စိတ်ပေါက်နေသည့် မြန်မာဗိုလ်ချုပ်များ
တိန့်ရှီကျွန်းနှင့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးသစ်များ
စစ်သား သားသမီးများကို တပ်ပြင် လုံခြုံရေးတာဝန် ခိုင်းစေလာ