သင်္ကြန်ပွဲတော် စည်ကားစေရန် စစ်ကောင်စီ ကြိုးပမ်းနေ
မကြာခင် ကျရောက်တော့မည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ကဲ့သို့သော မြို့ကြီးများ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အာဏာသိမ်း စစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ်သင်္ကြန်ပွဲတော်ကို မကျင်းပနိုင်ခဲ့သလို ၂၀၂၁ တွင်လည်း စစ်တပ် က အာဏာသိမ်းမှုကြောင့် သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။
၂၀၂၂ ခုနှစ်တွင်မူ အာဏာသိမ်း စစ်ကောင်စီသည် ၎င်းအားဆန့်ကျင်နေသူများအား အာရုံလွှဲလိုမှုနှင့် တိုင်းပြည် တည်ငြိမ် အေးချမ်းနေပြီဆိုသည့်ပုံရိပ်အား ပြသလိုခြင်းတို့ကြောင့် သင်္ကြန်ပွဲတော်ကို ပြန်လည်ကျင်းပခဲ့သော်လည်း ပြည်သူအများစု က ရေမကစားဘဲ တော်လှန်သင်္ကြန်ဖြင့် စစ်အာဏာရှင်အား ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။
သို့သော် စစ်ကောင်စီသည် ယခုနှစ်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်နေပြန်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ၊ စစ်အာဏာမသိမ်းခင်အချိန်များက မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို နှစ်စဉ် နိုင်ငံတဝှမ်း စည်းကားသိုက်မြိုက်စွာကျင်းပလေ့ရှိရာ မန္တလေးမြို့သည်လည်း အပါအဝင်ဖြစ်ပြီး သင်္ကြန်ကာလ မန္တလေးကျုံးပတ်လည် အလွန်ပင်စည်ကားခဲ့သည်။
ထို့အတွက် စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရအဖွဲ့က ယခုနှစ်သင်္ကြန်ပွဲတော်တွင် ကျုံးပတ်လည်နှင့် စည်ပင်သာယာရေး နယ်နမိတ်မြို့နယ် ၆ ခု၌ ရေကစားမဏ္ဍပ်များကို အခွန်ပေးဆောင်စရာမလိုဘဲ ဆောက်လုပ်ခွင့်ပြုမည်ဖြစ်သလို ဦးရာလူ စနစ်ဖြင့် ခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင် မန္တလေးနေ့စဉ်သတင်းစာတွင် မတ်လ ဆန်းပိုင်းကတည်းက ထည့်သွင်းကြော်ငြာကာ ဖိတ်ခေါ်ထားသည်။
ဦးသိန်းစိန်အစိုးရလက်ထက်ထိ သင်္ကြန်ကာလ ကျုံးဘေးပတ်လည်၌ ပေ ၁၀၀ နှင့် ၂၅ ပေရှိ မဏ္ဍပ်များဆောက်မည်ဆိုပါ က အနည်းဆုံး ကျပ်သိန်း ၁၀၀ နှုန်း လေလံစနစ်ဖြင့် ချထားပေးခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် လမ်းလျှောက်သင်္ကြန်အဖြစ် ကျင်းပပေးစဉ် ကလည်း မဏ္ဍပ်နေရာ ၁၀ ပေ ပတ်လည်လျှင် ကျပ် ၅ သိန်း၊ ပေ ၂၀ မဏ္ဍပ်တခုလျှင် ကျပ် ၁၀ သိန်း၊ ပေ ၃၀ မဏ္ဍပ်တခုလျှင် ကျပ် ၁၅ သိန်း အခွန်ကောက်ပြီး ဆောက်လုပ်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှစပြီး မန္တလေးသင်္ကြန်အား အပြောင်းအလဲ ဖြစ်စေရန်အတွက်ဟုဆိုကာ လမ်းလျှောက်သင်္ကြန်အဖြစ် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ကာ ယိမ်းအဖွဲ့၊ သံချပ် အဖွဲ့၊ ရေကစားမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်၊ ဖျော်ဖြေရေး မဏ္ဍပ်များဖြင့် ခမ်းနားစွာကျင်းပခဲ့သည်။

ထို့ကြောင့်လည်း ယခုနှစ်သင်္ကြန်ပွဲတော်တွင် မန္တလေးကျုံးတောင်ဘက်ခြမ်း ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈ လမ်းထိ လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပရန် စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရအဖွဲ့က စီစဉ်ထားကြောင်း သိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်က “သင်္ကြန်က အရင်လိုပဲ လမ်းလျှောက်သင်္ကြန်လည်းပါမယ်။ မြို့တော်ဝန်မဏ္ဍပ်မှာ ယိမ်းအဖွဲ့တွေ၊ သံချပ်အဖွဲ့တွေ၊ နိုင်ငံကျော်အဆိုတော်တွေရဲ့ ဖျော်ဖြေ မှုတွေလည်းပါမယ်။ အဓိကတော့ လက်ရှိအခြေ အနေတွေကြောင့် စိတ်ပန်းလူပန်းဖြစ်နေတဲ့ကြတဲ့ မြို့နေပြည်သူတွေကို သင်္ကြန်မှာ လွတ်လွတ်လပ်လပ် ပျော်စေချင်တာကြောင့် လူကြီးတွေက အခုလိုစီစဉ်ကြတာ” ဟု ပြောသည်။
သို့သော်လည်း မတ်လကုန်ပိုင်းထိ မဏ္ဍပ်ဆောက်ရန်လျှောက်ထားသူ အလွန်နည်းပါးကြောင်းနှင့် ယခုနှစ်သင်္ကြန်တွင် စီးပွားဖြစ်မဏ္ဍပ်များ မရှိသလောက်နည်းမည်ဟု ခန့်မှန်းကြောင်း ၎င်းက ဆိုသည်။
မန္တလေးမြို့ခံစာရေးဆရာတဦးက “သင်္ကြန်ပွဲတော်ဆိုတာ မြန်မာတွေရဲ့ ရိုးရာပွဲတော်တခုအနေနဲ့ နောက်လည်း ဆက်ရှိနေ ဦးမှာပါ။ အခုလိုအချိန်မျိုးမှာ သင်္ကြန်မှမဟုတ်ဘူး ပွဲတော် တော်တော်များများကို စစ်ကောင်စီက ကျင်းပပေးနေတာ အားလုံးအသိပဲလေ။ ဘာလို့ ကျင်းပပေးနေတာလဲဆိုရင် တည်ငြိမ်နေပါပြီ၊ သူတို့အုပ်ချုပ်လို့ ရနေပါပြီဆိုတာကို ပြချင်လို့ပဲ။ သူတို့လုပ်တဲ့ပွဲကို လူစိတ်ရှိတဲ့ပြည်သူတွေကတော့ ပျော်ကြမှာမဟုတ်ဘူး။ လူစိတ်မရှိတဲ့ သူတို့အုပ်စုပဲ ပျော်ကြမှာပေါ့။ သူတို့လုပ်မယ့် သင်္ကြန်ပွဲကို လူထုက လက်မခံကြပါဘူး” ဟု ပြောသည်။
စစ်ကောင်စီက ပျော်ပွဲရွှင်ပွဲများ မည်သို့ပင် ဖန်တီးပေးနေပါစေ ပြည်သူလူထု ပါဝင်မှုနည်းသည်ကို တွေ့ရကြောင်း၊ သင်္ကြန် အတွက် မန္တလေးတွင် စစ်ကောင်စီက ပြင်ဆင်နေသော်လည်း ယခုအချိန်ထိ ပုဂ္ဂလိကမဏ္ဍပ်များ ဆောက်ထားမှု မရှိသေးခြင်းက ဝမ်းသာစရာတခု ဖြစ်ကြောင်းလည်း မန္တလေးမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ဆိုသည်။

မန္တလေးမြို့ခံ နည်းပညာတက္ကသိုလ် CDM ကျောင်းသားတဦးကလည်း “ကျနော်တို့ကတော့ သင်္ကြန်ကို ပါဝင်ဆင်နွှဲသွားမှာ မဟုတ်ဘူး။ ကျနော်တို့မြို့ကြီးတွေမှာ ပျော်နေကြရပေမယ့် နယ်ဘက်တွေ၊ တောဘက်တွေမှာက စစ်ဘေးရှောင်နေကြရ တယ်။ စစ်တပ်ကမီးရှို့လို့ မီးဘေးသင့်နေကြရတဲ့ သူတွေကို အားနာလို့ပါ။ ပြီးတော့ ကျနော်တို့နဲ့ရွယ်တူတွေ ပျော်ချင်ကြပေ မယ့် မပျော်နိုင်ကြဘဲ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေကြတာကို ကိုယ်တိုင်မပါဝင်နိုင်ပေမယ့် တတ်နိုင်တဲ့ဘက်နေ ပံ့ပိုးကူညီပေးတဲ့အနေနဲ့ မပျော်တာပါ။ အားလုံး အဆင်ပြေသွားတဲ့အချိန်မှပဲ ပျော်ပွဲရွှင်ပွဲတွေမှာ ပါဝင်သွားမယ်လို့ ဆုံးဖြတ် ထားပါတယ်” ဟု ပြောသည်။
စစ်ကောင်စီဘက်ကလည်း ၎င်းအားဆန့်ကျင်တော်လှန်နေမှုများ ယုတ်လျော့သွားစေရန် ပြည်သူများ ပါဝင်နိုင်မည့် ပျော်ပွဲ ရွှင်ပွဲနှင့် ရိုးရာအစဉ်အလာ ရာသီအလိုက် ပွဲလမ်းသဘင်များကို ဆက်တိုက် ဖန်တီးပေးရန် ကြိုးပမ်းလျက်ရှိရာ ယခု သင်္ကြန် ပွဲတော်သည်လည်း တခုအပါအဝင် ဖြစ်သည်။
ထို့ကြောင့် ယခုပြုလုပ်မည့် သင်္ကြန်ပွဲတော်သည်လည်း နိုင်ငံတဝှမ်း လူသတ်၊ မီးပတ်ရှို့နေသည့် စစ်ကောင်စီက တိုင်းပြည် ပုံမှန်အခြေအနေရောက်နေပါပြီဟု ပြသချင်သည့် လှည့်ကွက်တခုသာ ဖြစ်ကြောင်း မန္တလေးမြို့ခံ နိုင်ငံရေးအကျဉ်းသား ဟောင်းတဦးက မှတ်ချက်ပြုသည်။
ယခုနှစ် သင်္ကြန်ပွဲတော်အတွက် မတ်လလယ်မှစပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့၌ မြို့တော်ဝန်မဏ္ဍပ်များ တည်ဆောက်ခဲ့သလို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကလည်း သင်္ကြန်မဏ္ဍပ်ဆောက်လုပ်လိုသူများ အနေဖြင့် ဧပြီလ ၅ ရက်နေ့ထိ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထို့ပြင် ရန်ကုန်တိုင်းအစိုးရအဖွဲ့မဏ္ဍပ်၊ မြို့တော်ဝန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်တွင် ပြုလုပ်မည့် လမ်းလျှောက်သင်္ကြန်တွင်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာဝန်ထမ်းများအနေဖြင့် မဖြစ်မနေပါဝင်ရမည်ဟု ညွှန်ကြားစာ ထွက်ရှိထားကြောင်း၊ ရန်ကုန်သင်္ကြန်တွင် ဌာနဆိုင်ရာနှင့် ခရိုင်အလိုက်မဏ္ဍပ်များလည်း တည်ဆောက်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ အမည်မဖော်လိုသူတဦးက ပြောသည်။

ယခင်က သင်္ကြန်ပွဲတော်ချိန်ရောက်တိုင်း ရန်ကုန်မြို့တွင် နှစ်စဉ် ပုဂ္ဂလိကရေကစားမဏ္ဍပ် ၁၀၀ ကျော်ထိရှိခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ပြန်လည်ကျင်းပခဲ့သည့် ၂၀၂၂ သင်္ကြန်မှစတင်ကာ စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်ဆောက်လုပ်မှုများ အလွန်နည်းပါးခဲ့သည်။
ထို့အတူ နေပြည်တော်သင်္ကြန်မဏ္ဍပ်များတွင်လည်း စည်ကားစေရန်အတွက် ဝန်ကြီးဌာနတခုလျှင် လူဦးရေ ၆၀ မဖြစ်မနေ တက်ရောက်ရန်နှင့် လိုက်နာခြင်းမရှိပါက ရုံးတွင်းပြစ်ဒဏ် (သို့မဟုတ်) ဒဏ်ငွေပေးဆောင်ရန် စစ်ကောင်စီက ညွှန်ကြား ထားကြောင်း နေပြည်တော်အခြေစိုက် ဝန်ထမ်းအချို့ထံမှ သိရသည်။
စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုးပမ်းစီစဉ်နေသလို တဖက်တွင်လည်း ဒီမိုကရေစီ ရေးလှုပ်ရှားသူများနှင့် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီပြုလုပ်မည့် သင်္ကြန်ပွဲတော်ကို ပြည်သူများ ပါဝင်ဆင်နွှဲ ခြင်းမပြုရန် တိုက်တွန်းနှိုးဆော်လျက် ရှိသည်။
Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ ကိုသက်ကြီးက “ကျနော်တို့ပြည်သူတွေ မွန်းကျပ်ပိတ်လှောင်မှုတွေနဲ့ နေနေရတယ် ဆိုတာ သိပါတယ်။ သင်္ကြန်မှာ ပျော်ကြမယ်ဆိုလည်း ဂရုတစိုက်နဲ့ တော်လှန်ရေးကာလဆိုတာလေးကို စိတ်ထဲမှတ်ပြီး ပျော်ပေးကြပါ။ ပြီးတော့ စစ်ကောင်စီက သင်္ကြန်ကိုအကြောင်းပြုပြီး လူထုကို သတ်တာဖြတ်တာတွေ၊ ဗုံးခွဲတာတွေ လုပ် လာနိုင်တယ်။ ပြီးရင် တော်လှန်ရေးအဖွဲ့တွေက လုပ်ပါတယ်ဆိုပြီး ပုံချလာနိုင်တယ်။ ဒါတွေအပြင် ပြည်သူလူထုရဲ့ လုံခြုံရေး ကိစ္စရပ်တွေကို သူတို့ အပြည့်အဝတာဝန်ယူပေးနိုင်မယ့် အခြေအနေမှာလည်းမရှိဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ပေးကြဖို့လိုသလို အညာဒေသက အိုးမဲ့အိမ်မဲ့သွားတဲ့သူတွေကိုလည်း ကိုယ်ချင်းစာပေးကြပါလို့ပဲ တောင်းဆိုချင်ပါတယ်” ဟု ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ကောက်ယူရရှိထားသည့် စာရင်းများအရ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၃,၁၉၄ ဦးရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုမတ်လ ၃၁ ရက်နေ့ထိတိုင် စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၇,၀၇၅ ဦးရှိပြီး ၎င်းတို့အနက်မှ ၅,၂၇၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်း ထောင်များတွင် ထိန်းသိမ်းခံနေရသူ ၁၀၈ ဦးရှိပြီ ဖြစ်သည်။
မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၂ ဦး အပါအဝင် ၁၂၁ ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရပြီး သေဒဏ် ချမှတ်ခံထားရသူပေါင်းမှာလည်း ၁၅၀ ဦးရှိပြီ ဖြစ်သည်။
ယင်းကိန်းဂဏန်းအချက်အလက်များသည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်းလည်း AAPP က ဆိုထားသည်။
ထို့ပြင် စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၃ ဖေဖော်ဝါရီ ၂၈ ရက်ထိ အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းမှ ၄၇,၇၇၈ လုံး၊ မကွေးတိုင်းမှ ၉,၀၁၉ လုံး၊ ချင်းပြည်နယ်မှ ၁,၄၈၅ လုံးနှင့် ကျန်ပြည်နယ်နှင့်တိုင်းများမှ ၂,၁၇၇ လုံး ပျက်စီးဆုံးရှုံးခဲ့ရ ကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။
ထို့ကြောင့် စစ်ကောင်စီက ပြုလုပ်သည့် သင်္ကြန်ပွဲတော် အပါအဝင် မည်သည့်ပွဲလမ်းသဘင်ကိုမှ ပါဝင်ဆင်နွှဲခြင်းမပြုရန်၊ စစ်ကောင်စီက ပြုလုပ်သည့် သင်္ကြန်မဏ္ဍပ်များ၊ စစ်ကောင်စီက စပွန်ဆာပေးထားသည့် ကုန်ပစ္စည်းများ၊ စစ်ကောင်စီကို အားပေးထောက်ခံနေသည့် အနုပညာရှင်များကို လူမှုရေးပြစ်ဒဏ်များ၊ သပိတ်မှောက်ခြင်းများ ပြုလုပ်ပြီး တော်လှန်ရေး တွင် ပါဝင်ပေးရန် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက တိုက်တွန်းတောင်းဆိုသည်။
၎င်းက “ပျော်နေတဲ့သူတွေ ရှိနေသလို ပျော်ချင်ပေမယ့် ပျော်လို့မရတဲ့သူတွေ၊ ဆင်နွှဲခွင့်မရတဲ့သူတွေ အများကြီးရှိနေတာကို သတိထားပေးကြပါလို့ ပြောချင်ပါတယ်။ ဒါကြောင့် တိတ်တိတ်လေး ပျော်ပေးကြပါ။ တိုးတိုးလေးငိုနေရတဲ့သူတွေ ရှိနေ တယ်ဆိုတာ သိထားပေးကြပါ” ဟု ဆိုသည်။ ။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီ သင်္ကြန် ရီဗျူး
စစ်တပ်ရဲ့ အမြစ်ဖြတ်မှုကို ရုန်းကန်တော်လှန်တဲ့ သင်္ကြန်သံချပ်