စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခံထားရသည့် ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း စစ်ကောင်စီ၏ ဖြတ်လေးဖြတ်ဗျူဟာကြောင့် ဒေသခံများ၏ လူမှုစီးပွားဘဝကျပ်တည်းလျက်ရှိသည်။
ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစတင်ပြီး အာဏာသိမ်း စစ်ကောင်စီသည် ဖုန်းလိုင်းများကို ဖြတ်တောက်ခဲ့သလို ဒေသတွင်း အဓိကသွားလာရာ ကားလမ်းမတလျှောက်တွင်လည်း စစ်လမ်းအဖြစ်အသုံးပြုကာ စစ်အင်အားဖြည့်တင်းနေသဖြင့် ကုန်စည်စီးဆင်းမှုများလည်း ရပ်တန့်လျက်ရှိသည်။
ထို့ကြောင့် မတူပီမြို့နယ်အတွင်းက ဒေသခံများအနေဖြင့် အခြေခံစားသောက်ကုန်များဝယ်ယူရန် ခက်ခဲလာခြင်းနှင့်အတူ ဒေသတွင်း အဖြစ်အပျက်များကိုပင် မသိရှိနိုင်တော့သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊ မတူပီမြို့နယ်အတွင်းက အခြေအနေများကို သိရှိနိုင်ရန်အတွက် မကွေးတိုင်းနှင့် တခြားဒေသများသို့ ခရီးထွက်လာသည့် ကျေးရွာသားများထံမှတဆင့် သတင်းမေးနေရကြောင်းလည်း မကြာသေးမီက မကွေးတိုင်းသို့ ရောက်ရှိနေသော မတူပီမြို့ဒေသခံတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “မတူပီမြို့ကတော့ တော်တော်ကို အခြေအနေဆိုးတယ်။ ဖုန်းလိုင်းတွေ ဖြတ်ထားတာလည်း ၃ လ ရှိနေပြီ။ ပထမ တုန်းက ကြိုးဖုန်းတွေရနေသေးတော့ ကြိုးဖုန်းတွေကို ကြိုးစားပြီးဆက်ရရင် အခြေအနေကို သတင်းမေးလို့ရသေးတယ်။ အခု ကြိုးဖုန်းတွေပါ ထပ်ဖြတ်လိုက်တော့ ဒေသအခြေအနေကို ဘာမှကို သိခွင့်မရတော့တာ” ဟု ဆိုသည်။
![](https://burma.irrawaddy.com/wp-content/uploads/2023/04/chin20420232.jpg)
ပြည်နယ်တခုလုံးနီးပါး စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ်အတွင်းက မတူပီမြို့နယ်ကို စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးအပြင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများကိုပါ ဖြတ်တောက်ကာ အမှောင်ချထားသည့်အတွက် ဒေသခံများအနေဖြင့် မိမိတို့ဒေသတွင်းက အဖြစ်အပျက်များ အပါအဝင် တခြားသောဒေသများမှ သတင်းများနှင့်ပါ အဆက်ပြတ်နေရသည်။
ချင်းဒေသကာကွယ်ရေးတပ် (CDF) မတူပီ၏ ပြန်ကြားရေးမှူး ကိုအာရွန်းက “ဒေသခံတွေအဖို့ကတော့ တနိုင်ငံလုံးအတိုင်း အတာနဲ့ ပြောမယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေ ဘာလုပ်နေသလဲ၊ NUG ဘာလုပ်နေသလဲ၊ နိုင်ငံတကာက စစ်ကောင်စီကို ဘယ်လို ဖိအားပေးနေသလဲဆိုတာ ဘာမှမသိရတော့ဘူး။ စစ်ကောင်စီက သူတို့မရှိရင် မဖြစ်ဘူး။ တော်လှန်ရေးအဖွဲ့တွေ ကြောင့် ဒီလိုမျိုးဖြစ်တယ်ဆိုတာ ဝါဒဖြန့်နေတဲ့အတွက် ကျနော်တို့ CDF အနေနဲ့လည်း ဂယက်ရိုက်မှု ဖြစ်တာပေါ့” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီတပ်သည် မတူပီမြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကတည်းက ဖုန်းလိုင်းများကို ဖြတ်တောက် ထားမှုနှင့်အတူ အဓိက ဆက်သွယ်သွားလာနေသည့် မင်းတပ်-မတူပီကားလမ်း၊ မတူပီ-ဟားခါးကားလမ်းနှင့် မတူပီ-ပလက်ဝ ကားလမ်းများကိုလည်း ပိတ်ဆို့ကန့်သတ်ထားသည်မှာ ယခုဆို ၃ လခန့်ရှိပြီ ဖြစ်သည်။
ထိုသို့ စစ်ကောင်စီ၏ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ခြင်း၊ အခြေခံစားသောက်ကုန်းနှင့် ဆေးဝါးများ သယ်ယူသွား လာခွင့်ကို ကန့်သတ်ပိတ်ဆို့ခြင်း၊ သတင်းအချက်အလက်များကို အမှောင်ချထားခြင်း စသည့် ဖြတ်လေးဖြတ်ဗျူဟာဖြင့် ပိတ်ဆို့ကန့်သတ်ထားဖြင့် မတူပီမြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု လုံးဝနီးပါးရပ်တန့်သကဲ့သို့ ဖြစ်နေပြီး ဈေးဆိုင်များပါ ပိတ်ထားရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်းလည်း မတူပီဒေသခံများက ဆိုသည်။
ပြည်မသို့ ခရီးထွက်လာသည့် မတူပီဒေသခံတဦးကလည်း “မြို့ပေါ်မှာ ဘယ်လိုဖြစ်နေလဲဆို ဝယ်မဲ့ပစ္စည်းရှာမရတော့ အရောင်းအဝယ်လည်း မရှိတော့ဘူး။ ဆန်တအိမ်ကို ကျပ်တသိန်းကျော် ပေးဝယ်မယ်ဆိုလည်း ရောင်းမယ့်သူ မရှိတော့ဘူး။ ပစ္စည်းတွေ အကုန်ပြတ်နေတာ။ တချို့တတ်နိုင်တဲ့သူတွေကတော့ ခရီးသွားတဲ့ အိမ်စီးကားတွေနဲ့တဆင့် အောက် ပြည်ဘက်ကို ပစ္စည်းတွေမှာတယ်။ အဲဒီပစ္စည်းတွေ မရောက်လာသေးသရွေ့ အချင်းချင်း ချေးငှားပြီးစားသုံးကြရတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
မတူပီမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၅၀ ကျော်ရှိပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် နယ်ဘက်ကျေးရွာ များတွင် လယ်ယာနှင့် တောင်ယာစိုက်ခင်းများမှထွက်သည့် ဆန့်စပါးတချို့ကို မျှဝေရောင်းချပေးခြင်းများရှိကြောင်း၊ မြို့ပေါ်မှ အခက်အခဲဖြစ်နေသည့် ဒေသခံတချို့ကို ရောင်းချပေးမှုများ ရှိသော်လည်း စစ်ကောင်စီတပ်က မြို့ခံများအား ဆန်လာဝယ် ခိုင်းမှုများ ရှိသည့်အတွက် စိစစ်မှုများလုပ်ရကြောင်း ချင်းဒေသကာကွယ်ရေးတပ် (CDF) မတူပီ၏ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်ကိမ်းက ပြောသည်။
![](https://burma.irrawaddy.com/wp-content/uploads/2023/04/chin20420233.jpg)
ထို့အတွက်ကြောင့် နယ်ဘက်ကျေးရွာများထက် စစ်ကောင်စီအခြစိုက်ရာ မြို့နေလူထုမှာ အများဆုံးအခက်ကြုံနေရပြီး အခြေခံစားသောက်ကုန်များအပြင် မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံများ၌ပါ ဆေးဝါးများပြတ်လပ်ခြင်း၊ လုံလောက်မှုမရှိခြင်းတို့ ကြောင့် အရေးပေါ်လူနာများကို နီးစပ်ရာမြို့နယ်များသို့ ပို့ဆောင်ကုသနေရကြောင်းလည်း မတူပီမြို့ခံတဦးက ပြောသည်။
၎င်းက “အခု အခက်အခဲဆုံးဖြစ်နေတာက မြို့ပေါ်က ပြည်သူတွေပဲ။ ဝယ်စရာ စားသောက်ကုန်တွေ ကလည်းမရှိ၊ ဆေးဝါး တွေဆိုလည်း ဆေးရုံမှာပြတ်လပ်နေတော့ အရေးပေါ်လူနာဆိုရင် ထွေ/အုပ်တို့၊ စစ်ကောင်စီတို့ထံ ထောက်ခံစာလုပ်ပြီးမှ သူတို့ခွင်ပြုချက်နဲ့ အောက်ပြည်အောက်ရွာကို ဆေးကုဖို့ သွားနေရတယ်” ဟု ရှင်းပြသည်။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်မှစပြီး စစ်ကောင်စီတပ်များ မတူပီ-ဟားခါးလမ်းမတလျှောက် စစ်ကြောင်းထိုးနေသလို မတ် ၂၀ ရက်မှစတင်ပြီးလည်း မတူပီ-ပလက်ဝ ကားလမ်းတလျှောက်တွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေ သည့်အတွက် ကားလမ်းအနီးဝန်းကျင်ရှိ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကာ စားသောက်နေထိုင်ရေး အခက် အခဲ ဖြစ်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်အစပ်ရှိ ထယ်ဘွေးစခန်းအား စစ်လက်နက်နှင့် ရိက္ခာများ ဖြည့်တင်း ရန် မတူပီအခြေစိုက်တပ်ရင်းများမှ စစ်ကား ၃ စီးဖြင့် တက်ရောက်နေသည့် အတွက် မတ် ၂၀ ရက်မှစပြီး ဒေသကာကွယ် ရေးတပ်များ၏ လမ်းတလျှောက် ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိကာ ထိခိုက်ဒဏ်ရာရသူ များလည်း ရှိကြောင်း ကိုနိုင်ဂျွန်ကိမ်းက ပြောသည်။
၎င်းက “ကျနော်တို့တပ်ဖွဲ့တွေ လမ်းတလျှောက် မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်တာ မျက်မြင် ၃၁ ယောက်တော့ သေတာ ရှိတယ်။ သူတို့ ရဟတ်ယာဉ်နဲ့ အဲဒီ ကား ၃ စီးကို စစ်ကူနဲ့ရိက္ခာ ဖြည့်ပေးပြီးတော့ ချီတက်နေတယ်။ ထယ်ဘွေးစခန်းတော့ မရောက်သေးဘူး။ ၁၆ မိုင်လောက်မှာပဲ ရှိသေးတယ်။ မနေ့ကဆိုရင် သူတို့ ရှေ့ဆက်မတိုးဘဲ ဝလံပီးရွာမှာဝင်နေပြီး အဲဒီမှာ ညအိပ်တယ်။ တပ်မတော်နေ့ကိုလည်း အဲဒီရွာမှာပဲလုပ်ကြတယ်။ ကျနော်တို့ကတော့ ရွာထိခိုက်မှာစိုးလို့ ဝင်တော့မတိုက်ဘူး။ အခြေအနေကို စောင့်ကြည့်နေတယ်” ဟု ဆိုသည်။
မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်အစပ် စစ်ရေးအချက်အချာကျသော စစ်ကောင်စီ၏ ထယ်ဘွေးစခန်းသည် မတူပီမြို့နှင့် မိုင် ၃၀ ကျော် ကွာဝေးပြီး လက်ရှိအခြေအနေတွင် အဆိုပါ စစ်ကောင်စီ ကား ၃ စီးသည် ၁၆ မိုင်သာ ရောက်ရှိနေသေးသည့်အတွက် ဒေသကာကွယ်ရေး တပ်များနှင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလာနိုင်ကြောင်းလည်း သိရသည်။
စစ်ကောင်စီဘက်က ရှေ့ဆက်ပြီး မတူပီမြို့နယ်အတွင်း ဖြတ်လေးဖြတ်ဗျူဟာအား လုပ်ဆောင်နေမည်ဆိုပါက မိုးရာသီရောက်လျှင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သလို ဒေသခံများအတွက်လည်း ယခုထက်ပိုမို၍ အကျပ်အတည်း ဖြစ်လာနိုင်ကြောင်းလည်း မတူပီဒေသခံများက ဆိုသည်။
You may also like these stories:
မင်းတပ်နှင့်မတူပီသို့ တက်လာသည့် စစ်ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရ
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ
စစ်ကောင်စီ၏ ထောက်ပို့စစ်ကြောင်းကို CDF တိုက်ခိုက်