“နင်တို့ ဘယ်ကပြန်လာတာလဲ၊ ဘာကိစ္စနဲ့ သွားတာလဲ”
စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ယူနီဖောင်းဝတ် စစ်သားတဦးက ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးငယ်နှစ်ဦးကို စစ်ဆေးမေးမြန်းနေတာဖြစ်ပါတယ်။
ရိုးရိုးမေးမြန်းနေတာတော့ မဟုတ်ပါဘူး။ အမျိုးသမီးငယ်ရဲ့ နောက်ကျောဘက်ကနေကပ်ပြီး လည်ပင်းကို ဓားမြောင်နဲ့ ချိန်ရွယ်ပြီး မေးမြန်းနေတာဖြစ်ပါတယ်။
“ဓားမြောင်က ပုခုံးကိုကျော်လာပြီး လည်ပင်းနားကိုရောက်လာတဲ့အချိန် ကျမအရမ်းလန့်သွားတာ။ ဓားဘာလို့ ချိန်တာလဲ၊ မေးသမျှဖြေနေတာပဲကိုလို့ပြောတော့လည်း သူ့ဓားကို ပြန်မချဘူး” ရှမ်းပြည်နယ်၊ တောင်ကြီးမြို့စစ်ဆေးရေးဂိတ်တခုမှာ ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသမီး နှစ်ယောက်ထဲက နန်းဝေဆိုတဲ့အမျိုးသမီးက သူအစစ်ဆေးခံရတဲ့ အခြေအနေကို ပြန်ပြောပြခဲ့တာဖြစ်ပါတယ်။
အသက်၂၅ နှစ်အရွယ်ရှိတဲ့ နန်းဝေဟာ တောင်ကြီးမြို့ခံတဦးဖြစ်ပြီး အခုလိုအပြင်ထွက်တိုင်း စစ်ဆေးတာခံရ ပေမယ့်လည်း ဒီတကြိမ်မှာတော့ ဓားထောက်အစစ်ခံရတဲ့အတွက် သူမ အတော်လေး စိုးရွံ့ခဲ့တယ်လို့ ဆိုပါတယ်။
နန်းဝေတို့ အစစ်ခံရတဲ့ဂိတ်ဟာ ည ၁၁ နာရီထိ ဖြတ်သွားခွင့်ပြုထားတဲ့ဂိတ်ဖြစ်ပါတယ်။ အစစ်ခံရတဲ့ အချိန်ဟာ ည ၉ နာရီဖြစ်တဲ့အတွက် လမ်းပေါ်မှာ လူသွားလူလာနည်းနေတဲ့အချိန်ဖြစ်ပါတယ်။
သူမတို့ သူငယ်ချင်းနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကိုလည်း နောက်ဖုံးဖွင့်ခိုင်းပြီး စစ်သားတွေက လှန်လှောရှာဖွေခဲ့ပါတယ်။ ရှာဖွေမှုပြုလုပ်နေတဲ့ စစ်သားတယောက်က ဆိုင်ကယ်မှာ မူးယစ်ဆေးဝါး တွေ့တယ်လို့ နောက်ပြောင်ဟန်နဲ့ တခြားလုံခြုံရေးစစ်သားတွေကို လှမ်းပြောလိုက်ပါသေးတယ်။
“ဆိုင်ကယ်ထဲမှာ မိုးကာအင်္ကျီပဲပါတယ်။ အဲ့ဒီအင်္ကျီယူချင်ရင်ယူထားလိုက်” လို့ နန်းဝေက ချက်ချင်း တုံ့ပြန်လိုက်တဲ့အခါ “မိုးကာအင်္ကျီတော့မလိုချင်ဘူး နင့်နောက်က ပါလာတဲ့ နင့်သူငယ်ချင်းကို ထားခဲ့ပေး” လို့ စစ်သားတဦးက ပြန်ပြောလို့ သူငယ်ချင်းနှစ်ယောက် တုန်လှုပ်ခဲ့ရပြန်ပါတယ်။
ဆိုင်ကယ်ထဲမှာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ပစ္စည်း ဘာတခုမှ မပါတဲ့အတွက် ဒီလိုစနောက်ပြီး မပြောဖို့ နန်းဝေက ပြန်ပြောလိုက်ပါတယ်။ မကြာခင်မှာပဲ အဲဒီစစ်ကောင်စီတပ်သားရဲ့ ခါးမှာချိတ်ထားတဲ့ ၆ လက်မခန့်အရှည်ရှိတဲ့ ဓားမြှောင်နဲ့ ချိန်ရွယ်ခြိမ်းခြောက်တာကို နန်းဝေ ခံလိုက်ရတာဖြစ်ပါတယ်။
ကြောက်စိတ်ထိန်းပြီး ကောင်းကောင်းမွန် မေးလို့ရကြောင်း အပြန်အလှန် စကားပြောနေချိန်မှာပဲ နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ဓားကိုပြန်သိမ်းဖို့နဲ့ တခြားသူမြင်ရင်မကောင်းကြောင်း အချင်းချင်း လှမ်းပြောပြီးနောက်မှာ ဓားမြှောင်ကို သိမ်းပြီး နန်းဝေတို့ သူငယ်ချင်းနှစ်ယောက်ကို ဆက်သွားခွင့် ပြုခဲ့ပါတယ်။

စစ်ဆေးရေးဂိတ်ကို ဖြတ်တဲ့အခါ နေ့ခင်းဘက်တွေဆို အချိန်ကြာကြာ စစ်ဆေးမေးမြန်းတာ နည်းပေမယ့် ညပိုင်းတွေမှာ အစစ်ခံရရင် မလိုအပ်တဲ့ မေးခွန်းတွေ ထပ်ခါတလဲလဲ မေးမြန်းခံရသလို ဂိတ်စောင့်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း အရက်နံ့တွေဟောင်နေတဲ့အတွက် စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာပါ လုံခြုံမှုမရှိဘူးလို့ နန်းဝေက ပြောပါတယ်။
“ညီမတို့က ပြန်ပြောတဲ့သူမို့လို့လေ။ ရွာက တက်လာတဲ့သူတွေဆို ဘယ်သူမှ ပြန်မပြောရဲကြဘူး။ သူတို့လုပ်သမျှခံနေရတာ” လို့ နန်းဝေက ဆိုပါတယ်။
စစ်ဆေးရေးဂိတ်တွေဖြတ်တိုင်း မလုံခြုံမှုတွေ ခြိမ်းခြောက်မှုတွေ ခံရတာက နန်းဝေတို့ သူငယ်ချင်းတွေချည်းပဲ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့အခြားပြည်နယ်နဲ့ တိုင်းဒေသက အမျိုးသမီးတွေလည်း အလားတူ အခြေအနေမျိုးတွေကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
ရန်ကုန်မြို့က အသက် ၃၀ ကျော်အရွယ် မထားက အလုပ်ကိစ္စနဲ့ မကြာခဏ ခရီးထွက်ရလေ့ရှိပြီး စစ်ဆေးရေး ဂိတ်ဖြတ်လို့ အစစ်ခံရတဲ့ အကြိမ်အများစုမှာ လုံခြုံရေးစစ်သားတွေ အရက်သေစာ သောက်စားထားတာနဲ့ ကြုံရသလို စစ်ဆေးတဲ့သူတွေက စိတ်မရှည်ပဲ ဒေါသထွက်နေတာ များကြတယ်လို့ သူမရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
“စစ်ဆေးရေးဂိတ်တွေကို ဖြတ်ရတော့မယ်ဆိုရင် အမြဲစိတ်လှုပ်ရှားရတယ်။ ကိုယ်ကလည်း မဟုတ်မခံ ဆိုတော့လေ။ သူတို့မေးတာ တခွန်းတည်းနဲ့ မကြားရင် အော်မေးတယ်။ နားမကြား ဘူးလား၊ နားပင်းနေလားနဲ့ ပြောတာ။ အမြဲလိုလို မလိုအပ်ဘဲ စိတ်တိုနေတာက အလုပ်ချိန်အကြာကြီး လုပ်နေရလို့ စိတ်တိုနေကြတာလားလို့တွေးမိတယ်”လို့ မထားက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးတဲ့အခါ မှတ်ပုံတင်ပြခိုင်းတာ၊ လူနာမည်မေးတာ၊ အလုပ်အကိုင်မေးတာ၊ သွားလာတဲ့ အကြောင်းအရင်း မေးတာအပြင် ဆိုင်ကယ်နဲ့လာသူဆိုရင် ဆိုင်ကယ်နောက်ဖုံးတွေကအစ လှန်လှောစစ်ဆေးသလို ပါလာတဲ့ အိတ်တွေကိုပါ မွှေနှောက်ရှာဖွေလေ့ရှိပါတယ်။
စစ်ဆေးရေးဂိတ်မှာ မေးတာကို ကောင်းကောင်းမဖြေနိုင်ရင်ဖြစ်ဖြစ် အထောက်အထားမစုံရင်ဖြစ်ဖြစ် ပုံမှန်ထက်ပိုစစ်ဆေးတတ်ပြီး အဖြေမတတ်ရင် စစ်ကြောရေးပို့ခံရသူတွေကိုလည်း တွေ့ဖူးသလို အမျိုးသမီးတွေဆိုရင်တော့ ပုံမှန်စစ်ဆေးမေးမြန်းတာအပြင် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုတွေပါ ကျူးလွန်ကြတယ်လို့ မထားက ပြောပါတယ်။
“တခါအစစ်ခံရတုန်းကဆို သူ့လက်က စမ်းတာ ကျမရင်သားကို ကိုင်မိတော့မယ်။ အရက်နံ့တွေကလည်း တော်တော်လေးနံ တယ်။ အော်လိုက်ရင်လည်း ပြဿနာဖြစ်မှာစိုးလို့ ပညာသားပါပါ နောက်ကိုဆုတ်လိုက်ရတယ်” လို့ မထားက ဆိုပါတယ်။
တခါ စစ်ဆေးရေးဂိတ်တစ်ခုမှာ စစ်ဆေးခံဖို့ အလှည့်မကျသေးလို့စောင့်နေချိန်မှာ သူမရှေ့မှ အမျိုးသမီးတဦးက စစ်ဆေးနေတဲ့ လုံခြုံရေးတပ်သားကို သူ့ရဲ့ အိတ်ထဲက ပစ္စည်းတွေမဖွဖို့ ပြောခဲ့တဲ့အတွက် ဆက်သွားခွင့်မပေးတော့တာကိုလည်း မျက်မြင်တွေ့ခဲ့ရကြောင်း မထားက သူတွေ့ကြုံခဲ့ရတဲ့ မြင်ကွင်းတခုကို ပြောပြပါတယ်။
ရန်ကုန်နဲ့ ရှမ်းပြည်နယ်မှာသာမက အခြားနယ်မြေတွေက အမျိုးသမီးအတော်များများဟာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေကိုပါ ကျူးလွန်နေတယ်ဆိုတာကို သတင်းမီဒီယာအသီးသီးမှာ ထုတ်ဖော်ပြောဆိုထားကြတာလည်း တွေ့ရပါတယ်။
ဒီလို စစ်ဆေးမှုတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးပမ်းပြီး နောက်ပိုင်း ကတည်းကနေ အခုချိန်ထိ တောက်လျှောက် ရှိနေခဲ့တာဖြစ်ပါတယ်။
စစ်ဆေးရေးဂိတ်တွေမှာ ခရီးသွား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေ ပုံစံမျိုးစုံနဲ့ ကျူးလွန်နေတဲ့အပြင် စစ်ကောင်စီ လုံခြုံရေးတပ်သားတွေက ခရီးသွားအမျိုးသမီးတွေ အပေါ် အကြမ်းဖက်သမားဆန်ဆန် ဓားထောက်ခြိမ်းခြောက်မှုတွေကိုပါ အခုလို ပေါ်ပေါ်ထင်ထင် ပြုလုပ်လာတာဖြစ်ပါတယ်။
စစ်ဆေးရေးဂိတ်မှာ စစ်ဆေးတဲ့သူတွေဟာ အမျိုးသမီး ရဲမေ တယောက်မှ မပါဘဲ စစ်ယူနီဖောင်း ဝတ်ထားတဲ့ စစ်သားတွေနဲ့ ယူနီဖောင်းနဲ့ မဟုတ်တဲ့ အမျိုးသားတွေဟာ သူတို့ဂိတ်ကို ဖြတ်သမျှ အမျိုးသား အမျိုးသမီးတိုင်းကို စစ်ဆေးမှုတွေ ပြုလုပ်နေတာဟာ အစစ်ခံရတဲ့ အမျိုးသမီးတွေ အတွက် စိတ်ပိုင်းဆိုရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ လုံခြုံမှု မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က အမျိုးသမီးအရေး အစဉ်တစိုက် ဆောင်ရွက်နေသူက ဆိုပါတယ်။
သူက “အစစ်ခံရတဲ့ အမျိုးသမီးကနေ နင်က ဘာရာထူးလဲ၊ ဘာမို့လို့ ဒီလိုတွေ စစ်ဆေးမေးမြန်း နေတာလဲလို့ မေးပိုင်ခွင့်မရှိဘူး။ မေးမယ်ဆိုရင် ဘယ်ပုဒ်မနဲ့ အပြစ်ရှာပြီး အဖမ်းခံရမလဲဆိုပြီး စိုးရိမ်စိတ်ရှိကြတယ်လို့ အမျိုးသမီးတော်တော်များများ ရင်ဖွင့်ကြတာရှိတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိတည်ဆဲဥပဒေအရ ဘယ်သူမဆို အမျိုးသမီးတစ်ဦးရဲ့ ကာယိအိန္ဒြေ ပျက်စီးအောင် ကိုယ်ထိလက်ရောက်ဖြစ်စေ ပြစ်မှုမကင်းတဲ့ အနိုင်ထက်ပြုမှုကိုဖြစ်စေ ကျူးလွန်တယ်ဆိုရင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၅၄ အရ ထောင်ဒဏ် ၂ ဖြစ်စေ၊ ထောင်ဒဏ်ရော ငွေဒဏ်နှစ်ရပ်လုံးပါ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
ဒီလို စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့ဝင်တွေ ကျူးလွန်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ဥပဒေပြဌာန်းချက်မှာ ပြစ်မှုတွေအဖြစ် ပါရှိနေပေမယ့်လည်း လက်ရှိအနေအထားမှာ တိုင်ကြားသူမရှိတဲ့အကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။
သူက “အခြေအနေကိုက ဘယ်သူမှ မတိုင်ရဲကြဘူး။ တိုင်လိုက်ရင် တိုင်တဲ့သူက ပျောက်တောင် ပျောက်သွားနိုင်တဲ့ အခြေအနေမျိုး” လို့ ရှင်းပြပါတယ်။
ဒီလို အမျိုးသမီးတွေကို စစ်ဆေးဖို့အတွက် တည်ဆဲဥပဒေမှာ ခွင့်ပြုထားတာ မရှိပေမယ့်လည်း ဥပဒေ၊ နည်းဥပဒေတွေကို ကျော်လွန်ပြီး၊ အမိန့်တွေ ညွှန်ကြားချက်တွေက လွှမ်းမိုးနေတဲ့အတွက် အမျိုးသမီးတွေရဲ့ ဘဝလုံခြုံဖို့ဆိုတာဟာလည်း အလှမ်းဝေးနေတဲ့ ကာလတခုဖြစ်တယ်လို့ သူကဆက်ပြီး ရှင်းပြပါတယ်။
စစ်ကောင်စီနဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတာဟာ ဆယ်စုနှစ်များစွာရှိနေပြီးဖြစ်ပြီး ဒီကျူးလွန်မှုတွေဟာ အဆိုးဝါးဆိုး နိုင်ငံတကာ ရာဇဝတ်မှုဖြစ်တဲ့ လူသားဖြစ်မှုအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုမြောက်တဲ့အတွက် ပြည်တွင်းဥပဒေနဲ့ အရေးယူနိုင်တဲ့ နိုင်ငံရေးအခြေအနေမရှိရင် နိုင်ငံတကာနဲ့ အရေးယူဖို့ လုပ်ရမှာဖြစ်တယ်လို့ အမျိုးသမီးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာက ဆိုပါတယ်။
“အမျိုးသမီးတစ်ယောက်ကို အခုလို ဓားထောက်ပြီး အစစ်ခံရတဲ့အထိ ဖြစ်လာတာဟာ နိုင်ငံရေး တည်ငြိမ်မှုမရှိတဲ့ အခြေ အနေအောက်မှာ အခွင့်အရေးချိုးဖောက်တဲ့ အခြေအနေမျိုးလောက် မဟုတ်တော့ဘူး။ တရားဥပေဒစိုးမိုးမှု ပျက်သုဉ်းနေတဲ့ ဝန်းကျင်ထဲမှာ လိင်းပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အပြစ်ပေးအရေးယူမှု ခံရမယ့်အပေါ် စိုးရိမ်စိတ်မရှိဘဲ လက်နက်နဲ့ ခြိမ်းခြောက်ပြီး အဓမ္မ ကျုးလွန်မယ့် အခြေအနေကို ဦးတည်နေပြီ”လို့ ဒေါ်ခင်ဥမ္မာက မှတ်ချက်ပြုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အမြစ်မပြတ်သရွေ့၊ သူတို့တွေရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို နိုင်ငံတကာက တဆင့် အရေးယူမှုတွေလုပ်ဆောင်ဖို့ ခရီးမပေါက်သရွေ့ နန်းဝေတို့ မထားတို့လို အမျိုးသမီးတွေကတော့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတဲ့ ခရီးလမ်းတွေကို ဆက်ပြီး လျှောက်လှမ်းနေရဦးမှာ အသေအချာပဲဖြစ်ပါတယ်။
နန်းဝေက “ကျမကတော့လေ ကျမကိုဓားထောက်လိုက်တဲ့အချိန်မှာ ရင်တွေလည်းတုန်၊ ဒေါသတွေလည်းထွက် အသားတွေပါ တဆတ်ဆတ်တုန်တာ။ ဒါပေမယ့်နော်…ကိုယ်ဒီလောက်ခံစားရတောင်မှ ဘယ်သူမှ တိုင်လို့ မရတဲ့ အခြေအနေကြီးကို တော်တော်လေး စိတ်ပျက်မိတယ်” လို့ သူ့ခံစားချက်ကို ဖွင့်ဟခဲ့ပါတယ်။