၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲရလဒ်အပေါ် မဲမသမာမှုပြုလုပ်သည် ဟုဆိုသော အကြောင်းပြချက်ဖြင့် စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း နှစ်စဉ် ကျင်းပမြဲဖြစ်သော မြန်မာ့ဓလေ့ ရိုးရာသင်္ကြန်ပွဲတော်သည် လူထုမပါဝင်သာ တော်လှန်သင်္ကြန် ဖြစ်လာခဲ့သည်။
စစ်အုပ်စုလက်ထက်အတွင်း ပြုလုပ်ခဲ့သည့် သင်္ကြန်သည်၂ နှစ်ရှိလာပြီဖြစ်ပြီး သင်္ကြန်ဒိုးပတ်သံ၊ သင်္ကြန်သံချပ်သံများ မကြားရဘဲ တိတ်ဆိတ် ခြောက်ကပ်နေခဲ့သည်။
လွန်ခဲ့သော၂၀၁၉ ခုနှစ် အရပ်သားအစိုးရစစ်စစ်လက်ထက်က ပြုလုပ်ပေးခဲ့သော ချင်းတွင်းသင်္ကြန်၊ မန္တလေးသင်္ကြန်၊ ရန်ကုန်သင်္ကြန်၊ နေပြည်တော် သင်္ကြန်များကဲ့သို့ ပြန်လည် စည်ကားရန်မှာ နိုင်ငံရေးတွင် စစ်အုပ်စု ပါဝင်ပတ်သက်နေ သမျှကာလပတ်လုံး သင်္ကြန်သည် အသက်ကင်းမဲ့နေလိမ့်ဦးမည်ဟု အများစုသော လူထုကလည်း လက်ခံထားကြသည်။
ယခုနှစ် စစ်အုပ်စုပြုလုပ်မည့် သင်္ကြန်သည်လည်း ကွက်ကျားမိုး ရွာသကဲ့သို့ ဖြစ်နေကြောင်း ရန်ကုန်မြို့ သင်္ကြန်သံချပ် အဖွဲ့တခု၏ ခေါင်းဆောင် ကိုသံခဲ (အမည်လွှဲ) က ထောက်ပြသည်။
“သင်္ကြန်မှန်ရင် ဒိုးပတ်သံ၊ သံချပ်သံတွေပါမှ အဓိပ္ပာယ်ရှိတာလေ။ အုပ်ချုပ်နေတဲ့ အစိုးရနဲ့ လူထုအကြား ပေါင်းကူး အသိ ပေးနေတဲ့ သံချပ်လိုမျိုးက နိုင်ငံမှာ ပြုပြင်ပြောင်းလဲသင့်တာကို ထောက်ပြနေတဲ့ ဟာမျိုးပေါ့။ ငါတို့လုပ်တာအမှန် ငါတို့ကို လာမဝေဖန်နဲ့ ဝေဖန်နိုင်တဲ့ဟာမျိုးတွေမလုပ်နဲ့ ဆိုတာမျိုးက ကောင်းမွန်တဲ့ အစိုးရ သန့်ရှင်းတဲ့ အစိုးရ မဟုတ်တော့ဘူး။ ငါ့မြင်း ငါစိုင်း ဘယ်ရောက်ရောက်ဆိုတာမျိုးကြောင့် လက်ရှိ နိုင်ငံတွင်း ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာဟာ ပိုကြီးထွားလာရ တာပေါ့” ဟု ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ “သံချပ်လိုဟာမျိုးက ဘယ်အစိုးရ လက်ထက်ဖြစ်ဖြစ် ထောက်ပြဝေဖန်လာခဲ့တာလေ။ အခု ဒါမျိုးတွေ မပါဘဲ မူးယစ်သောက်စားပြီး ကခုန်ကြဆိုတာမျိုးနဲ့ စစ်အုပ်စုဘက်က လူထုအာရုံပြောင်းအောင် လုပ်နေတာမျိုးဟာ ရေရှည်တိုင်းပြည်အတွက် ကောင်းလာမယ့်ကိစ္စ မဟုတ်ဘူး။ လက်ရှိ အခင်းအကျင်းအပေါ်မှာလည်း လူထုက နားလည် သဘောပေါက်နေတာကြောင့် ဒီနှစ်သင်္ကြန်က အရင်နှစ်တွေအတိုင်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြီးသွားဦးမှာပါ” ဟု ဝေဖန် သုံးသပ်သည်။
ပြည်သူ့အစိုးရလက်ထက်က ကျင်းပပေးခဲ့သော သင်္ကြန်ပွဲတော်များတွင် တိုင်းနှင့် ပြည်နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့များ ၏ တိုင်း၊ ခရိုင်၊ မြို့နယ်မှအစပြု၍ ရပ်ကွက်နှင့် ကျေးရွာများအဆင့် မဏ္ဍပ်များ၊ ဝန်ကြီးဌာနအလိုက် မဏ္ဍပ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ မဏ္ဍပ် စသဖြင့် အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြသည်။
ထို့နောက်၂၀၂၀ ပြည့်နှစ် Covid 19 ကမ္ဘာ့ကပ်ရောဂါကြောင့် တကြိမ်၊ စစ်အာဏာ သိမ်းခဲ့သည် ၂၀၂၁ ခုနှစ်မှ ယခု ၂၀၂၃ ခုနှစ်အထိဆိုလျှင် သင်္ကြန်မှာ လေးနှစ်တာကာလ ခြောက်ကပ်စွာ ဖြတ်သန်းခဲ့ရသည်။
စစ်အုပ်စု သင်္ကြန် လူထုက ဘာလို့ မပါဝင်ကြတာလဲ
စစ်အာဏာရှင်အုပ်ချုပ်မှုဘဝမှ လွတ်မြောက်ရန် ခုခံစစ်မှအစပြု၍ ထိုးစစ်အထိ တွန်းလှန်တိုက်ခိုက်နေရသည့် မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်း အပါအဝင် အခြားသော ပြည်နယ်နှင့် တိုင်းများတွင် စစ်တပ်၏ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးနေမှုများ၊ လေ ကြောင်းပစ်ခတ်မှုများ၊ စစ်အုပ်စု၏ ထိုးစစ်လှုပ်ရှားမှုများအတွင်း အပြစ်မဲ့ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ သေကြေ ခြင်း၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သတ်ဖြတ်မှုများရှိနေသည့်အတွက် ယင်းဖြစ်စဉ်များအပေါ် နိစ္စဓူဝ ကြားသိနေရသော လူထုသည် စစ်အုပ်စုအပေါ် မုန်းတီးရွံရှာလာခဲ့သည်။
ထို့ကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ပြည်သူများ၏ ပါဝင်မှုသည် သီတင်းကျွတ်တွင် မဆင်နွှဲ၊ သင်္ကြန် တွင် ရေမပက်၊ ပျော်ပွဲရွှင်ပွဲများတွင် မပါဝင် စသဖြင့် စစ်အုပ်စုက အုပ်ချုပ်ရန်ကြိုးစားနေခြင်းအပေါ် တရားမဝင်ကြောင်း ပြသခဲ့ကြသည်။ ထို့ပြင် စစ်ဘေးရှောင်ဒေသများ၊ စစ်ပွဲဖြစ်ပွားနေသည့် ဒေသများနဲ့အတူ တသားတည်း ရပ်တည်ကြောင်း၊ တော်လှန်ရေးကို ဆက်လက် ထောက်ခံပါဝင်နေသေးကြောင်း နည်းမျိုးစုံဖြင့် လှုပ်ရှားခဲ့သည်မှာ နှစ်နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။
လူထုမပါဝင်တဲ့သင်္ကြန် စစ်အုပ်စုက ဘာကြောင့် ပြုလုပ်နေတာလဲ
အကြောင်းအရင်းကား နှစ်ချက် တွေ့ရသည်။ ပထမအချက်အနေဖြင့် စစ်အုပ်စုက မြန်မာ့ရိုးရာသင်္ကြန်ကို အကြောင်းပြု၍ ကမ္ဘာ့အမွေအနှစ်စာရင်း (UNESCO) ဝင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ စစ်အုပ်စုက နိုင်ငံအတွင်း ဖြစ်ပွားနေသော ပြဿနာအရပ်ရပ်ကို ၎င်းတို့အနေဖြင့် ထိန်းချုပ်နိုင်သည်ကို ပြသရန် တနည်းအားဖြင့် ကြိုးစားနေသည့် သဘောလည်း ဖြစ်သည်။
ယင်းအတွက် စစ်အုပ်စုက သင်္ကြန်ပွဲတော်ကာလအတွင်း ၎င်းတို့၏ အကျိုးအမြတ်များအတွက် သင်္ကြန်မဏ္ဍပ်များ တည် ဆောက်ခြင်း၊ နိုင်ငံတကာ DJ များကို ခေါ်ယူ၍ EDM (Electronic Dance Music) ကဲ့သိုသော ပွဲများကိုလည်း ထည့်သွင်း ရန် ကြိုးစားနေသည်။
စစ်အုပ်စုပြုလုပ်မည့်သင်္ကြန်တွင် ပါဝင်ဖျော်ဖြေတီးခတ်မည့် ပြည်တွင်း DJ အဖွဲ့များအား စစ်ကောင်စီ၏ ဘက်တော်သား များအဖြစ် သတ်မှတ်ကာ အရေးယူသွားမည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့ဖြစ်သော Dark Shadow (YGN UG) က မတ်လ ၁၅ ရက်တွင် နောက်ဆုံးအကြိမ် သတိပေးကြောင်း ထုတ်ပြန်ထားသည်။
Dark Shadow(YGN UG) အဖွဲ့၏ သတိပေးချက်တွင် မကြာမီကျရောက်မည့် သင်္ကြန်ကာလအတွင်း စစ်ကောင်စီက Yangoon Water Festival၊ Myanmar Thingyan Music Festival နှင့် Thingyan Vina Festival– TVF ပွဲများကို ပြု လုပ်ခွင့်ပေး၍ တော်လှန်ရေးကာလကို မေ့ပျောက်စေရန် ဖန်တီးပြုလုပ်နေကြောင်း၊ ထို့ကြောင့် Yangon Water Festival တွင် ပြည်တွင်းပြည်ပမှ နာမည်ကြီး DJ များ ပါဝင်နေသည်ကို ကြားသိရကြောင်း၊ ယင်းအပေါ် သပိတ်ကော်မတီ တော်လှန် ရေး အင်အားစုများက မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသောအခြေအနေများနှင့် လူ့အခွင့်ရေး ချိုးဖောက်မှုများကို အကြောင်း ကြား၍ ပါဝင်ပတ်သက်ခြင်း မပြုရန် တောင်းဆိုထားသည်။
အလားတူ ပြည်တွင်းမှ EDGE ၊ E11ven11 ၊ Dj Rush ၊ S Logic၊ Glan ၊ Mike Haider ၊ Tempo ၊ Zam စသည့် DJ များ ကိုလည်း Dark Shadow (YGN UG) အဖွဲ့က ပါဝင်ဖျော်ဖြေခြင်းမပြုရန် သတိပေး ထုတ်ပြန်ထားသည်။
သင်္ကြန်ကို အကြောင်းပြု မင်းသားခေါင်းဆောင်းပြီး ကပြမည်
နိုင်ငံအနှံ့ မီးလောင်တစပြင်နှင့် သိန်းနှင့်ချီ များပြားသော စစ်ဘေးရှောင်များ၊ နိုင်ငံအတွင်း တောက်လောင်နေသော စစ်မီး၊ ငတ်မွတ်မှုဘေး၊ စစ်အုပ်စုလက်ထက်တွင် ကျဆင်းသွားသည့် ငွေကြေးတန်ဖိုး ပြုန်းတီးလာခဲ့သည့် သဘာဝအရင်းအမြစ်၊ ဆုံးရှုံးသွားသည့် လူသားအရင်းအမြစ်များနှင့် လူ့အခွင့်ရေးချိုးဖောက်ခံနေရသည့် အလုပ်သမား၊ လယ်သမားလူတန်းစား ပြသာနာပေါင်း သောင်းခြောက်ထောင်နှင့် ပျက်ယွင်းစပြုနေသည့် နိုင်ငံအား ဓမ္မနှင့်အဓမ္မ မခွဲခြားနိုင်သော လူတန်းစား တရပ်ဖြင့် သင်္ကြန်ကို ပုံဖော် UNESCO တင်သွင်းမည့် အရေးသည် မင်းသားခေါင်းဆောင်း ရှေ့ထွက်ကပြရန် ကြိုးစားသည် ထက် မပိုသောလုပ်ရပ်တခုသာဖြစ်သည်ဟု ဆောင်းပါးရှင် မယ်စုံ က The Call – ခေါ်သံ အမည်ရှိ အင်တာနက် သတင်းစာ မျက်နှာမှ တဆင့် သူ့၏အတွေးအမြင်ကို ရေးသားဖော်ပြထားသည်။
ထို့ပြင် မယ်စုံ၏ ရေးသားချက်တွင်“ ဒီနှစ်သင်္ကြန်မှာလည်း လူထုက တော်လှန်သင်္ကြန်ဆင်နွှဲမှာကို ကြိုသိနေတာကြောင့် အချိန်ကိုက် သင်္ကြန်ကိုဗန်းပြ ထွက်လာတာပဲ ဖြစ်ပါတယ်။ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ လူရာမဝင်နိုင်တဲ့ စစ် အုပ်စုနဲ့ စစ်အသိုင်းအဝိုင်းဟာ ၎င်းတို့ရဲ့ အုပ်ချုပ်ရေး အရည်အသွေးမရှိမှုကို နည်းပေါင်းစုံနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေရပါ တယ်။ သင်္ကြန်ဟာ မြန်မာတနိုင်ငံလုံးမှာ ရိုးရာယဉ်ကျေးမှုအရ အကြီးဆုံးပွဲတော်ဖြစ်ပြီး ဒီပွဲတော်မှာလည်း လူများစွာ နိုင်ငံ အနှံ့ပါဝင်လေ့ရှိတဲ့ ပွဲတော်ဖြစ်တဲ့အပြင်၂၀၂၀ ကတည်းက မကျင်းပနိုင်ခဲ့တဲ့ ဒီပွဲတော်ကို ပြန်ကျင်းပနိုင်ဖို့ ကြိုးစားတာက လည်း စစ်အုပ်စုက သူတို့ထိန်းချုပ်နိုင်တယ်ဆိုတာကို ပြသဖို့ တနည်းအားဖြင့် ကြိုးစားတဲ့သဘောလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ စစ်အုပ်စုဟာ နည်းမျိုးစုံနဲ့ သင်္ကြန်ပွဲဖြစ်အောင် ကြိုးစားမှာပါ” ဟု ထောက်ပြပြောဆိုထားသည်။
တဆက်တည်းပင် “လက်ရှိမှာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ တော်လှန်ရေးကို ပါဝင်ဆင်နွှဲနေကြတာ နှစ်နှစ်ပြည့်လာ သည့်တိုင် စစ်အုပ်စုအပေါ် လူထုရဲ့ ရွံရှာမုန်းတီးမှုနဲ့ အပြောင်းအလဲကို ဆာလောင်တောင်းဆိုနေမှုဟာ စစ်ကောင်စီ ဘယ် တုန်းကမှ မမျှော်လင့်ခဲ့ဘူးတဲ့ အခင်းအကျင်းနဲ့ကို ဖြစ်ပွားနေတာပါ။ စစ်ကောင်စီဟာ ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့နယ် ၄၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရပေမယ့် လည်း လက်ရှိအချိန်အထိ ခုခံတော်လှန်ဆင်နွှဲနေကြတဲ့ ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုအောင်မှာ အလဲလဲအကွဲကွဲ ဖြစ်နေပါတယ်” ဟုလည်း ရေးသားထားသည်။
နိုင်ငံတကာအမြင် လှအောင် လုပ်နေရသည်
စစ်အုပ်စု၏ ရန်ကုန်မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီက ယခုနှစ် သင်္ကြန်ဗဟိုမဏ္ဍပ်ကို ပြည်သူ့ရင်ပြင်တွင် တည်ဆောက်ထားပြီး၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၏ ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ ထည့်သွင်း ကျင်းပသွားမည်ဟုလည်း အတိအလင်း ကြေညာထားပြီး ဖြစ်သည်။ ထို့ပြင် ရန်ကုန် မြို့တော်ဝန်မဏ္ဍပ်ကိုလည်း မြို့တော်ခန်းမရှေ့တွင် ဆောက်လုပ်ထားရှိပြီး တက္ကသိုလ်အဆင့် အခြေခံပညာအဆင့်၊ မူကြိုကျောင်းအဆင့်၊ ရုံးနှင့် အခြား ဌာနများ အပါအဝင် အလွတ်တန်းအဆင့်အလိုက် ဖျော်ဖြေတင်ဆက်မှုများ ထည့်သွင်းထားသည်ဟု ဆိုထားသည်။
ယင်းနှင့်ပတ်သက်၍ ရန်ကုန်နေ Non CDM ဝန်ထမ်း (အမည်နှင့် ဌာန မဖော်ပြလိုသော) သတင်းအရင်းမြစ်တဦးကလည်း “ကျွန်မတို့ဌာနကလည်း ယိမ်းထွက်ရတယ်ဆိုပေမယ့် မဖြစ်မနေမို့သာ လုပ်နေရတာ။ လုံခြုံရေးအရလည်း စိုးရိမ်စိတ်တွေ ရှိသလို ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်ရသေးတယ်။ နောက်ဆုံးတော့လည်း သင်္ကြန်က ခြောက်ကပ်ကပ်နဲ့ ပြီးသွား မှာပဲလေ။ ငွေနဲ့လုပ်ပြီးပျော်ရင်တော့ ပျော်လို့ရတဲ့ လူတန်းစားတရပ်ကတော့ ရှိတာပေါ့လေ”ဟု ရင်ဖွင့်သည်။
စစ်အုပ်စု၏ ကွက်ကျားမိုးသင်္ကြန်အား မပါဝင်ခြင်းဖြင့် တော်လှန်ရေး အင်အားစုများနှင့် တသားတည်း ရပ်တည်ကြောင်း ပြသကြရန် တော်လှန်ရေး အင်အားစုများက တောင်းဆိုထားကြပြီး၊ တော်လှန်နိဂုံး ၂၀၂၃ ဟု ကြုံးဝါးမှုများလည်း ရှိနေ သည်။ ။
You may also like these stories:
သင်္ကြန်ပွဲတော် စည်ကားစေရန် စစ်ကောင်စီ ကြိုးပမ်းနေ
ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အနုပညာရှင်များ အကယ်ဒမီဆုပေးပွဲ စိတ်မဝင်စား
သင်္ကြန်ကာလ နိုင်ငံပြင်ပ ထွက်လည်မည့်သူများပြား
စစ်သေနတ်ပြောင်းဝအောက်က ရန်ကုန်သူ ရန်ကုန်သားများ