သားရေ …။
ဒီစာကို “ရှက်တယ်” ဆိုတဲ့ စကားလုံးနဲ့ပဲ စ ရေးပါရစေ သားရေ။ ပဇီကြီးရွာဖြစ်စဉ် ဖြစ်တဲ့နေ့မှာပဲ ပြည်ပမှာရှိတဲ့ အဖေ့ရဲ့ စီနီယာတယောက်နဲ့ စကားပြောဖြစ်တယ်။ သူက “ပဲ့တယ်” တဲ့။ “ပဲ့တယ် ဆိုတာ အဲဒါမျိုးကို ခေါ်တာ” လို့ မှတ်ချက်ပြုတယ်။ ပဲ့တယ် ဆိုတဲ့ စကားလုံးဟာ အဖေ ဗိုလ်သင်တန်းရောက်မှ ကြားဖူးတဲ့စကားလုံးပေါ့ သားရေ။ သာမန်အားဖြင့် ကိုယ့်အတွက်ကြောင့် အဖွဲ့အစည်းကို ထိခိုက်တဲ့အခါ၊ တယောက်ယောက် အပြစ်ဖောက်လို့ တပ်ခွဲတခုလုံးကို အပြစ်ပေးခံရတဲ့အခါမှာ အပြစ်ဖောက်တဲ့သူကို “ပဲ့တယ်” လို့ အဖေတို့ ပြောလေ့ပြောထရှိကြတယ်။
ဒါပေမဲ့ အဖေတို့ကျောင်းမှာ ပဲ့တယ်ဆိုတာ ဘာဟုတ်သေးလို့တုန်း။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပါတဲ့၊ လူအုပ်ကြီးတခုရှိနေတဲ့ နေရာပေါ်ကို ဖျက်အားပြင်းလက်နက်တွေ၊ ဒုံးပျံတွေ၊ ဗုံးတွေ ပစ်ချ ကြဲချရက်တာလောက်တော့ ဘယ်ပဲ့ပါလိမ့်မလဲ သား။ စကားလုံးရှာမတွေ့လောက်အောင်ကို ပဲ့လွန်းတာမို့ အဖေကတော့ ပဲ့တယ်ဆိုတဲ့စကားလုံးအစား စစ်သားတစ်ယောက်အနေနဲ့ “ရှက်တယ်” လို့ပဲ ပြောပါရစေ။
ပြည်သူကို ရေလို လလို ကျင့်ရမယ့်အစား နေလို မီးလို ကျင့်လိုက်တဲ့ဖြစ်စဉ်လို့ အတိအကျပြောနိုင်သလို ဒီဖြစ်စဉ်မျိုးဖြစ်လာအောင် ကျူးလွန်လိုက်ကြတဲ့ အမိန့်ပေးသူ အမိန့်နာခံသူ အားလုံးဟာ လူသားမျိုးနွယ်စုတွေအပေါ် ကြီးလေးတဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်လိုက်ကြတာပါပဲ သား။ တဖက်မှာလည်း သူတို့ဟာ အဖွဲ့အစည်းအပေါ်မှာရော တိုင်းပြည်အပေါ်မှာပါ အိုးမဲသုတ်လိုက်ကြတာပါပဲ။ ဘယ်လိုများ၊ ဘယ်လိုဦးနှောက်နဲ့များ၊ ဘယ်လိုအတွေးအခေါ်နဲ့များ၊ ဘယ်လိုယုံကြည်မှုနဲ့များ၊ ဘယ်လိုမျှော်လင့်ချက်နဲ့များ အဲဒီလိုရက်စက်တဲ့ စစ်ရာဇတ်မှုကို ကျူးလွန်လိုက်ကြတာပါလိမ့်။
သွားပေရော့ တသက်လုံး။ တခဏတာ ရာထူးအာဏာလောက်အတွက် လုပ်ရက်ရဲတဲ့သူတွေဟာ ပြည်သူတွေရဲ့ အရိုးတွန်သံတွေ၊ တမလွန်က ကလေးတွေရဲ့ ငိုကြွေးသံတွေ၊ မကျွတ်မလွတ်နိုင်မယ့် ဝိဉာဉ်တွေရဲ့ ငိုညည်းသံတွေ မြင်ယောင်ကြားယောင်ပေရော့ တသက်လုံး။ ခြောက်အိပ်မက်တွေနဲ့ လူမပီသတဲ့ ကိုယ့်လုပ်ရပ်အတွက်၊ ယောကျာ်းမပီသတဲ့ ကိုယ့်ရဲ့ကျူးလွန်မှုတွေအတွက် ညတာရှည်ရှည်နဲ့ ဘဝနာ သေကြရတော့မှာ တသက်လုံးဆိုတာ သေချာပါရဲ့သားရေ။
သွားပေရော့ တသက်လုံး။ တခဏတာ ရာထူးအာဏာလောက်အတွက် လုပ်ရက်ရဲတဲ့သူတွေဟာ ပြည်သူတွေရဲ့ အရိုးတွန်သံတွေ၊ တမလွန်က ကလေးတွေရဲ့ ငိုကြွေးသံတွေ၊ မကျွတ်မလွတ်နိုင်မယ့် ဝိဉာဉ်တွေရဲ့ ငိုညည်းသံတွေ မြင်ယောင်ကြားယောင်ပေရော့ တသက်လုံး။
သူတို့တွေဟာ တကယ်တော့ နယ်ရုပ်လေးတွေပါ။ သို့သော် ဒီဖြစ်စဉ်မှာတော့ နယ်ရုပ်ကို ရွှေ့တဲ့လက်မှာ အပြစ်ကြီးရုံတင်မက နယ်ရုပ်တွေမှာပါ အပြစ်ရှိနေတယ်ဆိုတာ ငြင်းမရပါဘူး။ ဟစ်တလာဟာ ဂျူး ၆ သန်းကို ရက်ရက်စက်စက် သတ်ခဲ့တယ်။ ဂျူးတွေကို သွေးအေးအေးနဲ့သတ်ခဲ့တဲ့ အာဏာပါးကွက်သားတွေဟာ သူတို့မှာ အပြစ်ရှိတယ်ဆိုတာတောင် မသိဘဲနဲ့ စစ်ရာဇဝတ်မှုတွေ မိုက်မဲစွာ အလိုတူအလိုပါ ကျူးလွန်ရင်း သူတို့ဘဝတွေကို စစ်ခုံရုံးမှာပဲ အဆုံးသတ်သွားကြရတယ်။
အစ္စရေးမှာရှိတဲ့ ဟိုလိုကပ်မြူဇီယမ်မှာ အသတ်ခံခဲ့ရတဲ့ ဂျူး ၆ သန်းရဲ့ အမည်တွေကပ်ထားတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းတွေ သိမ်းထားတယ်။ အဲဒါတွေက သမိုင်းတင်အောင် တည်ရှိနေတော့မှာ၊ အာဏာရှင်စနစ်ဆိုးကို အမြစ်ချိုးဖို့ တပ်လှန့်သံတွေအဖြစ် ရှိနေဦးမှာ။ ဖက်ဆစ်စနစ်နဲ့ ဂျာမနီနိုင်ငံရဲ့ သမိုင်းအမည်းစက်တွေဟာ သင်ခန်းစာ ဖော်ထုတ်ရာဖြစ်ရပ်တွေအဖြစ် ထာဝရတည်ရှိနေဦးမှာပဲ သား။
သမိုင်းမှာ ဆိုးညစ်လှတဲ့ အာဏာရှင်တွေဟာ ဇာတ်သိမ်းမလှကြပါဘူး။ ဟစ်တလာ၊ ဆာဒမ်ဟူစိန်၊ ကဒါဖီ၊ အိုစမာဘင်လာဒင်၊ ဆိုမာနီ၊ ဘင်ဟာဒီတို့ဟာ အသေဆိုးနဲ့သေကြရပါတယ်။ ဒါပေမဲ့ သူတို့တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ နယ်ရုပ်တွေကိုပါ ငရဲအထိ အရောက်ခေါ်သွားကြတာပါပဲ။ အခုတော့ တို့နိုင်ငံမှာ ၂၁ ရာစုအတွင်း နောက်ထပ် ငရဲသားအာဏာရှင်တယောက် ပေါ်ထွက်လာလေတော့ မြန်မာနိုင်ငံ၊ မြန်မာ့ဒီမိုကရေစီအရေးနဲ့ မြန်မာနိုင်ငံသားတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ လူလိုသူလို နေထိုင်ခွင့်ရရေးတွေဟာ သဲပေါ်ရေသွန်သထက်တောင် ဆိုးပြီပေါ့သားရေ။
သားရေ။ ဆက်ဒမ်ဟူစိန်ဟာ တနိုင်ငံလုံးကို ဗိုလ်ကျ အာဏာရှင်လုပ်ခဲ့ပေမဲ့ သူကြိုးစင်တက်ခဲ့ရတာဟာ သူသတ်ဖို့ အမိန့်ပေးခဲ့တဲ့ လူရာဂဏန်းအတွက် “လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ရာဇဝတ်မှု” နဲ့ စွဲချက်တင်ခံခဲ့ရတာပဲ သား။ သူဟာ အဲဒီလူတွေကိုသတ်ဖို့ သူ့ပြည်တွင်းမှာ နိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့အညီ တရားစီရင်ရေးဌာနတွေဖွင့်ပြီး စီရင်ခဲ့တာပဲ။ “ဥပဒေနဲ့အညီ” လို့ တတွင်တွင်ပြောပြီး တရားရုံးမှာ ဒေါသတကြီး လျှောက်လဲခဲ့တာပဲ သား။ သို့သော် ဥပဒေဆိုတာ ကိုယ်လိုသလိုအသုံးချခွင့်ရှိတဲ့ အသုံးချခံစာအုပ်တအုပ်မှ မဟုတ်တာပဲ။ သူသတ်ခဲ့သလို သူသေခဲ့တယ်။ သူ့ နောက်လိုက်နောက်ပါတွေလည်း သေကြေခဲ့ကြရတယ်။ မိုက်မဲလှတဲ့သမိုင်းတွေဟာ သင်ခန်းစာ ယူစရာတွေချည်းပါကွယ်။
လတ်တလော အခြေအနေကိုပဲကြည့်။ အာဏာမသိမ်းခင်ကတည်းက ဝါရင့်စစ်ခေါင်းဆောင်တွေ၊ အကြီးအကဲတွေ ဖြုတ်ထုတ်သတ် လုပ်ခံကြရတယ်။ ဘယ်လောက်ပဲ ညာလက်ရုံးပါလို့ပြောပြော ဒု ဗိုလ်ချုပ်ကြီး ညိုစောလိုလူတောင် အကွက်ရွှေ့ခံရတာပဲ။ ဟိုတလောကလည်း အရာရှိကြီးတွေ၊ စစ်တိုင်းမှူးတွေ လိုသလို အရွှေ့ခံရ၊ အဖြုတ်ခံကြရတယ်။
အရေးအခင်းကာလမှာ လက်သံပြောင်လှပါတယ်ဆိုတဲ့၊ ကိုယ့်အစ်ကိုအရင်းကိုတောင် အရှင်မထားတဲ့၊ တပ်ချုပ်က အားကိုးရပါတယ်ဆိုတဲ့ ရဲချုပ်သန်းလှိုင်တောင် ဖြုတ်ထုတ်သတ်နဲ့ ငြိတာပဲ။ ဘာလဲ …။ ဒီပွဲမှာ ရှင်သန်ခွင့်ရှိသူက တပ်ချုပ်နဲ့ ထိပ်ပိုင်းက လက်တဆုပ်စာ အာဏာရှင်တွေပဲလား။ သူ့အမျိုးအဆွေတွေပဲလား။ အာဏာရှင်တယောက်အတွက် စစ်ခေါင်းဆောင်တွေက ဘယ်လောက်အထိ အသက်နဲ့ဘဝကို ချနင်းခံနေကြရဦးမှာလဲ။ ပြည်သူထဲကမွေးလာတဲ့ ပြည်သူ့စစ်သားတွေကရော ပြည်သူနဲ့စစ်ခင်းပြီး သမိုင်းမှတ်တမ်းဆိုးကို ဘယ်လောက်အထိ ဆက်ပြီးရေးထိုးနေကြရဦးမှာလဲ။
အရေးအခင်းကာလမှာ လက်သံပြောင်လှပါတယ်ဆိုတဲ့၊ ကိုယ့်အစ်ကိုအရင်းကိုတောင် အရှင်မထားတဲ့၊ တပ်ချုပ်က အားကိုးရပါတယ်ဆိုတဲ့ ရဲချုပ်သန်းလှိုင်တောင် ဖြုတ်ထုတ်သတ်နဲ့ ငြိတာပဲ။ ဘာလဲ …။ ဒီပွဲမှာ ရှင်သန်ခွင့်ရှိသူက တပ်ချုပ်နဲ့ ထိပ်ပိုင်းက လက်တဆုပ်စာ အာဏာရှင်တွေပဲလား။ သူ့အမျိုးအဆွေတွေပဲလား။
အဲဒီနယ်ရုပ်ကလေးတွေအနေနဲ့ မတွေးကြတော့ဘူးလား။ ဘဝမှာ ဘာမှမစဉ်းစားဘဲ မျက်စေ့စုံမှိတ်ပြီး အာဏာရှင်အလိုကျ အသုံးခံရင်း သမိုင်းကို အမည်းစက်တွေနဲ့ ထားခဲ့ကြမှာလား။ စဉ်းစားသင့်လွန်းလှပါတယ်။ “ပဲစားဖူးတဲ့ကျေးဇူးကို သိရမယ်” တို့၊ “တပ်မတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရမယ်”တို့ ခေတ်အဆက်ဆက် မဆုံးနိုင်တဲ့ဂျင်းတွေ ဝါးနေဦးမှာလား။ တကယ်တော့ တပ်မတော်က ကျွေးတဲ့ပဲဟာ “ပြည်သူ့ပဲ”၊ တပ်တော်ရဲ့ကျေးဇူးသစ္စာဆိုတာထက် “ပြည်သူအပေါ်စောင့်သိရမယ့် ကျေးဇူးသစ္စာ” လို့ တပ်မတော်သားတွေက မစဉ်းစားသင့်ကြဘူးလား။ “ဟင် … ငါတို့ကတော့ မစဉ်းစားရဲဘူး၊ စဉ်းစားရမှာကို သေရမှာထက်ကြောက်တယ်” ဆိုပြီး မစဉ်းစားဘဲ သမိုင်းတရားခံများအဖြစ်နဲ့ အသေခံကြတော့မှာလား။
သားရေ …။ ဥပဒေဟာ အဖြူအမည်း မသိပါဘူး၊ ဖြူလို့မည်းလို့ဆိုပြီး ဥပဒေက ခွဲခြားပြီးမစီရင်ပါဘူး။ ဥပဒေဟာ မောင်ဖြူ မောင်နီ မသိပါဘူး။ မောင်ဖြူကျူးလွန်တာ၊ မောင်နီကျူးလွန်တာဆိုပြီး ပြစ်ဒဏ်အကြီးအသေး မခွဲပါဘူး။ ဥပဒေဟာ သင်္ချာကိုလည်း နားမလည်ပါဘူး။ လူတယောက်ကို လူဆယ်ယောက်က ဝိုင်းပြီး သတ်ဖြတ်လိုက်လို့ ဆယ်ယောက်လုံးကို အသေစားသေစေလို့ ချမှတ်ဖို့လိုရင် ချမှတ်လိုက်မှာပါပဲ။ တယောက်ကိုသတ်လို့ ဆယ်ယောက်ကို အသေစားသေစေတာမျိုးကို မတရားဘူးလို့ မဆိုနိုင်ပါဘူး။
ဥပဒေဟာ ဆရာကြီး ဆရာလေးလို့လည်း စံနှုန်းမရှိပါဘူး။ ဆရာကြီးခိုင်းတာ၊ ဆရာလေးလုပ်တာ ဆိုပြီး အပြစ်ကိုလိုရာဆွဲပြီး စီရင်ရိုးထုံးစံမရှိပါဘူး။ ဥပဒေဟာ အမိန့်နဲ့ညွှန်ကြားချက်တွေကို မဖတ်တတ်ပါဘူး။ အမိန့်ပေးလို့ လုပ်ရတာ၊ ညွှန်ကြားချက်အရ ဆောင်ရွက်ရတာဆိုပြီး ဆင်ခြေပေးလို့ မရနိုင်ပါဘူး။ နယ်ရုပ်ဖြစ်နေရှာတဲ့ စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်တွေ၊ စစ်သားတွေ အလေးအနက်ထား စဉ်းစားသင့်ချိန် ရောက်နေပါပြီ။
ဒီအခြေအနေမှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အာဏာသုံးရပ်ကို တော်တည့်မှန်ကန်အောင် ထိန်းညှိနိုင်ဖို့ ခိုင်မာတဲ့လွှတ်တော်တရပ် မရှိဘဲ စာရွက်နဲ့ဘောပင်ရှိရုံနဲ့ ချရေးလိုက်တဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေကို ဥပဒေကဲ့သို့ အသုံးချပြီး လူတွေအပေါ် ကျူးလွန်လို့မရပါဘူး။ အဲဒီလို ဆက်ကာဆက်ကာ လုပ်နေမယ်ဆိုရင်တော့ ဥပဒေကို ပြစ်မှုကျူးလွန်ဖို့ လက်နက်သဖွယ် အသုံးချတာဖြစ်တဲ့အတွက် ကျူးလွန်သူတိုင်း သမိုင်းမလှနိုင်ဘူးပေါ့ သားရေ။
ပြည်တွင်းစစ်တွေနဲ့၊ နိုင်ငံရေးတုံ့ပြန်မှုတွေနဲ့၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံဟာ အလွန် ရှုပ်ထွေးတဲ့အခြေအနေမှာ ရှိနေတယ် သား။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကုန်သွယ်ရေး၊ ဘဏ်စနစ် အားလုံးဟာ အလုံးစုံပျက်သုဉ်းလု အခြေအနေကို ရောက်နေတယ်။ နိုင်ငံရဲ့စီးပွားရေး အဆောက်အအုံ ဖရိုဖရဲဖြစ်ခြင်းနဲ့အတူ လူတွေရဲ့ စားဝတ်နေရေးအခြေအနေတွေဟာ သိပ်ကိုကျပ်တည်းလွန်းလာတာ ငြင်းမရတာနိုင်တဲ့ အရှိတရားပဲ။
ဒီလိုရှုပ်ထွေးလှတဲ့ အခြေအနေထဲမှာ အာဏာတည်မြဲရေး၊ နေပြည်တော်မကျရင် စစ်အစိုးရမကျဘူး၊ ဘယ်လိုနေရာဘာတွေဖြစ်ဖြစ်၊ ပြာပုံဖြစ်ဖြစ် လက်နက်နဲ့ အလုံးစုံချုပ်ကိုင်သွားရေးကိုပဲ အစဉ်တစိုက်ရှေးရှုပြီး အခုလိုပဲ ရက်ရက်စက်စက်ဆက်ပြီး ကျူးလွန်နေ ရင် ဒါဟာ လူသားထုကရသင့်တဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို တရားမဲ့ငြင်းပယ်ခြင်းပဲ သား။
တနည်းအားဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေအရ လူသားမျိုးနွယ်ထုအပေါ် နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် ကျူးလွန်ခြင်းဆိုင်ရာ ရာဇဝတ်မှုဆိုတာဟာ နိုင်ငံရေးဆက်နွှယ်မှု အကြောင်းပြချက်တွေနဲ့ လူတဦး သို့မဟုတ် လူတွေကို ခွဲခြားဆက်ဆံပြီး သူတို့ရဲ့ရပိုင်သင့်တဲ့ အခွင့်အရေးတွေကို ငြင်းပယ်ထားခြင်းကို ဆိုလိုတယ် သား။ အခွင့်အရေးတွေကို ငြင်းပယ်ရုံနဲ့ ပြစ်မှုမြောက်နေတဲ့အခြေအနေမှာ လူတွေကို အစုလိုက်အပြုံလိုက် သေစေတယ်ဆိုရင်ဖြင့် ဒါဟာ စစ်ရာဇဝတ်မှုဖြစ်တယ်ဆိုတာ ရှင်းပြဖို့တောင် မလိုပါဘူး။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရဲ့ အခန်း ၉ မှာ “အရပ်သားများကို အကာအကွယ်ပေးခြင်း”ဆိုတဲ့ အခန်းပါတယ် သား။ အဖေ အကျဉ်းလောက်ရေးပြမယ်။ အဲဒီမှာ ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ဒေသန္တရဖွံဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရမယ်၊ ပြည်သူလူထုကို ဂုဏ်သိက္ခာထိပါးစေခြင်း၊ အကြမ်းဖက်ခြင်း၊ လူသားမဆန်စွာပြုမူဆက်ဆံခြင်း၊ အကျဉ်းချထားခြင်း၊ သတ်ဖြတ်ခြင်းနဲ့ ဖျောက်ဖျက်ခြင်းတွေ မလုပ်ရဘူး။ ဒေသခံပြည်သူတွေကို နေရပ်စွန့်ခွာရလောက်အောင် မကျူးလွန်ရဘူး၊ ပြည်သူလူထုရဲ့ ငွေ၊ ပစ္စည်း၊ ရိက္ခာ၊ လုပ်အားနဲ့ ဝန်ဆောင်မှုတွေကို အဓမ္မမရယူရဘူး။ ပြည်သူကို အကြောင်းမဲ့ အမှုဆင်မဖမ်းရဘူး၊ မြေယာတွေကို အဓမ္မမသိမ်းရဘူး၊ အများပိုင်ပစ္စည်းတွေကို ခိုးယူတာ၊ လုတာ၊ ခွင့်ပြုချက်မရှိဘဲယူတာ မလုပ်ရဘူး၊ ဥပဒေနဲ့အညီ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စတွေကို မနှောက်ယှက်ရဘူးလို့ အတိအလင်းရေးထားတာပါပဲ။
ခုတော့ကွယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး ၇၀ ရာခိုင်နှုန်းလောက်က မငတ်ရုံတမယ်၊ လျှပ်စစ်မီးတောင်မှ သင့်တင့်လျောက်ပတ်အောင် မပေးနိုင်။ ဒေသန္တရဖွံ့ဖြိုးရေးဆိုတာကလည်း ပြာပုံနဲ့မီးခိုးချည်း၊ သူ့နည်းသူ့ဟန်နဲ့ ဖွံ့ဖြိုးနေတာလေးတွေတောင် နေ့ချင်းညချင်း ဖြိုချဖျက်ဆီးခံနေရ။ လူတဦးရဲ့ ဂုဏ်သိက္ခာဆိုတာတော့ ပြောကိုမနေနဲ့တော့၊ စစ်ကိုင်း၊ ကျောက်ကာဘက် စစ်တပ်ဂိတ်ချတဲ့နေရာတွေမှာ ကားသမားတွေဆီက ပိုက်ဆံတောင်းတာတောင် ကောင်းကောင်းမတောင်းဘူး။ ပေးတဲ့သူက ခေါင်းပေါ်လက်တင်ထားရသေး။
ခုတော့ကွယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး ၇၀ ရာခိုင်နှုန်းလောက်က မငတ်ရုံတမယ်၊ လျှပ်စစ်မီးတောင်မှ သင့်တင့်လျောက်ပတ်အောင် မပေးနိုင်။ ဒေသန္တရဖွံ့ဖြိုးရေးဆိုတာကလည်း ပြာပုံနဲ့မီးခိုးချည်း၊ သူ့နည်းသူ့ဟန်နဲ့ ဖွံ့ဖြိုးနေတာလေးတွေတောင် နေ့ချင်းညချင်း ဖြိုချဖျက်ဆီးခံနေရ။
ဟိုတလောက အဖေနဲ့ကြုံတယ်။ ရန်ကုန်က အပြန်၊ မိုင် ၄၀ နား၊ လိုင်စင်ပါလားတဲ့။ အဖေက လိုင်စင် ငုံ့ရှာနေတုန်း၊ လုပ်မနေနဲ့ ရှာမနေနဲ့၊ လက်ဖက်ရည်ဖိုးလေးပဲ လုပ်လိုက်တဲ့။ ထ ထိုးလိုက်ချင်တဲ့စိတ်ကို မနည်းထိန်းထားရတယ်။ မျက်နှာကို ရေနွေးပူနဲ့ အပက်ခံလိုက်ရသလိုပဲ။ ဟေ့ကောင် … ငါတပ်က ဗိုလ်မှူးဟောင်းကွ၊ စစ်မှုထမ်းဟောင်းလို့ ပြောလိုက်ရအောင်ကလည်း ကိုယ်တော်က ပုံစံကြည့်ရတာ နေ့ခင်းဘက်ကြီး ခပ်ထွေထွေ။ သေနတ်ဆိုတာ အဖေလည်း ကိုင်ခဲ့ဖူးတဲ့အရာမို့ လက်ထဲသေနတ်ရှိရင် သွေးကြွတတ်တာလည်း အဖေအသိဆုံး။ စိတ်လျှော့ပြီး နှစ်ထောင်ပေးခဲ့ရတယ်။ ဘယ်ကောင့် သွားတိုင်တည်ရမလဲမသိ။
အကြမ်းဖက်ခြင်း၊ လူသားမဆန်စွာပြုမူဆက်ဆံခြင်း၊ အကျဉ်းချထားခြင်း၊ သတ်ဖြတ်ခြင်း ဆိုတာတွေကလည်း NCA ထဲ တမင်ရွဲ့ရေးထားသလားတောင် ထင်ရသကွာ။ ပစ်လိုက်ခတ်လိုက်ပြီ၊ သေကြကြေကြပြီဆိုရင် အစုလိုက်အပြုံလိုက်။ သေတဲ့အထဲမှာလည်း အရွယ်ကောင်း ယောကျ်ားသားချည်းမို့ သံသယနဲ့ ပစ်ရင်းသေတယ် ဆိုထားဦး။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေပါ အများကြီး သေကြေနေ ကြရတာ။ ဒါကို ဘယ်လိုစိတ်မျိုးနဲ့ လက်မရွံတမ်း လုပ်နေကြသလဲ စဉ်းစားလို့ကိုမရဘူး။
မုဆိုးကောင်းဆိုတာ အိပ်နေတဲ့ခြင်္သေ့ကို ပစ်ရိုးထုံးစံမရှိပါဘူးကွာ။ လက်နက်မဲ့တဲ့သူကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာဟာ တကယ့်ကို ရှက်ဖွယ်လိလိလုပ်ရပ်ပါ သား။ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတဲ့စကားကို ဆီမန်းမန်းသလို တတွတ်တွတ်ရွတ်တတ်တဲ့ စစ်ခေါင်းဆောင်တွေ ဘာအသံမှမထွက်တာ အံ့သြပါရဲ့ကွာ။
ဒေသခံပြည်သူတွေကို နေရပ်စွန့်ခွာရလောက်အောင် မကျူးလွန်ရဘူးတဲ့။ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားနိုင်ငံတွေမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးကြတဲ့ တိုင်းရင်းသားတွေ၊ ရိုဟင်ဂျာတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လွှတ်တော်အမတ်တွေ၊ ပညာတတ်တွေ၊ နိုင်ငံရဲ့ရင်းမြစ်တွေဟာ သန်းနဲ့ချီတယ်သား။ ကချင်မှာ၊ ရခိုင်မှာ၊ ကရင်ပြည်နယ်မှာ၊ ထိုင်းမှာ၊ ဘင်္ဂလားဒေ့ရှ် မှာ၊ အန္ဒိယနယ်စပ်တွေမှာ စစ်ဘေးရှောင်စခန်းတွေ၊ IDP Camp တွေဟာ မိုးတွင်းမှာ မှိုပေါက်သထက် များတယ် သား။
အောင်မယ် သားရေ …။ ပြည်သူလူထုရဲ့ ငွေ၊ ပစ္စည်း၊ ရိက္ခာ၊ လုပ်အားနဲ့ ဝန်ဆောင်မှုတွေကို အဓမ္မမရယူရဘူး ဆိုတာလည်း ပါသေးသကွ။ သို့ပေမဲ့ အာဏာစသိမ်းကတည်းက နိုင်ငံတကာ မြင်သာလောက်အောင်ကို ပြည်သူ့ပစ္စည်းကို ဆိုးဆိုးရွားရွား လုယက်ယူငင်နေကြတာ အခုချိန်အထိပဲ။ ခြေလျင်ခြေမြန်တပ်တွေက ရှေ့တန်းတွေ ထွက်ကြရတယ်။ အဲဒီတော့ မြို့ပေါ်တွေမှာ စစ်လက်ရုံးတပ်တွေ၊ မော်တော်ယာဉ်တပ်တွေ၊ စက်မှုလက်မှုတပ်တွေလို တပ်မျိုးတွေကို ခြေလျင်တပ်အမှတ်တံဆိပ်တွေကပ်ပြီး တာဝန်ချရတယ်။
ခြေလျင်တပ်တွေ ရှေ့တန်းမှာ အသက်စွန့်နေရချိန်မှာ မြို့ပေါ်မှာကျတဲ့တပ်တွေက အရာရှိတွေကတော့ ခြေလက်ဗလာနဲ့လာခဲ့ပေမဲ့ အဖေတို့မြို့မှာဆို မြေကွက်တွေဝယ်၊ အိမ်တွေပါဆောက်လို့။ တွေ့ရမြင်ရတာ စိတ်ပျက်စရာတွေချည်းပဲ သားရေ။ မြေယာတွေကို အဓမ္မ မသိမ်းရဘူးလို့ ဘယ်လိုပဲရေးထား ရေးထား၊ မြို့ပေါ်မှာတာဝန်ကျနေတဲ့ အရာရှိတွေ ဝိုင်းသေးသေးလေးဝယ်၊ ဘေးကိုချဲ့ယူနေတာတွေ့လည်း မသိချင်ယောင်ဆောင်နေကြရတာပဲ။
ခြေလျင်တပ်တွေ ရှေ့တန်းမှာ အသက်စွန့်နေရချိန်မှာ မြို့ပေါ်မှာကျတဲ့တပ်တွေက အရာရှိတွေကတော့ ခြေလက်ဗလာနဲ့လာခဲ့ပေမဲ့ အဖေတို့မြို့မှာဆို မြေကွက်တွေဝယ်၊ အိမ်တွေပါဆောက်လို့။ တွေ့ရမြင်ရတာ စိတ်ပျက်စရာတွေချည်းပဲ သားရေ။
ဥပဒေနဲ့အညီ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စတွေကို မနှောက်ယှက်ရဘူးလို့လည်း ရေးထားသေးတယ်။ စစ်အစိုးရရဲ့ပညာရေးမှမဟုတ်ရင် ဘယ်ပညာရေးမှ ဥပဒေနဲ့မညီဘူးလို့များ သတ်မှတ်ထားလေသလားပဲ။ ဆရာ ဆရာမတွေ၊ ကျောင်းသားမိဘတွေကို ဖမ်းလိုက်တာကလည်း နည်းတာမဟုတ်ဘူး။ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပထွက်ပြီး ပညာသင်ချင်တဲ့ လူငယ်တွေကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ ပိတ်ဆို့ထားလိုက်တာ။ မြန်မာပြည်က တက္ကသိုလ်နဲ့ကျောင်းတွေကသာ တခုတည်းသော အားထားရာပဲ ဖြစ်ရတော့မှာလိုလို။
တိုက်ပွဲတွေ မမောနိုင်မပန်းနိုင်တိုက်နေကြတဲ့ စစ်ဗိုလ်ချုပ်တွေ၊ စစ်သားတွေ စဉ်းစားသင့်ပါပြီ။ လူသာမန်တွေဟာ အနိုင်ကျင့်ရတာကို ကြိုက်တတ်ကြတယ်။ ကိုယ်နိုင်ချေရှိတဲ့ပွဲ၊ နိုင်မယ်လို့ထင်နေတဲ့ပွဲမျိုးကိုအလျှော့မပေးချင်တာ လူသာမန်တွေရဲ့သဘာဝပဲ။
ဒါပေမဲ့ ဒီပွဲကတော့ နိုင်ခြေရှိ မရှိဆိုတာထက် အဆုံးသတ်ရှိသလား၊ အဆုံးအဖြတ်ရှိမလား စဉ်းစားသင့်တဲ့ပွဲပါ။ ပြည်သူနဲ့နိုင်ငံတော် ထောင်းလမောင်း ကြေနေတာကို ဆင်ခြင်ပြီး ပြည်သူ့မျက်နှာကို မူကိုမူရမယ့်ပွဲပါ။ အဲသလိုမဟုတ်ဘဲ ခေါင်းဆောင်လုပ်နေသူတွေကိုယ်တိုင်က လူသာမန်တွေလိုပဲ ဆက်ပြီးကျင့်ကြံနေကြမယ်ဆိုရင် စစ်ခေါင်းဆောင်တွေလို့ မခေါ်တွင်ထိုက်တော့ပါဘူး။ ပခုံးပေါ် အပွင့်ကြီးကြီးပါတဲ့၊ သာမန်လူတွေထက်တောင် နိမ့်တဲ့ လူသာမန်တွေ ဖြစ်နေကြဦးမှာပါပဲ။
စစ်ပွဲတွေကို မရပ်မနား ပြည်သူ့မျက်နှာမကြည့်ဘဲ ဆက်တိုက်နေမှာလား။ အဲဒါဆိုရင်တော့ တခုပဲ မေးစရာရှိတော့တယ်။ NCA ကို လက်မှတ်ထိုးခဲ့ကြတာ စစ်ခေါင်းဆောင်တွေမှ ဟုတ်ရဲ့လား။ ဟုတ်တယ်ဆိုရင်လည်း NCA အခန်း ၉ ကို ဖတ်တတ်လောက်အောင် စာတတ်ကြပါရဲ့လားလို့။
နားဦးမယ်သားရေ။
အဖေ့စာကြောင့် တွေးစရာရပါစေ။
You may also like these stories:
ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံတိုက်ခိုက်
ပဒေသရာဇ် စစ်ဘုရင်စိတ်ပေါက်နေသည့် မြန်မာဗိုလ်ချုပ်များ
အာဏာတည်မြဲရေး ဘနဖူး သိုက်တူးမည့် ရာဇဝတ်ကောင် စစ်ကောင်စီ
ကရင်၊ မွန်နှင့် တနင်္သာရီ စစ်ဆင်ရေးများ ကွပ်ကဲသူ စစ်အရာရှိကြီးများ အပြောင်းအလဲဖြစ်