ထိုင်းရွေးကောက်ပွဲအတွက် မဲဆွယ်သောအခါပေးသည့် အများကြိုက်ကတိကဝတ် အများအပြားသည် မဲဆန္ဒရှင်အများအပြားကို ဖမ်းစားထားနိုင်သည်။ သို့သော် ထိုကတိများအနက် အချို့သည် မေလ ၁၄ ရက်နေ့တွင် မဲဆန္ဒရှင်များ မဲရုံသွားသောအခါ မဲဆန္ဒရှင်များ၏ စိတ်တွင်ရှိနေမည်ဟု နိုင်ငံရေးပါတီများက မျှော်လင့်နေသည်။
သူသည် ဘွဲ့တခုရရေးလေ့လာရန် စီစဉ်နေသောကြောင့် သာမန်ဘွဲ့ရသူများ၏ အနိမ့်ဆုံးလစာကို တလလျှင် ဘတ် ၂၅,၀၀၀ အထိ တိုးမြှင့်မည်ဟု ဖွေထိုင်းပါတီက ကတိပြုခြင်းသည် စိတ်လှုပ်ရှားစရာကောင်းကြောင်း မြောက်ပိုင်းမှ နည်းပညာကောလိပ် ကျောင်းဆင်း မစ္စတာ ပေါင်ဆာတွန်က ပြောသည်။
“တခြားပါတီကို ကြိုက်နေရင်တောင်မှ ဒီမူဝါဒကြောင့် ဖွေထိုင်းပါတီကို မဲပေးဖြစ်မယ် ထင်တယ်” ဟု ၎င်းကပြောသည်။
ဖွေထိုင်းပါတီသည် လစာငွေကို ထိုမျှအထိမြင့်မားအောင် တိုးမြှင့်ပေးနိုင်သည်၊ မပေးနိုင်သည်ကို မည်သူမျှ သေသေချာချာ မသိဟု ၎င်းက ပြောသော်လည်း ထိုပါတီ၏ အလားတူကတိများနှင့် ပတ်သက်သည့် မှတ်တမ်းအရ မျှော်လင့်ချက်များ ဖြစ်ပေါ်စေသည်။ ၂၀၁၁ ခုနှစ်က ဖွေထိုင်းပါတီ အာဏာရသောအခါ နေ့စဉ်အနိမ့်ဆုံး လုပ်အားခကို ဘတ် ၃၀၀ သို့ တိုးမြှင့်ပေးပြီး သာမန်ဘွဲ့ ရသူများ၏ လစာငွေကို တလလျှင် ဘတ် ၁၅,၀၀၀ သို့ တိုးမြှင့်ပေးခဲ့သည်။
“လူနေမှုစရိတ်က မြင့်မားတော့ လစာငွေ တိုးမြှင့်ပေးမယ့်ကတိက အရေးကြီးတယ်။ ကျနော့် အခန်းငှားခတခုတည်းတောင်မှ တလကို ဘတ် ၅,၀၀၀ ပေးနေရတယ်” ဟု မစ္စတာ ပေါင်ဆာတွန်က ပြောသည်။

နိုင်ငံရေးပါတီများသည် လူမှုဖူလှုံရေးနှင့် ပတ်သက်သည့် မူဝါဒများနှင့် ကတိကဝတ်များကိုလည်း ပေးနေကြသည်။
သူသည် မိဘများကို စောင့်ရှောက်ရန် ရုန်းကန်နေရသောကြောင့် အသက်အရွယ်ကြီးရင့်သူများအတွက် လစဉ် နိုင်ငံတော်ထောက်ပံ့ငွေကို တိုးမြှင့်ပေးရန် ကတိပြုသည့် ပါတီတခုကို မဲပေးဖွယ်ရှိသည်ဟု တလလျှင် ဘတ် ၁၂,၀၀၀ ဝင်ငွေရှိနေသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦးနှင့် Thai PBS World က စကားပြောခဲ့သည်။
“ကျမက သူတို့ဆီကို ငွေနည်းနည်းပါးပါး ပို့ပေးချင်ပေမယ့် အများအားဖြင့် ဝင်ငွေထွက်ငွေညီအောင် မနည်းရုန်းကန်နေရတယ်” ဟု အမည်မဖော်လိုသော ထိုအမျိုးသမီးက ပြောသည်။
အသက် ၅၄ နှစ်ရှိပြီဖြစ်သော ဆူဝီမွန်ကလည်း သူသည် မကြာမီ အသက်အရွယ်ကြီးရင့်သူစာရင်း ဝင်တော့မည်ဖြစ်၍ သက်ကြီးရွယ်အို ထောက်ပံ့ကြေးနှင့် ပတ်သက်သည့် ပါတီများ၏ မူဝါဒများကို စိတ်ဝင်စားကြောင်း ပြောသည်။ လယ်သမားများကို ထောက်ပံ့ကြေးနှင့် အခြားအစီအမံများပေးမည့် ပါတီတခုကိုလည်း မဲပေးလိုကြောင်း ၎င်းကပြောသည်။
အများကြိုက်မူဝါဒများ ဆိုသည်မှာ
King Prajadhipok အင်စတီကျုမှ Innovation for Democracy ဌာန ဒါရိုက်တာ ဒေါက်တာ စတီသွန် သန်နာနီသီချော့က အနှစ်သာရအားဖြင့် အများကြိုက်မူဝါဒများဆိုသည်မှာ ကြွေးမြီဆိုင်းငံ့ပေးခြင်း သို့မဟုတ် စီးပွားရေးကို အားပေးသည့် အစီအမံများကဲ့သို့ ကာလတို အကျိုးကျေးဇူးများဖြစ်ကြောင်း ပြောသည်။
သို့သော် ထိုင်းနိုင်ငံတွင် အများကြိုက်မူဝါဒများကို လူမှုဖူလုံရေး အထောက်အပံ့အထိ တိုးချဲ့ထားကြောင်း ၎င်းကပြောသည်။ “ထိုင်းနိုင်ငံမှာ နိုင်ငံရေးပါတီတွေက သူတို့ရဲ့ လူမှုဖူလုံရေး မူဝါဒတွေကို အများကြိုက်မူဝါဒနဲ့ တူတဲ့အဆင့်ရောက်အောင်ကို ကမ်းလှမ်းယှဉ်ပြိုင်ကြတယ်” ဟု ဒေါက်တာ စတီသွန်က ပြောသည်။

ဝင်ငွေနည်းသူများကို လစဉ်ထောက်ပံ့သည့် လူမှုဖူလုံရေးကတ်အစီအစဉ်ကို ရေရှည်လူမှုဖူလုံရေး အစီအစဉ်အဖြစ် ချမှတ်ထားသော်လည်း ထိုအစီအစဉ်သည် အများကြိုက်အစီအစဉ် ဖြစ်လာကြောင်း ဒေါက်တာ စတီသွန်က ပြောသည်။
“အနှစ်သာရအားဖြင့် လူမှုဖူလုံရေးကတ်အစီအစဉ်ကို ပိုမိုကျယ်ပြန့်တဲ့ ပြည်သူတွေ အကျုံးဝင်အောင် တိုးချဲ့ခဲ့တယ်။ မူဝါဒချမှတ်သူတွေက လူတတ်နိုင်သမျှ များများကို ငွေထုတ်ပေးချင်သလိုပဲ” ဟု ၎င်းကပြောသည်။
လူမှုဖူလုံရေးကတ် အစီအစဉ်အတွက် မှတ်ပုံတင်ထားသည့် ထိုင်းနိုင်ငံသား ၁၄ ဒသမ ၆ သန်းရှိသည်။
အဓိက အများကြိုက်မူဝါဒများ
ပလန် ပရာချာရတ်ပါတီ (PPRP) ပါတီက ၎င်းတို့ ဆက်လက်အာဏာရလျှင် လူမှုဖူလုံရေး ကတ်အတွက် ထောက်ပံ့ငွေကို တလလျှင် ဘတ် ၇၀၀ အထိ တိုးပေးမည်ဟု ကတိပြုနေသည်။ ထိုထောက်ပံ့ငွေသည် လက်ရှိအချိန်တွင် လက်ခံရရှိသူ၏ ပိုင်ဆိုင်မှုနှင့် ဝင်ငွေအပေါ် မူတည်ပြီး ဘတ် ၂၀၀ မှ ၃၀၀ ကြားတွင်သာ ရှိသည်။
PPRP ၏အစီအစဉ်ကို အကောင်အထည်ဖော်ပါက လာမည့်အစိုးရသည် ထိုအစီအစဉ်ကို ငွေကြေးထောက်ပံ့ရန် လာမည့် လေးနှစ်သက်တမ်းတွင် ဘတ် ၄၉၀ ဘီလီယံ လိုမည်ဖြစ်သည်။
PPRP က သက်ကြီးရွယ်အို လစဉ်ထောက်ပံ့ကြေးကို လက်ရှိ ဘတ် ၆၀၀ မှ ၁,၀၀၀ ကြားပေးနေရာမှ ဘတ် ၃,၀၀၀ နှင့် ၅,၀၀၀ ကြားသို့ တိုးမြှင့်မည်ဟုလည်း ကတိပြုနေသည်။ ထိုမူဝါဒကို အကောင်အထည်ဖော်ရန် အစိုးရသစ်သည် လာမည့် လေးနှစ်အတွင်း ဘတ် ၁ ဒသမ ၉၂ ထရီလီယံ လိုမည်ဖြစ်သည်။
ဒုဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝန်ကို ဝန်ကြီးချုပ်လောင်းအဖြစ် တင်သွင်းထားသည့် PPRP တွင် အကောင်အထည်ဖော်ရန် ငွေကြေးအကြီးအကျယ်လိုသည့် အခြားအများကြိုက်မူဝါဒများလည်း ရှိနေသည်။

ညီညွတ်သောထိုင်းနိုင်ငံပါတီ (UTNP) ကလည်း လူမှုဖူလုံရေးကတ်အတွက် လစဉ် ထောက်ပံ့ငွေကို ဘတ် ၁,၀၀၀ သို့ တိုးမြှင့်ရန် ကတိပြုနေပြီး ထိုသို့ဆိုလျှင် အစိုးရသစ်သည် လာမည့် လေးနှစ်အတွက် ဘတ် ၇၀၀ ဘီလီယံ လိုမည်ဖြစ်သည်။ UTNP က သက်ကြီးရွယ်အို လစဉ်ထောက်ပံ့ငွေကိုလည်း ဘတ် ၁,၀၀၀ သို့ တိုးမြှင့်ရန် ကတိပြုနေသောကြောင့် ဘတ် ၄၈၀ ဘီလီယံ လိုအပ်မည်ဖြစ်သည်။
ဒီမိုကရက်တစ်ပါတီက လာမည့် လေးနှစ်အတွက် ကောက်ပဲသီးနှံထောက်ပံ့ငွေ ဘတ် ၅၀၀ ဘီလီယံ၊ သက်ကြီးရွယ်အိုများ လူမှုအသိုက်အဝန်း ကလပ်အသင်းများအတွက် တနှစ်လျှင် ဘတ် ၃၀,၀၀၀ နှင့် ကျေးရွာစိုက်ပျိုးရေး စေတနာ့ဝန်ထမ်းများအတွက် ဘတ် ၁,၀၀၀ ပေးရန် ကတိပြုနေသည်။
Move Forward Party က ကလေးသူငယ် ထောက်ပံ့ကြေး လစဉ် ဘတ် ၁,၂၀၀ ပေးရန် အာရုံစိုက်နေသည်။ ထိုမူဝါဒအရ လာမည့် လေးနှစ်အတွင် ဘတ် ၃၂ ဘီလီယံ လိုမည်ဖြစ်သည်။ ကလေးတဦးမွေးဖွားတိုင်း ထောက်ပံ့ကြေး ဘတ် ၃,၀၀၀ ပေးရန်လည်း ထိုပါတီက စီစဉ်နေသည်။ Move Forward Party ၏ အခြားကတိများတွင် ပိုမိုရှည်ကြာသော မီးဖွားခွင့်နှင့် အငြိမ်းစားများကို ဘတ် ၃,၀၀၀ စီပေးရန်လည်း ပါဝင်သည်။
ဖွေထိုင်းပါတီတွင် အကြီးမားဆုံး အများကြိုက် အခြေခံရှိကြောင်း လေ့လာသူများက ပြောသည်။ ထိုပါတီသည် ငွေကြေးအကြီးအကျယ် လိုအပ်မည့် အများကြိုက်ကတိ အများအပြား ပေးထားသည်။ ထိုမူဝါဒများအနက် ထင်ရှားသောကတိများမှာ အသက် ၁၆ နှစ်ပြည့်သည့် ထိုင်းနိုင်ငံသားတိုင်းသို့ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်မှတဆင့် ဘတ် ၁၀,၀၀၀ နှင့်အထက် ပေးရေးပါဝင်သည်။ ထိုအစီအစဉ်အတွက် ဘတ် ၅၆၀ ဘီလီယံ လိုအပ်သည်။
သစ္စာရှိသော မဲဆန္ဒရှင်များ မယိမ်းယိုင်
သို့သော် ဆန့်ကျင်ဘက်ပါတီများက ပိုမိုကောင်းမွန်သည့် မူဝါဒကို ကမ်းလှမ်းသည့်တိုင် သစ္စာရှိသော ထောက်ခံသူများသည် ၎င်းတို့အကြိုက်ဆုံးပါတီကို ပြောင်းလဲမည် မဟုတ်ကြောင်း ဒေါက်တာ စတီသွန်က ပြောသည်။
“UTNP ကနေ ဘတ် ၁၀,၀၀၀ ပေးရင်တောင်မှ ဖွေထိုင်းပါတီထောက်ခံသူတွေ ဘာလုပ်မလဲ ဆိုတာကို စိတ်ကူးကြည့်လိုက်ပါ” ဟု ၎င်းကပြောသည်။

၂၀၁၄ ခုနှစ် ဖွေထိုင်းအများအစု အစိုးရကို စစ်အာဏာသိမ်းဖြုတ်ချရာတွင် ဦးဆောင်ခဲ့သူ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာကို ဝန်ကြီးချုပ်လောင်းအဖြစ် UTNP က တင်သွင်းထားသည်။
မဲပေးခွင့်ရှိသူ ၅၂ သန်းအနက် အနည်းငယ်မျှကသာ မူဝါဒသက်သက်ကို အခြေခံပြီး မဲပေးမည်ဖြစ်သည်ဟု ဒေါက်တာ စတီသွန်က ယုံကြည်သည်။
“မဲဆန္ဒရှင်အများစုက သူတို့စိတ်ကြိုက်ပါတီနဲ့ နိုင်ငံရေးသမားကို ထောက်ခံမှာ။ ဘယ်သူ့ကို မဲပေးမလဲ မဆုံးဖြတ်ရသေးတဲ့သူတွေသာ မူဝါဒကို အာရုံစိုက်မှာ” ဟု ၎င်းကပြောသည်။ မည်သည့်ပါတီကို မဲပေးမည်ဟု မဆုံးဖြတ်ရသေးသူများသည် မျိုးဆက် X နှင့် Y များ (အသက် ၄၃ မှ ၅၈ နှစ်နှင့် အသက် ၂၇ နှစ်မှ ၄၂ နှစ်များ) ဖြစ်သည်ဟု ဒေါက်တာ စတီသွန်က ယူဆသည်။
၎င်းတို့စိတ်ကြိုက်ပါတီ သို့မဟုတ် နိုင်ငံရေးသမားက အကြီးအကျယ် စိတ်ပျက်စေမှသာ အမာခံ ထောက်ခံသူ မဲဆန္ဒရှင်များ ဆုံးဖြတ်ချက်ပြောင်းမည်ဟုလည်း ဒေါက်တာ စတီသွန်က ပြောသည်။
မကြာမီ အသက် ၆၀ ပြည့်တော့မည့် မစ္စ တွိုင်က အများကြိုက်မူဝါဒများကို တိတိကျကျ မသိသော်လည်း နိုင်ငံရေးပါတီအမျိုးမျိုးက ကတိပြုနေသည့် ထောက်ပံ့ကြေးများကို သဘောကျကြောင်း ပြောသည်။
“ကျမအတွက် အရေးအပါဆုံးက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါဒပဲ” ဟု ရာဘာစိုက်တောင်သူ မစ္စ တွိုင်က ပြောသည်။ “ရွာမှာ မူးယစ်ဆေးဝါးသုံးစွဲမှု အကြီးအကျယ် ဖြစ်နေတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အပြင်းအထန်လုပ်ဖို့ ပါတီတခုက ကတိပေးရင် ကျမက အဲဒီပါတီကိုမဲပေးမှာသေချာတယ်” ဟု ၎င်းကပြောသည်။
(Thai PBS World သတင်း The campaign promises and populism shaping Thailand’s 2023 election ကို ဘာသာပြန်သည်။)
You may also like these stories:
ထိုင်းရွေးကောက်ပွဲအလွန် စိတ်ဝင်စားဖွယ်ရာများ
မျိုးဆက်ကွာဟမှုက ထိုင်းရွေးကောက်ပွဲအပေါ် ဩဇာကြီးနိုင်
ကမ္ဘောဒီးယားနှင့် ထိုင်းတို့၏ ရွေးကောက်ပွဲတွေ ဘာကွာလဲ
ရွေးကောက်ပွဲပြီးလျှင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းပြန်ပြီး အဖမ်းခံမည်
ထိုင်းရွေးကောက်ပွဲက မြန်မာ့ဒီမိုကရေစီတိုက်ပွဲအပေါ် ရိုက်ခတ်နိုင်
ထိုင်း ရွေးကောက်ပွဲမှာ ဆေးခြောက်က ပြဿနာဖြစ်လာ