ဆယ်စုနှစ်တခုလျှင် တကြိမ်မျှသာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်စဉ် အင်ဒိုနီးရှား၏ မြန်မာအကျပ်အတည်းကို ကိုင်တွယ်ပုံနှင့်ပတ်သက်သည့် ရှုမြင်ပုံ နှစ်မျိုးရှိသည်။
တမျိုးမှာ အင်ဒိုနီးရှားသည် ဥက္ကဋ္ဌတာဝန်ယူရသည်မှာ လပိုင်းမျှသာရှိသေးသောကြောင့် မြန်မာအကျပ်အတည်းနှင့် ပတ်သက်သည့် အဓိပ္ပာယ်ပြည့်ဝသောမူဝါဒတခု မချမှတ်နိုင်သေးခြင်းအတွက် အပြစ်မတင်သင့် ဆိုသည့်အမြင်ဖြစ်သည်။
သို့မဟုတ် အင်ဒိုနီးရှားသည် ဥက္ကဋ္ဌတာဝန်ကို နောက်ထပ် ရှစ်လသာ တာဝန်ယူရတော့မည်ဖြစ်ပြီး မူဝါဒတခု မချမှတ်နိုင်ပါက လာမည့်နှစ်တွင် လာအိုသို့ ဥက္ကဋ္ဌတာဝန် လွှဲပေးလိုက်သောအခါ အာဆီယံတခုလုံး၏ တုံ့ပြန်မှုသည် ပြိုကွဲပျက်စီးသွားတော့မည် ဆိုသည့်အမြင် ဖြစ်သည်။ လာအိုသည် မြန်မာစစ်ကောင်စီကို ပိုမိုလက်ခံရေးလမ်းကြောင်းပေါ်သို့ အာဆီယံကို ဆွဲခေါ်သွားမည်မှာ သေချာသလောက်ဖြစ်သည်။
ထိုသို့လွှဲပြောင်းပေးချိန်တွင် ဂျကာတာအနေဖြင့် မြန်မာနှင့်ပတ်သက်သည့် ခိုင်မာသော မူဝါဒသဖွယ်ဖြစ်သော တစုံတခု ချမှတ်ပေးထားရန် လိုအပ်သည်။ အဖွဲ့ဝင်နိုင်ငံများအကြား လွန်စွာသဘောတူထားသောကြောင့် လာအိုအနေဖြင့် နောက်ကြောင်း ပြန်လှည့်မရသည့် လက်ဆောင်မူဝါဒတခု ရှိရန်လိုအပ်နေသည်။ တက်တက်ကြွကြွမရှိသောနိုင်ငံက ဥက္ကဋ္ဌတာဝန် ယူသည့်အခါတွင်ပင် အာဆီယံ၏ မူဝါဒသည် အဖွဲ့အစည်းကို ရေရှည်တည်တံ့အောင် ဆက်လက် ထိန်းသိမ်းထားနိုင်ရမည်ဖြစ်သည်။
ဂျကာတာအတွက် ဝန်ထုပ်ဝန်ပိုးသည် ကြီးမားလှသည်။ စစ်ကောင်စီနှင့်ပတ်သက်သည့် ပြတ်သားလွန်းသော မူဝါဒတခုကို ချမှတ်လိုက်ပါက မြန်မာအကျပ်အတည်းတွင် ပါဝင်ပတ်သက်လိုခြင်း မရှိသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများက လိုက်ပါလုပ်ဆောင်မည် မဟုတ်ပေ။ အတင်းအကျပ် လုပ်ဆောင်သည့် မူဝါဒတခုချမှတ်ပါက အင်ဒိုနီးရှားက ဥက္ကဋ္ဌတာဝန်မယူတော့ချိန်တွင် ထိုမူဝါဒကို စွန့်လွှတ်လိုက်မည်ဖြစ်သည်။ သို့သော် ပျော့ပျောင်းလွန်းသော မူဝါဒသည်လည်း အဓိပ္ပာယ်ပြည့်ဝမည် မဟုတ်ပေ။
ဂျကာတာအတွက် ဝန်ထုပ်ဝန်ပိုးသည် ကြီးမားလှသည်။ စစ်ကောင်စီနှင့်ပတ်သက်သည့် ပြတ်သားလွန်းသော မူဝါဒတခုကို ချမှတ်လိုက်ပါက မြန်မာအကျပ်အတည်းတွင် ပါဝင်ပတ်သက်လိုခြင်း မရှိသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများက လိုက်ပါလုပ်ဆောင်မည် မဟုတ်ပေ။
ဖေဖော်ဝါရီလအစောပိုင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြီးနောက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီက ၎င်းတို့သည် မြန်မာနှင့်ပတ်သက်သည့် “စုစည်းညီညွတ်သောနည်းလမ်း ထပ်လောင်းအတည်ပြုကြောင်း” ပြောသည်။ ထိုသို့သော ပြောကြားချက်သည် အားနည်းချက်များနှင့် ဘက်စုံချဉ်းကပ်နည်းတခုကို ညီမျှခြင်းချသည့် လမ်းလွဲနေသော အပေါ်ယံဖုံးကွယ်စကားအဖြစ် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က သတ်မှတ်သည်။ လက်ရှိအချိန်အထိ အင်ဒိုနီးရှားသည် တိတ်တိတ်ဆိတ်ဆိတ် နောက်ကွယ် သံတမန်ရေးကို ပိုမိုလိုလားပုံရပြီး ယခုနှစ် နှောင်းပိုင်းတွင် တစုံတခု ထုတ်ဖော်ပြသလာနိုင်သည်။
လာမည့်နှစ်တွင် ဥက္ကဋ္ဌတာဝန်ယူမည့် လာအိုသည် မြန်မာ့ဒီမိုကရေစီတွင် အနည်းငယ်ပင် စိတ်ဝင်စားခြင်း မရှိသည့်နိုင်ငံဟု ယူဆနိုင်သည်။ တပါတီကွန်မြူနစ်နိုင်ငံဖြစ်သော လာအိုသည် ပြင်ပနှင့် ထိတွေ့မှုမရှိဘဲ အမြင်ကျဉ်းမြောင်းသည်။ အခြားအဖွဲ့ဝင်နိုင်ငံများ၏ ရေးရာများတွင် မစွက်ဖက်ရေးမူကို အခြေခံအားဖြင့် ယုံကြည်သည်။ ၎င်းနှင့်သဘောထားတူသော ထိုင်းနိုင်ငံနှင့်အတူ မြန်မာစစ်ကောင်စီနှင့် ဆက်ဆံနေသည်မှာ ကာလအတန်ကြာပြီ ဖြစ်သည်။
၂၀၂၁ ခုနှစ်အစောပိုင်းက မြန်မာတွင် အာဏာသိမ်းပြီးနောက် လာအိုသည် ဥက္ကဋ္ဌတာဝန်ယူရမည့် ပထမဆုံး နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံဖြစ်သည်။ အိမ်နီးချင်းမြန်မာမှ ပဋိပက္ခသည် နှစ်နိုင်ငံခွဲဝေပိုင်ဆိုင်သည့် မဲခေါင်မြစ်မှ စီးပွားရေးလုပ်ငန်းများကို ရိုက်ခတ်လာနိုင်ကြောင်း ဗီယန်ကျင်းက သတိထားမိသည်။ မဲခေါင်မြစ်သည် လာအိုအတွက် ရေအားလျှပ်စစ်မှ အကျိုးအမြတ်များစွာရစေသည်။
ပြည်တွင်းတွင် ရာဇဝတ်မှုတိုးလာခြင်းသည် နိုင်ငံရေးပြဿနာများကို ဖြစ်ပွားစေပြီး မြန်မာမှ မူးယစ်ဆေး လှုပ်ရှားမှု ပေါက်ကွဲထွက်ခြင်းကြောင့်ဖြစ်လာကြောင်း လာအိုသိသည်။ ထို့ကြောင့် ဗီယန်ကျင်းသည် မြန်မာတွင် အကျပ်အတည်းအဆုံးသတ်ရေးကို လိုလားရန် ပြည်တွင်းအကြောင်းရင်းများ ရှိနေသည်။ ယခင် အာဆီယံဥက္ကဋ္ဌများသည် ထိုသို့သောအခြေအနေကို ရင်ဆိုင်ရခြင်း မရှိပေ။ အလွယ်ကူဆုံး ရွေးချယ်စရာမှာ စစ်ကောင်စီအုပ်ချုပ်ရေး ပုံမှန်ဖြစ်စေရန် ကူညီလိုက်ခြင်းသာဖြစ်သည်ဟု စဉ်းစားကောင်း စဉ်းစားနိုင်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာတွင် အာဏာသိမ်းပြီးနောက် ဗီယန်ကျင်းက အနှစ်သာရအကင်းမဲ့ဆုံး ကြေညာချက်များ ထုတ်ပြန်သည်။ လွန်ခဲ့သော စက်တင်ဘာလက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် လာအိုနိုင်ငံခြားရေးဝန်ကြီး ဆေလီယန်ဆေး ကိုမာဆစ်က “မြန်မာတွင် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေးအတွက် အာဆီယံက ပါဝင်သည့် အခန်းကဏ္ဍသည် အရေးပါသည်”ဟု သူ့နိုင်ငံကမြင်ကြောင်း ပြောကြားပြီး မြန်မာပြည်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများ ဆက်လက်ရောက်ရှိစေရန်နှင့် ခိုင်မာသောရလဒ်များ ရရှိစေရေးအတွက် ဘုံသဘောတူညီချက်ကို အပြည့်အဝ ထိထိရောက်ရောက် အကောင်အထည်ဖော်ရေး နည်းလမ်းရှာရန် မြန်မာနှင့် ဆက်လက် ထိတွေ့ဆက်ဆံသင့်သည်ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာတွင် အာဏာသိမ်းပြီးနောက် ဗီယန်ကျင်းက အနှစ်သာရကင်းမဲ့မှုများတွင် အနှစ်သာရအကင်းမဲ့ဆုံး ကြေညာချက်များ ထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရာထူးသည် ဥက္ကဋ္ဌအပြောင်းအလဲဖြစ်သောအခါ လွှဲပြောင်းပေးရသည့် ရာထူးဖြစ်သောကြောင့် အင်ဒိုနီးရှားက အသစ်ဖွဲ့စည်းထားသည့် “အထူးသံတမန်ရုံး” ကို ဂျကာတာအခြေစိုက် အမြဲတမ်းရုံးအဖြစ် မပြောင်းလဲနိုင်ပါက ဆေလီယန်ဆေးသည် လာမည့်နှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ဖြစ်မည်ဟု ယူဆနိုင်သည်။
လာအိုသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေးအုပ်စုတွင် အခိုင်အမာ ရပ်တည်သည်။ ဥပမာအားဖြင့် ဆိုရပါက ဧပြီလ ၇ ရက်နေ့တွင် ဝန်ကြီးချုပ် ဆုန်ဆေး စီဖန်ဒုန်သည် ထိုင်းဝန်ကြီးချုပ် ပရာယွတ်၊ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့နှင့်အတူ နယ်စပ်ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှုဆိုင်ရာ သုံးပွင့်ဆိုင်အစည်းအဝေး ကျင်းပသည်။ လွန်ခဲ့သော ဒီဇင်ဘာလတွင် ထိုင်းက ဦးဆောင်ကျင်းပသည့် မြန်မာစစ်ကောင်စီ အရာရှိများနှင့် အလွတ်သဘောဆွေးနွေးပွဲသို့ လာအိုတက်ရောက်သည်။
ထို့ပြင် လာအိုသည် ထိုင်းကပင် ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် စစ်ကောင်စီအရာရှိများနှင့် မတ်လက ကျင်းပသည့် တစိတ်တပိုင်း တရားဝင်ဆွေးနွေးပွဲ (1.5 track dialogue) သို့လည်း တက်ရောက်သည်။ ယခုလအတွင်း ဗီယန်ကျင်းတွင် ကျင်းပသည့် မဲခေါင်မြစ်ဝှမ်းကော်မရှင် ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာအရာရှိတဦး တက်ရောက်ခဲ့သည်။
ISEAS-Yusof Ishak Institute က နှစ်စဉ်ထုတ်ပြန်သည့် လူတန်းစားအထက်လွှာများ၏ အမြင်စစ်တမ်းဖြစ်သော နောက်ဆုံးထုတ် “အရှေ့တောင်အာရှအခြေအနေ” အစီရင်ခံစာတွင် မြန်မာအကျပ်အတည်းနှင့် ပတ်သက်ပြီး အာဆီယံက မည်သို့ ဆက်လက်လုပ်ဆောင်သင့်သည်နှင့် ပတ်သက်သော မေးခွန်းများ မေးထားသည်။
လာအိုအထက်လွှာများ၏ ၁ ဒသမ ၉ ရာခိုင်နှုန်းကသာ စစ်ကောင်စီကို ထိထိရောက်ရောက်ထိန်းချုပ်ရန် အာဆီယံအနေဖြင့် ပိုမိုပြင်းထန်သော နည်းလမ်းများ သုံးစေလိုသောကြောင့် ဒေသတွင်း ပျှမ်းမျှ ၁၈ ရာခိုင်နှုန်းအောက် သိသိသာသာ လျော့နည်းနေသည်။ မြန်မာကို အာဆီယံမှ ထုတ်ပယ်သင့်သည်ဟု လာအိုအထက်လွှာ ၂ ဒသမ ၈ ရာခိုင်နှုန်းကသာ ယူဆသောကြောင့် ဒေသတွင်းတွင် အနိမ့်ဆုံးဖြစ်နေပြန်သည်။ ၎င်းတို့၏ ၄၃ ရာခိုင်နှုန်းက အာဆီယံအနေဖြင့် မြန်မာ့အရေးတွင် မစွက်ဖက်သင့်ဟု ထင်သောကြောင့် ဒေသတွင်းပျှမ်းမျှထက် ပိုမိုမြင့်မားနေပြန်သည်။
ဗီယန်ကျင်းကို အဓိကမိတ်ဘက်နိုင်ငံများကလည်း သြဇာလွှမ်းမိုးမည်ဖြစ်သည်။ လာအိုကို စီးပွားရေးအကူအညီ အဓိကပေးနေသော တရုတ်နိုင်ငံသည် မြန်မာစစ်ကောင်စီဘက်မှ ပိုမိုရပ်တည်လာသည်။ အခြား စီးပွားဘက်နိုင်ငံတခုဖြစ်သော ဗီယက်နမ်သည် မြန်မာအကျပ်အတည်းတွင် ပါဝင်ပတ်သက်လိုခြင်း မရှိပေ။ ထိုင်းကလည်း စစ်ကောင်စီနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံလိုသည်။ သို့သော် ထိုင်း၏သဘောထားသည် လာမည့် အထွေထွေရွေးကောက်ပွဲအပြီးတွင် ပြောင်းလဲသွားနိုင်သည်။ လာအိုသည့် လွန်ခဲ့သောနှစ်အတွင်း ရုရှားနှင့် ဆက်ဆံရေး တိုးတက်လာပြီး မော်စကိုသည် စစ်ကောင်စီဘက်မှ ပြတ်ပြတ်သားသား ရပ်တည်သည်။
အခြား မှတ်သားသင့်သောအချက်တခုမှာ လာအိုသည် မြန်မာအကျပ်အတည်းကို ပိုမိုပြတ်သားစွာ ကိုင်တွယ်လိုသည့် ဒေသတွင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ စင်ကာပူနှင့် မလေးရှားတို့နှင့် ခပ်ကင်းကင်းနေသည်။ လာအိုသည် အရှေ့တောင်အာရှ နိုင်ငံများတွင် အနောက် ဒီမိုကရေစီနိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်မှု အနည်းဆုံးနိုင်ငံဖြစ်သည်ကို အငြင်းပွားရန်မလိုပေ။ ထို့ကြောင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အဓိကထားသည့် တုံ့ပြန်မှုအတွက် အာဆီယံ၏စွမ်းရည်ကို အကန့်အသတ်ဖြစ်စေမည်။
အခြား မှတ်သားသင့်သောအချက်တခုမှာ လာအိုသည် မြန်မာအကျပ်အတည်းကို ပိုမိုပြတ်သားစွာ ကိုင်တွယ်လိုသည့် အာဆီယံနည်းလမ်းကို ချမှတ်လိုသော ဒေသတွင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ စင်ကာပူနှင့် မလေးရှားတို့နှင့် ခပ်ကင်းကင်းနေသည်။
နေပြည်တော်စစ်ကောင်စီသည် စဉ်းစားသုံးသပ်ရာတွင် လာအိုက ဥက္ကဋ္ဌတာဝန်ယူမည့်အချက်ကို အလေးမထားဟု မမြင်နိုင်ပေ။ မည်သို့ဆိုစေ လာအိုသည် ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းလက်ခံရန် အမျိုးသားအဆင့် ဦးဆောင်ကော်မတီ အစည်းအဝေး နှစ်ကြိမ်ကျင်းပခဲ့ပြီး မကြာသေးမီက ဆေလီယန်ဆေး၏ ဘေဂျင်းခရီးစဉ်အတွင်း ထိုကိစ္စကို ဆွေးနွေးသည်။
စစ်ကောင်စီက ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကို (ကျင်းပနိုင်သလို မကျင်းပဘဲလည်း နေနိုင်သည်) ဆက်လက်လုပ်ဆောင်ပါက စစ်အုပ်ချုပ်ရေးကို ရှောင်လွှဲမရသော အခြေအနေအဖြစ် လက်ခံရန် ဥက္ကဋ္ဌဖြစ်လာသော လာအိုအပေါ် ဖိအားပိုမိုကျရောက်မည် ဖြစ်သည်။ နောက်ထပ်တနှစ် အချိန်ဖြုန်းရန် မဖြစ်နိုင်တော့ပေ။ ၂၀၂၅ ခုနှစ်တွင် မလေးရှားက ဥက္ကဋ္ဌတာဝန်ယူသောအခါ လွန်စွာ အခါနှောင်းနေမည် ဖြစ်သည်။
ထိုကိစ္စကို ဂျကာတာသာမက ကျန်တကမ္ဘာလုံးကလည်း အာရုံစိုက်သင့်သည်။ လာမည့် ရှစ်လတွင် ဘာမှ ဖြစ်မလာပါက အင်ဒိုနီးရှားသည် အာဆီယံကျဆုံးမှုကို ကမကထပြုပြီး လာအိုက ဈာပနအခမ်းအနား စီစဉ်ပေးမည်ဖြစ်သည်။
(The Diplomat ပါ David Hutt ၏ Time Is Running out for Indonesia to Turn the Tide on Myanmar ကို ဘာသာပြန်သည်။ ဒေးဗစ်ဟတ်သည် သတင်းသမားနှင့် ဆောင်းပါးရှင်ဖြစ်သည်။ သူသည် Central European Institute of Asian Studies (CEIAS) မှ သုတေသီ၊ Diplomat တွင် ဆောင်းပါးရှင်နှင့် Asia Times ၏ သတင်းထောက်တဦး ဖြစ်သည်။)
You may also like these stories:
အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ
မြန်မာကို ASEAN မှ ဖဲ့ထုတ်ပစ်ရန် မလေးရှားဝန်ကြီးချုပ် အကြံပြုချက် ခက်ခဲမည်
မြန်မာ စစ်အာဏာသိမ်း တနှစ်ကြာသည်ထိ အာဆီယံ အစွမ်းအစမဲ့နေ
နောက်ထပ်ကွပ်မျက်မှု မလုပ်ရန် မြန်မာကို ASEAN သတိပေး