(၁)
စစ်ပြီးစ ရန်ကုန်ဟာ နေဝင်မီးငြိမ်း အမှောင်ရိပ်ကနေ ရုန်းထွက်စပြုနေပါပြီ။
ရန်ကုန်က အိမ်တွေ တိုက်ခန်းတွေဟာ စစ်အတွင်းတုန်းက အမှောင်အတိ (သို့) ရေနံဆီ မီးခိုးငွေ့ငွေ့နဲ့သာ မှိန်မှိန် လင်းခဲ့တာမို့ စစ်ပြီးတော့ လျှပ်စစ်မီးတွေ တချို့နေရာတွေမှာ လင်းလက်လာပါတယ်။
လမ်းဓာတ်မီးတိုင်တွေလည်း စိုက်ထူစပြုနေပါပြီ။
၁၉၄၆ ခုနှစ်၊ ၁၉၄၇ ခုနှစ်တွေမှာ မြို့တော် လူထုဟာ ငြိမ်းချမ်းရေး ပန်းတိုင်ကို မျှော်မှန်းစ ပြုကြပါတယ်။
ကျမတို့ နေထိုင်ကြတဲ့ ၄၇ လမ်း အထက်လမ်း အပေါ်ဝဲဘက်ခြမ်း တိုက်ခန်းမှာတော့ လျှပ်စစ်မီး မသွယ်ရသေးဘူး။
ဒါပေမယ့် အောက်လင်းဓာတ်မီးနဲ့ လင်းထိန်နေတာဟာ ည သန်းခေါင်ကျော်ကနေ အရုဏ်တက် အထိပါပဲ။ ဒီအချိန်ဟာ ကျမတို့ ဖေဖေ စာရေးတတ်တဲ့ အချိန်ပါပဲ။
ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးမှာတော့ ရှေးစစ်မဖြစ်မီတုန်းကလို ဓာတ်ရထားတွေ မရှိတော့ပါ။ ဗုံးဒဏ်ကြောင့် ရထားလိုင်းတွေလည်း ပျက်စီးကုန်ပြီ ဖြစ်ပါတယ်။
ဘတ်စ်ကားတွေ ဆလွန်းအိုတွေတော့ မြို့တော် လမ်းတွေပေါ်မှာ ပြေးစပြုနေပါပြီ။ လူတွေ အားကျ စီးချင်ပြီး ခေတ်အစားဆုံး ယာဉ်ကတော့ “ဂျစ်ကား” ပါပဲ။
ဒါပေမယ့် ကက်စ်ဘီ ခေတ်ကာလ စစ်အုပ်ချုပ်ရေး ရှိဆဲမို့ သက်ဆိုင်ရာ အာဏာပိုင်နဲ့ နယ်ချဲ့တပ်တွေက အရာထမ်းတွေ သီးသန့် စီးနေတဲ့ ယာဉ်ပါပဲ။
ဆရာ သုခကတောင် “လေဒီဂျစ်” ရယ်လို့ ကာလပေါ် ဝတ္ထုတပုဒ်ရေးရင်း သရော်လှောင်ပြောင်ခဲ့ပါသေးတယ်။
မြို့တော် ခရီးသည်တင် မော်တော်ယာဉ်ပေါင်း ၁၅၅၉ စီးရှိပြီး နေ့စဉ် ၉၀၄ စီးခန့် ပြေးပြီး ၆၅၅ စီးခန့် ရပ်နားထားတယ်လို့ ရန်ကုန်သမိုင်းမှာ မှတ်တမ်းတင်ထားခဲ့ပါတယ်။
သည်မော်တော်ယာဉ်တွေ အားလုံးဟာလည်း စစ်ကျန်ပစ္စည်းတွေဖြစ်ပြီး များသောအားဖြင့် စက်ဟောင်းတွေကို ကားပစ္စည်း အစိတ်အပိုင်း အသစ်တွေနဲ့ ပြန်လည် တပ်ဆင် မွမ်းမံထားခြင်းပဲ ဖြစ်ပါတယ်။
ကားအိမ်တွေကလည်း ရန်ကုန်မြို့မှာပဲ ဆောက်လုပ်ပြီး အဟောင်းတွေကို ပြန်လည် မွမ်းမံထားပေမယ့် မော်တော်ယာဉ် ၈၀၀ လောက်က ခေတ်မီ ဘေးပေါက်တွေနဲ့ ဖြစ်ပြီး ကျန် ၇၀၀ ကျော်ကတော့ နောက်ပေါက်ချည်း သက်သက် ဖြစ်ပါတယ်။
မော်တော်ယာဉ် တော်တော်များများ ခေါင်းတိုတွေ ဖြစ်ကြပြီး တချို့ကတော့ ခေါင်းရှည်နဲ့ ဒေါ့ဂျစ် အမျိုးအစားတွေ ဖြစ်ပါတယ်။
မြို့တော် မော်တော်ယာဉ်ရဲ့ တန်ဖိုးဟာ မော်တော်ယာဉ် စီးရေ ၁၅၅၉ စီး၊ တစီး ပျမ်းမျှတန်ဖိုး ၄၀၀၀ ကျပ်လောက် သတ်မှတ်ကြည့်ရင် သိန်း ၆၀ ကျော် တန်ဖိုးရှိပါတယ်။
မြို့တော် လူဦးရေကလည်း စစ်မဖြစ်မီ အချိန်နဲ့ ယှဉ်ရင် ၂ ဆလောက်များလာတော့ မော်တော်ယာဉ် ခရီးသည်တွေလည်း အဆမတန် များလာပြီး ခရီးသည်ပေါင်း ၂ သိန်း ၅ သောင်းကျော် ရှိပါတယ်။
အဲဒီ ဘတ်စ်ကားကြီးတွေကို ကျမတို့ တက္ကသိုလ် တက်တဲ့အထိ တိုတိုးဝှေ့ဝှေ့ စီးလာကြတာမို့ ဘတ်စ်ကားစီး အတတ် ယဉ်ပါး ကျွမ်းကျင်လာပါတယ်။
၁၉၅၀ ခုနှစ် သည်ဘက်ကျ နဂါးဘတ်စ်ကား (နောင်မှာ အမှတ်ရ) ကျမတို့ စာရေးသူတွေရဲ့ ဝတ္ထု တိုရှည်တွေမှာတောင် ဘတ်စ်ကားပေါ် ရန်ဖြစ်ကြတဲ့ အကြောင်း၊ ဖူးစာဆုံတဲ့ အကြောင်း၊ ဟာသ ဖြစ်ရပ်တွေပါ ရေးဖွဲ့လာကြပါတယ်။
ပုဇွန်တောင်ကနေ ကျမတို့ သူငယ်ချင်း တအုပ် ကားနောက်မြီးကို ယောက်ျားတွေလို ခိုလိုက်ကြလို့
“မေစန်းကွ မေစန်း”
“ကျားခင်စိန်”
အဲဒီလို စတန့် မင်းသမီးကြီးတွေ နာမည်နဲ့ ကာလသားတွေရဲ့ အနောက်အပြောင် ခံရပါတယ်။
အဲဒီတုန်းက လက်ရောက် ကျူးလွန်တတ်ကြတဲ့ မသမာတွေကိုလည်း ကျမတို့က ခုံဖိနပ်တွေနဲ့ တက်နင်းပစ်ခဲ့ကြ၊ တံတောင်နဲ့ တွက်ကြ၊ ကွန်ပါချွန်နဲ့ မတော်တဆ လိုလို ထိုးပစ်ခဲ့ကြတာတွေ လုပ်ကြတော့ တော်ရုံကလည်း သိပ်မစမ်းရဲကြတော့ပါဘူး။
ခပ်စွာစွာ ကျမသူငယ်ချင်းမ တယောက်ကိုတော့ စကြနောက်ကြတဲ့ အလေ့အထအတိုင်း သူ့နောက်ကျောမှာ “ကြောင်ခင်စိန်” လို့ စာရွက်ပေါ်မှာ စာလုံးကြီးကြီးနဲ့ ရေးကပ်ပြီး သူ့ကို “ညောင်” “ညောင်” စကြတာကို သိသွားတဲ့ အနေအထားကြောင့် ကလေးလို ငိုယိုပြီး အိမ်ပြန်ရရှာပါတယ်။
အဲဒီတုန်းက ကျမတို့ဟာ ၁၆ နှစ်၊ ၁၇ နှစ် အရွယ်တွေပဲ ရှိပါသေးတယ်။ စစ်ဘေးဒဏ်ကြောင့် ပညာသင်နှစ်တွေ အချိန်ပုပ်ပြီး ကျမတို့ လူစုသာ အတန်းကျော် တက်ခဲ့ရလို့ ၁၇ နှစ်မှာ ကောလိပ် ရောက်ခဲ့တာ ဖြစ်ပါတယ်။
အမှန်မှာတော့ ကျမတို့ ၄၇ လမ်းအိမ် နေခဲ့စဉ်ကာလမှာ အသက် ၁၂ နှစ်၊ ၁၃ နှစ် အရွယ်မျှသာ ရှိပါသေးတယ်။
၁၉၄၅ ခုနှစ် မေလ ၁ ရက်နေ့မှာ ရန်ကုန်မြို့ကို သိမ်းကြောင်း အသံလွှင့် ကြေညာပြီး ၃ ရက်အကြာမှာ မဟာမိတ် နယ်ချဲ့ တပ်တွေ ရောက်လာကြတော့တာပါပဲ။
မြို့တော်ရဲ့ စစ်ဒဏ်ရာဒဏ်ချက် အပျက်အစီးတွေကို စစ်အုပ်ချုပ်ရေး ကာလအတွင်း ဗိုလ်မှူးကြီး ရင်းနက် (Col. Renneth) ကြီးမှူးတဲ့ ရန်ကုန် မြူနီစပယ် အဖွဲ့က သုတ်သင် ရှင်းလင်းတန်သမျှ သုတ်သင်လို့ အနိဌာရုံ မြင်ကွင်းတွေ အတော်အတန် ကွယ်ပျောက်ပြီး သန့်ရှင်းသွားခဲ့ပါတယ်။
ဒါပေမယ့် ဒါတွေဟာ ဗဟိဒ္ဓအသွင် အပေါ်ယံ အလှသာဖြစ်ပြီး ကျမတို့ကျောင်းသူတွေ ၅ တန်း၊ ၆ တန်း၊ ၇ တန်း အရွယ်တွေ အတွက် အရုပ်ဆိုးစေမယ့် အဖြစ်တွေက လွတ်အောင် မနည်း ရှောင်ကွင်းခဲ့ရပါတယ်။
(၂)
ကပ္ပလီ စစ်သားတွေရဲ့ ရမ်းကားမှုအတွက် လူတွေ ကျီးလန့်စာစား စိတ်ကတထင့်ထင့်နဲ့ နေကြရရှာပါတယ်။
အဲဒီတုန်းက ကျမတို့ မိန်းကလေးအုပ်ဟာ စတော့ဂိတ် (ယခု သိမ်ဖြူလမ်း) ပေါ်မှာရှိတဲ့ ကွန်ဗင့်ကျောင်းခွဲမှာ ကျောင်း ဆက်လက်တက်ကြပါတယ်။
ကျမတို့ ကျောင်းအုပ် မာသာ ဆူပီးရီးယား (မာသာ အက်မာ) က မျက်စိနားကျယ် ဗဟုသုတ ပြည့်ဝသူ ဖြစ်ပါတယ်။ သူ့ရဲ့ ဒု ကျောင်းအုပ် မာသာ မာလကီးယား ကလည်း ကျမရဲ့ ဆရာအရင်း ဖြစ်ပါတယ်။
သူက အိုင်းရစ် လူမျိုးဖြစ်ပြီး ကျမဖေဖေကို စာရေးဆရာမှန်း သိရုံမက ဖေဖေက အိုင်းရစ် မျိုးချစ်ခေါင်းဆောင် ဒီမဲလယားကို စာအုပ်ထဲ ထည့်ရေးဖူးကြောင်း သိရလို့ ကျမကို ပိုပြီး ခင်မင်တွယ်တာပါတယ်။
မာသာ မာလကီးယားက ခေတ်ပေါ် ရီဒါးစ်ဒိုင်ဂျက်၊ တိုင်းမ်၊ နယူးစ်ဝိ တို့ ဖတ်တဲ့အပြင် ပါးလ်ဘတ် နဲ့ ဂျွန်စတင်းဘတ် တို့ရဲ့ စာဖတ် ပရိသတ်လည်း ဖြစ်နေပြန်ပါတယ်။
ကျမ ၇ တန်း ကျောင်းသူဘဝတုန်း ကတည်းက မာသာ မာလကီးယား ညွှန်းလို့ ဂျွန်စတင်းဘတ် ရဲ့ အရှေ့အီဒင်၊ ပါးလ်ဘတ်ရဲ့ “မြေပဒေသာ” ဝတ္ထုကို စတင် ဖတ်ခဲ့မိရပါတယ်။ မြေပဒေသာက ဖတ်ရလွယ်သလောက် အရှေ့အီဒင် ဝတ္ထုကြီးက အဖတ်ရ ခက်ပါတယ်။ မာသာ ကျေးဇူးကြောင့် ကျမ နားလည် လွယ်ခဲ့ပါတယ်။
သူဟာ ဘာသာရေး ကိုင်းရှိုင်းသူ ပီပီ ငြိမ်းချမ်းရေးကို မြတ်နိုးသလောက် စစ်ကို ကြောက်ရွံ့ထိတ်လန့်သူ ဖြစ်ပါတယ်။ ကျမတို့ အိမ်ပြန်တိုင်း –
“မင်းတို့ အိမ်ပြန်ရင် သတိဝီရိယနဲ့ ပြန်နော်၊ ပြီးတော့ တယောက်တည်း မပြန်နဲ့ အုပ်စုဖွဲ့ပြန်”
“ဘာဖြစ်လို့ပါလဲ မာသာ”
“စစ်ရဲ့ ဆိုးကျိုးတွေပေါ့ကွယ်”လို့ ကဗျာဆန်ဆန် အဖြေပေးပါတယ်။
“ကျမတို့ အပြန်မှာ အန္တရာယ်ရှိလို့လား”
“သိပ်ရှိတာပေါ့၊ ကပ္ပလီ စစ်သားတွေ ရမ်းကားနေတယ် ငါကြားတယ်။ ဟိုနေ့တုန်းက ၇ တန်း ကျောင်းသူလေးကို ဆွဲခေါ်သွားလို့ အရပ်က လူကြီးတွေက မနည်းတောင်းပန် ပြန်ခေါ်ရတယ်။ ငွေတွေလည်း စုပေးလိုက်ရတယ်”
“ကျမတို့ အဖွဲ့က လူများပါတယ်”
ကျမတို့ ကျောင်းအပြန်မှာ ဆရာဇဝန သားသမီးတွေ၊ ပန်းချီ ဦးဘကြည်ရဲ့ သမီး ဘေဘီနဲ့ သား ဆန်နီတို့လည်း ပါလာကြတယ်။
ဒါပေမယ့် သူတို့က မူလတန်း ကျောင်းသူကျောင်းသား အရွယ်ပဲ ရှိကြပါသေးတယ်။ ကျမနဲ့ မတိမ်းမယိမ်း ရွယ်တူတွေကတော့ ၄၉ လမ်းမှာ နေတဲ့ ရိုစလင်းစိန် (မြင့်မြင့်စိန် တက္ကသိုလ် နာမည်ကျော် အလှမယ်) ရယ် ၄၇ လမ်းမှာ နေတဲ့ ကျမတို့ ညီအစ်မပါပဲ။
မာသာ မာလကီးယား သတိပေးထားသလို မကြခင်မှာပဲ နေ့လယ် ၂ နာရီလောက် ကျောင်းဆင်းအပြန်မှာ ကျမ သူငယ်ချင်း ရိုစလင်းရယ်၊ ကျမတို့ ညီအစ်မရယ် သိမ်ဖြူလမ်းကနေ အရှေ့ဘက် ၄၉ လမ်း ရှိရာကို လမ်းလျှောက် ပြန်ကြတော့ ဗိုလ်ချုပ်လမ်းဘက်က ပြန်ကြတာပါပဲ။ လူစည်တဲ့ လမ်းမို့ ၄၈ လမ်း မက်သဒစ် ကဖေးဆိုင်မှာ လူအတော် စည်ကားတယ်။
ဆရာ ဗန်းမော်တင်အောင်၊ ဆရာ မြသန်းတင့်တို့ ဦးလေး မြို့မအုန်း (မိုးဝေ စပယ်ဖြူ ကိုသန်းအုန်းတို့ အဖေ) မေမြို့မောင်၊ ဒဂုန်လွန်း၊ စုံထောက်ဝတ္ထု စာရေးဆရာ ဝဇီရာ စတဲ့ ပုဂ္ဂိုလ်တွေလည်း စုဝေးကြတယ်။ အခု ၃၃ လမ်း လေထန်ကုန်းလို ပေါ့။
ကျမတို့ သိမ်ဖြူလမ်းက အချိုး ၄၅ လမ်းပဲ ရောက်သေးတယ်။ ခု “မဟေသီ” တိုက်တည်ရာ လမ်းကြားထိပ်ကနေ ကပ္ပလီ စစ်သား ၂ ဦး ကျမတို့ကို ချောင်းနေဟန် တူပါတယ်။ ဘယ်နေ့တုန်း ကတည်းက ချောင်းနေလည်း မသိဘူး။
ကျမတို့လည်း ၄၅ လမ်းထိပ်လည်း ရောက်ရော ခပ်သွက်သွက်လျှောက်ပြီး လိုက်လာပါရော။ ကျမတို့ နေတဲ့ ၄၇ လမ်း အထိက လူပြတ်တယ်။ ၄၈ လမ်းကျမှ လူစည်တာကိုး။
ကျမတို့လည်း ထိတ်ထိတ်ပြာပြာနဲ့ မတိုင်ပင်ဘဲ ၄၆ လမ်းထိပ်အထိ ထွက်ပြေးလာကြပါတယ်။ သူတို့က ကျမတို့ကို လက်ခုပ်တီးခေါ်ပြီး ချော့ကလက် ထောင်ပြပါတယ်။ မုန့်ပေးမလို့ပေါ့။
ကျမတို့က လုံးဝ မကြည့်ဘဲ အမောတကော ပြေးပါတယ်။ ၁၃ နှစ်အရွယ် ကလေးတွေရဲ့ခြေလှမ်းနဲ့ သူတို့ရဲ့ ခြေလှမ်း ဘယ်တူနိုင်ပါ့မလဲ။ အတော် နီးကပ်လာပါတယ်။ ကျမလည်း အကြံပေါ်ပြီး ၄၇ လမ်းအထိက ပေရှည်နေသေးတာမို့ ၄၆ လမ်းထဲ ကပျာကယာ ပြေးဝင်မိပါတယ်။
တတိယမြောက်အိမ် အောက်ထပ် အခန်းတံခါးကလည်း ပွင့်နေတော့ အဲဒီထဲ ၃ ဦးသား စွပ်ဝင်ပြီး ဧည့်ခန်းမှာ တွေ့တွေ့ချင်း အသက် ၅၀ ဝန်းကျင် လူကြီးတဦးကို –
“ဦး ဦး ကျမတို့ ရေဆာလို့ ရေတိုက်ပါရှင့်”လို့ ပြောသူကပြော
“သမီးက အိမ်သာ ခဏတက်ချင်လို့” ပြောသူက ပြောမိကြပါတယ်။
သဘောကောင်းပုံရတဲ့ လူကြီးက
“လာလေ သမီးတို့ လာကြ”လို့ နွေးနွေးထွေးထွေး ဖိတ်ခေါ်ပါတယ်။
ပြီးတော့ အကင်းပါးပုံရတဲ့ အဲဒီ လူကြီးက
“လာလေ ခဏထိုင်ကြ၊ အမောဖြေကြဦး” အကဲခတ်သလို ကြည့်နေပါတယ်။
ကျမကလည်း မထိုင်သေးဘဲ ဒီလူကြီးရှေ့ လက်ပိုက်ရပ်ပြီး
“ပလိစ် အန်ကယ်လ် ကျမတို့ကို ကူညီပါ၊ ကျမတို့ နောက်က ကပ္ပလီ စစ်သားတွေ လိုက်လာလို့ အန်ကယ်လ်ဆီ ဝင်လာတာ”
လူကြီးက တောက်တချက်ခေါက်ပြီး “ဟယ် အယုတ်တမာတွေ”
လူကြီးရဲ့ ရုပ်ရည်က ချောပြီး မွန်မွန်ရည်ရည်နဲ့ မင်းသားကြီး ဇော်လွင် နဲ့ တူပါတယ်။
ဒါပေမယ့် ကျမတို့ ရုပ်ရှင်ရိုက်တာ မဟုတ်လို့ အသည်းထိတ် ရင်ဖို အသက်ဘယ်က ရှုရမှန်းမသိအောင် ဖြစ်ခဲ့ရပါတယ်။
လူကြီးက ကျမတို့ကို အိမ်ထဲသွင်းထားပြီး သူက အဝတ်ရိုက်တဲ့ တုတ်နဲ့ သူလှမ်းထားတဲ့ စောင်တွေ၊ မွေ့ယာတွေကို အိမ်ရှေ့မှာ တဗုံးဗုံးနဲ့ ရိုက်နေပါလေရော။
ကပ္ပလီ စစ်သားတွေကလည်း ကျမတို့နားခိုတဲ့ အိမ်ရှေ့နား ခေါက်တုံ့ ခေါက်ပြန်လျှောက် အထဲကို စူးစမ်းသလို ကြည့်ပြီး ပြန်လှည့် ထွက်သွားကြပါတယ်။
အဲဒီ ဦးလေးကြီး ကပ္ပလီတွေ ယောင်လည်လည် လုပ်နေကတည်းက သူ့ ဟိုဘက်ခန်းက လူတွေကို –
“ဖိုးဇော်တို့ ဖိုးကိုတို့ ထွက်ခဲ့ကြဟေ့၊ ဓားတွေ ယူခဲ့ကြ မြက်ရှင်းရအောင်လို့”
“နေ့လယ်ကြီး ဦးလေးကလည်း”
“ငါ အကြောင်းရှိတယ်ကွ၊ မြက်ရှင်းပြီး မုဒိမ်းကောင်တွေ အသားမြှုပ်ရအောင်လို့”
ကောင်လေးတွေလည်း သဘောပေါက်ပြီး ဓားရှည်တွေနဲ့ ထွက်လာကြပါတယ်။
အဲဒီအချိန်ကျ ကပ္ပလီ စစ်သားတွေလည်း မရှိကြတော့ပါဘူး။
(၃)
ဦးလေးကြီးက ကျမတို့ နာမည်၊ အတန်း၊ နေရပ်နဲ့ မိဘကို မေးပါတယ်။
“ညည်းတို့ မဟာဆွေ သမီးတွေပေါ့၊ ညည်းက ခင်ခင်ဦး၊ ညည်းက ခင်ခင်အေး ဟုတ်လား”
“ဟုတ်ပါတယ် အန်ကယ်လ်”
“ညည်းတို့ ဖေဖေကို ပြောပြလိုက်၊ ဦးဟာ ဆရာကြီး မဟာဆွေကို အင်မတန် လေးစားတဲ့ စာဖတ် ပရိသတ်ပါလို့၊ မင်းတို့ ဖေဖေ ကျေးဇူးကြောင့် ဦးဒီလို ပညာတတ် ကြီးပွား တိုးတက်လာတာ၊ မဟာဆွေ ဇာတ်လိုက်အကြောင်း ဘာသိလဲ”
ကျမတို့ ခေါင်းခါပြတော့
“အရပ် ၅ ပေ ၈ လက်မ အားကစားသမား ဘီအက်စီ ဘွဲ့ရပြီး ဘန်ကောက်လုံချည် ဝတ်တယ်။ ရန်သူကို တော်လှန်ဖို့ လက်ပစ်ဗုံး လုပ်တတ်တယ် ဟုတ်လား။ သူ့သမီးတွေကတော့ကွာ ကြောက်လို့၊ ကပ္ပလီ စစ်သားရန်ကြောက်လို့ ပုန်းလျှိုး ကွယ်လျှိုး ပြေးလာကြတယ်၊ နည်းတဲ့ သတ္တိ မဟုတ်ဘူး”ဒီတော့ ကျမတို့က ရှက်ရှက်နဲ့ ရယ်မောမိကြတယ်။
ဒီလူကြီးက ကျမတို့ကို စေ့စေ့ကြည့်ပြီး
“အလကား စတာပါကွာ၊ မင်းတို့လေးတွေ ဉာဏ်ကောင်းတယ်။ ဒီလိုပဲ အားကြီးတဲ့ ရန်သူကို ရင်ဆိုင် တိုက်လို့မရဘူး၊ ဉာဏ်နဲ့ ယှဉ်ပြိုင်ရမှာပဲ။ ခု မင်းတို့ နိုင်တယ်။ သူတို့ ရှုံးသွားပြီ ဟုတ်လား”
ကျမတို့ ဒီလူကြီးကို ထိုင်ကန်တော့ဖို့ သတိရလာပြီး ကန်တော့ ပြန်ခဲ့ကြပါတယ်။
ကျမတို့ မျက်နှာပေါ်က ချွေးတွေနဲ့ စိုစွတ်နေတုန်းပဲ။ ။
(စာရေး ဆရာမကြီး ခင်ဆွေဦး လွန်ခဲ့သော နှစ် ၂၀ ဝန်းကျင်က ရေးသားခဲ့သည့် ဤဆောင်းပါးကို အလင်္ကာဝတ်ရည် စာပေတိုက်က ၂၀၀၃ ခုနှစ် မေလတွင် ထုတ်ဝေသော “စစ်ကိုင်းသမီး ဒိုင်ယာယီ” စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၉ ခုနှစ် မတ်လ ၂၇ ရက် အသက် ၈၇ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)