သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်အဆင့်မြင့်အရာရှိ ပင်ရှိုဘင်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းတို့က နေပြည်တော်တွင် သွားရောက်တွေ့ဆုံခြင်းသည် မြန်မာ့အရေးလေ့လာသူများအကြား အာရုံစိုက်စရာ ဖြစ်ခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ပင် သည် အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်လည်း တွေ့ဆုံခဲ့သည်။ ပင်၏ ခရီးစဉ်နှင့်ပတ်သက်ပြီး CPC က နှုတ်ပိတ်နေသော်လည်း ဘန်ကမူ လက်ရှိအခြေအနေကိုဆွေးနွေးရန် စစ်ကောင်စီခေါင်းဆောင်များနှင့် ဦးသိန်းစိန်ကို တွေ့ဆုံကြောင်းပြောသည်။ လက်ရှိအကျပ်အတည်းကို ရေရှည်ဖြေရှင်းရန် မြန်မာပြည်သူအများစုထောက်ခံသော စင်ပြိုင်အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် သက်ဆိုင်သူအားလုံး အခန်းကဏ္ဍတခုမှ ပါဝင်ရေး အရေးကြီးကြောင်း သူပြောသည်။
CPC အရာရှိနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းတို့ ဦးသိန်းစိန်တွေ့ဆုံခြင်းသည် မြန်မာအကျပ်အတည်း အဆုံးသတ်ရန် သံတမန်ရေးအားထုတ်မှုများ ရပ်တန့်နေချိန်တွင် ဖြစ်ပေါ်လာသည်။ တရုတ်၏ မြန်မာမှ ပထဝီ နိုင်ငံရေး အကျိုးစီးပွားကြောင့် တရုတ်ကိုယ်စားလှယ်သည် မြန်မာအကျပ်အတည်းဖြေရှင်းရေး နည်းလမ်းရှာရန် သမ္မတဟောင်းနှင့် တွေ့ဆုံခြင်းဖြစ်နိုင်သည်ဟု အများအပြားက ယုံကြည်ကြသည်။
၂၀၁၁ ခုနှစ်တွင် အာဏာရှင်ဟောင်း ဦးသန်းရွှေ အာဏာစွန့်သောအခါ စစ်တပ်ကျောထောက်နောက်ခံ ပြုပါတီမှ သမ္မတ ဖြစ်လာသူ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ကို ပင်နှင့် ဘန်တို့ ဆက်တိုက်တွေ့ဆုံခြင်းသည် ထူးဆန်းနေသည်။ သူ၏ ရာထူးသက်တမ်းအတွင်း သိန်းစိန်သည် မြန်မာကို ကမ္ဘာသို့ တံခါးဖွင့်ပေးခြင်းအတွက် ချီးကျူးခံရသည်။ ၂၀၁၆ ခုနှစ်တွင် သူသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရွေးကောက်ခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သို့ အာဏာလွှဲပေးပြီးနောက် အများအားဖြင့် ပုဂ္ဂလိက ဘဝတွင်သာ နေထိုင်သည်။
ရွေးကောက်ခံ NLD အစိုးရကို ၂၀၂၁ ခုနှစ်တွင် ဖြုတ်ချသောကြောင့် ဖြစ်ပွားနေသည့် မြန်မာအကျပ်အတည်း ပြေလည်ရေး အခြားလမ်းကြောင်းတခုဖြစ်သည်ဟု မြင်သောကြောင့် တရုတ်ကိုယ်စားလှယ်နှင့် ဘန်တို့သည် သမ္မတဟောင်းကို ချဉ်းကပ်ခြင်းဟု လေ့လာသူများက ယူဆသည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စစ်ကောင်စီကို နိုင်ငံတဝှမ်း ခုခံတော်လှန်ကာ အကြမ်းဖက်မှုများဖြစ်ပွားနေပြီး စစ်ကောင်စီသည် ၂ နှစ်ကျော်ကြာသော်လည်း နိုင်ငံကို မထိန်းချုပ်နိုင်ဘဲ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်မှာ နိုင်ငံရေးအကျပ်အတည်းတွင် ပိတ်မိနေသည်။ နိုင်ငံတွင် အကြမ်းဖက်မှုရပ်ရန် သူ့ကိုဖျောင်းဖျသည့် နိုင်ငံတကာ သံတမန်ရေး အားထုတ်မှုများသည် ယနေ့တွင်ပင် ကျဆုံးနေသည်။
“ဒါကြောင့်မို့ တရုတ်နဲ့ဘန်ကီမွန်းက သိန်းစိန်ဘက်ကို လှည့်ပြီး သူက အကျပ်အတည်းကို ဖြေရှင်းပေးဖို့ တခုခုများ လုပ်နိုင်မလား လေ့လာတာ” ဟု နိုင်ငံရေးလေ့လာသူတဦးပြောသည်။
“ပြုပြင်ပြောင်းလဲရေးသမား”
၂၀၂၁ ခုနှစ်တွင် အာဏာရှင်ဟောင်း ဦးသန်းရွှေ အာဏာစွန့်သည့်အခါ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ကို စစ်တပ် ကျောထောက် နောက်ခံပြုပါတီအား ခေါင်းဆောင်ရန်ရွေးချယ်ခဲ့သည်။ စီးပွားရေးဖွင့်ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးခြင်းနှင့် အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးတွင် ပါဝင်စေခြင်းနှင့် အခြားကိစ္စများကြောင့် ဦးသိန်းစိန်ကို “ပြုပြင်ပြောင်းလဲရေးသမား” သို့မဟုတ် “မြန်မာ ဂေါ်ဘာချက်”ဟု ၂၀၁၁-၁၂ ကချီးကျူးကြသည်။ လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD တောင်ပြိုကမ်းပြိုနိုင်ပြီး NLD ကို အာဏာလွှဲပေးရသည့် ဦးသိန်းစိန်အစိုးရ၏ စစ်တပ်အကြီးအကဲဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်က NLD သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းလိမ်သည်ဟုဆိုကာ အာဏာသိမ်းသောအခါ ဦးသိန်းစိန်သည် မည်သည့်မှတ်ချက်မျှမပေးဘဲ သူ ဥက္ကဌ လုပ်ခဲ့သော စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒလန်ဟု စွပ်စွဲကာ ခုခံတော်လှန်ရေးအင်အားစုများ သတ်ပစ်ခဲ့သည့် ပါတီဝင် မိသားစုများအတွက် ငွေလှူသည်။ ထိုသို့ငွေလှူခြင်းနှင့် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး နှုတ်ပိတ်နေခြင်းသည် စစ်အာဏာသိမ်းမှုကို တိတ်တဆိတ် ထောက်ခံနေခြင်းသာဖြစ်သည်။ ရွေးကောက်ပွဲမတိုင်မီ အချိန်အနည်းငယ်အလိုတွင် ဦးသိန်းစိန်နှင့် နီးစပ်သည် ဗိုလ်ချုပ်ဟောင်း အဆင့်မြင့်အရာရှိများက NLD နောက်တကြိမ် ရွေးကောက်ပွဲနိုင်လျှင် သူတို့ ပြန်လာမည်ဟု ကြိမ်းဝါးကြသည်။
လွန်ခဲ့သောနှစ်မှစတင်ပြီး ဦးသိန်းစိန်သည် တော်လှန်ရေးနေ့အခမ်းအနားများကို စိတ်အားထက်သန်စွာတက်ရောက်ပြီး မင်းအောင်လှိုင်နှင့် လက်အောက်ငယ်သားများက ကန်တော့သည်ကို လက်ခံသည်။ နောက်ဆုံးကျင်းပသည့်ပွဲတွင် မင်းအောင်လှိုင်နှင့် လက်အောက်ငယ်သားများ အရိုအသေပေးနေစဉ် ဦးသိန်းစိန် မိန့်ခွန်းပြောသည်။
ထိုအခမ်းအနားများသည် မင်းအောင်လှိုင်သည် သမ္မတဟောင်းအပါအဝင် ဗိုလ်ချုပ်ဟောင်းများ၏ ထောက်ခံမှုရနေဆဲ ဖြစ်ကြောင်း ပြသသည့် အခမ်းအနားများသာဖြစ်ကြောင်း လူအများယူဆသည်။
အကျပ်အတည်းက ထွက်ပေါက်လား
ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ဦးသိန်းစိန်၏ ယခင်နိုင်ငံတကာ ရုပ်ပုံလွှာအပြင် မင်းအောင်လှိုင်နှင့် ဆက်ဆံရေး ကောင်းမွန်ခြင်းတို့ကြောင့် တရုတ်နှင့် အခြားနိုင်ငံများ အထူးသဖြင့် မြန်မာမှ မတည်ငြိမ်မှုကြောင့် ဆိုးရွားစွာ ထိခိုက်သော နိုင်ငံများအတွက် ဦးသိန်းစိန်သည် အကျပ်အတည်းမှ ထွက်ပေါက်ကို ရှာဖွေပေးနိုင်မည့်သူအဖြစ် ဆွဲဆောင်မှု ရှိနေသည်ဟု လေ့လာသူများက ဆိုသည်။
“ဘန်ကီမွန်းအပါအဝင် သူတို့တွေက သိန်းစိန်ဟာ မင်းအောင်လှိုင်ကို မြန်မာအတွက် ထွက်ပေါက်ရှာဖို့ ပြောနိုင်မယ်လို့ သူတို့ထင်နေကြတယ်” ဟု သုတေသီတဦးပြောသည်။
ဦးသိန်းစိန်ကို ကြားဝင်ဆောင်ရွက်ရန်ပြောလျှင်ပင် မည်သို့တုံ့ပြန်မည်ကိုရှင်းရှင်းလင်းလင်းမသိရပေ။ အရေးအကြီးဆုံး အချက်မှာ မင်းအောင်လှိုင်၏တုံ့ပြန်မှုသာဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Ex-Myanmar Leader U Thein Sein’s Meetings With Foreign Dignitaries Raise Eyebrows ကို ဘာသာပြန်သည်။
You may also like these stories:
“စစ်တပ်က ပထမ ခြေလှမ်း စ ရန်” ဘန်ကီမွန်း တိုက်တွန်း
နေပြည်တော်က မင်းအောင်လှိုင်ဘုရား ဘန်ကီမွန်း သွားဖူး
တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့
မြန်မာ စစ်ပွဲနှင့် ပဋိပက္ခများကြား ယူနန်တရုတ်တွေ စီးပွားရေးလုပ်မတဲ့လား
တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း