“မသန်းကြည် မိညိုမြပါ” ဟူသော ယူနီဗာစီတီ မြသန်းကြည်၏ တေးသီချင်း ခေတ်စားစဉ်အခါက ညိုမြ ဟူသော အမည် ပညတ်သည် တခုခုကို အလွန် သဘောကျသော်လည်း မယူချင်ဟန်ပြု၍ မူနေသော သူကို ပြက်ရယ်ပြု၍ ခေါ်သော နာမည် ဖြစ်ခဲ့ပေသည်။
“ဟိုကောင်မ ညိုမြ လုပ်နေတာပါကွာ” ဟူ၍ ပြောလျှင် အဓိပ္ပာယ်ကား ထိုမိန်းကလေးသည် သဘောနှစ်ခြိုက်သော်လည်း မနှစ်ခြိုက်ဟန်ပြု၍ မူနေသည် ဟူသတည်း။
ညိုမြ ၏ အဓိပ္ပာယ် တနည်းကား အသားညိုသော်လည်း မြအဆင်းကဲ့သို့ ရှိသောသူ ဟူ၏။
မသန်းကြည် မိညိုမြပါ ဟူသော သီချင်းသည် ဤအဓိပ္ပာယ်ကို ရည်၍ စပ်ဆိုထားဟန် တူလေသည်။
ထို့ကြောင့် လွန်ခဲ့သော သုံးလေးနှစ် အတွင်းတွင် တက္ကသိုလ် မဂ္ဂဇင်း၊ တက္ကသိုလ် သမဂ္ဂ မဂ္ဂဇင်း၊ ဂန္ထလောက မဂ္ဂဇင်း၊ စာဆိုတော် မဂ္ဂဇင်း တို့တွင် ညိုမြ အမည်ဖြင့် ရေးသော အင်္ဂလိပ်-မြန်မာ ဆောင်းပါးများကို ဖတ်ရှုမိရာ ထိုစာရေးသူသည် ဧကန္တ အသားညိုချော တယောက် ဖြစ်တန်ရာ၏ဟု ကျွန်ုပ်၏ စိတ်၌ မှတ်ထင်မိခဲ့လေသည်။
လူကိုယ်တိုင် တွေ့ဆုံသောအခါ အထင်နဲ့ အမြင် ကွားခြားလျက် အကြည့်ခပ်တန်တန်၊ အညာဆန်ဆန်၊ မျက်လုံးမှေးမှေး၊ ကိုယ်သေးသေးနှင့် မြင်သူတိုင်း မငေးလောက်သောသူ တယောက် ဖြစ်သည်ကို တွေ့ရပေသည်။
ထို့ကြောင့် နာမည်ဝှက်များကို လုံးဝ ပုံ၍ မယုံအပ်ပေ။ ကျွန်ုပ်တို့ မိတ်ဆွေကြီး သိပ္ပံမောင်ဝ သည် အလွန်ဝသောသူ တယောက် မဟုတ်ပေ။ ဇော်ဂျီ ဆိုသူမှာလည်း ဆေးဝါး မန္တရားကို လိုက်စားသူ မဟုတ်ပေ။ မင်းသုဝဏ် ဆိုသူမှာလည်း သုဝဏ ရွှေအဆင်းကဲ့သို့ လွန်စွာ လှပ ချောမွေ့လှသည် မဟုတ်ပေ။
ထို့ကြောင့် ယခု လာမည့် ဥပဒေပြု အစည်းအဝေးတွင် နာမည်ဝှက်များကို အယုံအကြည် မရှိ အဆို တင်သွင်းကြရန် ဥပဒေပြု အမတ်များအား လေးမြတ်စွာ တောင်းပန်လိုက်ပါ၏။
ယခု ခေတ်စမ်း စာရေးဆရာများ အနက် ညိုမြသည် လူတော် တယောက် ဖြစ်ပေသည်။ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာကို ကောင်းစွာ ရေးနိုင်သော ခေတ်စမ်းသမား တယောက်ဖြစ်၏။
အချို့ကား အင်္ဂလိပ်ဘာသာတွင်သာ ကျွမ်းကျင်၍ မြန်မာဘက်တွင် ချို့ငဲ့လှ၏။ အချို့ကား မြန်မာဘက်တွင် သန်၍ အင်္ဂလိပ်ဘက်တွင် မနိုင်နင်း။ ညိုမြကား စွယ်စုံတဦး ဖြစ်ပေသည်။
ကျွန်ုပ်၏ သဘောအရ အင်္ဂလိပ်စာ အရေးသားကို နှစ်မျိုး ခွဲခြားနိုင်လေသည်။ တမျိုးကား ခပ်တည်တည်၊ ခပ်ခံ့ခံ့၊ စကားလုံး ပြောင်ပြောင်နှင့် ရေးသော တမျိုးဖြစ်၍ အခြားတမျိုးကား ထက်မြက်ခြင်းကိုပြသည့် ခေတ်ဆန်ဆန် ပေါ်ကြော့ စကားမျိုးဖြင့်သာ ရေးသော စာမျိုး ဖြစ်၏။ ညိုမြကား ဒုတိယမျိုးတွင် စွမ်း၏။
ထိုစာမျိုးကား မပင်မပန်းဘဲ၊ စိတ်ကူးရတိုင်း ခပ်သွက်သွက် ရေးနိုင်သော စာမျိုး ဖြစ်၏။
မြန်မာပြည်တွင် ရာဇဝတ်ဝန် အလုပ်ဖြင့် နှစ်အနည်းငယ် အမှုထမ်းပြီးနောက် လူမမာ ပင်စင်ယူသော “အီရစ်ဘလဲယား” ဆိုသူသည် “ဂျော့ချ်အော်ဝဲလ်” ကလောင်အမည်ဖြင့် အင်္ဂလန်ပြည်၌ စာအုပ် ၆ အုပ် ရေးပြီးလေပြီ၊ သူရေးပုံမှာ အလွန်ခေတ်ဆန်၍ ဟာသဂုဏ် မြောက်သည်သာ များ၏။
ညိုမြလည်း “ဂျော့ချ်အော်ဝဲလ်” ၏ နည်းကို အတုခိုးလေသလား မသိ။ ၎င်း၏ စာများကို ဖတ်မိတိုင်း “ဂျော့ချ်အော်ဝဲလ်” ကို ပြေး၍ သတိရမိတော့သည်။
ညိုမြသည် မိန်းမနှင့် ပတ်သက်၍လည်း စိတ်ညွှတ်ဟန် ရှိသည်။ အသေအချာတော့ မသိရ။ သူ၏ ဆောင်းပါးများတွင် မိန်းမနှင့် စပ်လျဉ်း၍ မသင်္ကာဖွယ်ရာများကို တခါတရံ တွေ့ရဖူးသည်။
စာရေးသူ၏ ဝိညာဉ်စိတ်သည် စာရေးရာ၌ ပေါ်လွင်လျက် ရှိတတ်၏။ ဥပမာ အလှအပကို ကြိုက်သောသူသည် မိမိ၏ စာ၌ အလှအပများကို ပေါ်လွင်အောင် ရေးစွမ်းနိုင်၏။ လွမ်းတတ်ဆွေးတတ်သော သူတို့သည် ၎င်းတို့၏စာ၌ အလွမ်းအဆွေးများ ပွေလျက် ရှိတတ်ပေသည်။
အရေးပိုင်ဟောင်း “မောရစ်ကောလစ်” ၏ နေဝင်ဘုရင်ကို ဖတ်မိလျှင် ၎င်းသူသည် “မ” ဘက်တွင် စိတ်သန်ကြောင်း တွေ့ရပေလိမှ့်မည်။
ညိုမြလည်း “မောရစ်ကောလစ်” နှင့် ဤဝိသေသ၌ တူညီကောင်း တူညီပေလိမ့်မည်။ သူရေးသော “နမ်းကြာညို” ကို ကြည့်။
ညိုမြသည် စကားနည်း၏။ သူ၏ ဆောင်းပါးများကို ဖတ်ပြီးလျှင် ၎င်းတို့ကို ထိုလောက် နှုတ်နည်းသူ တယောက် ရေးတာ ဟုတ်ပါလေစဟု သံသယ ဖြစ်မိသည်။
သို့ရာတွင် များစွာသော စာရေးဆရာမော်၊ စာရေးဆရာကျော် တို့သည် နှုတ်နည်းကြသည်ကို သတိပြုသင့်၏။
သူရိယ အယ်ဒီတာ ဦးဘကလေးသည် အလွန် နှုတ်နည်းသူ ဖြစ်ပေသည်။ တက္ကသိုလ် ကထိက ဒေါက်တာ ထင်အောင်သည်လည်း အလွတ်တွင် စကားများစွာ မပြောလှ။
အလွန်နာမည်ကျော်သော အင်္ဂလိပ် သတင်းစာ ဆရာကြီး စီပီစကော့ သည်လည်း နှုတ်နည်းသည်ဟု ဖတ်ရဖူးသည်။
ထို့ကြောင့် စကားနည်းသဖြင့် ညိုမြအား အဘယ့်ကြောင့် သတင်းစာ ဆရာကြီး တဦး မဖြစ်နိုင်ဟု ပြောနိုင်ပါအံ့နည်း။ ဘိလပ်က ပြန်လာလျှင် အာသွက် လျှာသွက် ရှိပါမူ သာ၍ ကောင်းလေစွ။
သတင်းစာ လုပ်ငန်းအတွက် မြန်မာနိုင်ငံမှ အင်္ဂလန် နိုင်ငံသို့ ပထမ စေလွှတ်ခြင်း ခံရသူသည် ညိုမြ ဖြစ်ပေသည်။ လန်ဒန် တက္ကသိုလ် ကင်းကောလိပ် ကျောင်းတွင် သတင်းစာ လုပ်ငန်းနှင့် ပြန်ကြားရေး လုပ်ငန်းများကို ၂ နှစ်တိုင်တိုင် ဆည်းပူးရမည် ဖြစ်၏။
ထိုကျောင်းတွင် သင်ကြားရမည့် ပညာရပ်များမှာ မည်ကဲ့သို့သော ပညာရပ်များဟု အတိအကျ မသိရသေးသော်လည်း ညိုမြသည် သွားရကျိုး နပ်လိမ့်မည်ဟု မျှော်လင့်ရပေသည်။
မြန်မာနိုင်ငံထုတ် သတင်းစာများသည် အဘက်ဘက်၌ ချို့ယွင်းလျက် ရှိကြရာ အမြင်ကျယ်ကျယ်နှင့် ခေတ်မီသော သတင်းစာကောင်းများကို လိုအပ်လှပေသည်။
အထူးသဖြင့် မြန်မာပိုင် အင်္ဂလိပ် သတင်းစာဆို၍ ယခုအခါ၌ နယူးဘားမား တစောင်သာလျှင် ရှိရာ ထိုသတင်းစာမှာလည်း ပြုပြင်ရန် များစွာ လိုသေးသည်ကို ဂရုပြုသူတိုင်း သိကြပေမည်။
ညိုမြ ဘိလပ်က ပြန်လာလျှင် မြန်မာပိုင် အင်္ဂလိပ် သတင်းစာကြီး တစောင်ကို ဝေဝေဆာဆာ၊ သိုက်သိုက်မြိုက်မြိုက်၊ တခမ်းတနား ထုတ်နိုင်ရန် ဆုတောင်းပါ၏။ ဤကား ညိုမြ အတွက် ကျွန်ုပ်တို့ အားတက်မိခြင်းတည်း။
ကျွန်ုပ်တို့ အားကိုးသကဲ့သို့ ညိုမြကလည်း မိမိပညာ သင်ကြားရသော ၂ နှစ်အတွင်း အပျော်အပါး လိုက်စားခြင်း၊ ပျင်းရိခြင်း စသည့် အပြစ်တို့ကို ဝေးဝေးက ရှောင်ကြဉ်၍ အမိမြန်မာပြည်ကြီး အတွက် သတင်းစာ လုပ်ငန်းဖြင့် တွင်တွင်ကြီး အမှုတော် ထမ်းလိုက်မည် ဟူသော စိတ်ကို မွေးဖြူနိုင်ပါစေ သတည်း။
ပျင်းရိခြင်းသည် ညိုမြ၏ ဝေဒနာကြီး တခု ဖြစ်ပေသည်။ နံနက် ၈ နာရီလောက် အိပ်ရာမှ နိုးလျှင် စောသေးသည်ဟု ပြန်အိပ်တတ်၏။
များမကြာမီက လက်ရေးတို ပညာကို ကုလားဆရာ တဦးထံတွင် သင်ယူလျက် ရှိရာ မိမိသွားလိုသော အချိန်တွင် သွား၍ ပြန်လိုသော အချိန် ပြန်လေ့ရှိ၏။
တခါသော် ပျင်းရိသော ဝေဒနာ စွဲကပ်သဖြင့် လေးငါးရက် မသွားဘဲနေပြီးနောက် ဆရာနှင့်တွေ့ရာ၊ ဆရာက ညိုမြ ဘာကြောင့် စာလာမသင်သနည်းဟု မေးသော် ညိုမြလည်း အမှတ်တမဲ့ ဝမ်းဖောနေ၍ပါဟု မုသား ဆိုလိုက်၏။
ညိုမြ ဒီဝေဒနာကို ဘိလပ်မှာ ပျောက်အောင် ကုနော်…။ ။
(ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ရေးသားသည့် အိုးဝေ ဦးညိုမြ အကြောင်း ဤဆောင်းပါးကို ယောမင်းကြီး စာပေတိုက်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေသော “ရေးသူ ဖတ်သူ (The Literator) စာဆောင် အမှတ် (၄)” မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် အသက် ၆၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။ သတင်းစာ ဆရာကြီး အိုးဝေ ဦးညိုမြ သည်လည်း ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက် အသက် ၇၁ နှစ် အရွယ်တွင် ကွယ်လွန်သွားပါသည်။)