လွန်ခဲ့သော ၂ နှစ်အတွင်း တပ်တော်ရက္ခိုင့် (AA) သည် ရခိုင်ပြည်နယ်ကို ထိန်းချုပ်မှု ကျယ်ပြန့်နက်ရှိုင်းစေရန် လုပ်ဆောင်ခဲ့သည်။
အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသော မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်သည် တနိုင်ငံလုံးတွင် ပြည်တွင်းစစ် အရှိန်မြင့်မားနေသော်လည်း အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်များအနက် တခုဖြစ်သော တပ်တော်ရက္ခိုင့် (AA) ၏ လက်တွေ့ထိန်းချုပ်မှုအောက်တွင် နှိုင်းယှဉ်ချက်အားဖြင့် တည်ငြိမ်နေသည်။
ရက္ခိုင်ပြည်သူများအတွက် ပိုမိုကြီးမားသည် ကိုယ်ပိုင်အုပ်ချုပ်ရေး နိုင်ငံရေး ရည်မှန်းချက်ဖြင့် ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် AA တွင် လက်နက်ကိုင်အင်အား ၃ သောင်းနှင့် ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်များနှင့် နိုင်ငံအနှံ့အပြားတွင် တိုင်းရင်းသားမဟာမိတ်များနှင့် ခုခံတော်လှန်ရေး အင်အားစုကို ထောက်ကူနေသည့် အင်အား ၆ ထောင်ခန့်ရှိသည်။
၂၀၁၅ ခုနှစ် မြန်မာနိုင်ငံအနောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲများစတင်ပြီးနောက် AA သည် ၂၀၂၀ အာရကန်အိပ်မက် ကတိကဝတ်ဖြင့် ရခိုင်ပြည်သူများ၏ ထောက်ခံမှုရရန် အစီအစဉ်ကို ချမှတ်ခဲ့သည်။ ထိုအိပ်မက် တစိတ်တပိုင်းအဖြစ် AA သည် ၂၀၂၀ ခုနှစ် နှစ်ကုန်တွင် ရခိုင်ပြည်တွင် ခိုင်မာသော စစ်အခြေစိုက်စခန်းနှင့် သီးခြားအုပ်ချုပ်ရေးကို ထူထောင်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ၆ လ ကြာပြီးနောက် AA သည် ပြည်နယ်၏ ၃ ပုံတပုံကို လက်တွေ့ထိန်းချုပ်ထား သည်ဟု ပြောသည်။
၂၀၂၂ ခုနှစ် သြဂုတ်လတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသော်လည်း AA သည် နိုဝင်ဘာလ နှောင်းပိုင်းတွင် ယာယီအပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့သည်။ ထိုသဘောတူညီချက်သည် စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ရသူများအတွက် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများက အကူအညီများ ပေးပို့ နိုင်ရန် ရည်ရွယ်သည်။ AA သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီတွင် အလွတ်သဘော အပစ်အခတ်ရပ်စဲရေးဖြင့် အဆုံးသတ်ခဲ့သည်။
လတ်တလော အပစ်အခတ်ရပ်စဲရေး ရှိသော်လည်း မြန်မာစစ်တပ်သည် နောက်တကြိမ် တိုက်ခိုက်ရန် ပြင်ဆင်နေပြီး မြန်မာနိုင်ငံအနောက်ပိုင်းမှ ၎င်းတို့တပ်များကို အင်အားဖြည့်တင်းကာ ရေရှည်အတွက် ရိက္ခာသိုလှောင်နေသည်။ AA ကလည်း ရခိုင်ပြည်နယ်တွင် မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိရေးဆိုသည့် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖေါ် နေသည်။ စစ်ကောင်စီက အာဏာချုပ်ကိုင်ထားသမျှ ကာလပတ်လုံး AA သည် ထိုနိုင်ငံရေး ရည်မှန်းချက် အောင်မြင်မည် မဟုတ်ကြောင်း လေ့လာသူအများအပြားက ယူဆသည်။ တရုတ်နှင့် အိန္ဒိယတို့က စီမံကိန်းကြီးများ အကောင်အထည် ဖေါ်နေသည့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီသည် ပိုမိုကြီးမားသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးမည် မဟုတ်ကြောင်း ထင်ရှားသည်။
ထို့အပြင် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အာဏာရလာလျှင်လည်း AA ကတောင်းဆိုနေသည့် ဒေသဆိုင်ရာအာဏာခွဲဝေမှုထက် အဆင့်နိမ့်သည့် ၎င်းတို့၏ ဖက်ဒရယ် ပဋိညာဉ်ကိုသာ အကောင်အထည်ဖေါ်မည့် သဘောရှိသည်။ ထို့အပြင် AA ကို စစ်ရေးနှင့် နိုင်ငံရေးအာဏာအများအပြား ပေးအပ်ခြင်းသည် ကရင်အမျိုးသားအစည်းအရုံးနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်ကဲ့သို့ အခြားအင်အားကြီးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက အလားတူတောင်းဆိုမှုများ ဖြစ်စေမည် သို့မဟုတ် နိုင်ငံကို ဘော်လ်ကန်ဒေသကဲ့သို့ အစိတ်စိတ်အမွှာမွှာဖြစ်စေမည်ကို NUG က စိုးရိမ်ကောင်း စိုးရိမ်နိုင်သည်။ အာဏာသိမ်းပြီး NUG နှင့် AA အကြားဆက်ဆံရေးသည် အေးစက်စက်ဖြစ်လာပြီး တနှစ်ကြာသောအခါ ဆက်ဆံရေးတိုးတက်လာပုံရသည်။ တော်လှန်ရေးအောင်နိုင်သည်အထိ တိုက်ရန်နှင့် တဘက်နှင့်တဘက် ထောက်ခံရန် အပါအဝင် ၎င်းတို့အကြား အလွတ်သဘော သဘောတူညီမှု ရယူထားသည်ဟု ယူဆရသည်။
အာဏာသိမ်းပြီး ၆ လကြာသောအခါ ၂၀၂၁ ခုနှစ်သြဂုတ်လတွင် AA ခေါင်းဆောင် ထွန်းမြတ်နိုင်က အာရကန် အိပ်မက်ကို အကောင်အထည်ဖေါ်ရာတွင် အပေးအယူလုပ်မည်မဟုတ်ကြောင်း ပြောသည်။ ရခိုင်ပြည်သူများအတွက် တခုတည်းသော ရွေးချယ်စရာမှာ ကွန်ဖက်ဒရေးရှင်း ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ဧရာဝတီသတင်းဌာနသို့ သူပြောကြားခဲ့ဖူးသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မကြာမီတွင် AA သည် ၎င်း၏နိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်ရေး ပြင်ဆင်သည့်အနေဖြင့် အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် အသစ်ပေါ်ပေါက်လာသည့် ခုခံတော်လှန်ရေးအုပ်စုများနှင့်အတူ စစ်ကောင်စီတပ်များကို ဘုံရန်သူအဖြစ် တိုက်ခိုက်ရန် အခွင့်အလမ်းအဖြစ် သေနင်္ဂဗျူဟာကျကျ အသုံးချသည်။ စစ်ကောင်စီ အောက်တွင် ရခိုင်ပြည်သူများအတွက် ၎င်း၏ ရည်မှန်းချက် အောင်မြင်မည် မဟုတ်ကြောင်း AA က သဘောပေါက်ထားပုံရသည်။
၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သော AA ထူထောင်သည့် ၁၄ နှစ်ပြည့်အခမ်းအနားသို့ NUG အပါအဝင် စစ်ကောင်စီဆန့်ကျင်ရေး ခုခံတော်လှန်ရေးအင်အားစုများက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ကြသည်။ ထိုသဝဏ်လွှာများတွင် စစ်ကောင်စီက နိုင်ငံကို ထိန်းချုပ်မှု ဆုံးရှုံးသည်အထိ တိုက်ခိုက်ရေး ဘုံကတိကဝတ်ကို ယေဘုယျအားဖြင့် အလေးထားပြီး ခုခံတော်လှန်ရေးအင်အားစု အများစုက AA ၏ နိုင်ငံရေး ရည်မှန်းချက်ကို ထောက်ခံသည်ဟု ယူဆရသည်။
ထိုသဝဏ်လွှာများမှတဆင့် AA သည် ရှင်းလင်းပြတ်သားသော သေနင်္ဂဗျူဟာ ၂ ခုကို ဖေါ်ပြသည်။ ပထမတခုမှာ ရန်သူစစ်ကောင်စီကို စစ်ရေးအရဖြစ်စေ အကြမ်းမဖက်သောနည်းဖြင့်ဖြစ်စေ အင်အားချည့်နဲ့အောင် လုပ်ရေးနှင့် ခြိမ်းခြောက်ရေးဖြစ်သည်။ ဒုတိယ သေနင်္ဂဗျူဟာမှာ ရခိုင်ပြည်နယ်အတွက် ပိုမိုကျယ်ပြန့်ကြီးမားသည့် နိုင်ငံရေးနှင့် သေနင်္ဂဗျူဟာကျသည့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ထောက်ခံမှု ရရှိရေးဖြစ်သည်။ စစ်ကောင်စီကို တိုက်ခိုက်နေသည့် အခြားအင်အားစုများထောက်ခံမှု ရရှိရေး AA သည် အင်အားစု အနည်းဆုံး ၁၅ ခုကို လက်နက် သို့မဟုတ် စစ်သင်တန်း ထောက်ပံ့ပေးပြီး ထိုအင်အားစုများသည် ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ရှိနေပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည်။ ထိုပထဝီ သေနင်္ဂဗျူဟာကို အကောင်အထည်ဖေါ်နေသည့် တချိန်တည်းတွင် AA သည် ရခိုင်ပြည်နယ်တွင် သီးခြား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးထူထောင် ခြင်းကို အရှိန်မြှင့်တင်ပြီး စစ်ကောင်စီခေါင်းဆောင်မှုကို အပြင်းအထန် ခြိမ်းခြောက်နေပုံရသည်။
သို့သော် ရှေ့တွင် အရေးအကြီးဆုံး အချိန်တခု ရှိနေသည်။ ကွန်ဖက်ဒရေးရှင်း အိပ်မက်အောင်မြင်ရေး သည် AA ၏ စစ်အင်အားတည်ဆောက်မှု အပေါ်တွင်သာမက AA ၏ ထောက်ခံမှုရနေသည့် ခုခံတော်လှန်ရေးအင်အားစုများ အပေါ်တွင်လည်း မူတည်နေသည်။ ထိုအင်အားစုများသည် စစ်ကောင်စီတပ်များကို အောင်မြင်စွာ စိန်ခေါ်နိုင်ရေး စစ်လက်နက်ပစ္စည်း ကိရိယာများနှင့် ဖွဲ့စည်း တည်ဆောက်နိုင်သည့် စွမ်းရည် လိုအပ်နေဆဲဖြစ်သည်။ NUG အနေဖြင့်လည်း ထိုအင်အားစုများ အပေါ် မည်မျှ ထိန်းချုပ်နိုင်သည်ဆိုသည့် မေးခွန်းရှိနေသည်။ ထိုအင်အားစုများသည် AA နှင့်နီးကပ်သောဆက်ဆံရေး ရှိသောကြောင့် မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ပုံစံနှင့် ပတ်သက်သည့် ထူးခြားသော ရည်မှန်းချက် သို့မဟုတ် လုပ်ပိုင်ခွင့် နည်းသော NUG ၏ ရည်မှန်းချက်ထက် AA က ပုံဖေါ်လိုသည့် ကွန်ဖက်ဒရေးရှင်းပုံစံမျိုးသို့ ပိုမိုယိမ်းယိုင်သည့် ရည်မှန်းချက် ရှိနိုင်သည်ဟု အဓိပ္ပါယ် သက်ရောက်သည်။
သို့သော် ထိုကိစ္စများသည် အနာဂတ်ကိစ္စများသာဖြစ်သည်။ လတ်တလောတွင် AA နှင့် NUG ဘုံရန်သူ စစ်ကောင်စီကို ချေမှုန်းနိုင်သည်အထိ တိုက်ခိုက်ရမည်ဖြစ်ပြီး ထိုအနာဂတ်စိန်ခေါ်မှုများကို နောက်တန်းသို့ ပို့ထားရမည်ဖြစ်သည်။
(The Diplomat ပါ Kyaw Hsan Hlaing ၏ How the Arakan Army Has Capitalized on Myanmar’s Coup ကို ဘာသာပြန်သည်။ ကျော်ဆန်းလှိုင်သည် လွတ်လပ်သော သတင်းစာဆရာတဦး ဖြစ်သည်။)
You may also like these stories:
AA နှင့် ပတ်သက်၍ ဆိုကာ ဖမ်းထားသည့် အရပ်သား ၁၀၀ ကျော်အမှု ကြန့်ကြာနေ
ရခိုင်ပြည်နယ်ထဲ ခြေလှမ်းစိပ်နေတဲ့ အာဏာသိမ်းခေါင်းဆောင်
မြန်မာစစ်တပ်နှင့် “ယူနီဖိုင်း” ပြဿနာ
ဒိုင်ယာလော့၊ ဂိမ်းအိုဗာနှင့် နယူးအက်တာများ
အာဏာသိမ်း ၂ နှစ်တာ ကာလ ရခိုင့်နိုင်ငံရေး
ရှမ်းနှင့်ရခိုင်မှ အချိန်မရွေးပေါက်ကွဲနိုင်သည့် “လက်နက်အသင့်ငြိမ်းချမ်းရေး”