ဧရာဝတီတိုင်းကနေ ရေကြည်ရာ မြက်နုရာ ရှာရင်း ရန်ကုန်ကို ပြောင်းကာ လှိုင်သာယာက အထည်ချုပ်စက်ရုံမှာ အလုပ် ဝင် နေတဲ့ မသူဇာ(အမည်လွှဲ)တို့ မိသားစုဟာ စစ်တပ်အာဏာမသိမ်းခင်အထိတော့ အတော်လေး ချောင်လည်ခဲ့ပေမယ့် အခုတော့ တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် ဆန်ကွဲသာသာ ဆန်ကို ဆင်းသွယ်လတ်နဲ့ ရောကာစားရင်း ဝမ်းရေး ကို ဖြေရှင်းနေရပါတယ်။
လုပ်သက် ၉ နှစ်ဝန်းကျင်ရှိတဲ့ မသူဇာဟာ ကျွမ်းကျင်စက်ချုပ် ဝန်ထမ်းတဦးဖြစ်ပြီး မိဘ၂ပါးနဲ့ ကလေး ၂ ဦး အပါအဝင် မိသားစု ၆ ဦး ရှိကာ အာဏာမသိမ်းခင်ကတော့ ဝင်ငွေနဲ့ထွက်ငွေမျှအောင် စားသောက်နိုင်တဲ့အပြင် အလှူအတန်းလည်း လုပ်နိုင်ခဲ့တာပါ။
“အရင်က အမျိုးသားကလည်း ဆောက်လုပ်ရေးမှာ နေ့စားအလုပ်ရှိတော့ သူ့ဝင်ငွေရော ကျမဝင်ငွေရောဆိုတော့ နေဖို့၊ စားဖို့မပူရဘူး။ လကုန်ရင် အဝတ်အစားလေးဘာလေး ဝယ်နိုင်တယ်ပေါ့။ အခုတော့ တလလုံးနေလို့ အသားဟင်း တနပ် ပါဖို့တောင် မနည်းပဲ၊ ဟိုအရင်က အိမ်မှာ ကြက်ကျွေးတဲ့ ဆန်ပေါ့။ ဒါတောင် ၁ ပြည်ကို ၂၈၀၀ ကျပ် ပေးရတယ်။ ရှက်လဲ မရှက်နိုင်တော့ပါဘူး။ ကျမတို့တော့ အဲ့ကြက်စာဆန်နဲ့ အတန်အသင့် ၁ ပြည် ၃၀၀၀ ကျော်တန်ဆန်နဲ့ ရောစားနေရတာပဲ” လို့သူက ဆိုပါတယ်။
အမျိုးသားက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ နေ့စားလက်သမားဖြစ်ပြီး နောက်ပိုင်း လုပ်ငန်းသုံးစရိတ်တွေ မြင့်လာတာ ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားကုန်ကြတဲ့အခါ အလုပ်လက်မဲ့ဖြစ်နေသူပါ။
“အရင် ဆောက်လုပ်ရေး အလုပ်တခုပြတ်လို့ အလုပ်မရှိရင် လှိုင်သာယာ ၁ ထိပ်မှာ ကားဂိတ်မှာ သွားစောင့်နေ ဖောကား ကြီးတွေနဲ့လာခေါ်တာပဲ။ အခုတော့ ဆောက်လုပ်ရေးတွေလည်း နားကြတယ်။ ခေါ်မယ့်သူမရှိလို့ အမျိုးသားလည်း နယ်မှာ ဆိုဖာခုံတွေ လုပ်တာ တနေ့ ၉ ထောင်ရမယ်ဆိုလို လိုက်သွားတယ်။ အဆင်ပြေ မပြေတော့မသိသေးဘူး”လို့ သူက ဆက်ပြောပါတယ်။
အာဏာမသိမ်းခင်က ဝင်ငွေအတန်အသင့် စုမိဆောင်းမိရှိတာကြောင့် လှိုင်သာယာ ကျူးကျော်ရပ်ကွက်တခုမှာ အိမ်လေး ဆောက်နေခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ကျူးရှင်းလင်းရေးမှာ မသူဇာတို့ အိမ်လေးလည်း ပါ သွားခဲ့ တဲ့အတွက် မိသားစုလိုက် အဆောင်ငှားနေခဲ့ရတာပါ၊ ဒါပေမယ့် အလုပ်အကိုင်မကောင်းတော့ အိမ်လစာ၊ ရေဖိုး၊ မီးဖိုး၊ ကလေးကျောင်းစရိတ်နဲ့ပဲ ဝင်ငွေ ထွက်ငွေမမျှ လုံးချာလည်ရင်း ဒုက္ခပင်လယ်ဝေနေရပါတော့တယ်။
အလုပ်သမားတယောက်ရဲ့ လုပ်အားခ တနေ့ ၄၈၀၀ ကျပ်ဆိုတာ ဒီနေ့မှာတော့ ဆန် ၁ ပြည်သာသာ ရှိတဲ့ အခြေအနေပါ။ အခြေခံလုပ်သားတွေ အများစု အားထားနေရတဲ့ စားအုန်းဆီဟာလည်း အာဏာမသိမ်းခင်က တပိဿာ ကျပ်၂၀၀၀ လေက်ကနေ အခုအချိန်မှာတော့ တပိဿာ ကျပ် ၇၀၀၀ ဝန်းကျင် ဖြစ်နေပါပြီ။
တနေ့တခြား မိုးထိအောင်လှေကားထောင်လာတဲ့ ကုန်ဈေးနှုန်းက တနေ့ ၄၈၀၀ကျပ်ရတဲ့ မသူဇာတို့လို အခြေခံလက်လုပ် လက်စား အထည်ချုပ်သမားတွေ အတွက်တော့ ဘယ်လိုမှ မလောက်ငပေမယ့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာ ရယ် အလုပ်သမားအခွင့်အရေး တောင်းဆိုခွင့် မရှိတာတွေရယ်ကြောင့် လုပ်ခလစာတိုးတောင်းဖို့ဆိုတဲ့ အသံတွေဟာ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဆိတ်သုဉ်းလို့ နေပါတယ်။
စစ်အစိုးရအဆက်ဆက် အလုပ်သမား အခွင့်အရေးတွေ ပျောက်ဆုံးခဲ့ရသလို ၂၀၂၁ ခုနှစ် တကျော့ပြန် စစ်တပ် အာဏာ သိမ်းမှု အကျိုးဆက်ကြောင့်လည်း အခုချိန်မှာ အလုပ်သမားတွေရဲ့ အခွင့်အရေး ဆုံးရှုံးမှုတွေက အဆိုးရွားဆုံး အခြေအနေ တခုကို ရောက်နေတယ်လို့ ဆိုရမှာပါ။
၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ရဲ့ ကမာ္ဘလုံးဆိုင်ရာ အလုပ်သမားအခွင့်အရေး အညွှန်းကိန်းမှာ မြန်မာနိုင်ငံက အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ ကမာ္ဘ့အဆိုးဆုံး ၁ဝ နိုင်ငံစာရင်းထဲမှာ ပါဝင် နေပါတယ်။
လုပ်ခလစာချိုးဖောက်ခံရတာ၊ အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်တာ၊ လစာပုံမှန်မရတာ၊ အလုပ်ထုတ်ခံရပြီးနောက် လျော် ကြေးမရတာ၊ အချိန်ပို အဓမ္မခိုင်းစေတာတွေအပြင် လူမှုဖူလုံရေးခံစားခွင့်တွေပါ ပျောက်ဆုံးလို့ နေပါတယ်။
တဖက်မှာလည်း နွေဦးတော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်ခဲ့ ပါဝင်နေကြတဲ့ အလုပ်သမားအဖွဲ့အစည်းတွေ၊ သမဂ္ဂတွေကိုလည်း အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်အဖွဲ့တွေရယ်လို့ ကြေညာသလို အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေကိုလည်း ၅၀၅ ကနဲ့ တရားစွဲထောင်ချတာတွေနဲ့ လိုက်လံဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ဒီလို အလုပ်သမား အခွင့်အရေးကို မားမားမတ်မတ် လိုက်ပါဆောင်ရွက်ပေးမယ့် အလုပ်သမားသမဂ္ဂတွေ မရှိတော့တာ ကြောင့် အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အလုပ်သမားတွေရဲ့အသံက ပျောက်ကွယ်လို့ နေတာပဲဖြစ်ပါတယ်။
မသူဇာက “အရင်ကဆိုရင် ကိုယ်မကြိုက်တာကို မကြိုက်ဘူး ပြောလို့ရတယ်။ လုပ်အားခလည်း တန်းတူရတယ်။ နှစ်ဦး နှစ်ဖက် ဥဒေတွေလဲ ညီမျှတယ်။ အလုပ်ရှင်ဘက်မှာ အီးစီစာချုပ်ရှိသလို ကျမတို့ဘက်မှာလဲ အီးစီစာချုပ်ရှိတယ်။ တခုတခု ဆို ကျမတို့ချိုးဖောက်လည်း သူတို့က ခေါ်ပြီး နောက်ဆုံးသတိပေးတာ၊ အပြစ်ပေးတာ လုပ်တယ်။ ကိုယ့်အပေါ် ချိုးဖောက် ရင်လည်း စာချုပ်ကိုင်ပြီး ဒီလိုမျိုးချိုးဖောက်တယ်။ အိုတီတွေ အဆမတန်ခေါ်တယ်။ ရှင်းလို့ ရတယ်။ အခုကတော့ ဘာမှ မရှိတော့ဘူး”လို့ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုတွေကို ပြောပြပါတယ်။
လက်ရှိ အလုပ်သမားတွေ အများဆုံးချိုးဖောက်ခံနေရတာကတော့ အလုပ်ချိန် တနေ့ ၈ နာရီထက် ပိုပြီး အလုပ်လုပ် ရပေမယ့် အချိန်ပိုကြေးမရတာ၊ သတ်မှတ်ကြေးထက် လျော့ပြီး ရတာမျိုးတွေ ဖြစ်ပါတယ်။
အခုလို ချိုးဖောက်ခံရမှုတွေကို အရေးဆိုပေးမယ့် အလုပ်သမားသမဂ္ဂတွေ မရှိတော့တဲ့ အခြေအနေမှာ အလုပ်သမား ဝန်ကြီးဌာနလက်အောက်က အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတွေကို တိုင်ကြားပေမယ့်လည်း ဥပဒေကြောင်းအရ ထိရောက်တဲ့ ဖြေရှင်းဆောင်ရွက်မှုတွေ မရှိခဲ့ပါဘူး။
အထည်ချုပ်ဝန်ထမ်း မမျိုး(အမည်လွှဲ)ကလည်း “အိုတီတွေ မဖြစ်မနေ ဆင်းရတယ်။ မဆင်းနိုင်ဘူးဆိုရင် အလုပ်ရှင်က သတိပေးတယ်။ အလုပ်ထုတ်တယ်။ ခွဲခြား ဆက်ဆံတယ်။ ဒီလို ချိုးဖောက်မှုတွေကို ဦးစီးမှူးတွေဆီ တိုင်တဲ့အခါ သူတို့က လိုအပ်လို့ လုပ်တာ မင်းတို့က ဘာလို့ မဆင်းတာလဲ။ မင်းတို့ မဆင်းနိုင်ရင် စားဝတ်နေရေးရှိတယ်။ အဲ့လိုမျိုး လုပ်လို့ မရ ဘူး ဆိုပြီး ပြောတယ်။ ဥပဒေတော့ရှိတယ်။ ဒါပေမယ့် ကျနော်တို့အပေါ်မှာ အမှန်တကယ် ထိရောက်တဲ့ကာကွယ်မှု မလုပ် ပေးနိုင်တဲ့အတွက် ဦးစီးဌာနတွေဆိုတာ အားကိုးလို့ မရဘူး”လို့ ပြောပါတယ်။
ဒီလိုမျိုး စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေကိုယ်တိုင်က ထိထိရောက်ရောက် တာဝန်ယူဖြေရှင်း ပေးတာမျိုး မရှိတဲ့အတွက်လည်း လုပ်ငန်းရှင်တွေက အလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေက တနေ့ တခြား ပိုပို ဆိုးရွားလာနေတယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့်လည်း အခုချိန်မှာတော့ ဥပဒေမဲ့ အလုပ်ထုတ်တာတွေ၊ အလုပ်သမားတွေကို သတ်မှတ်အော်ဒါမပြည့်ရင် အလုပ် ပိတ်ရက်မှာ လုပ်အားခ မပေးဘဲ အလုပ်ဆင်းခိုင်းတာတွေ၊ မဆင်းပေးရင် အလုပ်ထုတ်တာတွေ ကြုံနေရတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
အရင် ဦးသိန်းစိန်အစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွေမှာတော့ အလုပ်ရုံတခုမှာ အလုပ် သမား အခွင့်အရေးချိုးဖောက်ခံရမှု ရှိလာပြီဆိုရင် အလုပ်သမားတွေရဲ့ အသံကလည်း ကျယ်လောင်စွာထွက်ပေါ်ခဲ့သလို အစိုးရက ကြားဝင် ဖြေရှင်းပေးခဲ့ရတာတွေလည်း ရှိခဲ့ပြီး အတိုင်းအတာတခုထိ အလုပ်သမားအခွင့်အရေးတွေ ရရှိခဲ့တာပါ။
အခုချိန်မှာတော့ အာဏာရှင်တို့ ထုံးစံအတိုင်း အာဏာနဲ့ခြိမ်းခြောက် လက်နက်နဲ့ ခြိမ်းခြောက်ခံရတာတွေကို အလုပ်သမား ထုက ခါးစည်းခံနေရပါတယ်။ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ် ဧပြီလတုန်းက ဖိနပ်စက်ရုံတခုက အလုပ်သမားတွေ လစာမရလို့ ဆန္ဒပြ တာကို စက်ရုံပိုင်ရှင်က စစ်တပ်ခေါ်ခဲ့တဲ့အတွက် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး အလုပ်သမား ၆ ဦး သေဆုံးတဲ့အထိ ရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို အခြေခံပြီး တချို့စက်ရုံတွေက အလုပ်သမားတွေကို ဆန္ဒပြရင် စစ်တပ်ခေါ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေ ရှိနေပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျဆင်းလာတာတွေ၊ စက်ရုံ၊ အလုပ်ရုံတွေ ပိတ်သိမ်းတာတွေကလည်း ဆက်တိုက်ဖြစ်လာတဲ့အခါ အလုပ်အကိုင်ရှားပါးလာမှုကြောင့် အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရတာ ရှိပေမယ့်လည်း ခေါင်းငုံ့ငြိမ်ခံနေရတဲ့ အခြေအနေပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်က စက်ရုံတွေ ပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမား ကိုဦး (အမည်လွဲ) က“ပိတ်တဲ့စက်ရုံတွေကလည်း တနေ့တခြား များလာတယ်။ ခေါ်တဲ့စက်ရုံကျတော့လဲ ယောက်ကျားလေးမခေါ်ဘူးဆိုတဲ့ အတွက်ကြောင့် အခု တလကျော်၊ နှစ်လနီးပါးအထိနေ့တိုင်းနီးပါး စက်မှုဇုန်တွေထဲ အလုပ်ပတ်ရှာပေမယ့် အလုပ်က မရသေးဘူး။ မိသားစုကလည်းရှိတော့ အကြွေးက ဟိုက လှည့်ယူ ဒီကလှည့်ယူနဲ့ ကျပ်တည်းနေတာပေါ့။ အခုချိန်ထိ အလုပ်က ရှာနေတာပဲ။ မရသေးဘူး”လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁ ဒသမ ၆ သန်းက အလုပ်လက်မဲ့ ဖြစ်သွားပြီး ဒီအထဲကမှ အလုပ်လက်မဲ့ အလုပ်သမား ၃ သိန်းကျော်ဟာ အထည်ချုပ်အလုပ်သမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းတွေ လုပ်ကိုင်ရ ခက်ခဲလာတာ၊ စစ်ကောင်စီရဲ့ မတည်ငြိမ်တဲ့ မူဝါဒတွေ၊ လျှပ်စစ်မီး မရတဲ့ အခြေအနေတွေ၊ အထွေထွေကုန်ကျစရိတ်ပိုလာတာတွေနဲ့၊ အော်ဒါရရှိမှု နည်းပါးလာတာတွေကြောင့်လည်း စက်ရုံ တချို့ ပိတ်သိမ်းတာတွေ ရှိလာတယ်လို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။
၂၀၂၂ခုနှစ်ထဲမှ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် စက်ရုံပေါင်း ၇၀၀ ကျော် ရှိတဲ့အနက် ပို့ကုန်သွင်းကုန် အဓိက လုပ်နေသော အထည်ချုပ်စက်ရုံက ၃၅၀ မှ ၄၀၀ နီးပါး ရှိနေပြီး၊ လက်ရှိ ပြည်ပနဲ့ တိုက်ရိုက်လုပ်နေတဲ့ စက်ရုံ များထဲမှ ရုံပေါင်း ၁၀၀ ကျော် လျော့နည်းသွားတယ်လို့ အသင်း တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။
အဲ့ဒီအထဲမှာမှ တချို့ တဆင့်ခံစက်ရုံတွေက မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှာ စာရင်းသွင်းခြင်း မရှိဘဲ ပိတ်သိမ်းတာကို သတင်းစာထဲ ကြေညာမှသာ သိရတာကြောင့် ပိတ်သိမ်းတဲ့ စက်ရုံအရေအတွက်က အခုထက် ပိုများ နိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ကိုဗစ်-၁၉ နှင့် နိုင်ငံရေး အခြေအနေ တွေကြောင့် အထည်ချုပ် အပါအဝင် စက်ရုံ၊ အလုပ်ရုံ ၃၀၀ ခန့် ရပ်ဆိုင်းခဲ့ပြီး အလုပ်သမား ၁ သိန်းကျော် အလုပ်ရပ်နား ခဲ့ရ သော်လည်း အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၂ခုနှစ် ဇူလိုင်ထိ စက်ရုံသစ် ၁၁၄ ရုံ ဖွင့်ထားတယ်လို့ စက်တင်ဘာ ၁၉ ရက်က လုပ်တဲ့ အစည်းအဝေးတခုမှာ ပြောဆိုခဲ့ပါတယ်။
အဲ့လိုပြောဆိုပြီး မကြာခင်မှာပဲ ကမာ္ဘကျော် Primark အမှတ်တံဆိပ်တွေကို ချုပ်လုပ်ပေးနေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂ ရုံ ပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား ၂၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြန်ပါတယ်။
စက်ရုံ၊ အလုပ်ရုံတွေ ပိတ်သိမ်းတာ၊ လုပ်သားဦးရေ လျော့ချတဲ့နေရာမှာလည်း ဥပဒေနဲ့ အညီ ဆောင်ရွက်ခြင်းမရှိဘဲ ချိုးဖောက်မှုတွေကြောင့် အလုပ်သမားတွေအတွက် နစ်နာမှုတွေ ကြုံရပါတယ်။
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) မှ အလုပ်သမားရေး ဆောင်ရွက်သူတဦးက “အရင်က သမဂ္ဂတွေ အားကောင်းတယ်။ တဦးချင်း တောင်းဆိုတာမျိုး မလုပ်နိုင်ဘူး ဆိုရင်တောင်မှ သမဂ္ဂ တွေက စုပေါင်းတောင်းဆိုတယ်။ အခုကတော့ အဲ့လိုမျိုးတွေ မရှိဘူး။ လူ ၅ ယောက် ထက် ပိုမစုရဘူး။ အထူးသဖြင့် စက်ရုံ အများစုရှိတဲ့ စက်မှုဇုန်တွေက မာရှယ်လော ထုတ်ထားတယ်။ အဲ့ဒီတော့ လူ ၅ ယောက်ထပ် ပို စုပြီ ဆိုရင် လူစုခွဲတာတို့ တရား စွဲဆိုတာတို့ ကြုံရတယ်။ လှုပ်ရှားမှု ရပ်တန့်သွားကြတယ်”လို့ ပြောပါတယ်။
အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာနဲ့ ပတ်သက်ပြီး အခုချိန်မှာ တရားမျှတမှုကို မရှာနိုင်ပေမယ့် မိမိဝန်းကျင်မှာ အခွင့်အရေး ချိုးဖောက်ခံရတာကြုံခဲ့ရင် မှတ်တမ်းတင်ထားပြီး အလုပ်သမားရေးလုပ်နေတဲ့ အဖွဲ့တွေထံ ပေးပို့တိုင်ကြား လို့ရတယ်လို့ သူက ပြောပါတယ်။
“နောက်ဆုံးဘာမှ မလုပ်ရရင်တောင် မတရားမှုကို ဘယ်စက်ရုံမှာ ဘယ်လိုတော့ ချိုးဖောက်နေတယ်ဆိုတာမျိုး မှတ်တမ်း တင် လို့ ရတယ်။ ဒါက တချိန်ချိန်မှာ ကျမတို့အတွက် အထောက်အထားဖြစ်လာမှာပါ”လို့ သူက ဆိုပါတယ်။
မေလ ၁ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ခေတ်ကာလ ကုန်ဈေးနှုန်း လိုအပ်ချက်တွေ အရ အနိမ့်ဆုံး လုပ်ခလစာကို ကျပ် ၁ သောင်းရရှိဖို့ တောင်းဆိုသွားမယ့်အပြင် အလုပ်ရှင်က ရွေးချယ်ထားတဲ့ အလုပ် သမား ကိုယ်စားလှယ်တွေကို အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (Workplace Coordination Committee – WCC) မှာ ထည့်ထားတာကို တားမြစ်သွားဖို့လည်း ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းတောင်းဆိုထားတာ တွေ့ရပါတယ်။
စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားအခွင့်အရေးအတွက် အလုပ်သမားရေးအဖွဲ့တွေက ပူးပေါင်းပြီး လူကိုယ်တိုင် တောင်းဆိုမှုတွေ ပြုလုပ်နိုင်ပေမယ့် အခုအချိန်မှာတော့ လူစုလူဝေးပြုလုပ်ရင် ဖမ်းဆီးခံရနိုင်တာကြောင့် ထုတ်ပြန်ချက်သာ ထုတ်ရတယ်လို့ STUM ကဆိုပါတယ်။
လတ်တလောမှာတော့ အလုပ်သမား အများစုက အချိန်ပို အိုတီကြေးမရပဲ အလုပ်လုပ်နေကြတဲ့ အမှုတွေများနေပြီး တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ တိုင်ကြားမှု ပျမ်းမျှ တရက်ကို ၂မှု၊ ၃မှုလောက်အထိ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတချို့ကို အလုပ်သမားရေး ဆောင်ရွက်နေတဲ့ သမဂ္ဂ တွေအနေနဲ့ လက်ခံနေပေမယ့် စစ်အာဏာရှင် လက်အောက်မှာတော့ ဖြေရှင်းဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေ မရှိဘူး လို့လည်း သူက ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) အပါအဝင် မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ အလုပ်သမား အဖွဲ့အစည်းတွေထဲက အနည်းဆုံး ၅၄ ဦးခန့် သတ်ဖြတ်ခံခဲ့ရပြီး အနည်းဆုံး ၂၇၉ ဦးက စစ်ကောင်စီရဲ့ မတရားဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။
မသူဇာကတော့ “အရင်လို မတရားတာကို မတရားဘူးလို့ ပြောဆိုခွင့်တွေ ပြန်ရချင်တယ်။ လုပ်အားခတွေ ခေါင်းပုံဖြတ်ခံ ရတာကို ငြိမ်ခံနေတဲ့ အဖြစ်က လွတ်ချင်တယ်။ အရင်လိုမျိုး ပြန်ရောက်ချင်ပြီ။ ဆူပါတွေ လီဒါတွေရဲ့ ဆဲသံ ဆူသံ တွေ အောက်မှာ အလုပ် မလုပ်ချင်တော့ဘူး”လို့ ဆိုပါတယ်။
You may also like these stories:
အော်ဒါမရသဖြင့် ရန်ကုန်က အထည်ချုပ်စက်ရုံတချို့ ရပ်နား
ရွှေပြည်သာမှ စက်ရုံနှစ်ရုံ ပိတ် လူ ၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်
အချိန်ပိုဆင်းရန် ငြင်းသည့်လုပ်သားများ အလုပ်ထုတ်ခံနေရ
အလုပ်သမားတွေက အလုပ် လုပ်ရင်း ထမင်းငတ်နေတယ်
မြန်မာ့အထည်ချုပ်လုပ်ငန်းများသို့ နာမည်ကျော် ကုမ္ပဏီများ အပ်ထည်အော်ဒါ မှာယူရန် ပြင်ဆင်
လျှပ်စစ်မီး မမှန်သဖြင့် အထည်ချုပ် စက်ရုံတချို့ ရပ်ဆိုင်းမှု ရှိလာ
အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ဆန္ဒပြသူများကို အမှုဖွင့်