လူနေအိမ်တွေနဲ့ ခပ်ဝေးဝေး လူသူရှင်းတဲ့ လယ်ကွင်းတွေကြားအရောက်မှာတော့ မမိုး (အမည်လွှဲ) က စက်ဘီးကို ရပ်လိုက်ပါတယ်။ အသင့်ရေးမှတ်ထားတဲ့ စာရွက်ထဲက ဖုန်းနံပါတ်တခုကို နှိပ်ကာ ကျမ ဘယ်သတင်း ဌာနကပါလို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ပြီး အင်တာဗျူးတဲ့ လုပ်ငန်း စတင်လိုက်ပါတယ်။
မမိုးရဲ့ သတင်းထောက် လုပ်သက် ၁၀ စုနှစ်ကျော် ကာလအတွင်းမှာ ဒီလို လယ်ကွင်းထဲသွားပြီး တိုးတိုးတိတ်တိတ် ဖုန်းဆက် သတင်းလိုက်နေရတဲ့ အဖြစ်ကို ပထမဆုံး ကြုံရတာ ဖြစ်ပါတယ်။ မမိုးတို့ ရပ်ကွက်က အိမ်တွေဟာ တအိမ်နဲ့ တအိမ် ကပ်ရပ်ဖြစ်တာကြောင့် သတင်းသမားတွေကို ရာဇဝတ်မှု ကျူးလွန်သူတွေလို ဆက်ဆံသဘောထားတဲ့ စစ်အာဏာရှင် လက်အောက်မှာ သတင်းကိစ္စအတွက် အင်တာဗျူးဖို့ဆိုတာဟာ အန္တရာယ်များလှတဲ့ လုပ်ရပ်တခုပါပဲ။
ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာ သတင်းမီဒီယာလွတ်လပ်ခွင့် အတန်အသင့်ရနေတဲ့အခြေအနေကနေ ၂၀၂၁ ခုနှစ် အာဏာသိမ်းလိုက်ပြီးနောက် သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေဟာ လုံးဝ ဆိတ်သုဉ်းသွားရသလို၊ စစ်အာဏာရှင်လက်အောက် သတင်းသမားတွေရဲ့ ဘဝဟာလည်း အမှောင်မိုက်ဆုံးနဲ့ အဆိုးဝါးဆုံးကာလတွေကို ရောက်ရှိခဲ့ပြန်ပါတယ်။
“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တောင် မရှိတော့တဲ့ အခြေအနေမှာ သတင်းစာလွတ်လပ်ခွင့်ဆိုတာလည်း တောင်းဆိုလို့ မရတော့ဘူး။ တကယ့် ဇီးရိုးပဲ။ ခေတ်နောက်ပြန်သွားပြီ။ သူတို့ကို ဆန့်ကျင်တယ်လို့ ယူဆတဲ့ လူမှန်သမျှက ရန်သူပဲ။ စာနယ်ဇင်းသမားတွေက ပိုဆိုးတာပေါ့” လို့ မမိုးက ဆိုပါတယ်။
စစ်တပ် အာဏာသိမ်းလိုက်ကတည်းက မမိုးအပါအဝင် သတင်းသမားများဟာ သတင်းအလုပ် လုပ်တယ်ဆိုတာကို လူသိခံလို့ မရတော့ဘဲ ပုန်းလျှိုးကွယ်လျှိုး လျှို့လျှိ့ဝှက်ဝှက် လုပ်ကိုင်ရပါတယ်။
သတင်းရင်းမြစ်က ဖုန်းလိုင်းသိပ်မကောင်းတဲ့ နေရာ၊ လိုင်းသိပ်မမိတဲ့ နေရာဒေသတွေမှာရှိရင် ကိုယ့်အသံကို ကောင်းကောင်း ကြားနိုင်ဖို့အတွက် ဒီလိုမျိုး လူသူကင်းဝေးတဲ့နေရာမှာ သွားပြောရတာက အနီးနားက မကြားနိုင်ဘဲ လုံခြုံမှု ရှိတဲ့အတွက်ကြောင့်ပါ။
အဲဒီ လယ်ကွင်းထဲမှာပဲ နာရီဝက် ဒါမှမဟုတ် ၄၅ မိနစ်ကြာအောင် စကားသွား သွားပြောခဲ့ရတာကတော့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နှစ်၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ နှစ်လယ်ပိုင်းလောက်အထိ မမိုး လုပ်ရတဲ့ အလုပ်ပါပဲ။
စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအကြောင်း၊ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ တွေကို ရေးသားတဲ့ သတင်းထောက်တွေကို ဖမ်းဆီးတာတွေ၊ နှိပ်စက်တာတွေ၊ ထောင်ဒဏ်နှစ်ရှည် ချမှတ်တာတွေ ရှိလာခဲ့ပါတယ်။ ဒါ့ပြင် လွတ်လပ်စွာ ရေးသားထုတ်ဝေနေတဲ့ သတင်းစာ၊ ဂျာနယ်၊ ရုပ်သံ စတဲ့ မီဒီယာအများပြားကို ပိတ်သိမ်းလိုက်ပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ Committee to Protect Journalists က ပြုစုထားတဲ့ ကိန်းဂဏန်းတွေအရ မြန်မာသတင်းသမား ၄၂ ဦး ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ၉ ဦး သတ်ဖြတ်ခံထားရပါတယ်။
တကယ်တမ်းဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမားအရေအတွက်ဟာ ၁၀၀ ကျော်ရှိခဲ့ပြီး အချို့တဝက်ဟာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
အဲဒီထဲကမှ တချို့ကတော့ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ် အထိ ချမှတ်ခံထားရပါတယ်။ အချို့တွေလည်း အကြမ်းဖက်ဥပဒေလို ပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရပါတယ်။
ဒါကြောင့်လည်း မမိုးတို့လို သတင်းထောက်တွေဟာ အဖမ်းလည်းမခံရရေး၊ သတင်းအလုပ်ကိုလည်း ဆက်လုပ်နိုင်ရေး ပတ်ဝန်းကျင် မရိပ်မိအောင် နေထိုင်ပြီး ပုန်းလျှိုးကွယ်လျှိုးသာ အလုပ် လုပ်ကိုင်ရပါတယ်။
နေထိုင်ရာ ပတ်ဝန်းကျင်က သတင်းထောက်အလုပ် လုပ်နေတာ သိရင်ကို အချိန်မရွေး တယောက်ယောက်ရဲ့ တိုင်တန်းခံရနိုင်လို့ မမိုးဟာ ကွန်ပြူတာရှေ့မှာ ထိုင်ပြီး စာရိုက်တဲ့ မြင်ကွင်းကို ဘေးပတ်ဝန်းကျင်ကို မြင်မှာ စိုးရိမ်ပါတယ်။
မမိုးက “သတင်းကိစ္စပြောရင် တိုးတိုးလေးမှ တကယ့် တိုးတိုးလေးနဲ့ ပြောရတာ။ အိမ်မှာကလည်း ပြတင်းပေါက်က တော်တော်များတယ်။ အဲဒါတွေကို ပိတ်ပြီးမှ တိုးတိုးလေး ပြောရတာ။ စစ်တပ်က လူတယောက် လက်တော့ (Laptop) နဲ့ မြင်ရင်ကို သူတို့ကို ပုန်ကန်မယ့်လူလို့ တွေးနေတာဆိုတော့ အဲဒီလက်တော့နဲ့ စာရိုက်နေတာကို ပတ်ဝန်းကျင်က မြင်မှာစိုးလို့။ အဲဒါကြောင့် တံခါးတွေကို အကုန်ပိတ်ပြီး စာရိုက်ရတာ။ နေ့တိုင်း အဲဒီပြတင်းပေါက် ပိတ်ရတာက တလုပ်ပေါ့” လို့ ပြောပါတယ်။
ဒါ့ပြင် စစ်အာဏာရှင်လက်အောက်မှာ သတင်းသမားလုပ်ဆောင်ရတာဟာ မိမိလုံခြုံရေးအတွက် တွေးပူပန် ရသလို၊ သတင်းရင်းမြစ်များနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ကလည်း မလွယ်ကူလှကြောင်း မန္တလေး အခြေစိုက် သတင်းသမားတဦးက ဆိုပါတယ်။
“စကစရဲ့ Blacklist သွင်းခံထားရတဲ့ မီဒီယာမှာ လုပ်ကိုင်နေတဲ့ သတင်းသမားအနေနဲ့တော့ သတင်းတခုကို အတည်ပြုဖို့ စစ်ကောင်စီဆီရဲ့ ဌာနဆိုင်ရာတွေကိုလည်း အင်တာဗျူးဖို့ မလွယ်ဘူး။ ကိုယ့်လုံခြုံရေးလည်း ရှိသေးတော့၊ နောက်တခုက တော်လှန်ရေးအင်အားစုတွေကို အင်တာဗျူးဖို့လည်း ကိုယ့်ကို မယုံလို့ ယုံကြည်မှုက တော်တော်တည်ဆောက်ယူရမယ်။ နှစ်ဖက်စလုံးက သတင်းရင်းမြစ်တွေကို ဆက်သွယ်ဖို့က အင်မတန် ခက်ခဲပါတယ်” လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က တိုင်းပြည်ကို သိမ်းပိုက်ပြီးကတည်းက တိုင်းပြည်ရဲ့ အခြေအနေတွေကို သတင်းဖော်ပြဖို့ လုပ်ဆောင်နေတဲ့ သတင်းထောက်တွေ အထူးသဖြင့် စစ်အစိုးရကို ဝေဖန်တဲ့ သတင်းထောက်တွေဟာ အန္တရာယ်ရှိလာခဲ့ပါတယ်။
စောင့်ကြည့်ခံရတာတွေ၊ ခြိမ်းခြောက်ခံရတာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကိုပါ မကြာခဏ ခံခဲ့ရပါတယ်။
ဆန္ဒပြပွဲကို သတင်းယူနေစဉ် လုံခြုံရေး တပ်ဖွဲ့တွေက ရိုက်နှက် ဖမ်းဆီးတာမျိုးကနေ စစ်ပွဲကြားမှာ သတင်းယူနေစဉ် လက်နက်ကြီး၊ လက်နက်ငယ် ထိခိုက်သေဆုံးရတာတွေ အထိ ရှိခဲ့ပါတယ်။
တိုက်ပွဲတွေကြားမှာ သတင်းရယူရာမှာလည်း သတင်းထောက်အနေနဲ့ ထင်သာမြင်သာ သတင်းရယူခွင့် မရှိသလို အကာအကွယ်မဲ့ သတင်းရယူနေရတာ ဖြစ်ပါတယ်။ တိုက်ပွဲကြားမှာ ဖမ်းဆီးခံရရင်လည်း သတင်းထောက်အနေနဲ့ ဖမ်းဆီးတာမျိုး မဟုတ်တော့ဘဲ အကြမ်းဖက်ပုဒ်မတွေ တပ်ပြီး နှိပ်စက်ခံရတဲ့ အန္တရာယ်ကို ကြုံနေရပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အဆိုအရ အချို့သော သတင်းသမားများ အကျဉ်းကျနေစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်မှုနဲ့ အခြားသော နှိပ်စက်ညှဉ်းပန်းမှု ပုံစံမျိုးစုံကို ရင်ဆိုင်နေကြရကြောင်းလည်း သိရပါတယ်။
အဲဒီလို သတင်းထောက်တွေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို နှိပ်ကွပ်မှုတွေ ပြုလုပ်နေတာကြောင့် သတင်းထောက် အများအပြားဟာ ပုန်းအောင်းဖို့ ဒါမှမဟုတ် တိုင်းပြည်ကနေ လုံးဝ ထွက်ပြေးဖို့ တွန်းအားပေးခံခဲ့ရပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ သတင်းထောက်တွေကို တဦးချင်း ဖမ်းဆီးနှိပ်စက်တာတွေ၊ ဖိနှိပ်တာတွေသာမက သတင်းဌာန ၁၄ ခုကို ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းလိုက်သလို၊ စာပေတိုက် ၄ ခုနဲ့ ပုံနှိပ်တိုက်၂ ခုကိုလည်း စစ်ကောင်စီက ထုတ်ဝေခွင့်တွေ ပိတ်သိမ်းထားပါသေးတယ်။
အာဏာသိမ်းပြီး ၁ လကျော်အကြာ မတ်လ ၈ ရက်မှာကတည်းက ပြည်တွင်းအခြေစိုက် သတင်းဌာန ၅ ခုဖြစ်တဲ့ Myanmar Now ၊7 Day ဂျာနယ်၊ Mizzima၊ DVB၊ နဲ့ ခေတ်သစ် စတဲ့ သတင်းဌာနတွေ ပထမဆုံး ထုတ်ဝေခွင့် ပိတ် သိမ်းခံခဲ့ရပါတယ်။ The Voice နဲ့ 7 Day လို သတင်းဌာနတွေကတော့ လုံးဝ ရပ်ဆိုင်းထားခဲ့ပါတယ်။
မြစ်ကြီးနားဂျာနယ်၊ The 74 Media၊ တာချီလိတ်သတင်းအေဂျင်စီ၊ Delta News Agency၊ ဇေယျာတိုင်း(မ်) သတင်း အေဂျင်စီ၊ ကမာရွတ်သတင်းဌာန၊ ကန္တာရဝတီ တိုင်း(မ်)၊ မွန်သတင်း အေဂျင်စီနဲ့ ဧရာဝတီ သတင်းဌာနတို့ကို ထုတ်ဝေခွင့် လိုင်စင်တွေ ဆက်တိုက် ရုပ်သိမ်းခံခဲ့ရတာကြောင့် လိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းဌာန ၁၄ ခုအထိ ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့်ဟာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး နယ်စည်းမခြား သတင်းထောက်အဖွဲ့က နှစ်စဉ် ထုတ်ပြန်တဲ့ အညွှန်းကိန်းတွေအရ မြန်မာနိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့်ဟာ နိုင်ငံပေါင်း ၁၈၀ မှာ ၁၇၆ အဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။၂၀၂၁ ခုနှစ်မှာ အဆင့် ၁၄၀ ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာတော့ ၁၇၆ အထိ ထိုး ဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
လွတ်လပ်တဲ့ မီဒီယာတွေကို ပိတ်ပင်ပစ်ရုံတင်မကဘဲ Facebook နဲ့ Twitter လို လူမှုကွန်ရက် မီဒီယာတွေကို အသုံးပြုခွင့်တွေ ကန့်သတ်ခဲ့သလို လူမှုကွန်ရက်ပေါ်က စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ စကားလုံးတွေအပေါ် မူတည်ပြီး ဖမ်းဆီးတာတွေ၊ တရားစွဲဆိုတာတွေ ပြုလုပ်တဲ့အထိ ဆင်ဆာဖြတ်တောက်တဲ့ နည်းလမ်းတွေကို ပြန်ပြီး အသက်သွင်း လာပါတယ်။
အင်တာနက် ပိတ်ပင်တာတွေကိုလည်း အာဏာသိမ်းတဲ့နေ့ကတည်းကစပြီး လိုအပ်ရင် လိုအပ်သလို ပိတ်ပင်ထိန်း ချုပ်ကန့်သတ်ခဲ့တာကြောင့် သတင်းရယူတာရော၊ ပြန်လည်ပေးပို့တဲ့ လုပ်ငန်းစဉ်တွေမှာပါ နှောင့်ယှက် ဟန့်တား ခံရတာတွေ ဖြစ်ခဲ့ပါတယ်။
ပဋိပက္ခဒေသက သတင်းရင်းမြစ်တွေကို ဆက်သွယ်ဖို့ ခက်ခဲတာတွေ၊ သတင်းရင်းမြစ်တွေကို ယုံကြည်အောင် ကိုယ့်ရဲ့ အကြောင်းကို ထုတ်ဖော်မပြနိုင်တာတွေ သတင်းရင်းမြစ်တွေကို အတည်ပြုရခက်ခဲတာတွေဟာ သတင်းသမားတွေ နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲတွေလည်း ဖြစ်လာပါတယ်။
ပြည်တွင်းထဲမှာ မမိုးတို့လို သတင်းထောက်တွေ သတင်းရယူခွင့်ကို လုံးဝနီးပါး ကန့်သတ်ချုပ်ခြယ်ခံထားရပြီး အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို နိုင်ငံတကာနဲ့ ပြည်သူတွေ မသိရှိစေဖို့ အစွမ်းကုန် တားမြစ်ပိတ်ပင်နေတာလည်း ဖြစ်ပါတယ်။
တကယ်တမ်းမှာ မီဒီယာလွတ်လပ်ခွင့်တွေကို ပိတ်ပင်နှိပ်ကွပ်နေတယ်ဆိုတာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တစိတ်တဒေသ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက်တာ၊ နိုင်ငံရေး အတိုက်အခံတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေတာ၊ လက်နက်ကိုင်တိုက်ပွဲတွေ မပါဝင်တဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အခြား မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ကန့်သတ်ထားတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို နိုင်ငံတကာနဲ့ ပြည်သူလူထု သိရှိအောင် ပြန်လည်ဖော်ပြနေတဲ့ မီဒီယာ တွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေတာ ဖြစ်ပါတယ်။
သတင်းထောက်တွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနေတာကြောင့် သတင်းထောက်အများစုဟာ နယ်စပ်တလျှောက်မှာ ပုန်းအောင်းနေရသလို၊ အချို့ကလည်း ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။
ထိုင်းနိုင်ငံရောက် သတင်းသမား တဦးက “သတင်းသမားတွေမှာ အခက်အခဲတွေ တအားဖြစ်လာတယ်။ ပြည်တွင်းမှာလည်း သတင်းက မလိုက်ရဲတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လွတ်မြောက်ရာအရပ်ကို ထွက်ခွာရတာပေါ့၊ အဲဒီတော့ တောတောင်ထဲ ရောက်သွားတဲ့သူရှိတယ်။ အိမ်နီးချင်းနိုင်ငံတွေကို ထွက်သွားတာ တရားဝင်တွေရော၊ တရားမဝင်တွေ ရော တိမ်းရှောင်ရတာပေါ့” လို့ ဆိုပါတယ်။
နိုင်ငံရပ်ခြားမှာ သတင်းလုပ်ငန်း လုပ်ကိုင်ရတာလည်း မလွယ်ကူလှသလို တရားမဝင် တိမ်းရှောင်နေရတဲ့ သတင်းသမားတွေအနေနဲ့ကလည်း ဖမ်းဆီးခံရမှာ၊ ပြန်ပို့ခံရမှာ၊ အဲဒီနိုင်ငံရဲ့ ဥပဒေတွေနဲ့ တရားစွဲခံရမှာမျိုးတွေကို စိုးရိမ်ရ ပြန်တယ်။
တရားမဝင် ဝင်ရောက်လာတာ ဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ် သွားလာခွင့် မရသလို၊ ငွေကြေးကအစ ကျပ်တည်းကြပြီး သတင်းသမားတွေအနေနဲ့ အလုပ်အကိုင် ရှာဖွေရလည်း ခက်ခဲလာပါတယ်။
ထိုင်းနိုင်ငံရောက် သတင်းသမားတဦးက “ရဲဖမ်းခံရတာမျိုးကနေ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲတွေအထိ လုံခြုံမှုပျောက်ပြီး လမ်းပျောက်သွားခဲ့တာပေါ့။ အလုပ်လက်မဲ့တွေ များလာတယ်။ သတင်းမီဒီယာနဲ့ပတ်သက်ပြီး သတင်းသမားတွေကို ကူညီစောင့်ရှောက်မယ့် အဖွဲ့အစည်း မရှိဘူး” လို့ ပြောပါတယ်။
ဒီလို အခြေအနေတွေကြားကပဲ နိုင်ငံရပ်ခြားမှာ အသက်ရှင်ရပ်တည်ရေးအတွက် သတင်းအလုပ်ကို မလုပ်ကိုင်တော့ဘဲ ကြုံရာအလုပ်လုပ်ရတာမျိုးတွေလည်း ရှိနေခဲ့သလို တတိယနိုင်ငံကို သွားရောက်ပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းကြရတော့တာပါပဲ။
ပြည်တွင်းမှာလည်း အာဏာ မသိမ်းခင်က သတင်းသမား လုပ်ခဲ့ဖူးပြီး လက်ရှိမှာ တခြားအသက်မွေးဝမ်းကျောင်း ပြောင်းလုပ်ရင်တောင် ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေက ရှိနေပါသေးတယ်။
ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်တော့ လက်ရှိအခြေအနေမှာ ပြည်တွင်းမှာရော ပြည်ပမှာရှိနေတဲ့ သတင်းထောက်တွေ၊ သတင်းမီဒီယာတွေအနေနဲ့ နိုင်ငံတွင်းက အဖြစ်အပျက်တွေကို သတင်းရယူ တင်ဆက်ဖို့ အခက်အခဲတွေ စိန်ခေါ်မှု တွေ အများအပြား ရှိနေပါတယ်။
အဲဒီ စိန်ခေါ်မှုတွေကြားမှာ သတင်းထောက်အများအပြားဟာ အခြေအနေအရပ်ရပ်ကို အဆက်မပြတ် ဖော်ပြပြီး နိုင်ငံတကာနဲ့ ပြည်သူလူထုကို သတင်းပေးနိုင်ရန် ဆက်လက် လုပ်ဆောင်နေဆဲလည်း ဖြစ်ပါတယ်။
“မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ကို ပြန်လှည့်ပြီး ခေတ်နောက်ပြန်ဆွဲပြီးတော့ စစ်တပ် လက် အောက် ပြန်ရောက်သွားတဲ့အချိန်မှာ ပြည်သူတွေဟာ သတင်းမှန်တွေ သိဖို့ ပိုလိုအပ်တယ်။ မီဒီယာသမားတွေက ပိုပြီးတော့ အလုပ်လုပ်သင့်တယ် ယူဆလို့ ဆက်လုပ်နေတာပါ” လို့ မမိုးက ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံရေး အတိုက်အခံတွေနဲ့ သဘောထားကွဲလွဲမှုတွေကို နှိမ်နှင်းဖို့နဲ့ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အဖြစ်အပျက်တွေကို ပြည်သူလူထု မသိရှိနိုင်ဖို့အတွက် မီဒီယာတွေကို ဖိနှိပ် ထိန်းချုပ်တာ၊ သတင်း လွတ်လပ်ခွင့်ကို ကန့်သတ်တာကို လက်နက်တခုအနေနဲ့ အသုံးပြုနေတာလည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂနဲ့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီတို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေက သတင်းသမားတွေကို လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်ကို နှိပ်ကွပ်တာကို အဆုံးသတ်ဖို့ တောင်းဆိုထားပါတယ်။
ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေဟာ ရှိနေဆဲဖြစ်ပြီး နိုင်ငံအတွင်း သတင်းထောက်တိုင်းဟာ သိသာထင်ရှားတဲ့ အန္တရာယ်တွေနဲ့ ကန့်သတ်ချက်တွေကို ဆက်လက် ရင်ဆိုင်နေကြရပေမယ့် မမိုးတို့လိုသတင်းထောက်တွေကတော့ အန္တရာယ်တွေ၊ အကျပ်အတည်းတွေကြားကပဲ သတင်းထောက်အလုပ်ကိုပဲ ဆက်လက် ဖက်တွယ်ထားဆဲပဲ ဖြစ်ပါတယ်။
“ဘာဖြစ်လို့ ဒီအလုပ်က အန္တရာယ်ကြားမှာ လုပ်နေရလဲဆိုရင် ဒီအလုပ်က ကိုယ့်ဘဝလည်း ဖြစ်နေတယ်။ ကိုယ့် အလုပ်ကိုယ်လည်း ဂုဏ်ယူတယ်လေ။ ဒီအလုပ်ကြောင့် အန္တရာယ်ဖြစ်မယ် ငါတော့ ရပ်လိုက်တော့မယ် ဆိုတာစိတ် မရှိခဲ့ဖူးဘူး။ ဒီအလုပ်က ကိုယ့်ရဲ့ အသွေးအသားလို ဖြစ်နေတဲ့ အခါကျတော့ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဆက်လုပ်သွားဦးမှာပဲ” လို့ ဆိုပါတယ်။
You may also like these stories:
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများ ဆက်တိုက် အဖမ်းခံနေရ
သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူမခံရသည့် စာရင်းတွင် မြန်မာပါဝင်လာ
ဧရာဝတီသတင်းဌာနအပေါ် စစ်ကောင်စီ ခြိမ်းခြောက်မှု CPJ ရှုတ်ချ