အာဏာမသိမ်းမီ ချင်းပြည်နယ် ပလက်၀ဒေသတွင်း ရက္ခိုင့်တပ်တော်(AA)က ဝင်ရောက်စစ်ရေးလှုပ်ရှားသဖြင့် ရခိုင်နှင့် ဒေသခံ ချင်းလူမျိုးတို့ကြား ဆက်ဆံရေးတင်းမာခဲ့သော်လည်း ယခုအခါ စစ်အာဏာရှင်ကို တော်လှန်ရာတွင် တူညီကြ သဖြင့် လူမျိုးနှစ်မျိုးကြား သံသယများ ပြေပျောက်ကာ ဆက်ဆံရေး ကောင်းလာသည်ဟု ဆိုရမည်။
AAတို့သည် ၂၀၁၅ ခုနှစ်ခန့်မှစ၍ အိန္ဒိယ- မြန်မာနယ်စပ် ပလက်၀ဒေသသို့ ဝင်လာပြီး ၂၀၁၈ ခုနှစ်ဆန်းတွင် ရခိုင်မြောက် ပိုင်းနှင့် ပလက်ဝမြို့နယ်များတွင် စစ်ရေးလှုပ်ရှားခဲ့ရာ စစ်တပ်နှင့် AA တို့၏ တိုက်ပွဲများကြား ပလက်ဝချင်းလူထုမှာ နေရပ် စွန့်ခွာ စစ်ရှောင်ဘ၀ ရောက်ရခြင်း၊ တောင်ယာလုပ်ငန်း မလုပ်နိုင်သဖြင့် စီးပွားပျက်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေး အဖြတ် ခံရခြင်း၊ သံသယဖြင့် နှစ်ဖက်လုံး၏ ဖမ်းဆီးခံရခြင်း စသည့် ဒုက္ခမျိုးစုံကို ၃နှစ်ခန့် ခံစားခဲ့ရသည်။
ထိုသို့ ဒေသလူထုခံစားရသည် ဆိုးကျိုးများသည် ချင်းပြည်နယ်တွင် AA ၏ ဝင်ရောက်တိုက်ပွဲ ဖော်ဆောင်မှု အကျိုးဆက် ဟု ချင်းလူထုက လက်ခံထားပြီး ပလက်ဝမြို့နယ်အတွင်းမှ AA တပ်ဖွဲ့ဝင် များ ထွက်ခွာသွားရန် ဝိုင်းဝန်းတောင်းဆိုမှုများ ရှိခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် တပြည်လုံး တော်လှန်ပုန်ကန်ခဲ့ရာ ဘုံရန်သူ အာဏာသိမ်းစစ်ကောင်စီကို အမြစ်ဖြတ်ရန် ကြိုးပမ်းနေကြသည့်အတွက် ရခိုင်လူထုထောက်ခံမှုကို ရရှိထားသော AA အဖွဲ့ နှင့် ချင်းလူထုကြား တဖြည်းဖြည်း ဆက်ဆံရေး ပိုမိုကောင်းမွန်လာသည်ကို တွေ့ရသည်။
ပလက်ဝမြို့ခံတဦးက “အရင်တုန်းကတော့ မထောက်ခံတဲ့အတွက် AA ကလည်း ကျနော်တို့ ချင်းတွေကို မယုံဘူး။ စစ်တပ် ကို သတင်းပေးတယ်ဆိုပြီးတော့ ချင်းလူမျိုးကို ဖမ်းဆီးရိုက်နှက်တာတွေ မကြာခဏလုပ်တယ်။ တောထဲသွားလို့ AA တွေနဲ့ တွေ့ရင် ကျနော်တို့ အရမ်းကိုကြောက်တယ်။ အာဏာသိမ်းတဲ့နောက်ပိုင်း ဘုံရန်သူဟာ စစ်တပ်ဆိုတာ အားလုံးက လက်ခံ လာတဲ့အတွက် AA အဖွဲ့လည်း ကျနော်တို့ကို အရင်လိုသံသယနဲ့ မကြည့်တော့ဘူး။ အချင်းချင်း နားလည်မှုရရှိတဲ့သဘော နဲ့ ဆက်ဆံလာကြတယ်” ဟု ဧရာဝတီကို ပြောသည်။
စစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့သည့်အချိန်က AA တပ်ဖွဲ့ဝင်များ ချင်းတိုင်းရင်းသားကျေးရွာများသို့ ဝင်ရောက် လာ လျှင် စစ်တပ်ကို သတင်းမပေးရန်ပြောဆိုပြီး ရွာသားများအား ရွာပြင်လုံးဝမထွက်ခိုင်းဘဲ ပိတ်ဆို့ထားခြင်း၊ ရွာပြင်တွင် ချင်းရွာသားများ တွေ့ရှိလျှင်လည်း စစ်တပ်သတင်းပေးသည်ဆိုသော သံသယဖြင့် ရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်တတ် သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းသည်ပင် စစ်တပ်နှင့် ဆက်စပ် မှုရှိသည်ဆိုသောစွပ်စွဲချက်ဖြင့် ၂၀၁၉ နိုဝင်ဘာ ၃ ရက်၌ AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၀၂၀ ဇန်နဝါရီ ၂၁ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။
လက်ရှိတွင် AA တပ်ဖွဲ့ဝင်များနှင့် ချင်းတိုင်းရင်းသားကျေးရွာများကြား တဖက်နှင့်တဖက် ဆက်ဆံရေးကောင်းမွန်လာသည့် အတွက် AA တပ်ဖွဲ့ဝင်များ ချင်းကျေးရွာများသို့ ဝင်ထွက်သွားလာမှုများ ရှိနေကြောင်းလည်း ဒေသခံချင်းတိုင်းရင်းသားများ က ဆိုသည်။
ပလက်ဝမြို့နယ် မြေပုံအရ ချင်း ပြည်နယ်တွင် ပါဝင်နေသော်လည်း မြို့တော်ဟားခါးနှင့် ကူးလူး ဆက်ဆံရန် လမ်းပန်း ဆက်သွယ်ရေး ခက်သဖြင့် ပညာရေး၊ ကျန်းမာရေးစသည့် ဒေသဖွံ့ဖြိုးအတွက် ရခိုင်ပြည်နယ်ကိုသာ အားထားနေရရာ AA တပ်ဖွဲ့ဝင်များ မဝင်မီကပလက်ဝမြို့နယ်သည် ရခိုင်အပိုင် ဆိုသော ပြောဆိုယူဆချက်များကလည်း ပလက်ဝမြို့နယ် အတွင်း နေထိုင်သည့် ချင်းလူမျိုးများနှင့် ရခိုင်လူမျိုး တို့ကြား မပြေလည်မှုများ မကြာခဏ ဖြစ်ပွားစေသည့် အချက်ဖြစ်သည်။
ထို့ပြင် ၁၉၇၆ ခုနှစ်က ကရင်မှ ရခိုင်ပြည်နယ်သို့ ချီတက်လာသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ခိုင်မိုး လင်း ဦးဆောင်သော မိုးလင်းရာဇာစစ်ကြောင်း ချင်းတောင်တန်းတွင် စစ်တပ်၏ ပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံရပြီး ဥက္ကဋ္ဌ ခိုင်မိုးလင်း ကျဆုံးခြင်းမှာ ချင်းတိုင်းရင်းသားများ၏ သစ္စာဖောက်မှုကြောင့်ဆိုသည့် စွပ်စွဲချက်များကလည်း ရှိခဲ့သည်။
ထိုသို့သော မကျေလည်မှုများသည် ပလက်ဝမြို့နယ်ထဲသို့ AA ဝင်ရောက်လာပြီး နယ်မြေစိုးမိုးမှုများ ကြီးထွားလာချိန်၌ အမြင့်ဆုံးရောက်ရှိလာခဲ့ပြီးနောက် လူမျိုးနှစ်ခုကြား ယုံကြည်မှုများ ပျောက်ဆုံးသွားခဲ့သည်။
သို့သော် စစ်တပ်က အာဏာသိမ်းလိုက်သည့်အချိန်တွင် တပြည်လုံးတော်လှန်ပုန်ကန်မှု၌ ချင်းပြည်နယ်သည် ရှေ့ တန်းမှ ပါဝင်လာသည်နှင့်အမျှ ဘုံရန်သူစစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက်ရန် ကြိုးပမ်းလာမှုနှင့်အတူ စစ်ကောင်စီ၏ ပြည်သူ အပေါ် ရက်စက်မှုများကို အားလုံးက နားလည်လာကြသည့်အတွက် AA နှင့် ချင်းတော်လှန်ရေးအဖွဲ့များကြား စစ်ရေး မဟာမိတ်ဆံဆက်ရေး ပိုမိုကောင်းမွန်လာသည်ကိုလည်း တွေ့ရသည်။
ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “အာဏာသိမ်းတဲ့နောက်ပိုင်းမှာ ချင်းပြည်နယ်ဟာ စစ်ကောင်စီကို အဓိကတော်လှန်တဲ့ နေရာတခု ဖြစ်လာတယ်။ စစ်ပွဲဒဏ်ကိုလည်း ချင်းပြည်နယ်က အများကြီးခံစားလာရတယ်။ ချင်းပြည်သူတွေကိုလည်း စစ်ကောင်စီက ရက်ရက်စက်စက် သတ်ဖြတ်လာတယ်။ အဲဒီအနေအထားမှာ ချင်းလက်နက်ကိုင်တွေက AA နဲ့ ထိတွေ့ ဆက်ဆံမှုတွေ ရှိလာတယ်။ AA ခေါင်းဆောင်တွေလည်း စစ်ရေးကူညီထောက်ပံ့မှုတွေရှိလာတော့ ဒီနေ့အချိန်မှာတော့ သူတို့ရဲ့ မကျေနပ်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေက ဒုတိယနေရာကို ရောက်ရှိသွားပြီးတော့ စစ်ကောင်စီကို တော်လှန်ပုန်ကန်မှု လမ်းကို ရွေးချယ်သွားတဲ့အတွက် အခုလိုမျိုး ပြေလည်မှု ရရှိသွားတာဖြစ်တယ်လို့ပဲ သုံးသပ်မိတယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုနှစ်သင်္ကြန်ကာလတွင်လည်း AA ထိန်းချုပ်ရာ ဒေသတခုဖြစ်သည့် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အစပ် လေးမြို့ ချောင်းသင်္ကြန်ပွဲတော်တွင် ရခိုင်တိုင်းရင်းသားများနှင့်အတူ ချင်းတိုင်းရင်းသားများပါ ပါဝင်ဆင်နွှဲကြသည်ကို တွေ့မြင်ရသည်။
ထို့ပြင် ယခုနှစ် ဧပြီလ ၁၀ ရက်တွင် ကျရောက်သော ၁၄ ကြိမ်မြောက် ရက္ခိုင့်တပ်တော်(AA)နေ့ အခမ်းအနားသို့ ချင်း အမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF) အပါအဝင် ချင်းကာကွယ်ရေးတပ်(CDF) မင်းတပ်၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) စသည့် ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက သဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့သည်။
ဧပြီ ၂၄ ရက်တွင် ကျရောက်သော CDF မင်းတပ်၏ ၂ နှစ်ပြည့် အခမ်းအနားသို့လည်း ရက္ခိုင့်တပ်တော်(AA)၏ အယ်လ်ဖာ (၃) စစ်ဒေသက CDF မင်းတပ် တပ်ဖွဲ့အား စတင်ဖွဲ့စည်းသည့်နောက် ယနေ့အချိန်ထိ အကောင်းဆုံး ရပ်တည်ပေးလျက် ရှိကာ အိမ်နီးချင်းကောင်းမဟာမိတ်အဖွဲ့အစည်းတခုအဖြစ် ဆက်လက်ပြီး အကောင်းဆုံးရပ်တည်ပေးသွားမည်ဟု အပြန် အလှန် သဝဏ်လွှာပေးပို့ခဲ့ကြသည်။
ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကလည်း ဘဝတူ အဖိနှိပ်ခံတော်လှန်ရေးသမားများအချင်းချင်း ကူညီပံ့ပိုးမည်ဆိုသည့် AA ၏ မူဝါဒအတိုင်း ရခိုင်ပြည်နယ်နှင့်အနီးဆုံး နယ်မြေဒေသတွင်နေထိုင်သော ချင်းပြည်နယ်မှ တော်လှန်ရေးအဖွဲ့အစည်းများကို စာနာနားလည်မှုဖြင့် ကူညီပေးနေခြင်းဖြစ်ကြောင်း ပြောဆိုသည်။
၎င်းက “ချင်းပြည်နယ်က ကျနော်တို့နဲ့ နယ်မြေချင်းလည်း ထိစပ်တယ်။ ရခိုင်နဲ့အနီးဆုံး ညီအစ်ကိုတွေလည်း ဖြစ်တယ်။ သူတို့ဒုက္ခဟာ ကိုယ့်ဒုက္ခပဲဖြစ်တယ်ဆိုတဲ့ခံယူချက်နဲ့ ကျနော်တို့ ULA/ AA ရဲ့ အဖိနှိပ်ခံ ဘဝတူတော်လှန်ရေးသမားတွေ ကို ကူညီရိုင်းပင်းရမယ်ဆိုတဲ့ မူဝါဒအတိုင်း ကူညီပေးနေတာဖြစ်တယ်။ အရင်တုန်းကတော့ ချင်းညီကိုတွေ AA အပေါ် အထင်အမြင်လွဲမှားတာတွေ အများကြီးဖြစ်ခဲ့တယ်။ အခုကတော့ ဘယ်သူရန်သူ၊ ဘယ်သူမိတ်ဆွေဆိုတာ သူတို့ နားလည် သွားကြပါပြီ” ဟု ဆိုသည်။
ချင်းအမျိုးသားတပ်ဦး (CNF)၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း ချင်းနှင့်ရခိုင်သည် ရှေးဘိုးဘေဘီဘင် ကတည်းက အတူတကွယှဉ်တွဲနေထိုင်လာကြသည့် လူမျိုးများဖြစ်သောကြောင့် အောက်ခြေမြေပြင်တွင် မပြေလည်မှုတချို့ ရှိသော်လည်း လူမျိုးရေးအရ တစုံတရာအမုန်းပွားမှုများမရှိကြောင်း ပြောသည်။
ဆလိုင်းထက်နီက “မြေပြင်ကိစ္စ ပြဿနာတွေကတော့ လူမျိုးတိုင်းမှာရှိကြတာပဲ။ ဒါက ဖြေရှင်းလို့မရတဲ့ပြဿနာတွေမှ မဟုတ်တာ။ ချင်းနဲ့ရခိုင်ကြားမှာ ဘာပြဿနာမှ ကြီးကြီးမားမား မရှိပါဘူး။ ပလက်ဝသည် ရခိုင်ပြည်နယ်မဟုတ်ဘူးဆိုတဲ့ ကိစ္စကလည်း နောက်ပိုင်းမှာ ဖြေရှင်းလို့ရမယ့် ကိစ္စတွေသာဖြစ်တယ်” ဟု ဆိုသည်။
ရက္ခိုင့်တပ်တော်(AA) ဝင်ရောက်စစ်ရေးလှုပ်ရှားနေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းအရ လူဦးရေ ၆၄,၉၇၀ ရှိပြီး အများစုမှာ ခူမီးချင်းတိုင်းရင်းသားများဖြစ်ကာ ရခိုင်နှင့် ခေါင်စို ချင်းလူမျိုးများလည်း နေထိုင်ကြောင်း သိရသည်။
ပလက်ဝမြို့နယ်၏ အရှေ့ဘက်တွင် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်တို့တည်ရှိပြီး တောင်ဘက်တွင် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ်တို့ တည်ရှိကာ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရခိုင်ပြည်နယ် ဘူသီးတောင်မြို့နယ်နှင့် မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့ တည်ရှိနေသည့်အတွက် ပလက်ဝမြို့နယ်သည် AA အတွက် အလွန်အရေးပါသော မဟာ ဗျူဟာမြောက် စစ်ရေးလှုပ်ရှားရာဒေသတခုလည်း ဖြစ်နေသည်။
You may also like these stories:
ပလက်ဝရှိ ချင်းရွာသားများကို AA စစ်သင်တန်း တက်ခိုင်းနေ
ချင်းတောင်တန်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာမလား
ရွေးကောက်ပွဲကို ဟန့်တားရန် စစ်ကောင်စီစခန်းများ မတူပီ CDF တိုက်ခိုက်
AA အပစ်ရပ်မှု စစ်ကောင်စီဆန့်ကျင်ရေး အခြားအဖွဲ့များပေါ် ဖိအားပိုလာမလား