နေဝင်တော့မည်။
လမ်းခရီးတွင် နောက်တနေ့ ကုန်ဆုံးပြီးသည့်နောက် ခရီးသည်များလည်း မောပန်းကြလေပြီ။
ချောင်ကျသော ရွာကလေး တရွာသို့ ရောက်သွားသည် ဆိုလျှင် ထိုရွာကလေးသည် သင်မရောက်ဘူးသေးသည့်တိုင် ရောက်ဖူးသည့်နှယ် ထင်မိပေလိမ့်မည်။
အခြားကြောင့် မဟုတ်။ အလားတူ ရွာကလေးများကို ယခင်က ဖြတ်သန်းခဲ့ဖူးသောကြောင့် ဖြစ်သည်။
အချို့ရွာကလေးများတွင် ရွာတံခါးတွေ ပိတ်ထားလေပြီ။ အချို့ရွာကလေးများတွင်လည်း ရွာတံခါးရွက်တို့ မပိတ်ကြသေး၊ အချို့ ရွာသူ ရွာသားတို့ကား နောက်တွင် ခွေး၊ နွား စသည်တို့ လိုက်ပါလာလျက် ရွာသို့ ပြန်လာကြ၏။
အချို့ အမျိုးသမီးများကား အိမ်ဝတွင် ရပ်လျက် ရှိကြကုန်၏။ ညစာ စားရန် အိမ်ပြန်ယောက်ျားကို မျှော်နေခြင်း ဖြစ်ပေလိမ့်မည်။ ထို့နောက် တံခါးပိတ်သံကို ကြားရလိမ့်မည်။
အိမ်ထဲဝင်ပြီး အေးအေးဆေးဆေး နားလိုက်ရရင် ဘယ်လောက်များ ကောင်းလိုက်မလဲဟု သင် တွေးမိပေလိမ့်မည်။
မကြာမီ ပေတရာလမ်းမကြီးဘေး၊ သို့မဟုတ် လမ်းဆုံတွင် ရှိသော ထမင်းဆိုင်ကလေး တဆိုင်ကို တွေ့ရတတ်ပါသည်။
မနက်ဖြန် မနက်စောစော ခရီးထွက်စရာ ရှိသည့်တိုင် ချိုမြိန်သော အိပ်မက်တို့ကို မက်နိုင်ပါလိမ့်မည်။
အချို့သော ထမင်းဆိုင်ရှိ ဟောင်းအိုသော သံတခါးရွက်များ ပေါ်တွင် –
ငြိမ်သက် အေးဆေး
ရွာကလေး၌
မိုးသေး မိုးစက်
နားထောင်လျက်ဖြင့်
သက်သက်သာသာ
အနားယူပါ။
လေပြင်း နှင်းခါး
တိုက်ခတ်သွားလည်း
နားနေခြင်းသာ
အကောင်းဆုံးပါ။
ဟူသော ကဗျာတို စာတိုကလေးများကို တွေ့ရတတ်ပါသည်။
မည်သည့် ရည်ရွယ်ချက်ဖြင့် ရေးခဲ့သည်ကို မပြောနိုင်သော်လည်း ထိုစာတို ကဗျာတိုကလေးများသည် ခရီးသည်တို့၏ နှလုံးသားကို နွေးထွေးစေပါသည်။
ထမင်းဆိုင်ကလေးတွင် ရိုးသား လှိုက်လှဲ၍ စေတနာကောင်းသော ထမင်းဆိုင်ရှင်နှင့် ခရီးသည်တို့က သင့်ကို ပြုစု စောင့်ရှောက်ကာ ကိုယ့်အိမ်ကဲ့သို့ သက်သောင့်သက်သာ ဖြစ်စေပါလိမ့်မည်။
ရှေ့ကရွာသည် မည်မျှဝေးကြောင်းဖြင့် အရှေ့ထက် ပို၍ဝေးသယောင် စိတ်ပျက်ဖွယ် စကားများကို ပြောတတ်သော ခရီးသည်များကို သူ့လှည်းကြုံဖြင့် တင်လျှင် မတန်တဆ တောင်းတတ်သော စိတ်ထား မကောင်းသည့် ခရီးသည်များကို တရံတခါ တွေ့ရတတ်ပါသည်။
သို့ရာတွင် လွန်သည်ဟု သင် သဘောထားမည် မဟုတ်ပါ။ ထိုသို့သော သူများမှာ ဟောဟောဒိုင်းဒိုင်း ခပ်ရိုင်းရိုင်း လူမျိုးများသာ ဖြစ်ကြပါသည်။ ထိုနေရာ တဝိုက်တွင် အရာရာသည် အရိုင်း အကြမ်းထည်မျှသာ ဖြစ်ကြပါသည်။
ဒယ်အိုးကြီးနှင့် တူသော သံမျက်နှာသစ် ခွက်ကြီးကို မျိုးဆက်ပေါင်းများစွာ အသုံးပြုခဲ့ကြပြီး ဖြစ်ပါသည်။ မည်းနက်သော မြေ လက်ဖက်ရည် ကရားကြီးမှာလည်း လက်ဖက်ရည် နေ့ဝက်စာ သောက်နိုင်အောင် ကြီးပါသည်။ အချို့သူများကမူ ထိုပစ္စည်းကို အဖိုးတန် ရှေးဟောင်း ပစ္စည်းဟု ထင်တတ်ကြပါသေးသည်။
အစားအသောက်မှာမူ ကိုယ်စားနိုင်သလောက် စား၍ ရပါသည်။
“ခရီးက ဝေးတယ်နော်၊ ဝအောင် စားသွား၊ ကျုပ်တို့ ဆိုင်ကတော့ အဝကျွေးတာ”ဟု ထမင်းဆိုင်ရှင်က ဧည့်သည်များသို့ ပြောတတ်ပါသည်။
ထိုသို့သော နေရာမျိုးတွင် မည်သူမျှ အထီးကျန် မဖြစ်ကြပါ။ သင်သည် ခရီးပန်းလာလျှင် အနားယူနိုင်ပါသည်။ သို့မဟုတ်လျှင်လည်း သင့်တွင် စကားပြောဖော် ရှိနေပါသည်။
“သမုဒ္ဒရာ လေးစင်း အတွင်းမှာ ကျနော်တို့ အားလုံးဟာ ညီနောင်တွေချည်းပဲဗျာ၊ နို့…နေစမ်းပါဦး ခင်ဗျားက မြောက်ဘက် တောင်ခြေက မဟုတ်လား”ဟု သူတို့က မေးတတ်ပါသည်။
ထိုသို့သော နှုတ်ဆက် စကားမျိုးကို မကြာခဏ ကြားရတတ်ပါသည်။
တောင်ပေါ်မှ သစ်သီးသည်များ၊ မြစ်ဘေးမှ ငါးသည်များ၊ လှည်းတွန်းလာသူများ၊ အထမ်း ထမ်းလာသူများ ကြိမ် ရောင်းသူများ၊ ချိုးရုပ် ရောင်းသူများ၊ ကြိုးသည်များ၊ ကျောင်းဆရာ ဘဝမှ ဗိန္ဓောဆရာ ဘဝသို့ ပြောင်းလာသူများ စသည့် လူမျိုးစုံတို့သည် အမှတ်မထင် လာ၍ စုဝေးမိကြကာ ပွင့်လင်း ချစ်ခင်စွာ ပြောဆိုကြပါသည်။
ထိုသို့ လမ်းကြုံ၍ ဆုံရခြင်းသည် ကံအကြောင်း တိုက်ဆိုင်၍ ဆုံရခြင်း ဖြစ်သည်ဟု အယူရှိကာ ထွေရာလေးပါးတို့ကို အမျှင်မပြတ် ပြောဆိုကြပါသည်။
ကံထမ်းလာသည်ကို မမြင်ရဟု ဆိုသကဲ့သို့ နောင်တွင် မည်သူတွေ မည်သို့ ဖြစ်မည်ကို မည်သူ ပြောနိုင်ပါသနည်း။
ဆောင်းတွင်း ဆိုလျှင် သဘောကောင်းသည့် ထမင်းဆိုင်ရှင်က ထင်းရှူးသားဖြင့် မီးဖိုပေးပါလိမ့်မည်။ ဤသည်မှာ သူ့စေတနာအရ ပြုစုခြင်းသာ ဖြစ်ပါသည်။
ထိုသို့သော ငြိမ်းချမ်း နွေးထွေးသည့် ပတ်ဝန်းကျင်တွင် သူစိမ်းတရံဆံ တို့သည် မီးဖိုရှေ့တွင် အရက်ချိုကလေး သောက်ရင်း ပုံတိုပတ်စများကို ပြောတတ်ကြပါသည်။ ။
(စာရေးဆရာကြီး မြသန်းတင့် မြန်မာပြန် ရေးသားသည့် ဤနိုင်ငံတကာ ရသစာတမ်း (Literary Essay) ကို နှစ်ကာလများ စာပေတိုက်က ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “မြသန်းတင့် နိုင်ငံတကာ ရသစာတမ်းငယ်များ ပထမအုပ်” မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ တရုတ် ရသစာတမ်းရေးဆရာ Li Guangtian (Chinese essayist) ၏ A Country Inn ရသစာတမ်းကို မြန်မာဘာသာသို့ ပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ဆရာကြီး မြသန်းတင့်သည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)