စခဲ့သည်မှာ ဟိုတနေ့က ဖြစ်သည်။
နံနက်စောစော ငှက်ကလေးများ သီချင်းဆိုသဖြင့် နိုးလာခဲ့သည်။ ဤသည်ကား နွေရာသီ ရောက်သော လက္ခဏာ တခု ဖြစ်သည်။
ကျမသာ သီချင်း ဆိုတတ်လျှင် ငှက်ကလေးက သစ်ပင်ပေါ်မှာ၊ ဘုရားသခင်က ကောင်းကင်ဘုံမှာ၊ လောကကြီးက သူ့နေရာနဲ့သူ အဆင်ပြေလျက် ရှိသည် ဟူ၍ စသည်ဖြင့် ဆိုချင်ပါသည်။
ပျော်နေစိတ်ဖြင့် ငါးဟင်း တခွက် ချက်လိုက်သည်။ သူငယ်ချင်း တယောက်နှင့် သူ့အိမ်တွင် နံနက်စာ အတူစားဖို့ ချိန်းထားသည်။
ငါးဟင်းနှင့် အတူ စာအုပ်များ၊ ရေးထားသော မှတ်စု စာရွက်များ စသည်တို့ကိုလည်း ယူသွားရန် စီစဉ်ထားသည်။ သူငယ်ချင်းကို ကျမ၏ အလုပ်များကို ပြပြီး ကြွားဖို့ရန် ဖြစ်သည်။
ကျမ၏ သူငယ်ချင်းက ကျမ လုပ်ထားသော အလုပ်များကို တွေ့လျှင် ချီးမွမ်းမည့် အဖြစ်ကို စဉ်းစားနေသည်။
ကျမသည် အိမ်မှ ထွက်လာချိန်တွင် လက်တဖက်တွင် ပိုက်ဆံအိတ် နှင့် ခြင်းတခု၊ ခြင်းထဲတွင် ဟင်းချိုင့်နှင့် နောက်လက် တဘက်တွင် ဖိုင်များနှင့် စာရွက်စာတမ်းများ ပါဝင်သည်။
ဘတ်စ်ကားသည် လူအပြည့် ဖြစ်နေသောကြောင့် မတ်တတ် ရပ်ရသည်။ ထို့ကြောင့် ကျမ၏ ပိုက်ဆံအိတ်ကို ရင်ထဲတွင် ပိုက်ထားရသည်။ ခြင်းကို ဘတ်စ်ကား၏ ကြမ်းပေါ်တွင် ချထားသည်။
လူပြည့်နေသော ဘတ်စ်ကားပေါ်တွင် မတ်တတ်ရပ်ရသော ဒုက္ခတခုမှာ ဘတ်စ်ကားသည် ဘယ်ကို သွားနေသည်ကို မသိနိုင်ခြင်း ဖြစ်သည်။ ကျမ၏ ခေါင်းသည် ပြတင်းပေါက်ထက် မြင့်နေခြင်း ဖြစ်သည်။
လူများ ဟိုဘက်က တွန်းလိုက်၊ ဒီဘက်က တိုက်လိုက် ဖြစ်သည်။ ဘတ်စ်ကားသည် မည်သည့် မှတ်တိုင်ကို ရောက်နေသည်ကို မသိသဖြင့် တချိန်လုံး အော်နေရသည်။
“ဘိုးဘွား ရိပ်သာ မှတ်တိုင်ပါတယ်”ဟူ၍ ကိုယ့်ကိုယ်ကိုယ် အဘွားကြီး ဖြစ်ကြောင်းကို လူသိအောင် ကြေညာနေသကဲ့သို့ ဖြစ်နေသည်။
အကယ်၍များ “ချစ်သူတွေ ဆုံရာလမ်း” စသည်ဖြင့် အမည်လှလှလေး ဆိုလျှင် ဘယ်လောက်ကောင်းမည်လဲ။
ဆင်းရမည့် မှတ်တိုင်ကို ရောက်သော် လူများကို မနည်းတိုး၍ ဆင်းခဲ့ရသည်။
ဘတ်စ်ကားပေါ်မှ နေ၍ ကိုယ်ခန္ဓာ တပိုင်းစီ မဖြစ်ဘဲ အသက်နဲ့ ကိုယ်နဲ့ မြဲ၍ ထွက်လာနိုင်ခြင်းကိုပင် လာဘ်ကြီး တပါး ပမာ ယူဆရပါသည်။
သူငယ်ချင်း အိမ်သို့ ရောက်လာပါပြီ။ သူငယ်ချင်းနဲ့ တွေ့တွေ့ချင်း ဘာပြောရမည်ကို စဉ်းစားထားပြီး ဖြစ်သည်။
“ဟောဒီမှာ သူငယ်ချင်းစားဖို့ ငါးဟင်း၊ နောက်ပြီး…”
ပြောဖို့ စကားတွေကတော့ အားလုံး အဆင်သင့် ဖြစ်နေပါပြီ။ သို့သော်…သို့သော်…ဖြစ်ပုံက လက်ထဲမှာ လိုအပ်သည့် ပစ္စည်းတွေ ဘာမှ ပါမလာချေ။ အားလုံး ဘတ်စ်ကားပေါ်မှာ ကျန်ခဲ့ပြီ ဖြစ်သည်။
ကျမသည် ဘာလုပ်ရမှန်း မသိသည့်အဆုံး ရဲကို အကူအညီ တောင်းသည်။ ရဲက တတ်နိုင်သလောက် ကူညီပါသည်။ သူက ဘတ်စ်ကား နံပါတ်ကို မှတ်မိသလားဟု မေးသည်။
ဒါမှ ဒုက္ခပဲ။
ဤနေရာတွင် ကျမသည် ရဲကို အကြံပေးချင်ပါသည်။ ဘတ်စ်ကားပေါ်တွင် ပစ္စည်းမေ့ကျန်ရစ်လောက်အောင် အသိဉာဏ် တုံးသောသူကို ကိုယ်စီးခဲ့သော ဘတ်စ်ကား၏ နံပါတ်ကို ဘယ်တော့မှ မမေးရန် ဖြစ်သည်။ ကိုယ်စီးလာသော ဘတ်စ်ကား ၏ နံပါတ်ကို မှတ်မိလောက်အောင် ဉာဏ်ရှိသောသူသည် ဘယ်တော့မှ ဘတ်စ်ကားပေါ်တွင် ပစ္စည်းကျန်မည် မဟုတ်ပါ။
ဘတ်စ်ကားပေါ်တွင် ပစ္စည်း မေ့ကျန်ရစ်တတ်သောသူသည် သူစီးခဲ့သော ဘတ်စ်ကား၏ နံပါတ်ကို ဘယ်တော့မှ မှတ်မိနိုင်စွမ်း မရှိပါ။
ရဲက ဘတ်စ်ကား၏ ရုံးခန်းကို ဆက်သွယ်၍ မေးမြန်းကြည့်ရန် အကြံပေးသည်။ ရုံးခန်းကို ဆက်သောအခါ သူတို့က ရဲမေးသော မေးခွန်းကို ထပ်၍မေးသည်။ သူတို့က ကျမကို ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကို ပေးထားရန်ပြောသည်။
ကျမ ရောက်ရှိသော ရုံးခန်းမှာ ဘတ်စ်ကားလိုင်း၏ တောင်ဘက်အစွန် ဖြစ်သည်။ ဘတ်စ်ကားလိုင်း၏ မြောက်ဘက် အစွန်ကိုလည်း သွား၍ အချက်အလက်များကို ပေးထားရန် အကြံပေးသည်။
ဘတ်စ်ကားလိုင်း၏ မြောက်ဘက် အစွန် ရုံးခန်းမှ ပြန်လာပြီး ကျမ သူငယ်ချင်းအိမ်သို့ ပြန်ဝင်သောအခါတွင် ကျမ၏ ဗိုက်က တော်တော် ဆာနေပြီ ဖြစ်သည်။
ကျမ သူငယ်ချင်းသည် ခေါက်ဆွဲကြော်ထားသည့် အတွက် အတော် ဖြစ်သွားသည်။ ခေါက်ဆွဲကြော် စားလိုက်သည့် အတွက် ဗိုက်ဆာတာတော့ ပြေသွားသည်။
သို့သော် ကျမ၏ စာမူကြမ်းနှင့် အချောများ ပျောက်သွားတာကိုတော့ ဘာနဲ့မှ အစားထိုး မရပါ။
ထိုအချိန်တွင် စာရေးဆရာ သောမတ်စ် ကာလိုင်း (Thomas Carlyle) အကြောင်းကို သတိရသည်။ သူသည် ပြင်သစ် တော်လှန်ရေး၏ သမိုင်းအကြောင်း ရေးထားသော တခုတည်းသော စာမူ ပျောက်သွားဖူးသည်ဟု ကြားဖူးသည်။
သူ့မှာ အကြမ်းရေးထားသော စာမူများလည်း မရှိတော့သောကြောင့် အားလုံး အသစ်ပြန်ရေးခဲ့ရသည်။
ထိုအခါ သောမတ်စ် ကာလိုင်းက “ငါ့ကို ဘုရားသခင်က ဒါထက် ကောင်းကောင်း ရေးစေချင်လို့ တမင် ဖန်တီးပေးတာ ဖြစ်ရမယ်” ဟု ဆိုသည်။
ဤနေရာတွင် ကျမသည် သောမတ်စ် ကာလိုင်းနှင့် တူသည်ဟု ဆိုရမည်။ အခြားနေရာမှာတော့ မဟုတ်ပါ။ စာမူ ပျောက်သည့် အဖြစ်တွင်သာ တူခြင်း ဖြစ်သည်။
ကျမသည် သောမတ်စ် ကာလိုင်းနှင့် ကျမတို့ တူသည့် အကြောင်းကို စိတ်ကူး ယဉ်နေစဉ် အိမ်မှ ကိုလတ်ထံမှ ဖုန်းလာသည်။
ကိုလတ်က ပြောသည်မှာ “ဟေ့…နံပါတ် (၅) ဘတ်စ်ကားလိုင်းက အိမ်ကို ဖုန်းဆက်တယ်။ မင်း ဘတ်စ်ကားပေါ်မှာ မေ့ကျန်ခဲ့တဲ့ ခြင်းတောင်းနဲ့ ပစ္စည်းတွေ ပြန်တွေ့ပြီတဲ့” သူကတော့ ကျမ အကြောင်းကို စဉ်းစားနေမှာ သေချာတယ်။ ဘတ်စ်ကားပေါ်မှာ အရေးကြီးတဲ့ ပစ္စည်းတွေ မေ့ကျန်တတ်တဲ့ မိန်းမ…စသည်ဖြင့်ပေါ့။
ကျမ ပစ္စည်းတွေ ပြန်တွေ့တာ ဝမ်းသာလို့ မဆုံးပါဘူး။ ကျမနဲ့ သောမတ်စ် ကာလိုင်း အဖြစ်ချင်း တူတယ် ဆိုတဲ့ စိတ်ကူးလေးတော့ ပျက်သွားတာပေါ့လေ။ ဒါပေမယ့် ပစ္စည်းတွေ ပြန်တွေ့တာနဲ့တော့ မလဲပါဘူး။
ထိုညတွင် ကျမ၏ မြေးလေး နှစ်ယောက်ကို အိပ်ခါနီး ပုံပြောသည့်အချိန် ရောက်လာသောအခါ ကျမက အောက်ပါအတိုင်း စတင်၍ ပြောလိုက်သည်။
“ဟိုရှေးရှေးတုန်းက မြတ်စွာဘုရား ပရိနိဗာန် မပြုမီ နတ်တို့ရဲ့ ဘုရင်ဖြစ်တဲ့ သိကြားမင်းကို ခေါ်လိုက်တယ်။ မြတ်စွာဘုရားက သိကြားမင်းကို လူတွေကို စောင့်ရှောက်ဖို့ မှာတယ်။ အထူးသဖြင့် ကောင်းတဲ့လူတွေကို ဒုက္ခ မရောက်အောင် ကြည်ရှုစောင့်ရှောက်ဖို့ မှာကြားတယ်ကွယ့်။ အဲဒီ အချိန်က စပြီး လူကောင်းတွေ ဒုက္ခရောက်တဲ့ အခါတိုင်း သူထိုင်နေကျ အလွန်ပျော့ပျောင်းတဲ့ ဆိုဖာကြီးဟာ ကျောက်ခဲလို မာသွားတယ်တဲ့။ အဲဒီ အခါကျရင် လူ့ပြည်မှာ ကောင်းတဲလူ တယောက်ယောက်တော့ ဒုက္ခရောက်နေပြီ ဆိုတာကို သိူတယ်။ အဲဒီ အခါမှာ သူဟာ တခုခု လုပ်ရမှာကို သိတယ်ကွယ့်။
တနေ့မှာ သူထိုင်တဲ့ ဆိုဖာကြီးဟာ ကျောက်ခဲလို မာနေတာတွေ့တယ်။ ဒီတော့ လူ့ပြည်ကို လှမ်းကြည့်လိုက်တော့ မြေးလေးတွေရဲ့ အဘွားဟာ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ပါတဲ့ခြင်းကို နံပါတ် (၅) ဘတ်စ်ကားပေါ်မှာ မေ့ကျန်ခဲတာ တွေ့လိုက်ရတယ်။ ဒီတော့…”
ပုံပြင်လေးကတော့ အားလုံးသိကြပြီး ဖြစ်လို့ ထပ်မပြောတော့ပါဘူး။
အားလုံး အဆင်ပြေသွားတာကို နံပါတ် (၅) ဘတ်စ်ကားလိုင်းက ဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်။ သိကြားမင်းက ဘယ်လိုပဲ မသည် ဖြစ်စေ နံပါတ် (၅) ဘတ်စ်ကားလိုင်းက ဝန်ထမ်းတွေ မပါရင် ဘာမှ မဖြစ်နိုင်ပါဘူး။ ။
(စာရေးဆရာမကြီး ခင်မျိုးချစ် ရေးသားခဲ့သည့် ဤဆောင်းပါးကို ဒေါင်း စာပေက ၂၀၁၉ ခုနှစ် မတ်လတွင် ထုတ်ဝေသော “အတွေးအမြင် စာစောင် အမှတ် ၃၁၉” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၁၉၉၉ ခုနှစ် ဇန်နဝါရီ ၂ ရက် အသက် ၈၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)
ဆရာမကြီး ခင်မျိုးချစ်၏ ဆောင်းပါး All’s Right with the world ကို ဒေါက်တာ ခင်မောင်ဝင်း (သင်္ချာ) က ဘာသာ ပြန်ခြင်း ဖြစ်သည်။ ဤ ဆောင်းပါးသည် ၁၉၆၅ က Guardian အင်္ဂလိပ် သတင်းစာထဲတွင် ပါဝင်ခဲ့ပြီး ၂၀၀၃ က Stories and Sketches of Myanmar တွင် ပါဝင်ခဲ့သည် ဟုလည်း အတွေးအမြင် စာစောင်က ဖော်ပြထားသည်။
You may also like these stories: