စစ်အာဏာရှင်စနစ်နဲ့ မလာဘံနိုင်တဲ့ အာရောဂျံ
စစ်အာဏာသိမ်းမှုကြောင့် အဘက်ဘက်က ယိုယွင်းကျဆင်းတဲ့အထဲမှာ ကျန်းမာရေးကဏ္ဍကလည်း အဆိုးဝါးဆုံးအဆင့်မှာ ပါပါတယ်။ လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ကဏ္ဍအသီးသီးက အသိပညာရှင်၊ အတတ်ပညာရှင်၊ ဝန်ထမ်းတွေ ပူးပေါင်းပါဝင်မှုကြောင့် အစိုးရယန္တရားဟန်ချက်ပျက်အောင် ထိုးနှက်နိုင်ခဲ့ပါတယ်။ တတ်နိုင်သမျှလည်း ဆက်လက် တောင့်ခံနေကြဆဲပါ။ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်မှု နှစ်ပေါက်လာတာနဲ့အမျှ တိုင်းပြည်အနာဂတ်ဖြစ်တဲ့ ကလေးသူငယ်များရဲ့ ပညာရေးနဲ့ ရှောင်လွှဲလို့မရတဲ့ ပြည်သူများရဲ့ ဗျာဓိကျန်းမာရေး ထိခိုက်မှုများဟာ ရေရှည်မှာ စကားပြောလာပါတယ်။
ပညာရေးကဏ္ဍမှာ ငွေကြေးချောင်လည်သူတွေက ကိုယ့်သားသမီးကို နိုင်ငံခြားမှာ ကျောင်းသွားထားတာ၊ ပြည်တွင်းရှိ နိုင်ငံတကာကျောင်းတွေမှာ ထားတာ၊ ပုဂ္ဂိလိက ကျောင်းတွေမှာ ထားတာတွေလို တခြားရွေးချယ်စရာတွေ အပြင် တချို့အဆင့်မြင့်ပညာပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထီးရိပ်အောက်ကနေ လှုပ်ရှားဖွင့်လှစ်နေတဲ့ အွန်လိုင်းပညာရေးတွေလည်း ရှိနေပါတယ်။ ငွေကြေးလည်း မတတ်နိုင်၊ ရွေးချယ်စရာလည်း မရှိတဲ့ အခြေခံလူတန်းစားတွေအဖို့တော့ စစ်အာဏာသိမ်းမှုကို မကျေနပ်တာ ခဏထား၊ ကိုယ့်သားသမီးတွေ ပညာတတ်မှ ဖြစ်မယ်ဆိုပြီး အစိုးရကျောင်းတွေကို ကြိတ်မှိတ်ပို့နေကြရတာကို တွေ့နေရပါတယ်။
ပညာရေးကဏ္ဍမှာ ကလေးတွေကို ကျောင်းကောင်းကောင်း ပို့နိုင်သူက လူနည်းစုဖြစ်သလို ကျန်းမာရေးကဏ္ဍမှာလည်း အရွယ်စုံပြည်သူတိုင်းဟာ နိုင်ငံခြားဆေးထွက်ကုဖို့ မဆိုထားနဲ့ အတော်အသင့် ပုဂ္ဂလိကဆေးရုံကိုတောင် သွားကြဖို့ အနိုင်နိုင်ဖြစ်ပါတယ်။
ပုဂ္ဂလိကကျောင်းလည်း အစိုးရသင်ရိုးညွှန်းတန်းသင်တာပဲမို့ ကျောင်းမထားဘူးဆိုသူ မိတ်ဆွေတဦးကတော့ သူ့အာခံမှုကို အလျှော့ပေးပြီး လာမယ့်နှစ်မှာ အလယ်တန်းအဆင့်ရောက်နေပြီဖြစ်တဲ့ သူ့ကလေးကို သူတတ်နိုင်တဲ့ ပုဂ္ဂလိကကျောင်းကို ပို့တော့မယ်လို့ ဆိုလာပါတယ်။ သူအလျှော့ပေးရတာလည်း သူ့အကြောင်းနဲ့သူပါ။ သူ့ကလေးက အသက် သုံးနှစ်ပိုကြီးလာပြီး စာသင်ရမယ့် အတန်းကတော့ ကိုဗစ်နိုင်တင်းနဲ့ စစ်အာဏာသိမ်းမှု နှစ်ရပ်ပေါင်းမှာ သုံးနှစ် အောက်သွားပြီဖြစ်လို့ ကျနော့်မိတ်ဆွေဟာ ကလေးအတွက် စိုးရိမ်စ ပြုလာတာ ဖြစ်ပါတယ်။
ပညာရေးကဏ္ဍအသေးစိတ်ကို ခဏထားလို့ ဒီနေရာမှာ ယှဉ်ထိုးပြောချင်တာက “ပြည်သူ့ကျန်းမာရေးကဏ္ဍ” ဖြစ်ပါတယ်။ စစ်ဖိနပ်အောက်မှာ မနေလို၊ မလုပ်လိုတဲ့ ဆရာဝန်အမြောက်အမြား CDM လုပ်ကြပါတယ်။ မိတ်ဆွေ ဆရာဝန်များဆိုရင်လည်း စစ်အာဏာမသိမ်းခင်က သူတို့အနာဂတ်ဟာ တောက်မယ့် မီးခဲ၊ တောက်နေဆဲ မီးခဲ တရဲရဲနဲ့ မျှော်လင့်ချက် အပြည့်ပါ။ အခုတော့ သူတို့ အနာဂတ်တွေ လတ်တလောမှာ ပြိုကျကုန်ပါတယ်။

လောလောဆယ် ပြည်တွင်းမှာ အများပြည်သူ ကျန်းမာရေးကဏ္ဍကတော့ ဆိုးဆိုးရွားရွား ထိခိုက်နေတာ မြင်ရပါတယ်။ ပညာရေးကို အွန်လိုင်းက သင်သလို ကျန်းမာရေးကျတော့ အွန်လိုင်းက ကုလို့ မရတော့ပါဘူး။ CDM ဆရာဝန်များကလည်း လူနာများကို တတ်သည့်ပညာနဲ့ ကုသပေးဖို့ ဘယ်လိုမှ ပုန်းရှိုးကွယ်ရှိုးပင် ရပ်တည်လို့မရတာလည်း အားလုံးသိကြတဲ့အတိုင်းပါပဲ။ လူနာအသက်ကို ကယ်တာဖြစ်ပေမယ့် CDM ဆိုတာကြောင့် စစ်ကောင်စီအမြင်မှာ ရာဇဝတ်မှု မြောက်နေရပါတော့တယ်။
ပညာရေးကဏ္ဍမှာ ကလေးတွေကို ကျောင်းကောင်းကောင်း ပို့နိုင်သူက လူနည်းစုဖြစ်သလို ကျန်းမာရေးကဏ္ဍမှာလည်း အရွယ်စုံပြည်သူတိုင်းဟာ နိုင်ငံခြားဆေးထွက်ကုဖို့ မဆိုထားနဲ့ အတော်အသင့် ပုဂ္ဂလိကဆေးရုံကိုတောင် သွားကြဖို့ အနိုင်နိုင်ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ နေ့စဉ် တဝမ်းတခါးအတွက် ရုန်းနေကြတာနဲ့ ကျန်းမာရေးကို သိသိကြီး အပွန်းခံနေရသူတွေ တပုံတပင်ပါ။
လတ်တလော အာဏာရူးနေတဲ့ စစ်ကောင်စီကို နည်းလမ်းအမျိုးမျိုးနဲ့ ဆန့်ကျင်ကြ တော်လှန်နေကြရာမှာ ရပ်တန့် ယိုယွင်း ပျက်စီးကုန်တဲ့ကဏ္ဍတွေမှာ ယာယီအစားထိုး ဝန်ဆောင်မှုတွေပေးဖို့ NUG နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ကြိုးပမ်းနေကြပေမယ့် ပြည်တွင်းမှာ ကျန်းမာရေးကဏ္ဍကတော့ အစားထိုးဖို့ မဖြစ်နိုင်တဲ့ ဟာကွက်ကြီး ဖြစ်နေပါတယ်။
စစ်အာဏာသိမ်းမှုကို အော့နှလုံးနာကြတဲ့ ပြည်သူများဟာ ဒီလိုဟာကွက်ကြီးတွေ၊ ဟာကွက်လေးတွေ ရှိနေတာကို အပြစ်တင် ဝေဖန်မှု ကြီးကြီးကျယ်ကျယ် မရှိကြဘဲ ခါးစည်းခံ ကြိတ်မှိတ် ဖြေရှင်းနေကြတာဟာလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ တချို့ကတော့ မသေသင့်ပါဘဲ သေကြရတယ်၊ တချို့လည်း သက်တမ်းစေ့ နေသင့်သလောက် နေလို့ရဖို့ မျှော်လင့်ချက် မဲ့နေကြပါတယ်။
အတည်တကျဖြစ်နေတဲ့ မိသားစုဘဝတွေ ပျက်စီး၊ စီးပွားရေးတွေ ဘဝတွေပျက်၊ ဆိုးရွားတဲ့ နေ့စဉ်ဘဝလုံခြုံမှုတွေ ကင်းမဲ့၊ ပြင်းထန်တဲ့ ရာသီဥတုကို အံတုဖို့ လျှပ်စစ်ဓာတ်အားတွေ အလုံအလောက် မရှိ စတာတွေကို နိစ္စဓူဝ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြည်သူတွေဟာ တိုင်းပြည် နောက်ပြန်ဆုတ်မှုနဲ့အတူ လူသားဖွံ့ဖြိုးတိုးတက်မှုတွေလည်း အကုန် ကမောက်ကမဖြစ်ကုန်ကြမှာဟာ ရေရှည်အနာဂတ်ပြဿနာ ဖြစ်ပါတယ်။

မကြာသေးမီက ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့ လိုအပ်တဲ့သူ နှစ်ဦးရဲ့ အတွေ့အကြုံက ပြည်သူများရဲ့ ရုန်းကန်ရမှုကို ထင်ဟပ်နေပါတယ်။
တဦးက တီဘီအဆုတ်ရောဂါအတွက် ကုသမှုခံယူဖို့လိုတာ ဖြစ်ပြီး တဦးကတော့ ကိုယ်တွင်းခန္ဓာအစိတ်အပိုင်း ခွဲစိတ်ကုသဖို့ လိုတာ ဖြစ်ပါတယ်။ ပထမတဦးကတော့ ကျနော်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြရတဲ့ အခြေအနေနှစ်ရပ်ကို နှိုင်းယှဉ်ကြည့်မိတာပါ။
တီဘီရောဂါကူးစက်တာကို တွေ့ပြီဆိုရင် အပြင်ဆေးခန်းများက သက်ဆိုင်ရာ အစိုးရဆေးရုံများကို အညွှန်းစာရေးပြီး စေလွှတ်ကြပါတယ်။ ကုလသမဂ္ဂ အထောက်အပံ့နဲ့ လနဲ့ချီသောက်ရမယ့် ဆေးဝါးများ၊ စစ်ဆေးရမှုများကို အခြေခံလူတန်းစားပြည်သူတွေက ဆေးရုံမှာ အခမဲ့နီးပါး ရရှိနိုင်လို့ပါ။ သလိပ်စစ်တာမျိုး၊ ဓာတ်မှန်ရိုက်တာမျိုးအတွက် ငွေကြေး ထောင်ဂဏန်းအနည်း သတ်မှတ်ရုံမှအပ မိမိတတ်နိုင်သမျှလောက်သာ အကူငွေထည့်ပြီး ကျန်တဲ့ လနဲ့ချီသောက်ရမယ့် ဆေးဝါးတွေကို အခမဲ့ ရရှိနိုင်တာ ဖြစ်ပါတယ်။
မဖြစ်မနေ ဆေးရုံလာကြတဲ့လူနာတွေအတွက် ဆရာဝန်အင်အားကလည်း အလွန်နည်းနေပေမယ့် ကြိုးစားကုသကြပါတယ်။ CDM လုပ်ကြတဲ့ ဝန်ထမ်းတွေမှာ ကျန်းမာရေးကဏ္ဍကလည်း မနည်းတဲ့ရာခိုင်နှုန်းနဲ့ ပါဝင်ကြပြီး စစ်ကောင်စီလည်ပတ်လိုတဲ့ ယန္တရားကို ကောင်းကောင်းကြီး ထိုးနှက်နိုင်တာကို တွေ့ရပါတယ်။ အစိုးရဆေးရုံမှတပါး တခြားမှာကုဖို့ မသွားနိုင်တဲ့လူနာများကိစ္စကလည်း သတ်သတ်လို့ ဆိုရမှာပါပဲ။
CDM လုပ်ကြတဲ့ ဝန်ထမ်းတွေမှာ ကျန်းမာရေးကဏ္ဍကလည်း မနည်းတဲ့ရာခိုင်နှုန်းနဲ့ ပါဝင်ကြပြီး စစ်ကောင်စီလည်ပတ်လိုတဲ့ ယန္တရားကို ကောင်းကောင်းကြီး ထိုးနှက်နိုင်တာကို တွေ့ရပါတယ်။ အစိုးရဆေးရုံမှတပါး တခြားမှာကုဖို့ မသွားနိုင်တဲ့လူနာများကိစ္စကလည်း သတ်သတ်လို့ ဆိုရမှာပါပဲ။
အစိုးရဆေးရုံသည်လည်း အစိုးရရုံးများထဲက တရုံးဆိုသလိုပဲ မလိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ အချိန်ကြန့်ကြာမှုတွေ အရင်ကထက် ပိုရှိသည့်တိုင် ရွေးစရာမရှိသူများကတော့ လူနာပြည်သူများသာ ဖြစ်ပါတယ်။
လူနာတွေလည်း ပထမဖြစ်စ တခေါက်နှစ်ခေါက်တော့ တက္ကစီစီးပြီး ဆေးရုံသွားနိုင်ပေမယ့်၊ တပတ် တခေါက်၊ နှစ်ပတ် တခေါက် သွားဖို့ကြုံတဲ့အခါ နှာခေါင်းလုံအောင်အုပ်ပြီး အဆင်ပြေသလို လိုင်းကားစီးရတဲ့ဆီ ရောက်ပါတော့တယ်။ ဆေးရုံမှာ အလှူငွေ အကူငွေဆိုတာလည်း ဘယ်ရွေ့ဘယ်မျှ မရှိပါဘူး။ ငွေကျပ် တထောင်တတ်နိုင်တဲ့သူကလည်း တထောင်လောက် ထည့်ကြတာပါပဲ။
တီဘီလို ရောဂါမျိုးဟာ အာဟာရလိုအပ်ပေမယ့် အလုပ်ကနေ ခဏခွင့်တောင်းပြီး ထွက်လာရတဲ့ ပိန်လှီနေသူတွေ၊ အလုပ်မလုပ်နိုင်တော့ဘဲ ဆေးရုံတောင်အနိုင်နိုင် လာနေရသူတွေ၊ လူနာကိုယ်တိုင် ဆေးထုတ်ဖို့ ဆေးရုံမလာနိုင်လို့ လူစားလာသူတွေကို သွားတဲ့အခေါက်တိုင်း မြင်နေရပါတယ်။ တီဘီရောဂါကူးစက်မှုနှုန်းက နဖူးတွေ့ဒူးတွေ မြင်ရမှ ကြောက်ခမန်းလိလိရှိတာ တွေ့ရပါတယ်။ ချီပိုးရတဲ့အရွယ် ကလေးငယ်ကနေ သက်ကြီးရွယ်အိုတွေအထိ အကုန်ပါပါတယ်။

ကိုဗစ်နိုင်တင်းဒဏ်ကလည်း ခံထားရတော့ အခြေအနေပိုဆိုးကြတာ များပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ အစီရင်ခံစာတစောင်အရ မြန်မာပြည်မှာ လူ ၁ သိန်းလျှင် ၆၀၀ နှုန်း တီဘီရောဂါ ကူးစက်မှု ရှိပါသတဲ့။ HIV-TB တွဲဖြစ်နှုန်းကတော့ ၁၃ ရာခိုင်နှုန်း ရှိပါတယ်တဲ့။ ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့် တီဘီရောဂါ တိုက်ဖျက်ရေး တိုးတက်မှုဟာ မြန်မာပြည်မှာ ဆိုးဆိုးရွားရွား ထိခိုက်နေပါတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်ရတဲ့ တီဘီရောဂါတခုကိုသာ ကွက်ပြောတာ ဖြစ်ပါတယ်။ ကင်ဆာနဲ့ဆုံးပြီ၊ ကျောက်ကပ်ဆေးဖို့ ငွေကြေးမတတ်နိုင်တော့ဘူး ဆိုတာတွေကလည်း မပြတ်ကြားနေရတဲ့ သတင်းတွေဖြစ်ပါတယ်။ တချို့က ကာကွယ်နိုင်လျက်သားနဲ့ မကာကွယ်နိုင်တာ၊ ကုသချိန် မမီလိုက်တာ စသဖြင့် လက်လှမ်းမမီတာရော၊ ကျန်းမာရေးအသိပညာ ချို့တဲ့တာတွေရောကြောင့် အသက်တချောင်းကို လွယ်လွယ်နဲ့ပစ်နေရတာဟာ စစ်အာဏာသိမ်းကာလ နှစ်နှစ်အတွင်း ပိုဆိုးလာနေပါတယ်။
ကိုယ်ကတော့ အစိုးရဆေးရုံမှာ တမေ့တမော စာအုပ်ထပ်လိုက်၊ ဆရာဝန်နဲ့ပြဖို့ တန်းစီစောင့်လိုက်၊ သူနာပြု အငေါက်ခံလိုက်၊ တလစာ သောက်ဆေးရလာလို့ ပျော်လာလိုက်၊ အပြင်ဆေးရုံဆေးခန်းတွေမှာ သိန်းဂဏန်းနီးပါးကုန်တဲ့ ဓာတ်ခွဲစမ်းသပ်မှုတွေကို ငွေအနည်းအကျဉ်းနဲ့ရလို့ ကျေးဇူးတင်လိုက်၊ ကိုယ်တတ်နိုင်သလောက် အလှူခံ အကူခံ စက္ကူပုံးထဲ ငွေထည့်လိုက်နဲ့ ခြောက်လလောက် ကြာတဲ့အခါ တီဘီရောဂါ ပျောက်ကင်းခဲ့ပါတယ်။ ဒါတောင်မှ အလွန်အင်မတန် ဂရုစိုက်နိုင်လို့ အချိန်အနည်းဆုံးနဲ့ သက်သာပျောက်ကင်းတာ ဖြစ်ပါတယ်။ ကိုယ့်ရှေ့မှာတင် အကြောင်းအမျိုးမျိုးကြောင့် နောက်ထပ် သုံးလ ထပ်ဆောင်း ဆေးသောက်ရသူတွေ၊ နှစ်ချီကုရသူတွေလည်း ရှိတာ မြင်နေရပါတယ်။
မိတ်ဆွေတယောက်ကတော့ ကိုယ့်အဖြစ်နဲ့ ဆန့်ကျင်ဘက်ပါ။ သူ့ကိုယ်တွင်းကလိစာတခု မဖြစ်မနေ ခွဲစိတ် ထုတ်ပစ်မှ ဖြစ်တော့မယ်လို့ သိရတဲ့အချိန်မှာ ဟိုဆေးခန်းပြ၊ ဒီဆေးခန်းပြနဲ့ စစ်ဆေးတာ၊ ဆေးစစ်တာနဲ့တင် ငွေအတော် ကုန်နေပါပြီ။
ငွေကြေးတတ်နိုင်တဲ့ သူ့လိုရောဂါဝေဒနာခံစားရသူ လူနာတွေကတော့ ထိုင်းမှာ သွားခွဲစိတ်ကြတာပါပဲ။ အခုကတော့ နိုင်ငံကူးလက်မှတ်ကအစ ခက်ခဲနေတဲ့အချိန်၊ အတော်များများကလည်း လေဆိပ်ကနေ ဖြတ်ထွက်ဖို့ ကြောက်လန့်နေကြချိန်မို့ အဆင့်တိုင်းလုပ်ရမှာ တော်တော် မလွယ်ကူပါဘူး။ ခေတ်မီပစ္စည်းကိရိယာတွေနဲ့ ခွဲစိတ်ပေးနိုင်သူ ရှိ၊ မရှိ စုံစမ်းကြတဲ့အခါ ခွဲစိတ်လို့ရနိုင်ကြောင်း သိရပါတယ်။
ဒီလို ခွဲစိတ်ကုသဖို့ ပစ္စည်းကိရိယာမျိုးတွေနဲ့ ဒီလိုဆေးရုံအသစ်မျိုး၊ ဘယ်သူတွေ ဖွင့်လှစ်ထားနိုင်သလဲ ဆိုတာတော့ မေးနေဖို့ မလိုပါဘူး။ ဒါပေမယ့် ရောဂါက ပိုက်ထားလို့ မရတော့ ရွေးစရာလည်း မရှိပါဘူး။
အထက်က ပညာရေးကိစ္စမှာပြောခဲ့တဲ့ မိတ်ဆွေရဲ့ ကလေးကတော့ အတန်းပညာ သုံးနှစ်အောက်တာကို မီရာက လိုက်သင်လို့ ရပါသေးတယ်။ ရောဂါကတော့ အောင့်ထားလို့ ရနိုင်တာမျိုးမဟုတ်။
အထက်က ပညာရေးကိစ္စမှာပြောခဲ့တဲ့ မိတ်ဆွေရဲ့ ကလေးကတော့ အတန်းပညာ သုံးနှစ်အောက်တာကို မီရာက လိုက်သင်လို့ ရပါသေးတယ်။ ရောဂါကတော့ အောင့်ထားလို့ ရနိုင်တာမျိုးမဟုတ်။ မြန်မြန်ဆုံးဖြတ်၊ မြန်မြန်ခွဲစိတ်လိုက်တာ ၃ ရက်လောက်အတွင်း ငွေကတော့ ကျပ်သိန်း ဆယ်ဂဏန်း သုံး၊ လေးခု ကုန်သွားပါတယ်။ ဆေးရုံကလည်း ကုန်ကျနိုင်မယ့် ခန့်မှန်းကုန်ကျငွေကို ကြိုတင်တွက်ချက်ပေးပြီး တွက်ထားတဲ့အတိုင်းလည်း ကုန်ကျတာ ဖြစ်တယ်လို့ သိရပါတယ်။ အစွန်းထွက် နည်းနည်း ပိုဆောင်းလိုက်ရပါသေးတယ်။
ရောဂါနှစ်ခု မတူပေမယ့် ဆေးရုံနှစ်ခုကို သွားရပုံချင်း ယှဉ်တွေးမိပါတယ်။ မျက်စိထဲမှာ ပိန်ပိန်လှီလှီ ချို့ချို့ငဲ့ငဲ့နဲ့ ဈေးကြီးကြီးဆေးတွေ ရနိုင်ဖို့ ကျစ်ကျစ်ဆုပ်ထားတဲ့ ငွေစလေး အလှူခံ အကူခံပုံးထဲ ထည့်နေကြတဲ့ အခြေခံလူတန်းစားတွေရယ်၊ ဟိုတယ်တခုလို ခမ်းနားပြီး ဝန်ဆောင်မှုအပြည့်နဲ့ ငွေအပုံလိုက်ပေးကုရမှ လက်လှမ်းမီတဲ့ ဆေးရုံရယ်ကို တွေးကြည့်မိပါတယ်။
အခြေခံအများပြည်သူတွေ အားပြုနေရတဲ့ဆေးရုံတခုမှာတော့ အလှူငွေ ၅ ထောင်ထည့်တာကို ဆေးထုတ်ပေးနေတဲ့ သူနာပြုဆရာမကြီးက များနေတယ်၊ လမ်းစရိတ် ၂ ထောင်လောက် ပြန်ယူသွားဦးလို့ ပြောတာတွေ့ပါတယ်။ ကင်းမျှော်စင်ပေါ်မှာ သေနတ်နဲ့ကင်းစောင့်နေတဲ့ စစ်သားရှိတဲ့ ဆေးရုံမှာတော့ ဆေးရုံမတက်ခင် ကျပ်သိန်းချီတဲ့ ကြိုတင်ပေးချေငွေမှုအပြင် ခွဲစိတ်ပြီး ကျပ်သိန်းဆယ်ချီတဲ့ ထပ်မံကုန်ကျစရိတ်ကို အွန်လိုင်းငွေချေစနစ်ကဆင့် လွှဲယူလိုက်တာလည်း မြင်နေရပါတယ်။
အာရောဂျံပရမံ လာဘံ – ကျန်းမာခြင်းသည် လာဘ်တပါး ဆိုပေမယ့် စစ်အာဏာရှင် စနစ်ဆိုးကြောင့် ကျန်းမာခွင့်ကလည်း ခေတ်ကာလပုံမှန် အခြေအနေထက် ခက်ခဲလှပါတယ်။ ဒီဖြစ်ရပ်နှစ်ခုဟာ စစ်ဖိနပ်အောက် ပြည်သူ့ကျန်းမာရေးကဏ္ဍမှာ ဖြစ်နေတဲ့ ကွာဟခြားနားမှု အမြောက်အများထဲက မကြီးကျယ်လှတဲ့ နမူနာတခုပဲ ဖြစ်ပါလိမ့်မယ်။
You may also like these stories :
ထားဝယ်၌ MSF လုပ်ငန်းများ ရပ်ပါက HIV နှင့်တီဘီလူနာများအတွက် စိုးရိမ်ရဟုဆို
ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာထားထားလင်း ထောင် ၃ နှစ် ချခံရ
စစ်ကောင်စီက ပြည်သူ့ကျန်းမာရေးကို လက်နက်အဖြစ် သုံးနေသည်
ကုလသမဂ္ဂနှင့် INGO တွေ စစ်ကောင်စီမှာ လုပ်ငန်းလိုင်စင် လျှောက်တဲ့အခါ